အခန်း (၁၂၅၃)
Vol. 85 Ch. 1253
သူတို့နှစ်ယောက်သည် ကျွင်းချောင်ရှောင်း ထုတ်ဖော်မေးမြန်းခြင်းကိုသာ မပြုလုပ်ပါက တုရင်ရှင်းထက်ပင် ပိုမို၍ ပုန်းကွယ်ကာ နေထိုင်နေကြမည်ဖြစ်သည်။ ၎င်းတို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူများအဖြစ် တည့်ရှိခဲ့ကြဖူး၏။ သို့ပေမဲ့ ဆိုးရွားသည့်အခြေအနေသို့ ကျရောက်ခဲ့ပြီးနောက် လူသားတစ်ယောက်၌ ရှိသင့်ရှိထိုက်သော ဂုဏ်သိက္ခာများပင် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။
“ဟင်း....”
မှောင်မဲလျက်ရှိနေသော တည်နေရာကြီးထဲမှာတော့ ရန်ဖေးယုသည် သက်ပြင်းကို ချလိုက်မိ၏။ သူ၏ ခန္ဓာကိုယ်ထဲမှာ ရှိနေသော စိတ်ပျက်လက်ပျက် အမူအရာများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ အတိတ်တုန်းက ဖြစ်ခဲ့သည့် အကြောင်းအရာများကို သူသည် မည်သို့မှ ဆက်လက်ကာ မစဉ်းစားချင်ပေ။ အလင်းရောင်မရှိသည့် ပတ်ဝန်းကျင် တည်နေရာကြီးထဲတွင် နေထိုင်ရခြင်းသည် သေခြင်းတရားထက်ပင် ပိုမို၍ ဆိုးရွားလွန်းလှ၏။ သို့ပေမဲ့ ၎င်းတို့သည် ဤတည်နေရာကြီးထဲတွင် နေထိုင်ပြီးသည့်နောက် ထက်မြက်မှု နှင့် စိတ်အားတက်ကြွမှုများ အားလုံး ပျောက်ကွယ်ခဲ့ရ၏။
တစ်ချိန်တုန်းက ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သော သိုင်းအင်ပါယာနှစ်ယောက်တို့သည် လက်ရှိအချိန်မှာတော့ အိုမင်းရင့်ရော်လျက်ရှိနေသော ပိန်ညှောင်နေသည့် အဘိုးအိုနှစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။ ၎င်းတို့သည် ဝူခုန်းဝတ်စုံကို ဝတ်ဆင်ထားသော ကျွင်းချောင်ရှောင်းနှင့် နှိုင်းယှဉ်မည်ဆိုပါက မိုးနှင့်မြေကဲ့သို့ပင် ကွာခြားနေလေသည်။
“ခင်ဗျားတို့နှစ်ယောက်”
ကျွင်းချောင်ရှောင်းသည် ဤဝမ်းနည်းစရာ အခြေအနေကို ချိုးဖြတ်ပြီးသည့်နောက် မေးလိုက်တော့၏။ “ဒီနေရာမှာ ဖမ်းဆီးချုပ်နှောင်ခံထားရအောင် ဘယ်လောက်မှားယွင်းရဲ့ ရာဇဝတ်မှုတွေကို ပြုလုပ်ခဲ့လို့လဲ”
တုရင်ရှင်းသည် ဤမေးခွန်းကို မဖြေခဲ့ချေ။ ထို့ကြောင့် သူသည် အလွန်တရာ စိတ်ဝင်စားလျက် ရှိနေသည်။
“ဒါ.. ဒါက ခွင့်လွှတ်လို့မရတဲ့ ပြစ်မှုပါပဲ” ရမ်ရှင်းရွဲ့က ပြောလိုက်၏။
ရန်ဖေးယုကလည်း ထပ်မံကာ ပြောလိုက်သည်။ “ဒီကိစ္စကို မပြောနဲ့တော့”
“..........”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ ၎င်းတို့ မပြောလေ သူပိုကာ စိတ်ဝင်စားလေ ဖြစ်၏။
“ခင်ဗျားတို့ နှစ်ယောက်”
