အပိုင်း (၁၂၄၇)
Vol. 84 Ch. 1247
အရက်ဂျိုး၏ ကိုယ်ရည်ကိုယ်သွေး အမူအရာကို ကျွင်းချောင်ရှောင်းသည် တကယ်ပင် နှစ်ခြိုက်မိ၏။ ၎င်းသည် သိုင်းကျင့်ကြံခြင်းနည်းစနစ်တွင်လည်း အားကောင်းလွန်းလှ၏။ ထို့ကြောင့်ပင်လျှင် ပြိုင်စံရှားဂိုဏ်းဆီသို့ ခေါ်ယူရန် စဉ်းစားလိုက်မိ၏။
မည်ကဲ့သို့ ခေါ်ယူရမည်နည်း။ ဤနေရာတွင် ပြဿနာကြီး တစ်ခုဖြစ်နေသည်။ ကုန်းရှန့်သည် စိတ်ထဲတွင် အကြံအစည်များကို ဆွဲထား၏။ ထို့ကြောင့် ရီရှင်းချန်အား ဝိုင်တာအိုကို ပေါက်မြောက်သည့် လူတစ်ယောက်ဖြစ်အောင် ပြောဆိုလိုက်ခြင်းပင်။ ပြီးသည့်နောက်မှာတော့ ၎င်းတို့နှစ်ယောက်ကို ထိပ်တိုက် တွေ့ဆုံပေးရန် စဉ်းစားထားသည်။
အဘယ်ကြောင့် လီချင်းယန်နှင့် ရှောင်ကျီတို့အား အစီအစဉ် မဆွဲခဲ့သနည်း။ သာမန်တပည့်များကို ကြုံရာဆွဲ၍ ခေါ်မည်ဆိုပါက လျှိုဝမ်ရှစ်နှင့် ရောင်မုန့်ယဉ်တို့ပင်လျှင် ဖေးအားညိုထက်ပို၍ အရက်သောက်သုံးနိုင်စွမ်း ရှိကြ၏။
သို့ပေမဲ့ ဤကဲ့သို့ ဖေးအားညိုအား ရွေးချယ်ခဲ့ခြင်းဆိုသည်မှာ ဂိုဏ်းချုပ်၏ မေတ္တာတရားပင် ဖြစ်တော့၏။ ထို့အပြင် ရီရှင်းချန်၏ နတ်ဘုရားလက်နက်သည် ဝိုင်ဘူးသီးခြောက်ကြီး ဖြစ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် အသွင်အပြင်နှင့် ပုံပန်းသွင်ပြင်ကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် ဝိုင်တာအိုကို ပေါက်မြောက် နေသည့်လူတစ်ယောက်ဖြစ်မှန်း သိရှိနိုင်စွမ်း ရှိနေသည်။
စနစ်က ပြောလိုက်၏။ “လက်ခံသူအနေနဲ့ ရီရှင်းချန်ကို ကောင်းကောင်း ဒုက္ခပေးနေတာပဲ။ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးမှာဆိုရင်တောင်မှာ တစ်ယောက်နဲ့တစ်ယောက်ဆဲရင် ရီရှင်းချန်ဆိုပြီး တပ်ဆဲနေကြပြီ”
“ဝိုင်တာအိုကို ပေါက်မြောက်တဲ့လူ ဟုတ်လား” အရက်ဂျိုး၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ သူသည် သောက်နိုင်သည်ထက်ပိုပြီး သောက်နိုင်သည့်လူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ သူ့ထက်သောက်နိုင်သည်ဟူသော လူတစ်ယောက်၏ နာမည်ကို ကြားလိုက်ရသည့်အချိန်မှာတော့ ယှဉ်ပြိုင်သောက်ချင်စိတ်များသည် နှလုံးသားထဲတွင် နိုးကြွလာခဲ့သည်။
“ကြယ်ကြွေကုန်းမြေတိုက်ကြီးလား။ ရီရှင်းချန် ဟုတ်လား”
အရက်ဂျိုးသည် အချိန်အတော်ကြာ တွေးတောလိုက် မိ၏။ “ကျုပ် ထောင်ထဲက ထွက်လို့ရတဲ့ တစ်နေ့ရောက်ရင် ကျုပ် ကျိန်းသေပေါက် သူနဲ့ပြိုင်သောက်မယ်”
လီချင်းယန်နှင့် တခြားသူများ၏ အခန်းထဲသို့ ပြန်လည်သယ်ဆောင်ခြင်းကို ခံနေရသော အရက်အမူးလွန်နေသည့်အားညိုသာလက်ရှိအဖြစ်အပျက်ကို သိရှိမည်ဆိုပါက ကျိန်းသေပေါက် သွေးအန် နေပေလိမ့်မည်။
.................
