အခန်း (၁၂၅၆)
Vol. 85 Ch. 1256
ကျွင်းချောင်ရှောင်းသည် ကြီးမားလွန်းသော ရှမ့်ဟူသည့်စာလုံးကြီးကို မြင်ရသည့်အချိန်မှာတော့ ဤလူသည် ရှမ့်အင်ပါယာ၏ ဘိုးဘေးကြီးဖြစ်မှန်း ကျိန်းသေပေါက် သိရှိသွား၏။
ရှမ့်အင်ပါယာ၏ သွေးမျိုးဆက် ဘိုးဘေးတစ်ယောက်သည် အကျဉ်းထောင်ထဲတွင် အကျဉ်းသား တစ်ယောက်အဖြစ် တည်ရှိနေသည်ဖြစ်ကြောင်းကို သူသိရှိပြီး ဖြစ်၏။ ထို့ကြောင့် ရန်သူသည် သူ့အား တိုက်ခိုက်တော့မည့် အချိန်မှာတော့ ရှမ့်ယုဟန် ပေးထားသော ကျောက်စိမ်းပြားအား အသာထုတ်ကာ ပေးခဲ့ခြင်း ပင်ဖြစ်သည်။
ထင်မှတ်ထားသည့်အတိုင်းပင် သတ္တမအလွှာတွင် ရှိနေသော အဓိကပြဿနာကောင်သည် ရှမ့်အင်ပါယာ၏ တည်ထောင်သူ ဘိုးဘေးကြီးပင် ဖြစ်လို့နေခဲ့၏။ ၎င်း၏ မြေးမြစ်သည် အမှောင်နတ်ဆိုးဘုရင်အား သတ်ဖြတ်နိုင်ရန်အတွက် ပိုက်ဆံများစွာ အသုံးပြု၍ ၎င်းအား အကျဉ်းထောင်ထဲမှ ခဏတာ ထုတ်ခွင့်ရရန် ကြိုးစားစီစဉ်ခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် အလွန်တရာ အားကောင်းသောကြောင့်ပင်ဖြစ်၏။
တည်နေရာချိုးဖြတ်ခြင်းအနိမ့်ဆုံးအဆင့်၏ အထက်ပိုင်းတွင် တည်ရှိနေသည့်လူတစ်ယောက်အား တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်နှင့် နှိုင်းယှဉ်၍ ရနေသည့် မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်အား သတ်ဖြတ်ပစ်ရန် ခိုင်းစေခြင်းဆိုသည်မှာ အနည်းငယ်တော့ ယုတ္တိမတန်လှချေ။
သို့ပေမဲ့ ရှမ့်ယုဟန်သည် ရွေးချယ်စရာမရှိတော့သောကြောင့် အလောင်းအစား ပြုလုပ်ခဲ့ခြင်းသာ ဖြစ်တော့သည်။ ဤအလောင်းအစား ပြုလုပ်ရာတွင် ပိုက်ဆံများကို ပေးရပေလိမ့်မည်။
သက်တော်စောင့်များ၏ ကာကွယ်ပေးမှုအောက်မှတဆင့် သူသည် ထျန်းယွမ်ကုန်းမြေတိုက်ကြီး၏ အန္တရာယ်များ ကြားမှ လွတ်မြောက်ခဲ့ရ၏။ သူ၏ ဘိုးဘေးကို ပြန်လည်ရွေးယူရန် အခွင့်အရေး မရခဲ့သော်လည်း သူ၏ ဘဝအား အကြီးမားဆုံးသော အကျိုးပြုသူတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့၏။ ထိုသူ၏ နာမည်သည် ကုန်းရှန့်ပင် ဖြစ်တော့၏။
“ဂိုဏ်းချုပ်ကျွင်း”
ရှမ့်အင်ပါယာ၏ ဘိုးဘေးသည် ကျေးဇူးတင်စွာဖြင့် ပြောလိုက်မိ၏။ “ကျုပ်တို့ ကုန်းမြေတိုက် ကြီးမှာရှိနေတဲ့ အန္တရာယ်ကောင်ကြီးကို ရှင်းပေးနိုင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားကြောင့် ကျုပ်တို့ အားလုံးက ဒုက္ခကနေပြီးတော့ ကင်းလွတ်ခဲ့ရတာ”