ကျွင်းချောင်ရှောင်းသည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။ “ကျုပ်အနေနဲ့ အမှန်တရားကို သိဖို့လိုတယ်။ မဟုတ်ရင် ခင်ဗျားတို့ အားလုံးက ဒီမှာထာဝရ ချုပ်နှောင်ခံထားရမှာပဲ။ တခြားလူတွေရဲ့ စိတ်ဆန္ဒအတိုင်း ထိန်းချုပ်ခြင်းကို ခံထားရတဲ့ ရုပ်သေးရုပ်တွေ ဖြစ်လာလိမ့်မယ်”
ဤစကားစုသည် ရမ်ရှင်းရွဲ့နှင့် ရန်ဖေးယုတို့အား အမှန်ပင် စိတ်လှုပ်ရှားစေခဲ့၏။ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလိုက်ကြ၏။ ပြီးသည့်နောက် တစ်ယောက်နှင့် တစ်ယောက် လုံလောက်သည့် သဘောတူညီမှုကို ရယူခဲ့သည်။
တစ်ချိန်လုံး တိတ်ဆိတ်လျက်ရှိသည့် ရမ်ရှင်းရွဲ့က ပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးက လာတယ်ဆိုမှတော့ မင်းက ထိုက်ရွှမ်အဘိုးအိုအကြောင်းကို ကြားဖူးတယ် မဟုတ်လား”
“ကြားဖူးတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ ဤလူသည် ရှေးလွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်က အလွန်တရာ အားကောင်းလှသည့် ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း စနစ်က တစ်ကြိမ်ပြောခဲ့ဖူး၏။ ထိုက်ရွှမ်အဘိုးအိုသည် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း သူ သိရှိပြီး ဖြစ်သည်။
“ထိုက်ရွှမ်စီနီယာက ကျင့်ကြံခြင်းနည်းစနစ် နှစ်မျိုးကို ဖန်တီးခဲ့တယ်။ တစ်ခုက ထိုက်ရွှမ်အအေးနှလုံးသား နည်းစနစ်ဖြစ်ပြီး တစ်ခုက ထိုက်ရွှမ်ကျမ်းစာပဲ” ရမ်ရှင်းရွဲ့က ပြောလိုက်သည်။
“ဒီအကြောင်းကို ကျုပ်နည်းနည်း ကြားဖူးပါတယ်”
ကျွင်းချောင်ရှောင်းသည် ကြားဖူးရုံတင်မက ဤနည်းစနစ်သည် ကောင်းမွန်လွန်းသည့်အရာဖြစ်ပြီး ထိုက်ရွှမ်အအေးဂိုဏ်းကိုပင် ဖန်တီးနိုင်သည့်အရာဖြစ်ကြောင်းလည်း သိရှိ နားလည်ပြီးဖြစ်၏။
“ဒါပေမဲ့ ဒီကျင့်ကြံခြင်းနည်းစနစ်က နတ်ဘုရားအဆင့်အထက် ကျင့်ကြံခြင်း နည်းစနစ်ဖြစ်ပြီးတော့ အထဲမှာ အရမ်းကိုကြီးမားတဲ့ လျှို့ဝှက်ချက်ရှိနေတယ်ဆိုတာကို လောကကြီးကမသိကြဘူး” ရမ်ရှင်းရွဲ့က ပြောလိုက်သည်။
“ဘာ လျှို့ဝှက်ချက်လဲ” ကျွင်းချောင်ရှောင်းသည် အားတက်သရောဖြင့် မေးလိုက်မိ၏။
ရမ်ရှင်းရွဲ့က ပြောလိုက်သည်။ “ဒီကျင့်ကြံခြင်းနည်းစနစ်က လေဟာနယ်ကို ချိုးဖြတ်ပြီးတဲ့နောက် အထက် နယ်မြေဆီကို တက်သွားနိုင်တဲ့ အရာတစ်ခုပဲလေ။ ပြီးတော့ အဲဒီကျမ်းစာရဲ့အထဲမှာ ကောင်းကင်နဲ့မြေကြီး ဖန်တီးခြင်း အစီအရင်လို့ခေါ်တဲ့ အစီအရင်တစ်ခုကို ရေးသားထားတယ်။ ဒါကို အောင်မြင်စွာ ဖန်တီးနိုင်မယ် ဆိုရင် အဆင့်တွေ၊ ကျင့်ကြံခြင်းတွေကို ဖယ်ရှားပြီးတော့ အထက်နယ်မြေဆီကို အောင်အောင်မြင်မြင်နဲ့ လှမ်းတက်နိုင်လိမ့်မယ်။ ပြီးတော့ ….”