ကျွင်းချောင်ရှောင်းသည် အမှန်ပဲ အရက်ဂျိုး၏ နှလုံးသားကို ဆုပ်ကိုင်နိုင်ခဲ့ပြီဖြစ်၏။ သို့ပေမဲ့ သူသည် ထပ်၍ မသွားတော့ဘဲ ဤနေရာတွင်သာ ရပ်တန့်လိုက်၏။ ပြီးသည့်နောက်မှာတော့ မေးမြန်းစရာရှိသည်များကို မေးမြန်းကာ တည်နေရာရွေ့ပြောင်းခြင်း အစီအရင်ဆီသို့ လှမ်းလျှောက်လိုက်၏။
“ဆရာကြီး... ဆဋ္ဌမထပ်ဆီကို သွားမှာလား”
“အင်း... ဟုတ်တယ်”
“မသွားတာ ပိုကောင်းမယ်”
အရက်ဂျိုးသည် လေးလေးနက်နက် ပြောလိုက်၏။ “အဲဒီမှာရှိနေတဲ့ အဓိကပြဿနာ ကောင်က သွားရှုပ်လို့ရတဲ့လူမျိုး မဟုတ်ဘူး”
“ဟုတ်လား”
ကျွင်းချောင်ရှောင်းက ပြုံးကာ ပြောလိုက်တော့သည်။ “ဒါဆိုရင် ကျုပ် ပိုပြီး စိတ်ဝင်စားသွားပြီ”
“.........”
အရက်ဂျိုး၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ သူသည် မသွားရန် သွေးဆောင်ခဲ့ခြင်းပင်ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် တကယ်ပင် သွားချင်စိတ်များ ပေါ်နေပြီဆိုမှတော့ တားဆီး၍ မရနိုင်တော့ချေ။
ကျွင်းချောင်ရှောင်းသည် တည်နေရာရွေ့ပြောင်းခြင်း အစီအရင်ဆီသို့ လှမ်းလျှောက်လိုက်သည့်အချိန်မှာပဲ အသံ တစ်ခုသည် သူ၏နားထဲသို့ တိုးဝင်လာခဲ့သည်။
“ရောင်းရင်းလေး... နေပါအုံး”
ထိုကဲ့သို့ လှမ်း၍ စကားပြောလိုက်သည့်လူမှာ ထောင့်တစ်နေရာတွင် ကွေးကွေးလေး တည်ရှိနေသည့် သနားစရာ လူသားတစ်ယောက်ပင် ဖြစ်တော့သည်။ ထိုသူသည် မနည်းရုန်းကန် သတ္တိမွေးကာဖြင့် မတ်တပ်ရပ်ကာ လှမ်းလျှောက်လာ၏။ သူ၏မျက်လုံးများသည် အရက်ဂျိုးကို လှမ်းကြည့်လိုက်သည့်အချိန်တွင် ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေတော့၏။
“ဟေး… ငါ့ခွင့်ပြုချက် မရဘဲ ဘာလို့ ထလာတာလဲ”
အရက်ဂျိုးသည် ရုတ်တရက် အင်္ကျီလက်ကို ပင့်တင်ကာဖြင့် တစ်ဖက်လူအား သင်ခန်းစာကောင်းကောင်းပေးရန် ပြင်လိုက်သည့်အချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ထိုသူအား လက်ပြကာ တားဆီးလိုက်၏။ “ဘာကိစ္စရှိလို့လဲ”
ထိုသူသည် တုံ့နှေးတုံ့နှေးနှင့် လှမ်းလျှောက်လာပြီးသည့်နောက်မှာတော့ ခဏလောက် ရပ်တန့်ကာ မေးလိုက်သည်။ “မင်း … မင်းက ကြယ်ကြွေကုန်းမြေတိုက်ကြီးကလား”
“အင်း... ဟုတ်တယ်”
“ဒါဆိုရင် မင်းက သိုင်းအင်ပါယာကိုးယောက်ကို လာရှာတာလား”
“..........”
