အခန်း (၁၂၅၂)
Vol. 84 Ch. 1252
“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းအား အသုံးပြုပြီး နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော စွန်းဝူခုန်းဝတ်စုံအား ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီး ပါပြီ”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၀၀၀၀ / ၁၀၀၀၀၀”
ပစ္စည်း၏ မိတ်ဆက်ကို ကြည့်ရှုပြီးသည်ဆိုသည်နှင့်တပြိုင်နက် ကျွင်းချောင်ရှောင်းသည် ခေါင်းအနောက်ခံကာ စဉ်းစားနေလိမ့်မည်မဟုတ်ချေ။ တစ်ခါတည်း ဝယ်ယူလိုက်တော့၏။
“ဒီလောက်မြန်တာလား”
စနစ်က အံ့အားသင့်သွား၏။ “ဒါက အလှဝတ်လို့ရတဲ့ ပစ္စည်းတစ်ခု ဖြစ်နေမှာကို လက်ခံသူ မစိုးရိမ်ဘူးလား”
ကုန်းရှန့်သည် ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြုသည့်နေရာတွင် အလွန်တရာ ကပ်စေးနည်းလှသူ တစ်ယောက် ဖြစ်၏။
စနစ်သည် သူ့အား ဂိုဏ်းစုဆောင်းမှတ်များ အသုံးပြုစေရန် အာမခံချက်များကို ကြယ်များများဖြင့် ပေးခဲ့ရသေး၏။ လက်ရှိအခြေအနေမှာတော့ သူပင် ဘာမှ မပြောလိုက်ရသေးချေ။ လက်ခံသူသည် တစ်ခါတည်း အသုံးပြုလျက်ရှိနေ၏။ ထို့အပြင် ဈေးနည်းလှသည့်အရာလည်း မဟုတ်ချေ။
“မင်း နားမလည်ပါဘူး”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်၏။ “ဒါ ငါ ကလေးဘဝထဲက အိမ်မက် မက်ခဲ့ရတဲ့ ဝတ်စုံပဲ”
သူ့အနေနှင့် အနောက်ဘက်သို့ ခရီးထွက်ခြင်း ဝတ္ထုများကို စတင် ဖတ်ရှုစဉ်ကတည်းက ထိုဝတ်စုံကို ဝတ်ချင်နေခြင်းဖြစ်၏။ အထူးသဖြင့် ထိုဝတ်စုံကြီးကို ဝတ်ဆင်ကာဖြင့် ကောင်းကင်ဘုံပေါ်တွင် တက်ကာ လုပ်ချင်တိုင်း လုပ်ခဲ့သည့် အကြောင်းအရာများကို ပြန်လည်စဉ်းစားပြီးသည့်အချိန်မှာတော့ သူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သိန်း မပြောနှင့် နှစ်သိန်းလောက် ပေးရမည်ဆိုလျှင်တောင်မှ တစ်ခါတည်း ဝယ်ယူလိုက်မည် ဖြစ်သည်။
ထို့အပြင် ဤအရာသည် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။ နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ခြင်းတွင် အထူးအသက်သွင်းမှုများ ပါဝင်နေခဲ့၏။ ထို့ကြောင့် အထူးစွမ်းရည်မျိုးလည်း ပါဝင်နေမှာ သေချာသည်။ ဂိုဏ်းစုဆောင်းမှတ်တစ်သိန်း အသုံးပြုရခြင်းသည် သဲထဲရေသွန်ဖြစ်လိမ့်မည်ဟု ကျွင်းချောင်ရှောင်းသည် လုံးဝ မယုံကြည်ချေ။ ပို၍ အရေးကြီးသည်မှာ သူသည် ထိုအရာကို တစ်ခါတည်း ဝယ်ယူခဲ့ခြင်းမှာ သူ ကြွားဝါ ပြောဆိုခဲ့သည့်အရာများ အားလုံးကို ပြည့်စုံစေမည့်အရာ ဖြစ်သောကြောင့်ပင်။
ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲသို့ သွားရောက်သည့်အချိန် လီချင်းယန်အား ဂိုဏ်းသားအဖြစ် ခေါ်ယူခဲ့စဉ်က ပြိုင်စံရှားဂိုဏ်းသည် စွန်းဝူခုန်း တည်ထောင်ခဲ့သည့်ဂိုဏ်းတစ်ခုဖြစ်ကြောင်း တခြားသူများ၏ရှေ့တွင် ဝံ့ကြွားစွာ ကြွားဝါပြောဆိုခဲ့ဖူး၏။ လက်ရှိအခြေအနေမှာတော့ စွန်းဝူခုန်း၏ ဝတ်စုံကို ရရှိပြီဖြစ်သောကြောင့် သူသည် တခြားသောသူများ သို့မဟုတ် သူ၏တပည့်များ၏ရှေ့တွင် ဟန်ထုတ်ကာ ပြောဆိုနိုင်တော့မည်။ “ဒါက ပထမဦးဆုံး ဂိုဏ်းခေါင်းဆောင် ဝတ်ဆင်ခဲ့တဲ့ အရာပဲလေ။ ပြိုင်စံရှားရဲ့ ရတနာတစ်ခုပေါ့”
“.........” စနစ်သည် ဆွံ့အလျက် ရှိနေ၏။ ဂိုဏ်းစုဆောင်းမှတ် အများအပြားကို အသုံးပြုခဲ့ခြင်းသည် ငယ်ဘဝ အိမ်မက်ကြောင့် ဖြစ်၏။ လက်ခံသူ၏ ဦးနှောက်သည် မြည်းကန် ခံထားရသလိုပင်။
“လက်ခံသူ... အပျော်စောမနေနဲ့အုံး”
စနစ်က ပြောလိုက်သည်။ “ဒီ စွန်းဝူခုန်း ဝတ်စုံက အရမ်းကို အားကောင်းလှတယ် ဆိုပေမဲ့ လိုအပ်တဲ့ အခြေအနေ သုံးခုက မကိုက်ဘူးဆိုရင် ဝတ်လိုက်တာနဲ့ တပြိုင်နက် ပေါက်ကွဲပြီး သေသွားလိမ့်မယ်”
“ဒါကတော့ အမှန်ပဲ”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ငါ့ရဲ့ အခြေအနေသုံးရပ် ကကော အဆင်ပြေရဲ့လား”
ကျင့်ကြံခြင်းလောကတွင် အခြေအနေသုံးရပ်ကို ဖော်ညွှန်းသည်ဆိုလျှင် ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် အမြန်နှုန်းကို ပြောဆိုခြင်းပင် ဖြစ်တော့၏။ နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော စွန်းဝူခုန်း ဝတ်စုံသည် ဤသုံးခု ကိုက်ညီရန် လိုအပ်သည်။ မဟုတ်ပါက ဝတ်ဆင်လိုက်သည်ဆိုသည်နှင့်တပြိုင်နက် တစ်ခါတည်း အစိတ်စိတ် အပိုင်းပိုင်း ပေါက်ကွဲထွက်သွားမှာ သေချာသည်။
စနစ်က ပြောလိုက်သည်။ “ဒါက ဈေးကြီးတဲ့ နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ခြင်း ပစ္စည်းမျိုးဆိုတော့ လိုအပ်ချက်က နိမ့်ပါးမှာ မဟုတ်ဘူးလို့ ငါထင်တယ်”
“...........”
