အခန်း (၁၂၅၀)
Vol. 84 Ch. 1250
"အစ်ကိုကြီး … ကျုပ် … ကျုပ်မှားပါပြီ"
ကျွင်းချောင်ရှောင်းသည် ထိုစကားသံကို ကြားရချိန် မှာတော့ အနည်းငယ် ဆွံ့အသွားမိ၏။ ဆဌမ အလွှာ၏ ဆရာကြီးသည် ဤကဲ့သို့ လွယ်လွယ်ကူကူနှင့် အရှုံးပေးလိုက်သည်လား။
ဤအရာမှာ အဓိပ္ပာယ်မရှိလှချေ။ ကျွင်းချောင်ရှောင်း၏ အဆိုအရ ဆိုလျှင် ဤနေရာတွင်ရှိသော အကျဉ်းသား ထောင်ကျော်တို့ကို လွှမ်းမိုး ချုပ်ကိုင်ထားနိုင်သော စွမ်းရည်သည် အလွန်ကိုအားကောင်းရပေလိမ့်မည်။
ထိုသူတို့အားလုံးသည် သူ့အတွက် စိတ်ဝိညာဉ်အစီအရင်ကိုပင် ထုတ်သုံးကာ ကာကွယ်ပေးခဲ့ကြ၏။ သူ့အနေဖြင့် ဤအတားအဆီးကို ချိုးဖျက်ရန် အချိန်နှင့်တည်နေရာ ပိုးကောင်ကိုပင် အသုံးပြု ခဲ့ရသေး၏။
ထို့ကြောင့် အဓိကပြဿနာကောင်သည် အောက်တွင်ရှိသော ကျင့်ကြံသူများထက် ပိုပြီး အားကောင်းမှာ သေချာသည်။
"တစ်စုံတစ်ခု မှားယွင်းနေတာပဲ"
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ပြဿနာကို နားလည်သွားမိ၏။ တစ်ဖက်လူ၏ အော်ရာများကို သုံးသပ်ရလျှင် အလွန် အားကောင်းမည့်ပုံ မပေါ်ချေ။ ထို့ကြောင့် အနည်းငယ်လည်း စိတ်ဓာတ်ကျသွားမိ၏။ "ဒီကောင်က တကယ့် လူညံ့တစ်ကောင်လို့တော့ ငါ့ကို မပြောနဲ့နော်"
စနစ်က ပြန်ပြောလိုက်သည်။ "ဒါက စည်းရုံး ထိန်းသိမ်းနိုင်တဲ့ စွမ်းရည် တစ်ခုပဲ"
"..." ကျွင်းချောင်ရှောင်းသည် မြေပေါ် လဲကျလု မတတ် ဖြစ်နေတော့၏။ တစ်ဖက်လူသည် မည်သည့် စွမ်းရည်မျိုးကိုမှ မပိုင်ဆိုင်ပဲ စည်းရုံးသိမ်းသွင်းခြင်း စွမ်းရည် တစ်ခုတည်းနှင့် လူပေါ်လူဇော် လုပ်နေခြင်း ဖြစ်လိမ့်မည်။
သူသည် ထိုသို့သော တည်နေရာသို့ ရောက်ရှိရန်ပင် အချိန်နှင့် တည်နေရာ ပိုးကောင်ကို ထုတ်ဖော်ကာ အသုံးပြု ခဲ့ရသေး၏။
"လက်ခံသူ သေချာ မသိဘူးလား"
စနစ်က ပြန်ပြော လိုက်သည်။ "ဒီ ငရဲကြီး ကိုးထပ်မှာ ဖမ်းဆီးခံထားရတဲ့ လူတွေ အားလုံးက ကိုယ်ပိုင် စွမ်းရည်တွေ ရှိကြတယ်။ အဲဒီ ကိုယ်ပိုင်စွမ်းရည်ဆိုတာက သူတို့ရဲ့ ကျင့်ကြံခြင်းနဲ့ သတ်မှတ်ထားတာ မဟုတ်ဘူး"
"ဒါတော့ ဟုတ်တယ် ။ အကျဉ်းသား တစ်ထောင်ကျော်လုံးကို ထိန်းချုပ်ဖို့ ဆိုတာ စွမ်းရည်မရှိဘဲနဲ့ လုပ်ဆောင်လို့ ရတဲ့ အရာ မဟုတ်ဘူး"