ရှမ့်ယုဟန်ပေးခဲ့သော ကျောက်စိမ်းပြားထဲတွင် သတင်း အချက်အလက်များ ပါဝင်ပြီးဖြစ်သောကြောင့် အမှောင်နတ်ဆိုးဘုရင်အား ကျွင်းချောင်ရှောင်း တစ်ယောက် အနိုင်ယူခဲ့သည်ဖြစ်ကြောင်းကို သူသိရှိပြီး ဖြစ်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ရှမ့်ယုဟန်က ကျုပ်ရဲ့တပည့်ပဲလေ။ ဒီတော့ သူ့ကို ကူညီတယ်ဆိုတာက အဓိပ္ပာယ်ရှိပါတယ်”
ဤစကားလုံးသည် စနစ်အား လှောင်ပြောင်ချင်စိတ်ပင် ဖြစ်ပေါ်စေခဲ့၏။ ဟုတ်ပေသည်။ အမှောင်နတ်ဆိုးဘုရင်ကို သတ်ဖြတ်ရန်အတွက် လက်ခံသူသည် ပိုက်ဆံတောင်းရမ်းခဲ့ခြင်း မရှိပေ။ သို့ပေမဲ့ တစ်ဖက်လူမှ ဂိုဏ်းထဲသို့ ဝင်ခွင့် ရရန်အတွက် အဆင့်ကိုးစိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းကိုပင် တောင်းဆိုခဲ့သေး၏။ အဘယ်ကြောင့် ဤကဲ့သို့ ပြောဆိုရဲသည့် အရှက်တရား ရှိနေရသနည်း။
“ဂိုဏ်းချုပ်ကျွင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် အားကောင်းတဲ့ အခြေအနေတစ်ခုမှာ ရှိနေတယ်လေ။ ကျုပ်ရဲ့ အသုံးမဝင်တဲ့ မြေးမြစ်က ခင်ဗျားရဲ့ တပည့်ဖြစ်လာတာ ကံကောင်းလို့ပဲ” ရှမ့်အင်ပါယာ၏ ဘိုးဘေးက ပြောလိုက်သည်။ ဤအရာသည် ယဉ်ကျေးစွာ ပြောဆိုသည့်စကား မဟုတ်ပေ။ စောနတုန်းက ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲကို သုံးသပ်ပြီးနောက် သူသည် ထိုအရာကို နားလည်ခဲ့ခြင်းပင်ဖြစ်၏။
“စီနီယာ”
ကျွင်းချောင်ရှောင်းသည် လေးနက်စွာ ပြောလိုက်သည်။ “ကျုပ် ဒီထဲကို လာတာက ခင်ဗျားကို လာကယ်တာပါ”
ရှမ့်အင်ပါယာ၏ ဘိုးဘေးသည် ကြောင်အသွားမိ၏။ ပြီးသည့်နောက်မှာတော့ လေးလေးနက်နက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ငရဲကြီးကိုးထပ်က သေမျိုးစကြဝဠာထဲမှာ အားအကောင်းဆုံးသော အကာအကွယ်စနစ် တည်ရှိတယ်။ အထဲကို ဝင်ခွင့်ပဲရှိတယ်။ ထွက်ခွင့်မရှိဘူး”
သူ့အနေနှင့် ဤနေရာတွင် နှစ်ပေါင်များစွာကြာအောင် ချုပ်နှောင်ခံထားရခြင်းဖြစ်၏။ ထို့ကြောင့် ခံတပ်၏ အကာအကွယ်စနစ်အား ကောင်းကောင်း နားလည်လို့ နေခဲ့သည်။ လုံလောက်သည့် ပိုက်ဆံကို အသုံးပြု၍ ရွေးချယ်ခြင်း မပြုပါက ခဏတာ အပြင်ထွက်ခွင့်ပင် ရရှိနိုင်လိမ့်မည် မဟုတ်ချေ။ ထွက်ပြေးလွတ်မြောက်သွားစေနိုင်ဖို့ အခြေအနေသည် သုညရာခိုင်နှုန်းပင် ဖြစ်သည်။