ကျွင်းချောင်ရှောင်းသည် အနည်းငယ် စိတ်ဓာတ်ကျသွား၏။ သူသည် ဝတ်ဆင်၍ မရနိုင်သော အရာကို ဂိုဏ်းစုဆောင်းမှတ် အများအပြား အသုံးပြု၍ ဝယ်ယူခဲ့သည်ဆိုလျှင် ဘာလုပ်၍ ရနိုင်မည်နည်း။ ဂိုဏ်း၏ ရတနာ တစ်ခုအဖြစ် ထိန်းသိမ်းထားရန်သာ ရှိတော့၏။
ဟူး
ကျွင်းချောင်ရှောင်းသည် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်တော့၏။ “ငါ့ဆီမှာ ထျန်းကျွင်း ဝိညာဉ်သန့်စင်ခြင်း နည်းစနစ် ရှိတယ်လေ။ ငါ့ရဲ့ဝိညာဉ်က တစ်နေ့ထက် တစ်နေ့ ပိုပြီး အားကောင်းလာတယ်။ ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ လှုပ်ရှားမှုနည်းစနစ်ကလည်း ပိုပြီးတော့ အားကောင်းလာတယ်။ ဒီတော့ အခြေအနေသုံးရပ်က ပြဿနာ မဟုတ်လောက်ဘူးလို့ ထင်တယ်။ ဒီလိုလုပ်ရအောင်”
သူကပြောလိုက်သည်။ “စမ်းပြီး ဝတ်ကြည့်လိုက်ရမလား”
စနစ်က ပြောလိုက်၏။ “စမ်းကြည့်ရင်းနဲ့ တစ်ခါတည်း သေသွားမှာကို စိုးရိမ်ရတယ်နော်”
ကျွင်းချောင်ရှောင်းသည် မူလအားဖြင့် အနည်းငယ် စိတ်ပူလျက် ရှိနေ၏။ သို့ပေမဲ့ စနစ်သည် သူ့ကို အထပ်ထပ် အခါခါ တိုက်ခိုက်နေသည်ကို မြင်ရသည့်အချိန်မှာတော့ အနည်းငယ်ပို၍ ယုံကြည်ချက် ရှိလာခဲ့၏။
ထို့အပြင် စနစ် ပြောဆိုသည့်စကားများသည် ပြောင်းပြန်ယူရသည့် အရာမျိုး ဖြစ်နေသည် မဟုတ်လား။ အဘယ်ကြောင့်ဆိုသော် စနစ်သည် လောကတွင် ပါးအပိတ်ရိုက်ခံရဆုံးသော စနစ်ပင်ဖြစ်၏။ ထိုအရာကို သူ ကောင်းကောင်းသိသည်။
ရွှီး
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီးသည့်နောက်မှာတော့ ရောင်စုံအလင်းတန်းများ ထွန်းတောက်လျက် ရှိနေသော ဝတ်စုံကို ထုတ်ယူလိုက်၏။ ထိုအရာသည် အစိတ်အပိုင်းသုံးခု ပါဝင်နေ၏။ စွန်းဝူခုန်း ၏ ဝတ်စုံ ဖြစ်သည်မို့ ဝတ်စုံ၏ ပုံပန်းသွင်ပြင်ကို အသေးစိတ်ဖော်ပြနေစရာတော့ မလိုအပ်ချေ။ အားလုံး သိရှိနားလည်ပြီးသား ဖြစ်ပေလိမ့်မည်။
“ဒီဝတ်စုံက ရှန်ဟွမ် နတ်ဘုရားဝတ်စုံလောက် အားကောင်းတဲ့ပုံ မပေါ်ပါလား”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်၏။ တကယ်ပဲ အလှပြသည့် ဝတ်စုံတစ်ခုကို ဝယ်ယူခဲ့လေသည်လား။
“ထားလိုက်တော့”
ဝယ်ယူပြီးပြီဆိုမှတော့ ပြန်ပြီးလည်း ပိုက်ဆံပြန်တောင်း၍ မရတော့ချေ။ ထို့ကြောင့် စမ်းသပ်ကာ ဝတ်ကြည့်မှ ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ဝတ်စုံကို သေသေချာချာ ဝတ်ဆင်လိုက်၏။ သူ ထင်မှတ်ထားသည့်အတိုင်းပင် ဝတ်စုံကို ဝတ်ဆင်လိုက်သည်ဆိုသည်နှင့်တပြိုင်နက် ခန္ဓာကိုယ်၏ အားအင်သည် အနည်းငယ်လေးသာ တိုးတက် လာခဲ့၏။ ပြီးသည့်နောက်မှာတော့ သူသည် ဖိနပ်ကို ဝတ်ဆင်လိုက်၏။ ဤပစ္စည်းနှစ်ခုကို ဝတ်ဆင်ပြီးသည့် နောက်မှာတော့ သူ၏ ခန္ဓာကိုယ်အားအင်သည် အရမ်းကြီး သိသိသာသာ တိုးတက်လာခြင်း မဟုတ်ပဲ အနည်းငယ်လေးသာ တိုးတက်၏။