ကျွင်းချောင်ရှောင်းသည် နားလည် သွားမိ၏။ "ဒီလူက အခြားလူတွေကို ထိန်းချုပ်နိုင်တဲ့ အထူးစွမ်းရည်တစ်ခုကို ပိုင်ဆိုင်နေတာပဲ။ နေအုန်း … အဲလူ ဘယ်ရောက်သွားလဲ"
ကျွင်းချောင်ရှောင်းသည် တွေးနေတုန်းမှာပဲ သူ၏ ရှေ့တွင် ဒူးထောက်လျက် ရှိနေသော တစ်ဖက်လူသည် ပျောက်သွားကြောင်း သတိပြုမိလိုက်၏။ သူသည် အလျှင်အမြန်ပဲ စိတ်ဝိညာဉ် စွမ်းရည်များကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်၏။
ဘုန်း ….။
ထိုအချိန်မှာပဲ သူ၏ အနောက်ဖက်ဆီမှ ကုချင်းအသံတစ်ခု ထွက်ပေါ် လာတော့၏။ ထိုကုချင်းသည် သူ၏ အသိစိတ်ကို တိုက်စားနိုင်သည့် စွမ်းအင်များလည်း ပါဝင်နေသည်ကို သတိပြုလိုက်မိသည်။
ဘုန်း ဘုန်း
သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်တို့သည် ထိုစွမ်းအင်ကို တိုက်ခိုက်ရန် အပြင်းအထန် ကြိုးစားတော့၏။
ကျွင်းချောင်ရှောင်းသည် အသာလှည့်ကြည့် လိုက်သည့် အချိန်မှာတော့ အမှောင်ထဲတွင် စားပွဲတစ်ခု ပေါ်လာ၏။ ထိုစားပွဲပေါ်တွင် ဟောင်းနွမ်းလျက် ရှိနေသော ကုချင်းတစ်ခု တည်ရှိနေ၏။ ပျောက်ဆုံးလျက် ရှိနေသော အဓိက ပြဿနာကောင်သည် ထိုကုချင်း၏ အရှေ့တွင် ထိုင်နေကြောင်း သူ မြင်လိုက်ရသည်။
၎င်း၏ မိန်းမကဲ့သို့ သွယ်လျသော လက်ချောင်းများသည် ထိုကုချင်းကို အကောင်းဆုံး တီးခတ်လျက် ရှိနေတော့၏။
တောင် တောင် တောင် …။
ထိုကုချင်း၏ အသံသည် အကျဉ်းလွှာတစ်ခုလုံးတွင် စွမ်းအင်လှိုင်းများသဖွယ် ဖြစ်ပေါ်လာ၏။ မူလက ကြည်လင် နေသော အကျဉ်းသားများ၏ မျက်လုံးများသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
၎င်းတို့ အားလုံးသည် ခန္ဓာကိုယ်တွင် မီးလောင်ထားသော ဒဏ်ရာများကို လျစ်လျူရှုကာ မတ်တပ်ထရပ် လိုက်ကြပြီး အဓိက ပြဿနာကောင်၏ ရှေ့တွင် စုပေါင်းကာ အစီအရင်ကို ပုံဖော်ပြန်၏။
"အမှိုက်"
ထိုသူသည် ကုချင်းပေါ်တွင် လက်ဆယ်ချောင်းလုံး ပြေးလွှားဆော့ကစားရင်းမှ ပြောလိုက်သည်။ "မင်းက ငါ့ရဲ့ ခံစစ်ကို ချိုးဖျက်ပစ်ဖို့ အတွက် အရည်အချင်းတော့ ရှိသေးတာပဲ"
၎င်း၏ နှုတ်ခမ်းထောင့်များ၌ မထိတရိ အပြုံးများ ဖြစ်တည်လာခဲ့၏။ အစောတုန်းက ဒူးထောက်ခဲ့သော သနားစရာ ပုံပန်းသွင်ပြင်သည် ဘယ်နေရာဆီသို့ ရောက်သွားမှန်းပင် မသိတော့ချေ။။
ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ "ခင်ဗျား အညံ့ခံတယ်ဆိုတာ ဟန်ဆောင်တာပေါ့"
ချင်လင်းရန် သည် ပြောလိုက်သည်။ "ဒါက ပရိယာယ် တစ်မျိုးပဲလေ"
ရွှီးး
ကျွင်းချောင်ရှောင်းသည် ကောင်းကင်စတေးခြင်းလှံရှည်အား သူ၏ရှေ့တွင် မျဉ်းဖြောင့်ပုံစံထားကာ ပြောလိုက် ၏။ "ကျုပ်မမှားဘူးဆိုရင် ခင်ဗျားရဲ့ အားအင်က သိပ်ကောင်းတာမဟုတ်ဘူး။ ဒါပေမဲ့ ဒီကုချင်း အသံနဲ့ အကျဉ်းသားတွေကို ထိန်းချုပ်ထားတာပဲ"
"အမှန်ပဲ"
ချင်လင်းရန်သည် သူ၏ လက်များကို ကုချင်းပေါ်တွင် ဆော့ကစားရင်း ပြုံးကာ ပြောလိုက်၏။ "ဒီသခင်လေးက ကြယ်ကောင်းကင်ခံတပ်မှာ ဒုတိယအဆင့် ရာဇဝတ်သားအဖြစ် သတ်မှတ်ခံထားရတယ် ဆိုတာ သာမန်တော့ ဘယ်ဟုတ်ပါ့မလဲ။ ကျုပ်က အပေါ်မှာ ရှိနေတဲ့ ကိုး၊ရှစ်၊ခုနှစ်လွှာက လူတွေထပ်ပိုပြီး ကြောက်ဖို့ ကောင်းတယ် ဆိုတာ မင်းသိသင့်တယ်"
ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ "ဟုတ်မှာပေါ့"
ချင်လင်းရန်သည် မရှင်းပြချေ။ သူ၏ လက်များအား ကုချင်းပေါ်သို့ တင်ကာ ပြုံးလိုက်၏။ "ငါ့ရဲ့ ပြပွဲက စပြီ။ သေသေချာချာ နားထောင်တော့"
တောင် တောင် တောင် …….။
ကုချင်း၏ အသံသည် ငြိမ့်ငြောင်းစွာဖြင့် ထွက်ပေါ်လာ၏။ ချက်ချင်းပဲ ငရဲကြီးခြောက်လွှာ တစ်ခုလုံးသည် စွမ်းအင်လှိုင်းများနှင့် တိုက်စားခံရသလို ဖြစ်တည်လာသည်။
ထိုစွမ်းအင်လှိုင်းများတွင် ဖောက်ထွင်းနိုင်သော စွမ်းအင်များ ပါဝင်လျက် ရှိနေ၏။ ထိုအရာသည် ကျွင်းချောင်ရှောင်း ၏ ရှေ့သို့ ရောက်ရှိလာပြီး မြန်မြန်ဆန်ဆန်နှင့် ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်နေ၏။
မီးစိတ်ဝိညာဉ်နှင့် မိစ္ဆာစိတ်ဝိညာဉ် တို့သည် ထို စွမ်းအင်လှိုင်းများအား ခပ်တင်းတင်း တားဆီးလျက် ရှိနေသည်။
"ဖေဖေ"
ရှောင်ဟော့ က ပြောလိုက်၏။ "ဆက်ပြီး တောင့်ခံ မထားနိုင်တော့ဘူး"
ကျွင်းချောင်ရှောင်းသည် အတင်းကြိုးစား ထိန်းချုပ်ထားရသည် ဆိုသော်လည်း ကုချင်းသံသည် ပြင်းထန်လွန်း အားကြီး၏။ သူသာ ထိန်းချုပ်မှုလွတ်ကင်းသွားပါက ကျိန်းသေပေါက် တစ်ဖက်လူ၏ အစေခံအဖြစ်သို့ ပြောင်းလဲသွားမှာ သေချာသည်။
ထို့ကြောင့် သူသည် ထျန်းကျွင်းဝိညာဉ်သန့်စင်ခြင်းနည်းစနစ်ကို လျင်လျင်မြန်မြန်နှင့် လည်ပတ်လိုက်၏။
တောင် … တောင် … တောင် ….