“ကျုပ်ကို ယုံပါ”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ် လုပ်နိုင်တယ်”
“ဒါက”
ရှမ့်အင်ပါယာ၏ ဘိုးဘေးသည် ခဏလောက် တိတ်ဆိတ်ပြီးသည့်နောက် အသံပို့လွှတ်လိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက ကျုပ်ကို ဘာလုပ်စေချင်တာလဲ”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “ကျုပ်က ဒီမှာရှိနေတဲ့ အကျဉ်းသားတွေ အကုန်လုံးကို စုစည်းစေချင်တယ်။ ပြီးတော့ ကျုပ်က ငရဲကြီးကိုးထပ်မှာ ရှိနေတဲ့ အဓိကပြဿနာကောင်တွေ အကုန်လုံးကို အညံ့ခံအောင် ပြုလုပ်ချင်တယ်။ အချိန်ရောက်လာပြီဆိုရင် စီနီယာရှမ့်က ကျုပ်နဲ့အတူ ပူးပေါင်းမယ်လို့ မျှော်လင့်တယ်”
သူ့အနေနှင့် သိုင်းအင်ပါယာ ကိုးယောက်တို့ကို ကယ်တင်ချင်သည်သာမကဘဲ ဤအကျဉ်းထောင်ကြီး တစ်ခုလုံးကို ဖျက်ဆီးချင်သည့် အကြံအစည်လည်း ရှိလို့နေခဲ့၏။ ဤနေရာသို့ ရောက်ရှိနေသည်ဆိုမှတော့ ကြီးကျယ်သော အရာများကို ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။
ထို့အပြင် ကြယ်ကောင်းကင်ခံတပ်သည် အဘယ်ကြောင့် သေမျိုးစကြဝဠာထဲတွင် ရှိနေသည့် သက်ရှိများကို သွန်လိုသွန်၊ မှောက်လိုမှောက်၊ လုပ်ချင်တိုင်းလုပ်ခွင့် ရရှိနေသနည်း။
“ဂိုဏ်းချုပ်ကျွင်း”
ရှမ့်အင်ပါယာ၏ ဘိုးဘေးသည် သူ၏အတွေးကို နားလည်သွားပုံပေါ်၏။ ထို့ကြောင့် ခပ်မြန်မြန်ပဲ ပြောလိုက်သည်။ “ငရဲကြီးကိုးထပ်မှာရှိတဲ့ အကာအကွယ်စနစ်က အရမ်းကို အားကောင်းလွန်းတယ်။ ဒီမှာရှိနေတဲ့ အကျဉ်းသားတွေ အကုန်လုံး စုပေါင်းပြီး အတူတကွ အလုပ်လုပ်မယ်ဆိုရင်တောင် ချိုးဖြတ်နိုင်ဖို့ ဆိုတာ မလွယ်ဘူး”
သူ့အနေနှင့် တက်ကြွလျက်ရှိနေသည့် တစ်ဖက်လူ၏ စိတ်ပိုင်းဆိုင်ရာအား ထိခိုက်စေရန် မရည်ရွယ်ပေ။ အဓိက အကြောင်းအရာအားဖြင့် သူသည် ခံတပ်ကို ကောင်းကောင်း နားလည်လျက် ရှိနေ၏။ ထို့အပြင် အကျဉ်းသား တစ်ယောက်သည် ဤနေရာမှ ထွက်ပြေးရန် ကြိုးစားခဲ့သည်ကို သိရှိသည်ဆိုပါက ကြီးမားသည့် ရာဇဝတ်ဘေးကို ထပ်မံကာသင့်ပေလိမ့်မည်။
“ဒါကို ခင်ဗျားစိတ်ပူစရာမလိုဘူး စီနီယာရှမ့်”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ဒီ သတ္တမအလွှာမှာရှိနေတဲ့ အကျဉ်းသားတွေ အားလုံးကို စုစည်းထားဖို့ပဲ တာဝန်ယူလိုက်။ ကျန်တာအားလုံးကို ကျုပ်တာဝန်ယူလိုက်မယ်”
“.........”