“ခင်ဗျား ဘယ်လိုသိလဲ” ကျွင်းချောင်ရှောင်းသည် အလျင်အမြန် ပြန်ကာ မေးလိုက်တော့၏။ သူသည် ပထမအလွှာ ဆီမှ ငါးလွှာရောက်သည်အထိ တောက်လျှောက်ဆိုသလိုပဲ သိုင်းအင်ပါယာကိုးယောက် နှင့်ပတ်သက်သည့် အကြောင်းအရာများကို စုံစမ်းမေးမြန်းခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သိုင်းအင်ပါယာကိုးယောက်အကြောင်းကို ဘာသတင်းမှ မရခဲ့ပေ။
ဟူး
ရုတ်တရက်ဆိုသလိုပဲ ထိုသူ၏ ခန္ဓာကိုယ်ဆီမှ လေလှိုင်းများ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ သူ၏ ရှုပ်ထွေး ပေပွလျက်ရှိနေသော ဆံပင်များသည် အပေါ်သို့ လွင့်တက်သွားခဲ့၏။ ဂုဏ်သိက္ခာ ထည်ဝါလျက် ရှိနေသော မျက်နှာ သွင်ပြင်တစ်ခုသည် ပေါ်ပေါက်လာခဲ့၏။ သူက ပြောလိုက်သည်။ “ကျုပ်က မင်းရှာနေတဲ့ သိုင်းအင်ပါယာ ကိုးယောက်ထဲက တစ်ယောက်ပဲ”
ထိုစကားကိုကြားတော့ ကျွင်းချောင်ရှောင်း၏ မေးရိုးများသည် အောက်သို့ပင် ပြုတ်ကျသွားခဲ့ကြ၏။ ပဉ္စမထပ် အလွှာတွင် ပက်ပက်စက်စက် နှိပ်စက်ရိုက်နှက်ခြင်းကို ခံနေရသည့် သနားစရာလူတစ်ယောက်သည် သူရှာနေသည့် သိုင်းအင်ပါယာကိုးယောက်ထဲမှ တစ်ယောက် ဖြစ်နေသည်လား။
မဖြစ်နိုင်ပေ။ သိုင်းအင်ပါယာကိုးယောက် ဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်းရှိပြီး အံ့အားသင့်စရာ ကောင်းလွန်းလှသည့် လူတစ်ယောက်ဖြစ်သည် မဟုတ်ပါလား။
ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ကူးပြောင်း ရောက်ရှိလာသည့်အချိန်တွင် ဤဂြိုဟ်ကြီးတွင်ရှိသော သိုင်းအင်ပါယာ ကိုးယောက်ဆိုသည်မှာ နတ်ဘုရားများကဲ့သို့ အစွမ်းထက်လှသူများဖြစ်ကြောင်း သိရှိခဲ့ရသည်။ ဂြိုဟ်ထဲတွင် ရှိနေသောလူများအားလုံးသည် ထိုသူများကို စံနမူနာထား၍ ကြိုးစားကျင့်ကြံကြရ၏။
လက်ရှိ အခြေအနေမှာတော့ တခြားသောသူ၏ ရိုက်နှက်မှုကို ခံရပြီး ထောင့်တစ်ခုတွင် ကွေးကွေးလေး ထတောင် မထရဲသည့်လူတစ်ယောက်သည် သိုင်းအင်ပါယာကိုးယောက်ထဲမှ တစ်ယောက်ဖြစ်နေသည်ကို မြင်ရသည့်အချိန် မှာတော့ သူအလုံးစုံပဲ အံ့အားသင့်နေမိသည်။
စနစ်က ပြောလိုက်၏။ “သိုင်းအင်ပါယာကိုးယောက်တို့က ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ အရမ်းကို အားကောင်းတယ်ဆိုတာ အမှန်ပဲလေ။ ဒါပေမဲ့ သေမျိုးစကြဝဠာထဲမှာတော့ သူတို့က သာမန်ပဲ။ အထူးသဖြင့် ငရဲကြီးကိုးထပ်ထဲမှာ ချုပ်နှောင်ခံရတဲ့သူတွေက တကယ့်ကို လူပေါ်လူဇော်တွေကြီးပဲလေ။ ဒီလိုအခြေအနေမျိုး ဖြစ်နေတယ်ဆိုတာ သာမန်ပါပဲ”