ရန်ဖေးယုသည် လေးနက်တည်ကြည်စွာဖြင့် ထပ်ပြောလိုက်သည်။ “ဒါက ဘယ်တော့မှ ကျရှုံးနိုင်ဖို့ မရှိတဲ့ အစီအရင် တစ်မျိုးပဲ”
“ကောင်းကင်ဘုံ”
ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားခဲ့မိ၏။ တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်ကို ရောက်ရှိပြီးမှသာလျှင် အထက်နယ်မြေဆီသို့ တက်ရောက်နိုင်စွမ်း ရှိနေ၏။ ထိုသို့ဆိုလျှင်တောင်မှ အောင်မြင်နိုင်မှုနှုန်းထားသည် အလွန်တရာ နိမ့်ကျနေသေး၏။ လေဟာနယ်ချိုးဖြတ်ခြင်း အထက်အဆင့်တွင် တည်ရှိနေသော ကျင့်ကြံသူများပင်လျှင် တစ်ရာ ရာခိုင်နှုန်း အောင်မြင်နိုင်မည်ဟု မပြောနိုင်ချေ။ သို့ပေမဲ့ ဤကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်း အစီအရင်အား အသက်သွင်းလိုက်ပြီးသည့်နောက်မှာတော့ တစ်စုံတစ်ယောက်သည် မည်သို့မှ မကျရှုံးဘဲ အောင်မြင်စွာဖြင့် အထက်နယ်မြေသို့ တက်လှမ်းနိုင်စွမ်း ရှိနေသည်။ ဤအရာသည် ထိတ်လန့်တုန်လှုပ်စရာပင် ဖြစ်တော့၏။
ပိုမို ကြောက်မက်စရာကောင်းသည့် အရာတစ်ခုမှာတော့ အဆင့် နှင့် ကျင့်ကြံခြင်း အားလုံးကို လျစ်လျှုရှုထားနိုင်စွမ်း ရှိနေခြင်းပင်။ သိုင်းဆရာအဆင့် ကျင့်ကြံသူပင်လျှင် ထိုအထဲသို့ ဝင်သွားမည်ဆိုပါက အထက်နယ်မြေဆီသို့ တက်လှမ်းခွင့်ကို ပိုင်ဆိုင်မှာ ဖြစ်သည်။
ချက်ချင်းဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို တွေးလိုက်မိ၏။ ပြီးနောက် ပြောလိုက်၏။ “ဒီအစီအရင်ကို ခင်ဗျားတို့ အသက်သွင်းခဲ့တယ်။ ဒီကိစ္စကို ကြယ်ကောင်းကင်ခံတပ်က သိရှိသွားပြီးတော့ ငရဲကြီးကိုးထပ်မှာ ချုပ်နှောင်ထားတာလား”
“အမှန်ပါပဲ” ရမ်ရှင်းရွဲ့နှင့် ရန်ဖေးယုတို့သည် သံပြိုင်ဆိုသလိုပဲ ပြောလိုက်ကြ၏။ ကံကောင်းစွာဖြင့် ၎င်းတို့ သုံးယောက်သည် လျှို့ဝှက်အသံပို့နည်းစနစ်ဖြင့် ပြောဆိုနေကြခြင်းဖြစ်ကြ၏။ မဟုတ်ပါက ချင်လင်းရန်နှင့် တခြားသောသူတို့သည်သာ အစီအရင်အကြောင်း ကြားသိမည်ဆိုပါက ကျိန်းသေပေါက် ထိတ်လန့်တုန်လှုပ် သွားကြမှာ သေချာသည်။
“ကျုပ်သိပြီ”