ရှမ့်အင်ပါယာ၏ ဘိုးဘေးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့၏။ အကျဉ်းထောင်မှ ထွက်ပြေးရသည့်လုပ်ရပ် သည် အလွန်ပင်ကြီးကျယ်ခမ်းနားလွန်းလှ၏။ သေသေချာချာ သုံးသပ်စဉ်းစားခြင်း မပြုဘဲ ဆုံးဖြတ်ဖို့ဆိုသည်မှာ ခက်ခဲလွန်းသည်။
“စီနီယာရှမ့်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်တို့လို ကျင့်ကြံသူတွေအတွက် အသက်ရှင် နေထိုင်မှုကို ကောင်းကင်ကတောင် ဆုံးဖြတ်ပေးထားတာ မဟုတ်ဘူး။ ကြယ်ကောင်းကင်ခံတပ်က ဘယ်လို အခွင့်အရေးမျိုးရှိလို့ ကျုပ်တို့ကို ဆုံးဖြတ်ခွင့် ရနေရတာလဲ။ ကျုပ်တို့ကို အကျဉ်းချထားနိုင်ဖို့ သူတို့မှာ ဘယ်လို အခွင့်အရေးမျိုးနဲ့ ဘယ်လို အာဏာမျိုး တည်ရှိနေတာလဲ”
ရှမ့်အင်ပါယာ၏ဘိုးဘေးသည် ဤအချက်အလက်ကို ဘယ်နားမလည်ဘဲ နေလိမ့်မည်နည်း။ သို့ပေမဲ့ သိုင်းပညာရှင် များသည်သာ လေးစားမှုကို ခံယူရသည့် ဤလောကကြီးတွင် အဆုံးစွန်သော စွမ်းအင်ကို ပိုင်ဆိုင်မှုသည် အားလုံး၏ ဘုရင်ပင်ဖြစ်ပြီး ထိုအမှန်တရားသည် အလွန်ပင် ရက်စက်လွန်းလှ၏။
“ကျုပ်ရဲ့အသက်၊ ကျုပ်ရဲ့ဘဝက ကျုပ်လက်ထဲမှာပဲ ရှိတယ်။ ကောင်းကင်ရဲ့လက်ထဲမှာ ရှိတာ မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်ပြီးသည့်နောက်မှာတော့ ဒေါသတကြီး ပြောလိုက်သည်။ “ကျုပ် သဘောကျခြင်း၊ မကျခြင်း၊ ကျုပ် ပြုလုပ်ခြင်း၊ မပြုလုပ်ခြင်း အရာအားလုံးက ကျုပ်အပေါ်မှာပဲ မူတည်တယ်။ သူတို့အပေါ်မှာ မမူတည်ဘူး”
ဝှစ် ဝှစ်
၎င်း၏ သံမဏိကဲ့သို့ အညံ့မခံ၊ အရှုံးမပေးသည့် စိတ်ဓာတ်အော်ရာများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့လျက် ရှိ၏။
ရှမ့်အင်ပါယာ၏ ဘိုးဘေးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ သူသည် ဆွံ့အလို့လည်းနေသည်။ ယေဘူယျ အားဖြင့် ကျွင်းချောင်ရှောင်းအား ကြည့်ရှုရင်း ငယ်ရွယ်စဉ်က သူ၏ပုံရိပ်ကို ပြန်လည်မြင်ယောင်လာမိသည်။
သေးငယ်သည့် နယ်စပ်ရှိ မြို့လေးတစ်မြို့ဆီမှ ထွက်ခွာလာခဲ့ပြီးသည့်နောက်မှာတော့ သူသည် ကိုယ်ပိုင်အားအင်ကို အမှီအခိုပြုကာဖြင့် သူ၏ ညီအစ်ကို ရောင်းရင်းများနှင့်အတူ ကြီးမားလှသည့် ကပ်ဘေးကြီးကို ရင်ဆိုင်ခဲ့ရ၏။ ပြီးသည့်နောက်မှာတော့ ရှမ့်အင်ပါယာကြီး တစ်ခုလုံးကို ဖန်တီး တည်ဆောက်နိုင်ခဲ့၏။