“ဒါကတော့ ဟုတ်တာပဲ” ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို ခံစားလိုက်မိတော့၏။
သိုင်းအင်ပါယာ ကိုးယောက်တို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အားအကောင်းဆုံးသော တည်ရှိသူများဖြစ်သည်ဆိုသော် လည်း သေမျိုးစကြဝဠာလောကကြီးထဲတွင်တော့ သာမန်သာဖြစ်ကြသည်။
အထူးသဖြင့် ငရဲကြီးကိုးထပ်တွင် ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရသော အဓိကပြဿနာကောင်ဆိုသည့်လူများသည် သာမန်မဟုတ်ကြချေ။ အလွန်တရာ အားကောင်းလှသည့်အပြင် ကိုယ်ပိုင်စွမ်းဆောင်ရည်မျိုးကိုလည်း ပိုင်ဆိုင် သေး၏။ ထိုကဲ့သို့သော လူများနှင့် ယှဉ်တွဲကာ ချုပ်နှောင်ခံရသည့်အချိန်တွင် နှိပ်စက်ခံရပြီး ဂုဏ်သိက္ခာများ ကျဆင်းနေမည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။
“အင်ပါယာကိုးယောက် ဟုတ်လား”
အရက်ဂျိုးသည် အထင်အမြင်သေးသလို ပြောလိုက်၏။ “အင်း... နည်းနည်းတော့ ကျော်ကြားသလိုပါလား။ ဒါပေမဲ့ အလကားပါပဲ”
သူနှင့်ပင် ယှဉ်၍ မသောက်နိုင်သော ဤသနားစရာလူသည် မည်မျှ ဂုဏ်ထည်ဝါကြီးမားသည့် လူတစ်ယောက်ဆိုဆို အလကားပင် ဖြစ်သည်။
ထိုသူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး သူ၏ မျက်လုံးထဲတွင်တော့ ဒေါသအရိပ်အငွေ့များ ပေါ်ပေါက်လာသည်။ သို့ပေမဲ့ နှစ်ပေါင်းတစ်ထောင်ကျော်ကြာ ရိုက်နှက်နှိပ်စက်ခြင်းကို ခံရပြီးသည့်နောက် သူသည် တစ်ဖက်လူ၏ လှောင်ပြောင်ခြင်းကို မကြားသလို ဟန်ဆောင်နေနိုင်ပြီဖြစ်သည်။ ကြား၍ နှုတ်ပြန်လှန်ထိုးမည် ဆိုလျှင်လည်း တစ်ဖက်လူ၏ ရိုက်နှက်မှုကိုသာ ခံရမှာ သေချာ၏။
“ဒါဆိုရင် ခင်ဗျားက သိုင်းအင်ပါယာ ကိုးယောက်ထဲက ဘယ်တစ်ယောက်လဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ထိုသူသည် ရှုပ်ပွလျက်ရှိသော ဆံပင်များကို စည်းနှောင်ကာဖြင့် ပုံမှန်လေသံဖြင့် ပြောလိုက်သည်။ “တုရင်ရှင်း - စိတ်ဝိညာဉ်အင်ပါယာပါ”
ဤစကားလုံးအနည်းငယ်သည် ထိုသူမှာ ကြီးကျယ်ခမ်းနားလှသည့် သိုင်းအင်ပါယာတစ်ယောက်ဖြစ်ကြောင်း သိရှိနိုင်စွမ်း ရှိနေတော့သည်။ ထို့ကြောင့် သူသည် မယုံကြည်ဘဲ မနေနိုင်တော့ချေ။ ထို့ကြောင့် မေးလိုက်မိ၏။ “ခင်ဗျားဆီမှာ သက်သေရှိလား”
ဆွစ်
တုရင်ရှင်းသည် သူ၏လက်ဝါးကို ဖြန့်ပြလိုက်၏။ ရွှေရောင်အနားကွပ်နှင့် ကျောက်စိမ်းပြားတစ်ခု တည်ရှိနေပြီး ထိုကျောက်စိမ်းပြားပေါ်တွင်တော့ စိတ်ဝိညာဉ်အင်ပါယာဟု ရေးထိုးထားသည်ကို မြင်ရ၏။ “ဒါ ကျုပ်ရဲ့ အသိအမှတ်ပြု ကတ်ပြားပဲ”