ကျွင်းချောင်ရှောင်းသည် အလုံးစုံ နားလည်သွားမိတော့၏။ ဘိုးဘေးရှမ့်သည် ထူးခြားသည့် နည်းလမ်းများကို အသုံးပြုပြီး အလယ်အလတ်အဆင့် တည်နေရာချိုးဖြတ်ခြင်းအဆင့်ဆီသို့ ရောက်ရှိအောင် လှမ်းတက်ခဲ့၏။ ပြီးသည့်နောက်မှာတော့ ဥပဒေများကို ချိုးဖောက်သည်ဆိုကာ ဤနေရာတွင် ချုပ်နှောင်ခြင်းကို ခံခဲ့ရ၏။
သိုင်းအင်ပါယာကိုးယောက်တို့သည်လည်း အထက်နယ်မြေဆီသို့ အတင်းချိုးဖြတ်ကာ တက်လှမ်းနိုင်ရန် ကြိုးစားခဲ့၏။ ထို့ကြောင့် ဤကဲ့သို့ ဘဝအဆုံးသတ်ခဲ့သည်ဆိုခြင်းမှာ သာမန်ပင် ဖြစ်ပေလိမ့်မည်။
“ထိုက်ရွှမ်ကျမ်းစာကို ခင်ဗျားတို့ ရှာဖွေတွေ့ရှိခဲ့တာလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ရမ်ရှင်းရွဲ့သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ကျုပ်တို့ ရှာတွေ့ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ညအင်ပါယာက ရှာတွေ့ခဲ့တယ်”
“ညအင်ပါယာ ဟုတ်လား”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်က မိန်းမ တစ်ယောက်ရဲ့ အကွက်ချခြင်းကိုခံရပြီး ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့တယ်ဆိုတဲ့ သိုင်းအင်ပါယာ တစ်ယောက်လား”
“ဟုတ်တယ်”
ရမ်ရှင်းရွဲ့နှင့် ရန်ဖေးယုတို့သည် အလိုမကျသလို ပြောလိုက်မိ၏။ “အဲ့ကောင်က အရက်သောက်တဲ့ နေရာမှာ တော်တော်ညံ့တာလေ”
သူတို့သည် ညအင်ပါယာအား အရက်သောက်ရန် ဖိတ်ခေါ်ခဲ့သည့်အချိန်ကို ပြန်လည်စဉ်းစားပြီးသည့်နောက်မှာ တော့ ချက်ချင်းဆိုသလိုပဲ ဒေါသတကြီးဖြင့် ထကာ ရိုက်နှက်ချင်စိတ်များပင် ပေါက်နေကြ၏။
“ဆက်ပြောကြပါ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ရမ်ရှင်းရွဲ့သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်၏။ “အဲဒီ ထိုက်ရွှမ်ကျမ်းကို လင်းရောင်က ရသွားတယ်လေ။ ပြီးတော့ သူက ကျုပ်တို့အားလုံးကို ဖိတ်ခေါ်ပြီးတော့ ကောင်းကင်နဲ့မြေကြီး ဖန်တီးခြင်းအစီအရင်ကို ဖန်တီးစီရင်ခိုင်းခဲ့တယ်။ ကျုပ်တို့အားလုံး အထက်နယ်မြေကို တူတူတက်ကြမယ်လို့ ပြောခဲ့တယ်လေ။ ဒါပေမဲ့ နောက်ဆုံးမှာတော့”
သူတို့၏ မျက်လုံးထဲတွင် ရှိနေသော ဒေါသတရားများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ သူတို့သည် အံကို တင်းတင်းကြိတ်ကာဖြင့် ပြောလိုက်၏။ “ဒီအစီအရင် အသက်ဝင်ပြီးတဲ့ နောက်မှာတော့ သူမက ထွက်ခွာသွားတယ်။ ဒါပေမဲ့ ကျုပ်တို့ကတော့ ….”