အတိတ်မှ ဖြစ်ခဲ့သော မှတ်ဉာဏ်များ အားလုံးသည် သူ၏ စိတ်ထဲတွင် ထပ်တလဲလဲ ပေါ်ပေါက်လာခဲ့၏။ ရှမ့်အင်ပါယာဘိုးဘေးကြီး၏ ခန္ဓာကိုယ်ထဲရှိ သွေးများသည် ဆူဝေလာခဲ့တော့၏။ အဘယ်ကြောင့်ဆိုသော် “ကျုပ်ရဲ့ဘဝက ကျုပ်လက်ထဲမှာ ရှိတယ်။ ကောင်းကင်ရဲ့လက်ထဲမှာ မရှိ” ဆိုသည့် စကားလုံးကို ကြားလိုက်ရသောကြောင့်ဖြစ်သည်။
သူ့ရှေ့မှာရှိနေသော လူငယ်လေးသည် ပေါ့သေးသေးတော့ မဟုတ်ပေ။ ထို့အတူ သူသည်လည်း ပေါ့သေးသေး တစ်ယောက် မဟုတ်ချေ။ သူသည်သာ ပေါ့သေးသေး ဖြစ်နေမည်ဆိုလျှင် ရှမ့်အင်ပါယာကြီး တစ်ခုလုံးကို အဘယ်သို့ ဖန်တီးတည်ထောင်နိုင်ခဲ့မည်နည်း။
သို့ပေမဲ့ သူသည် ဤငရဲကြီးကိုးထပ်၏ အကျဉ်းထောင်ထဲတွင် ဖမ်းဆီးချုပ်နှောင်ခံထားရပြီးသည့်နောက် စိတ်ပိုင်းဆိုင်ရာများသည် ညှိုးလျော့ကျခဲ့ရ၏။
သို့ပေမဲ့ ယနေ့ ကျွင်းချောင်ရှောင်းသည် သူ၏ ညှိုးလျော့ကျလျက်ရှိသည့် စိတ်ဓာတ်များအားလုံးကို ပြန်လည် နိုးထ စေခဲ့တော့၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် စည်းခတ်ထားသည့် ငြိမ်သက်နေသည့်အတွေးများသည် လက်ရှိ အခြေအနေမှာတော့ ဆူဝေလာခဲ့ပြီဖြစ်၏။ ရှမ့်အင်ပါယာ၏ ဘိုးဘေးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူသည် ငယ်ရွယ်သည့် လူတစ်ယောက်ကဲ့သို့ ပြန်လည်ကာ ခံစားနေမိသည်။
“ဂိုဏ်းချုပ်ကျွင်း... တကယ်လို့ ခင်ဗျားအနေနဲ့ အဆင်ခြင်မဲ့ ပြုလုပ်တော့မယ်ဆိုရင် ဒီအဘိုးကြီးက ကျိန်းသေပေါက် ခင်ဗျားနဲ့အတူ လိုက်လုပ်မယ်”
သူသည် နေ့အလင်းရောင်ပင် ဝင်ခြင်းမရှိသည့် မဲမှောင်နေသည့် အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခြင်းကို ခံခဲ့ရ၏။ ဤအရာသည် လုံလောက်နေပြီ ဖြစ်၏။ ဤလူငယ်လေး သည် အမှောင်နတ်ဆိုးဘုရင်အား ဖမ်းဆီးသတ်ဖြတ်နိုင်ခဲ့ပြီ ဆိုကတည်းက ၎င်းနှင့်အတူ အသက်ကို အလောင်း အစားပြုလုပ်ရန် ရည်ရွယ်ချက် သူ့တွင် ရှိလို့လာခဲ့တော့၏။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် အသာမော့ကြည့်ပြီးနောက် ပြောလိုက်၏။ “ဒီငရဲခန်းကြီး တစ်ခုလုံးကို အဆင်ခြင်မဲ့ ပြုလုပ်ကြတာပေါ့”
စနစ် “......”