ကုန်းရှန့်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ထိပ်တန်းဂိုဏ်းများမှ စီနီယာတစ်ယောက်ယောက် ဖြစ်သည် ဆိုပါက ကျိန်းသေပေါက် ထိုကတ်ပြားကို မြင်သည်ဆိုသည်နှင့် လေးလေးစားစားနှင့် ဂါရဝပြုမှာ သေချာ၏။
“မဆိုးဘူး”
စနစ်က ပြောလိုက်သည်။ “ဒီဟာက တကယ့်ကို ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ထုလုပ်ထားတာပဲ”
“မင်း... ဒါကိုကြည့်တာနဲ့ ပြောနိုင်တယ် ဟုတ်လား” ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြန်ကာ မေးလိုက်၏။
စနစ်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “လက်ခံသူက ဘာမှမဟုတ်တဲ့လူအဖြစ်ကနေပြီးတော့ အရမ်းကို အားကောင်းလှတဲ့ လူတစ်ယောက် ဖြစ်လာတယ်လေ။ စနစ်ကကော ဒီအတိုင်း ရှိနေတယ် ထင်လို့လား။ စနစ်ကလည်း ဆက်တိုက် တိုးတက်လာတာပဲ”
တစ်ဖက်လူသည် အသိအမှတ်ပြု ကတ်ပြားကို ထုတ်ဖော်လိုက်သည် ဆိုသည်နှင့် ကျွင်းချောင်ရှောင်းသည် ထိုလူမှာ သိုင်းအင်ပါယာတစ်ယောက်ဖြစ်ကြောင်း ရှစ်ဆယ်ရာခိုင်နှုန်း ယုံကြည်လိုက်မိတော့၏။ ထို့ကြောင့် ခေါင်းကို အသာယမ်းခါကာဖြင့် ပြောလိုက်မိသည်။ “ဆရာကြီး... ကျုပ် အမြင်မှားခဲ့မိပါတယ်”
ကုန်းရှန့်သည် အိမ်မက် မက်နေသလိုပင် ခံစားရ၏။ သူသည် သိုင်းအင်ပါယာကိုးယောက်နှင့် တစ်နေ့တွင် ဆုံသည်ဆိုပါက တစ်ဖက်လူ၏ ခံ့ညားထည်ဝါလှသော ဟန်အမူအရာနှင့် အပြုအမူများကြောင့် ဦးညွတ်ကာ ဆက်ဆံရလိမ့်မည်ဟု ထင်မှတ်မိခဲ့သည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ တစ်ဖက်လူသည် သူတောင်းစားထက်ပင် သနားစရာကောင်းသည့် အခြေအနေသို့ ရောက်ရှိနေတော့၏။
“ဟင်း”
တုရင်ရှင်းသည် သက်ပြင်းချလိုက်၏။ သူသည် မည်သည့်စကားကိုမှ မဆိုချေ။ သို့ပေမဲ့ ပြောလိုက်မည် ဆိုလျှင်လည်း မျက်ရည်များပင် ကျလာနိုင်သည်။
ဟား ဟား ဟား ဟား
အရက်ဂျိုးသည် လက်တစ်ဖက်အား ၎င်း၏ ပခုံးပေါ်တွင်တင်ကာ စပ်ဖြီးဖြီးဖြင့် ပြောလိုက်၏။ “ခင်ဗျားက ဆရာကြီးနဲ့ သိတယ်ဆိုမှတော့ ကျုပ်တို့က တစ်ယောက်နဲ့တစ်ယောက် သိလာခဲ့တာလည်း ကြာပြီလေ။ ဒီတော့ ဒီနေ့ကနေစပြီးတော့ ညီအစ်ကိုလိုပဲ ဆက်ဆံကြရအောင်”
အရက်သောက်တတ်သည့်လူများသည် အငြိုးအတေး ဟူ၍ ထားတတ်သည့်လူများ မဟုတ်ကြပေ။ ပွင့်လင်းပြီး ရဲတင်းလွန်းလှ၏။ အဖြောင့် အဖြောင့်တိုင်းသာ တွေးတက်သည့်လူများ ဖြစ်ကြ၏။
တုရင်ရှင်းမှာတော့ စိတ်ဓာတ်ကျသွားသည်။ နှစ်ပေါင်းတစ်ထောင်နီးပါး တောက်လျှောက်ကြုံသလို ထုလိုက်၊ ထိုးလိုက် လုပ်နေတာလေ။ အခု ဘယ်လိုမျက်နှာမျိုးနဲ့ ညီအစ်ကိုလို ဆက်ဆံဖို့ စဉ်းစားနေတာလဲ။
.............