“ဝတ်စုံဆိုတာမျိုးက ဝတ်လိုက်ရင် အကျိုးသက်ရောက်မှု ရှိရမှာပဲ”
စနစ်သည် သဘောမတွေ့သလို့ ပြောလိုက်မိ၏။ “ဒီပစ္စည်း တစ်ခု၊ နှစ်ခုလောက်ဝတ်ရုံနဲ့ လောကကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဒါကတော့ အဟုတ်ပဲလေ” ကျွင်းချောင်ရှောင်းသည် ခေါင်းစွပ်အား အသာဆွဲမြောက်လိုက်၏။
စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ဝတ်စုံရဲ့ ပါဝင်ပစ္စည်းနှစ်ခုကို ဝတ်ဆင်ပြီးသွားပြီ။ ဒါပေမဲ့ ဒီခေါင်းစွပ်ကို ထပ်ဝတ်ပြီး အခြေအနေသုံးရပ်ကသာ မကိုက်ညီရင် တစ်ခါတည်း ပေါက်ကွဲထွက်သွားမှာ”
ဖောက်
သူပြော၍ မပြီးခင်မှာပဲ ကျွင်းချောင်ရှောင်းသည် ဦးခေါင်းပေါ်သို့ ခေါင်းစွပ်အား တစ်ခါတည်း တင်ပြီး ဖြစ်နေတော့ သည်။ စနစ်သည် ဤကဲ့သို့ ပြောဆိုနေသည်ဆိုမှတော့ ပါးပိတ်အရိုက်ခံရဆုံးစနစ် ဆိုတာ အမှန်လား သူ စမ်းကြည့်မှ ဖြစ်ပေတော့မည်။
“ချီးတဲ့မှ”
ထောင့်တစ်နေရာတွင် ကုပ်ကုပ်လေး ရှိနေကြသော အကျဉ်းသားတစ်ထောင်ကျော်တို့သည် မျက်လုံး အပြူးသား ဖြစ်သွားကြသည်။ ၎င်းတို့၏ ရှေ့မှာတော့ ကျွင်းချောင်ရှောင်းသည် ဘာမှန်းမသိသည့် ထူးဆန်းသည့် ဝတ်စုံကြီးကို ဝတ်ဆင်ထားပြီး ကခုန်လျက် ရှိနေ၏။ အားလုံး၏ မေးရိုးများသည် အောက်သို့ပင် ပြုတ်ကျလျက် ရှိနေကြသည်။
အနီးအနားတွင် လဲလျောင်းလျက် ရှိနေသော ချင်လင်းရန်သည် သတိလစ်မေ့မျောနေရာမှ ရုတ်တရက် နိုးထလာခဲ့၏။
“နာ... နာလိုက်တာ” သူသည် မနည်းကြိုးစားကာ မတ်တပ်ထရပ်လိုက်သည်။
ဝေါ့
“ချီးတဲ့မှ”
ချင်လင်းရန်သည် ခန္ဓာကိုယ်ထဲတွင် ပြောင်းပြန်စီးဆင်းလျက်ရှိနေသော သွေးများကို ဖိနှိပ်ပြီးသည့် နောက်မှာတော့ သူ၏ မျက်လုံးထဲတွင် ဒေါသတရားများ ဖြစ်တည်လာခဲ့၏။
ဟူး ဟူး
ထိုအချိန်မှာပဲ ကြောက်မက်ဖွယ်ရာကောင်းသော ဖိအားများသည် ကောင်းကင်ယံထက်မှ ကျဆင်းလာ၏။ ကျွင်းချောင်ရှောင်းသည် လေထုထဲသို့ ခုန်တက်လိုက်ပြီး လက်ထဲတွင် ရှိနေသော ကောင်းကင် စတေးခြင်း လှံကြီးအား ဝှေ့ယမ်းကာ ကစားနေသည်။
စနစ်သည် အော်ဟစ်လိုက်၏။ “ဘာတွေလုပ်နေတာလဲ”
ဝုန်း