လက်ခံသူသည် စွန်းဝူခုန်း ဝတ်စုံကို ဝတ်ဆင်ပြီးသည့်နောက်မှာတော့ ယခင်ကထက်ပင် ပိုမိုကာ မောက်မာလာခဲ့၏။ ကောင်းကင်၏ဖင်ကို ထုတ်နှင့်သွားထိုးမည်လားဟုပင် စိုးရိမ်လာမိသည်။
.................
သတ္တမထပ်၏ အကျဉ်းထောင်ထဲတွင်တော့ လူသုံးယောက်တို့သည် ကြောင်တောင်တောင်နှင့် မတ်တပ်ရပ်လျက် ရှိနေကြ၏။ မှန်ပေသည်။ ဤလူသုံးယောက်တို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းအင်ပါယာသုံးယောက် တို့ပင် ဖြစ်သည်။
တစ်ယောက်သည် အင်ပါယာကျန်းဖြစ်ပြီး တစ်ယောက်သည် အင်ပါယာလွမ် ဖြစ်သည်။ နောက်တစ်ယောက်မှာတော့ အင်ပါယာရှန်း ပင်ဖြစ်တော့၏။
ဟင်း....
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူများသည် ယခုကဲ့သို့သော အခြေအနေသို့ ကျရောက်နေခဲ့၏။ ထိုအရာသည် ကျွင်းချောင်ရှောင်းအား သက်ပြင်းပင် ချမိစေသည်။
“စီနီယာရှမ့်”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “ကျုပ် အဋ္ဌမအလွှာကို သွားအုံးမယ်။ ဒီမှာရှိတဲ့လူတွေကို ဂရုစိုက်ပေးပါအုံး”
ရှမ့်အင်ပါယာ၏ ဘိုးဘေးသည် ခေါင်းညိတ်လိုက်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းတစ်ယောက် တည်နေရာ ရွေ့ပြောင်းခြင်း အစီအရင်ထဲသို့ မဝင်ခင်မှာပဲ သူက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း.... အဋ္ဌမထပ်မှာရှိနေတဲ့ အဓိကပြဿနာကောင်က အားလုံးထက်ပိုပြီး အားကောင်းတယ်။ သူက တည်နေရာချိုးဖျက်ခြင်း အလယ် အလတ်အဆင့်ကို ရောက်ရှိနေတာ။ သတိထားမှ ဖြစ်လိမ့်မယ်”
“အလယ်အလတ်အဆင့် ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် ပခုံးကို တွန့်ကာ ပြောလိုက်သည်။ “ကြည့်ရတာ ကျုပ် လေးလေးနက်နက် တိုက်ခိုက်မှ ဖြစ်မယ်”
ရွှီး
ပြီးနောက် သူသည် အစီအရင်ထဲသို့ ဝင်ကာ ပျောက်ကွယ်သွားခဲ့၏။
“ငါ့ရဲ့ကံတရားက ငါ့လက်ထဲမှာပဲ ရှိတယ်။ ကောင်းကင်ထဲမှာ မရှိဘူး”
ရှမ့်အင်ပါယာ၏ဘိုးဘေးသည် စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်မိ၏။ သူ၏ အိုမင်းရင့်ရော်နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်နေခဲ့၏။ “ဒီလိုမျိုး စိတ်မလှုပ်ရှားရတာတောင် အချိန်အတော်ကြာမြင့်ခဲ့ပြီပဲ”
.............