ဝေါ့
ဒေါသတရားများသည် နှလုံးသားကို လာရောက်ထိခိုက်ပြီးသည့်နောက် သွေးများပင် အန်ထွက်လာမိခဲ့၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်မိသည်။ “ခင်ဗျားတို့ကို ချန်ခဲ့တာ မဟုတ်လား”
ကျွင်းချောင်ရှောင်းသည် အဘယ်ကြောင့် သိုင်းအင်ပါယာကိုးယောက်တို့အား ကြယ်ကောင်းကင်ခံတပ်ထဲတွင် ဖမ်းချုပ်ခံရထားသည်ဖြစ်ကြောင်းကို နောက်ဆုံး၌ သိရှိလိုက်ရပြီဖြစ်၏။ သို့ပေမဲ့ မယုံကြည်နိုင်စရာကောင်းသည့် အဖြစ်အပျက်ကြောင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်းတော့ မထင်မှတ်ခဲ့ချေ။
တကယ်တမ်းမှာတော့ သေမျိုးစကြဝဠာလောကထဲတွင် ကျင့်ကြံခြင်းအဆင့်ကို လျစ်လျှူရှုကာဖြင့် အထက် နယ်မြေဆီသို့ အတင်းချိုးဖြတ်နိုင်သည့် အစီအရင်တစ်ခု ရှိလို့နေခဲ့တော့၏။ ဤအရာကိုသာ ရရှိပြီး ဖန်တီးနိုင်မည် ဆိုပါက မည်သူသည် ကြိုးကြိုးစားစားနှင့် ကျင့်ကြံတော့မည်နည်း။ သူသာ ဤအရာကို ရသည်ဆိုပါက ဂိုဏ်းတစ်ခုလုံးကိုပင် အထက်နယ်မြေဆီသို့ ရွေ့ပြောင်းနိုင်မှာ သေချာသည်။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် လင်းရောင်မှာ ညအင်ပါယာအား နောက်ကျောကို ဓားနှင့်ထိုးကာဖြင့် ထိုက်ရွှမ်ကျမ်းကို ရယူခဲ့ခြင်းဖြစ်ကြောင်း ဤအင်ပါယာနှစ်ယောက်ဆီမှ သိရှိလိုက်ရ၏။ သိုင်းအင်ပါယာ ကိုးယောက်တို့မှာတော့ ပျော်ပျော်ရွှင်ရွှင်ဖြင့် အထက်နယ်မြေဆီသို့ တက်ရန်ပြင်ဆင်နေသည့်အချိန်မှာပဲ အစီအရင်ကြီးသည် ရုတ်တရက် ပိတ်ဆို့သွားခဲ့၏။
တစ်စုံတစ်ခုသော အကြောင်းအရင်းကြောင့် တည်နေရာလှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ပြီးသည့်နောက်မှာတော့ ကြယ်ကောင်းကင်ခံတပ်သည် ထိုအချင်းအရာကို သိရှိသွားခဲ့ကြသည်။
လင်းရောင်တစ်ယောက် အစီအရင်ကြီးအား တစ်စုံတစ်ခု လုပ်ထားသလားဆိုသည့် သိချင်စိတ်ကြောင့် သူတို့ ကြည့်ရှုနေတုန်းမှာပဲ ကင်းသမား ဆယ့်နှစ်ယောက်တို့သည် ရွက်သင်္ဘောများဖြင့် ရောက်ရှိလာခဲ့ပြီးသည့်နောက် ၎င်းတို့အား ဖမ်းဆီးသွားခဲ့တော့၏။
ဤသိုင်းအင်ပါယာကိုးယောက်တို့အား ကျွင်းချောင်ရှောင်းသည် အမှန်ပင် ကိုယ်ချင်းစာနာမိသွားသည်။
ကောင်းကင်နှင့်မြေကြီးဖန်တီးခြင်း အစီအရင်ကို ဖွင့်လှစ်နိုင်ရန်အတွက် ၎င်းတို့အားလုံးသည် အတူတကွ အလုပ် လုပ်ခဲ့ကြ၏။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် နောက်ဆုံးတွင် လင်းရောင်၏ ထားရစ်ခြင်းကို ခံခဲ့ရပြီးသည့်နောက် မှာတော့ ကြယ်ကောင်းကင်ခံတပ်ထဲ၌ပင် ဘဝတစ်သက်လုံး ဖမ်းဆီးခြင်းကို ခံခဲ့ရ၏။