ကျွင်းချောင်ရှောင်း၏ လှံတစ်ချက်အဝှေ့မှာတော့ သတိလစ်မေ့မျောနေရာမှ ရုတ်တရက် နိုးထလာခဲ့သည့် ချင်လင်းရန်၏ ဦးခေါင်းသည် ကောင်းကင်စတေးခြင်းလှံကြီးနှင့် တည့်တည့်ထိမှန်ပြီးသည့်နောက် မြေပေါ် လဲကျကာ ထပ်မံ၍ မေ့မျောသွားခဲ့တော့သည်။
ကျွင်းချောင်ရှောင်းသည် ထပ်မံကာ ကခုန်လျက် ရှိနေ၏။
ချင်လင်းရန်သည် ဒုတိယအကြိမ် ပြန်လည် နိုးထလာချိန်မှာတော့ ချက်ချင်း လန့်ဖြန့်သွားသည်။
“အစ်ကို... အစ်ကိုကြီး”
ချင်လင်းရန်သည် မနည်းကြိုးစားရုန်းကန်ကာ ထလာပြီးသည့်နောက်မှာတော့ ဒူးထောက်ကာ ပြောလိုက်၏။ “ကျုပ်... ကျုပ်မှားပါပြီ။ ကျုပ် တကယ်မှားပါပြီ”
ကျွင်းချောင်ရှောင်းသည် ၎င်းအား လှမ်းဆွဲပြီးသည့်နောက်မှာတော့ အေးစက်စက် မျက်နှာဖြင့် မေးလိုက်သည်။ “ပြောစမ်း... သေမျိုးစကြဝဠာထဲမှာ ဘယ်သူက အချောဆုံးလဲ”
“အင်း... အစ်ကိုကြီးပါ။ အစ်ကိုကြီးက အချောဆုံးပါပဲ” ချင်လင်းရန်သည် ကျယ်လောင်စွာ ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် ၎င်း၏ အင်္ကျီအား ခပ်တင်းတင်း ဆုပ်ကိုင်ကာဖြင့် အသာဆွဲမလိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “ခင်ဗျားရဲ့ အဖြေကို ကျုပ်သဘောကျသွားပြီ။ ဒီတော့ ခင်ဗျားရဲ့ ဝိညာဉ်အရင်းအမြစ်ကို ပေးတော့”
“ဒါက”
“မပေးဘူးဆိုရင် ကျုပ် သီချင်းထပ်ဆိုလိုက်ရမလား”
“ကောင်းပါပြီ။ ကောင်းပါပြီ” ကြောက်မက်ဖွယ်ရာကောင်းလှသည့် သံသေးသံကြောင်ကို ပြန်လည်ကြားယောင်မိချိန်မှာတော့ ချင်လင်းရန်သည် မည်သို့မှ မနေနိုင်တော့ဘဲ ဝိညာဉ်ရင်းမြစ်ကိုသာ ပေးလိုက်ရတော့သည်။
ကျွင်းချောင်ရှောင်းသည် ထောင့်တစ်နေရာတွင် အသာပုန်းကွယ်လျက် ရှိနေသည့် အကျဉ်းသား တစ်ထောင်ကျော်တို့ကို လှမ်းကြည့်ကာဖြင့် လေးနက်သည့် အသံဖြင့် မေးလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီး ကလူ ဘယ်သူရှိလဲ”
“ကြယ်ကြွေကုန်းမြေတိုက်ကြီး ဟုတ်လား။ ဒါက အရမ်းကို အဆင့်နိမ့်တဲ့ ဂြိုဟ်တစ်ခုက ဖြစ်ပုံပဲ” အားလုံးက တီးတိုး ပြောလိုက်ကြသည်။
ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်လျက်ရှိနေသော အကျဉ်းသား နှစ်ယောက်သည် အလွန်အမင်း အံ့အားသင့်သွားပုံပေါ်၏။ ထိုသူနှစ်ယောက်၏ ပုံပန်းသွင်ပြင်ကို ကျွင်းချောင်ရှောင်းသည် ရုတ်တရက် သတိပြုလိုက်မိ၏။ ထို့ကြောင့် ပြောလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက်က ကြယ်ကြွေကုန်းမြေတိုက်ကြီးကလား”
ချင်လင်းရန်သည် ဒေါသတကြီးဖြင့် မေးလိုက်၏။ “သခင်က မင်းတို့နှစ်ယောက်ကို မေးနေတယ်လေ။ မြန်မြန် ထွက်ခဲ့စမ်း”
…………..