ကျွင်းချောင်ရှောင်းမှာတော့ ဆဋ္ဌမထပ်ဆီသို့ တစ်ခါတည်း ဆက်ကာ မဆင်းသွားချေ။ သူသည် တုရင်ရှင်းနှင့်အတူ နှစ်ကိုယ်တည်း စကားဆက်ကာ ပြောလျက် ရှိနေ၏။ “ဆရာကြီး... တခြားအင်ပါယာတွေက တခြားအထပ်တွေမှာ ချုပ်နှောင်ခြင်း ခံထားရတာလား”
နှစ်ပေါင်းတစ်ထောင်ကျော်ကြာ နှိပ်စက်ခြင်းကို ခံရပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်အင်ပါယာသည် သူ၏ မူလ ထက်မြက်မှုများသည် ပျောက်ဆုံးသွားခဲ့ရပြီဖြစ်၏။ သူသည် ပိန်ခြောက်လျက်ရှိနေသော အရက်မူးသမား တစ်ယောက်ကဲ့သို့ပင် ဖြစ်နေ၏။ “ကျုပ်တို့ကို ကြယ်ကောင်းကင်ခံတပ်က ခေါ်ဆောင်လာပြီးတော့ ချုပ်နှောင်ထားတယ်လေ”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ခင်ဗျားတို့က ဘယ်လိုပြစ်ဒဏ်မျိုးကို လုပ်ခဲ့လို့လဲ”
“........”
တုရင်ရှင်းသည် ဝိုင်တစ်ခွက်ကို အသာကောက်မော့လိုက်ပြီးသည့်နောက်မှာတော့ သူ၏စိတ်ထဲ အတိတ်မှ ဖြစ်ရပ်များသည် တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ သူသည် နာနာကျင်ကျင်ဖြင့် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “အတိတ်က အကြောင်းတွေကို မပြောပါနဲ့တော့”
သူ့အနေနှင့် မည်သို့မှ အတိတ်က အကြောင်းကို မပြောနိုင်ခဲ့ချေ။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ မည်ကဲ့သို့သော အပြစ်များကို ပြုလုပ်ထားသောကြောင့် ကြယ်ကောင်းကင် ခံတပ်သည် ငရဲကြီးကိုးထပ်ထဲတွင် လာရောက်ချုပ်နှောင်ထားသည် ဖြစ်ကြောင်းကို သိချင်နေမိတော့၏။
ဘုတ်
သူဆက်လက်ကာ ပြောဆိုရန် ပြင်လိုက်သည့်အချိန်မှာပဲ တုရင်ရှင်းသည် မြေပေါ်သို့ လဲကျသွား၏။ သူ၏ မျက်နှာ အမူအရာကို ကြည့်ရသည်မှာ သိစိတ်များ ပျောက်ဆုံးသွားခဲ့ပုံ ပေါ်သည်။
“..........”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ “သိုင်းအင်ပါယာကိုးယောက်ဆိုတာ အရမ်းအားကောင်းမယ်လို့ ထင်တာလေ။ ဒီလောက်ကြီး အားနည်းလိမ့်မယ်လို့ ငါမထင်မိဘူး။ အရက်တစ်ခွက်ကိုတောင်မှ မခံနိုင်ပါလား”