ရန်ဖေးယုသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ဒီအမျိုးသမီးက အားလုံးကို ခေါ်ပြီးတော့ အထက်နယ်မြေကိုသွားဖို့ စီစဉ်ခဲ့တာ မဟုတ်ဘူး။ သူအပေါ်ကို တက်နိုင်ဖို့အတွက် ကျုပ်တို့ကို လှေကားထစ် အဖြစ် အသုံးပြုခဲ့တာပဲ”
“ဒါကဖြစ်နိုင်တယ်”
ကျွင်းချောင်ရှောင်းက သဘောတူညီလိုက်၏။ သိုင်းအင်ပါယာဆယ်ယောက်ထဲမှ ညအင်ပါယာ သည် နောက်ကျောကို ဓားနှင့်ထိုးကာ လှည့်စားခံရသည်ကို သိရှိပြီးသည့်နောက်မှာတော့ တခြားသောသူများကို လည်း ထိုကဲ့သို့ပင် လှည့်စားခဲ့ခြင်းဖြစ်ကြောင်းကို သူကောင်းကောင်း ခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်၏။ ဤဧကရီ လင်းရောင်သည် ကြင်နာတတ်သည့်လူသားတစ်ယောက် မဟုတ်တာ သေချာ၏။
“အံ့အားသင့်စရာပဲ”
ကျွင်းချောင်ရှောင်းသည် ချီးကျူးလိုက်မိ၏။ “သူမက ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ သိုင်းအင်ပါယာဆယ်ယောက်ကိုတောင်မှ လှည့်စားခဲ့တယ်။ ပြီးတော့ အထက်နယ်မြေဆီကို တက်လှမ်းနိုင်ခဲ့တယ်။ ဒီအမျိုးသမီးက လုံးဝကို ရိုးရှင်းတဲ့လူတစ်ယောက် မဟုတ်ဘူး”
အနာဂတ်မှာ တွေ့မယ်ဆိုရင် ကျိန်းသေပေါက် ဂရုစိုက်မှ ဖြစ်ပေလိမ့်မည်။
အမှန်ပင်ဖြစ်သည်။ သူရရှိခဲ့သည့် သတင်းအချက်အလက်သည် အမှန်ပင် မြင့်မားလွန်းလှ၏။ ပထမဦးဆုံး လင်းရောင်သည် ညအင်ပါယာအား လှည့်စားခဲ့သည်သာမက သိုင်းအင်ပါယာကိုးယောက်ကိုပါ ဆက်လက်ကာ လှည့်စားခဲ့သေး၏။ ဤအမျိုးသမီးသည် ကျိန်းသေပေါက် အစီအရင်ချမှတ်ရာတွင် တော်သည့်အပြင် ဆိုးယုတ်လှသည့် လူတစ်ယောက်လည်း ဖြစ်ပေလိမ့်မည်။
စနစ်သည် ချက်ချင်းပဲ စောဒက တက်လိုက်၏။ “မသိရင် လက်ခံသူက ချက်ချင်းပဲ အထက်နယ်မြေဆီကို ရောက်ရှိတော့မလိုလိုနဲ့။ စိုးရိမ်ပူပန်နေလိုက်တာ”
ကျွင်းချောင်ရှောင်းသည် သူတောင်းစားစနစ်အား လျစ်လျှူရှုပြီးသည့်နောက် မေးလိုက်သည်။ “ကောင်းကင်နဲ့ မြေကြီး ဖန်တီးခြင်းအစီအရင်ကို ဘယ်လို တည်ထောင်ရလဲဆိုတာကို မှတ်မိသေးလား”
သူသည် ဤအရာကို အမှန်ပင် သိချင်နေမိ၏။ သူ့တွင် အစီအစဉ်လည်း ရှိလို့နေသည်။ သူသည်သာ တစ်နေ့တွင် အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်သည်ဆိုပါက ရူးကြောင်ကြောင်နှင့် ကံတရားကို အားကိုး၍ တက်လှမ်းမည့်အစား ကောင်းကင်က ငြင်းပယ်မရသည့် အစီအရင်ကို အသုံးပြုကာ တက်လှမ်းပေလိမ့်မည်။ အဘယ်ကြောင့် မသေချာသည့်အရာကို အားကိုးကာဖြင့် အပေါ်သို့ တက်လှမ်းရမည်နည်း။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေဆီသို့ တက်လှမ်းရန်အတွက် လောလောဆယ် စိတ်ဝင်စားမှုတော့ မရှိချေ။ သူ၏ အဓိက ရည်ရွယ်ချက်သည် အထူးတာဝန်ကို ပြည့်စုံပြီးသည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ချိန်ကိုက်ဗုံးကို ဖျက်ဆီးရန်ပင် ဖြစ်တော့၏။ ပြီးသည့်နောက်မှာတော့ သူသည် သူ၏ချစ်သူနှင့်အတူ တောင်များ၊ ချောင်းများကို လှည့်လည်ကာဖြင့် တည်နေရာတစ်ခုလုံးကို အပူအပင်ကင်းစွာဖြင့် လျှောက်သွားမည်ဟု စဉ်းစားထားခဲ့တော့သည်။
“ချစ်သူ ဟုတ်လား”
စနစ်သည် ရိသဲ့သဲ့နှင့် ပြောလိုက်၏။ “အိမ်မက် မက်နေတာပဲ ဖြစ်လိမ့်မယ်”
“ထိုက်ရွှမ်ကျမ်းကို ဧကရီလင်းရောင်က ရရှိသွားတယ်။ ဒီတော့ ကျုပ်တို့အနေနဲ့ သူ့ကို ကူညီဖို့အတွက်ပဲ လုပ်ခဲ့ပေးတာ။ ကောင်းကင်နဲ့မြေကြီး ဖန်တီးခြင်းအစီအရင်ကို ကျုပ်တို့ဘာသာ ကျုပ်တို့ မဖန်တီးနိုင်ဘူး” ရမ်ရှင်းရွဲ့က ပြောလိုက်သည်။
“...........”
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်မိ၏။ “ဒါကတော့ ပြဿနာပဲ”
အစီအရင် ဖန်တီးမှုပုံစံသာ မရှိပါက သူ့အနေနှင့် သူလုပ်ချင်တာများကို လုပ်နိုင်စွမ်း မရှိတော့ချေ။
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းသည် သူ၏ နဖူးကို ပိတ်ရိုက်ကာ ပြောလိုက်မိ၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ထိုက်ရွှမ်အအေးကျမ်းစာ ရှိသေးတယ် မဟုတ်လား။ ဒါက ထိုက်ရွှမ်အဘိုးအို ဖန်တီးခဲ့တဲ့အရာပဲလေ။ ဒီအထဲမှာလည်း အစီအရင်ဖန်တီးခြင်းတွေ ရေးမှတ်ထားနိုင်တယ်”
ရန်ဖေးယုက ပြောလိုက်သည်။ “ကျုပ်တို့ သိသလောက်ဆိုရင် ထိုက်ရွှမ်အအေးဂိုဏ်းက ရရှိခဲ့တဲ့ ထိုက်ရွှမ် အအေး နည်းစနစ်က မပြည့်စုံတဲ့ အရာတစ်ခုပဲလေ။ အစီအရင်ကို မှတ်သားထားတယ်ဆိုရင်တောင်မှ တစ်ပိုင်းတစ်စပဲ ဖြစ်လိမ့်မယ်”
“ရပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီအရာက တစ်ဝက်တစ်ပျက်ပဲ ရှိတယ်ဆိုရင်တောင်မှ အလုံးစုံ ရှာဖွေတွေ့ရှိဖို့ ကျုပ်ကြိုးစားရမယ်”
ရမ်ရှင်းရွဲ့နှင့် ရန်ဖေးယုတို့သည် နှလုံးသားထဲတွင် နာကျင်သည့်အမူအရာများ ဖြစ်တည်လာခဲ့ကြတော့၏။ “ဒီကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်း အစီအရင်ကို ဖန်တီးပြီး အထက်နယ်မြေဆီ တက်လှမ်းနိုင်မယ်ဆိုရင် တောင်မှ ကြယ်ကောင်းကင်ခံတပ်က ခွင့်ပြုမှာ မဟုတ်ဘူး။ သူတို့သာ သိရှိသွားမယ်ဆိုရင် ….”
“ကြယ်ကောင်းကင်ခံတပ်ဆိုတာ ဘာမှမဟုတ်ဘူး” ကျွင်းချောင်ရှောင်းသည် ဖြတ်ကာ ပြောလိုက်သည်။
“.........” သိုင်းအင်ပါယာနှစ်ယောက်၏ မျက်နှာပေါ်တွင် စိတ်ဝင်စားသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့၏။