ချင်လင်းရန်၏ လက်ဆယ်ချောင်းသည် လျင်မြန်စွာ လှုပ်ရှားနေ၏။ ကုချင်း၏ အသံသည် သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်နေ၏။
အသံသည် သဘာဝ၏အသံကဲ့သို့ပင် နားထောင်ကောင်းလွန်းလှ၏။ တစ်ဖက်လူသည် အမှန်ပင် ကုချင်း တီးခတ်ရာတွင် ကျွမ်းကျင်လွန်းလှသည်။
ကျွင်းချောင်ရှောင်း၏ မျက်နှာသည် ပိုမို၍ ပျက်ယွင်းလာခဲ့၏။ သူ၏ ခန္တာကိုယ်အတွင်းတွင် ရှိနေသော အခြေတည် ဝိညာဉ်နှစ်ခုနှင့်အတူ ထန့်ကျွင်းဝိညာဉ်နည်းစနစ် အကူအညီနှင့်တောင်မှ သူသည် အတင်း ခုခံ နေရ၏။
"ဆက်ပြီး စောင့်မနေနဲ့တော့"
စနစ်က ပြောလိုက်သည်။ "မြန်မြန် မင်းရဲ့ ဝှက်ဖဲကို ထုတ်သုံး လိုက်တော့"
"ချီးတဲ့မှ"
ရုတ်တရက် ကျွင်းချောင်ရှောင်းသည် အပေါ်သို့မော့ကြည့်ပြီး အော်ဟစ် လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော မှော်ပညာနှင့် အဆင့် မြင့်တင်ထားသည့် ဆောင်းဘောက်ကြီး နှစ်ခုကို ထုတ်ယူလိုက်သည်။ ထို့ပြင် ဘေ့စ် သံကို ပိုမို ထင်ပေါ်စေသော သံကြီးသံလေး စပီတာ (ဝူဖာ) နှစ်ခုကိုပါ ထိုပေါ်သို့ တင်လိုက်သေး၏။
"ဒင် … စနစ်သည် ရုတ်တရက် ရပ်တန့်သွားသည်"
"ဟမ့်"
ချင်လင်းရန်သည် ရုတ်တရက် ကျွင်းချောင်ရှောင်းတစ်ယောက် ပစ္စည်းကြီးနှစ်ခုကို ထုတ်ယူလိုက်သည်ကို မြင်ရသည့် အခါမှာတော့ အထင်မြင်သေးစွာ ပြုံးလိုက်၏။ ကြိုးပေါ်တွင် ရှိနေသော သူ၏ လက်ချောင်းများသည် ပိုမိုကာ မြန်ဆန်လာခဲ့၏။
သူ၏ သံစဉ်အောက်၌ အနည်းငယ် အချိန်ကြာအောင် ခုခံနိုင်နေသောကြောင့် တဖက်လူသည် ဇွဲကောင်းသည့် လူတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူသည် ပို၍ကြိုးစားမှ ဖြစ်ပေလိမ့်မည်။
တောင် …တောင်တောင် … တောင်တောင် … တောင်
သို့ပေမဲ့ သူတီးခတ်နေစဉ်မှာပဲ မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသော ဆောင်းဘောက်ကြီးနှစ်ခုဆီမှ ကျယ်လောင်လှသော အသံများ ထွက်ပေါ်လာသည်။
"အရှုံးမပေးနဲ့ .. ဘဝကို အရှုံးမပေးနဲ့ …. "