အကျဉ်းသားနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုပြီးသည့်နောက် အကူအညီမဲ့စွာဖြင့် အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။ ၎င်းတို့၏ နှလုံးသားထဲတွင်တော့ ထိတ်လန့်စိုးရွံ့မှုများနှင့် ပြည့်နှက်လျက် ရှိနေသည်။
ဆဋ္ဌမအလွှာတွင် ရှိနေသော အဓိကပြဿနာကောင်အား ဖြေရှင်းနိုင်ခဲ့သည့်အပြင် ဝိညာဉ်အရင်းအမြစ်ကို ပါ ရယူနိုင်စွမ်း ရှိနေသော ဤလူသည် ကြမ်းတမ်းလှသည့် လူကြမ်းတစ်ယောက်ပင် ဖြစ်၏။ ၎င်းတို့အနေဖြင့် သွားရောက်ကာ ရန်ပြုနိုင်သည့်လူမျိုး မဟုတ်ချေ။
“ခင်ဗျားတို့ နှစ်ယောက်”
ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်၏။ “ကျုပ်က ကျွင်းချောင်ရှောင်းပဲ။ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးရဲ့ ပထမအဆင့်ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ပဲ။ ဒီအချိန်မှာ ကျုပ်က ငရဲကြီးကိုးထပ်ကို လာခဲ့တာက ဖမ်းချုပ်ခံထားရတဲ့ သိုင်းအင်ပါယာကိုးယောက်ကို လာကယ်တင်တာပဲ။ ခင်ဗျားတို့ သူ့ကို မြင်ဖူးလား”
ထွီ
စနစ်သည် ရုတ်တရက် တံတွေးပင် ထွေးချလိုက်မိ၏။ ပြိုင်စံရှားဂိုဏ်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အလွန်အားကောင်းလှသည်ဆိုသည်မှာ ငြင်းပယ်၍ မရချေ။ သို့ပေမဲ့ ဂိုဏ်းအသိအမှတ်ပြုမှုကို ရရှိထားခြင်းမှာ ဒုတိယအဆင့် ဂိုဏ်းတစ်ခုသာဖြစ်၏။ အဘယ်ကြောင့် ပထမအဆင့်ဂိုဏ်းချုပ်ဟု ခေါ်ဝေါ်သုံးစွဲနေရသနည်း။
အကျဉ်းသားနှစ်ယောက်သည် ထိုအရာကို ကြားသည့်အချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တုန်ခါသွားမိ၏။
ကျွင်းချောင်ရှောင်းသည် ၎င်းတို့၏ လှုပ်ရှားမှုများကို သေသေချာချာ အာရုံစိုက် ကြည့်ရှုနေခြင်းဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူ၏ မျက်နှာနှင့် မျက်လုံးပေါ်တွင်ရှိသော ပြောင်းလဲမှုများကို မြင်လိုက်သည်ဆိုသည်နှင့် သူသည် ရုတ်တရက် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “စီနီယာတို့... ဒုက္ခခံခဲ့ရပြီပဲ”
ဤအရာမှာ အမှန်ပင် ဖြစ်တော့၏။ ယခုထွက်လာသော လူနှစ်ယောက်သည် ကျွင်းချောင်ရှောင်း ရှာဖွေနေသော သိုင်းအင်ပါယာကိုးယောက်ထဲမှ နှစ်ယောက်ပင်ဖြစ်သည်။ တစ်ယောက်သည် အင်ပါယာ ရန်ဖေးယု ဖြစ်ပြီး တခြားတစ်ယောက်မှာတော့ အင်ပါယာ ရမ်ရှင်းရွဲ့ဖြစ်၏။
ဤနှစ်ယောက်သည် ဆဋ္ဌမအထပ်တွင် ဖန်းတီးချုပ်နှောင်ခံထားရခြင်းပင်ဖြစ်၏။ ထို့အပြင် ချင်လင်းရန်၏ ဂီတသံဖြင့် ဦးနှောက်ဆေးခြင်းကို ခံထားရပြီး နှစ်ပေါင်းများစွာကြာအောင် ၎င်း၏ ပရိသတ်ဖြစ်ခဲ့ရ၏။ ကျွင်းချောင်ရှောင်းသာ မမေးမြန်းခဲ့ပါက ၎င်းတို့နှစ်ယောက်သည် ဤတည်နေရာထဲတွင် တစ်သက်လုံး ဘဝဆုံးသွားနိုင်လေသည်။