ထျန်းယွမ်ကုန်းမြေတိုက်
ကောင်းကင်ယံထက်တွင်တော့ ကြယ်ကောင်းကင်ခံတပ်၏ ရွက်သင်္ဘောတစ်စင်းသည် လှည့်လည်သွားလာလျက် ရှိနေ၏။ ထိုအပေါ်တွင် ရှိနေသော ကင်းသမားသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိ၏။ “အမှောင်နတ်ဆိုးဘုရင်က သေဆုံးသွားခဲ့ပြီပဲ”
သူ ဤတစ်ကြိမ်လာရသည့် ခရီးစဉ်၏ ရည်ရွယ်ချက်သည် လောကကြီးတစ်ခုလုံးကို ဒုက္ခပေးလျက်ရှိနေသည့် မိစ္ဆာစိတ်ဝိညာဉ်ကို သုတ်သင်ရှင်းလင်းရန် ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထိုအရာသည် သူ့အား အံ့အားသင့်မိစေသည်။
ဟူး
ထိုကင်းသမားသံတမန်သည် သင်္ဘော၏ပဲ့ဦးတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ဆန်းကြယ်လှသော အော်ရာများ ထွက်ပေါ်လာ၏။ ၎င်းသည် မြို့၏နံရံ တည်နေရာနားတွင် မတ်တပ်ရပ်လျက် ရှိနေသော သိုင်းကျင့်ကြံသူတစ်ယောက်အား ကြမ်းတမ်းလှသည့် နည်းစနစ်တစ်ခုကို အသုံးပြု၍ ၎င်း၏ သိစိတ်ထဲရှိ မှတ်ဉာဏ်များကို ထုတ်ယူ ကြည့်ရှုလိုက်၏။ ခဏအကြာမှာတော့ သူသည် မျက်မှောင်ကုတ်ကာ ပြောလိုက်မိ၏။ “ဒီကောင်ပါလား”
ထိုကင်းသမားသည် ကျွင်းချောင်ရှောင်းအား စစ်ဆေးခဲ့ဖူးသည့် ကင်းသမားပင် ဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူ၏ မှတ်ဉာဏ်ထဲတွင် ရှိနေသည့် ကျွင်းချောင်ရှောင်း၏ ပုံရိပ်ကို မြင်ရပြီးသည့်နောက် သူသည် တစ်ခါတည်း သိရှိလိုက်မိသည်။ “တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်မှာ ရှိနေတဲ့ အမှောင် နတ်ဆိုးဘုရင်ကို သုတ်သင်ရှင်းလင်းပစ်ဖို့ဆိုတာ ဒီကောင်လေးရဲ့ အားအင်အဆင့်က မသေးဘူးပဲ”
ကင်းသမား သည် အနည်းငယ် ဇဝေဇဝါ ဖြစ်လို့နေသည်။ “ဒါပေမဲ့ ဘာကြောင့် သူက ကြယ်ကောင်းကင်ခံတပ်ကို သွားရတာလဲ။ ထားပါတော့။ အရင်ဆုံး ဒီသတင်းကို ခံတပ်ကိုရောက်အောင် ပို့ရမယ်”
ကင်းသမားသည် ထျန်းယွမ် ကုန်းမြေတိုက်ကြီးဆီမှ ရွက်သင်္ဘောအား ပြန်လည်ကာ ထွက်ခွာလာခဲ့၏။ လမ်းတလျှောက်မှာတော့ အမှောင်နတ်ဆိုးဘုရင် ဖျက်ဆီးသုတ်သင်ခံရသည့် သတင်းကို ထူးခြားသည့်နည်းစနစ် အသုံးပြု၍ ပေးပို့တော့သည်။ ထို့အပြင် ကျွင်းချောင်ရှောင်း၏ ပုံတူကိုပါ တစ်ခါတည်း ပေးပို့လိုက်၏။