ကျွင်းချောင်ရှောင်းသည် စပီကာကြီးအပေါ်သို့ ခြေတင်ကာ အကျယ်ဆုံးနှုန်းဖြင့် သီဆိုလိုက်တော့၏။ "မွေးကတည်းက တတ်တယ် ဆိုတာ ဘယ်သူမှမရှိဘူး။ အရှုံးမပေးနဲ့ .. ကြိုးစား"
ကုချင်းသံ၏ လွှမ်းမိုးခြင်းကို ခံထားရသော အကျဉ်းသားအားလုံးသည် ကျွင်းချောင်ရှောင်းဆီမှ အသံကို ကြားလိုက်ရသည့်အခါမှာတော့ အတွင်းကလီစာများပင် ထိခိုက်ကာ သွေးများအန်ထွက်လာကြသည်။
ချင်လင်းရန်၏ အပြုံးသည်လည်း ရုတ်တရက် ပျက်ယွင်းသွားခဲ့၏။
သူသည် ဂီတနှင့် ပတ်သက်လျှင် အလွန်ပါရမီပါသောလူတစ်ယောက် ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူ၏ ငှက်ဆိုးထိုးသံကဲ့သို့ ဆိုးဝါးလှသည့် အသံကို ကြားလိုက်ချိန်မှာတော့ မည်သို့မျှ သည်းမခံနိုင်သလို ခံစားနေရသည်။
တောင် တောင် တောင် ….။
ချင်လင်းရန်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းသိမ်းလိုက်၏။ ကုချင်းပေါ်တွင် ရှိနေသော သူ၏ လက်ချောင်းများသည်လည်း ပိုမို၍ မြန်ဆန်လာခဲ့၏။
ဒွီ ဒွီ ဒွီ ….။
ကုချင်းသံသည် အကျဉ်းထောင် တစ်ခုလုံးကို လွှမ်းမိုးလျက်ရှိနေ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ စပီကာ ဆီမှ ထွက်ပေါ်လာသော အသံသည် ပိုကာ ကျယ်လောင်လွန်းလှသည်။
ထိုအသံသည် တောနက်အတွင်းမှ ကဆုန်ဆိုင်းထွက်ခွာလာသော သားရဲရိုင်းများ ကဲ့သို့ပင် ချင်လင်းရန်၏ အာရုံကို အရှိန်အဟုန် ကောင်းကောင်းဖြင့် ဖျက်ဆီးလျက်ရှိ၏။
ခင်ဗျားက ဂီတမှာ ပါရမီရှင် ဟုတ်လား။ သနားတယ်။ ကျုပ်က နတ်ဘုရားတွေ ပေးထားတဲ့ အသံကို ပိုင်ဆိုင်တဲ့လူပဲ …။
"အရှုံးမပေးနဲ့ ကြိုးစား …."
ကျွင်းချောင်ရှောင်း၏ အမြင့်ဆုံးသောကီးဖြင့် သီဆိုသောအသံ၏ လွှမ်းမိုးမှုအောက်မှာတော့ ချင်လင်းရန်သည် မည်သို့မျှ မခံစားနိုင်တော့ပေ။ နားစည်များသည် အဆက်မပြတ်တုန်ခါလာပြီးနောက် ဦးခေါင်းတစ်ခုလုံး လည်ကျသွားပြီး ဒွာရကိုးပေါက်ဆီမှ သွေးများ ယိုစီးကာ တစ်ခါတည်း သတိလစ်မေ့မျောသွားလေတော့သည်။