အခန်း (၁၂၅၇)
Vol. 85 Ch. 1257
ကြယ်ကောင်းကင်ခံတပ် ….။
ငရဲကြီးကိုးထပ်၏ အောက်ဆုံးထပ်မှာတော့ ကင်းဟောခန်းဟူသော အခန်းကြီးတစ်ခုရှိနေ၏။ ထိုအထဲတွင်တော့ အကြီးအကဲ ၁၂ ယောက်တို့ နားခိုရာ ထိုင်ခုံ ၁၂ လုံး တည်ရှိနေခဲ့၏။
ထိုထိုင်ခုံပေါ်တွင် ကျိ၊ ချောင်၊ ရင်၊ မြောင် စသည်ဖြင့် ရေးထိုးထားသည်။ မှန်ပေသည်။ ဤအရာသည် ကြယ်ကောင်းကင်ခံတပ်ဆီမှ ကင်းသမား ၁၂ ယောက်တို့၏ စုဝေးတည်ရှိရာနေရာပင် ဖြစ်တော့သည်။
ခံတပ်သခင်သည် ဤကင်းသမား ၁၂ ယောက်အား အကျဉ်းသားများဖမ်းဆီးရန် တာဝန်ပေးထားသည်သာမက ဤငရဲကြီးကိုးထပ်အား စီမံခန့်ခွဲရန်အတွက်လည်း တာဝန်ပေးထားသေး၏။
ဟောခန်းထဲတွင်တော့ များပြားလှသည့် ပုံရိပ်ယောင်အစီအရင်များ တည်ရှိနေပြီး အကျဉ်းထောင်ထဲတွင် ဖြစ်နေသည့် အကြောင်းအရာများအားလုံးကို တိုက်ရိုက်ကြည့်ရှုနိုင်စွမ်းရှိသည်။
လက်ရှိအခြေအနေမှာတော့ အလွန်တရာအားကောင်းလှသည့် အော်ရာများထွက်ပေါ်လျက်ရှိနေသည့် များပြားလှသည့် စွမ်းအားမြင့်ကျင့်ကြံသူများသည် ၎င်းတို့၏ ဆိုင်ရာထိုင်ခုံပေါ်တွင် ခြေချိတ်ကာ ထိုင်လျက် ရှိနေကြ၏။ ၎င်းတို့မျက်လုံးများသည် အရှေ့တွင်ရှိနေသော ပုံရိပ်ယောင်မြင်ကွင်းများကို ကြည့်ရှုနေကြ၏။ သူတို့ မည်သည့်အရာ ကိုကြည့်ရှုနေသနည်း။
ပထမထပ်တွင်ရှိနေသော မြင်ကွင်းပင် ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် ထိုအထပ်ဆီသို့ ဝင်ရောက်သွားခဲ့၏။ ကုန်းရှန့်တစ်ယောက် ဒုတိယအထပ်ဆီမှသည် တတိယအထပ်ဆီသို့ ချိုးဖြတ်ဝင်ရောက်ပြီးကတည်းက ၎င်းတို့သည် ထိုအရာကို အာရုံစိုက်သတိပြုမိခဲ့ခြင်းပင် ဖြစ်၏။
သို့ပေမဲ့ ကင်းသမားများသည် ၎င်းအားတားဆီးရန် ရည်ရွယ်ချက်မရှိချေ။ အဘယ့်ကြောင့်ဆိုသော် ဤကဲ့သို့ သွားလာခွင့်ရရန်အတွက် တည်နေရာရွေ့ပြောင်းခြင်း အစီအရင်များကို ဖန်တီးထားခြင်းပင် ဖြစ်၏။ ထိုအရာသည် ခံတပ်ဆီမှ ခွင့်ပြုထားသည့်အရာပင် ဖြစ်သည်။
သို့ပေမဲ့ ဤခေါင်းတုံးကဲ့သို့သောလူသည် ပထမအထပ်ဆီမှသည် အဋ္ဌမအထပ်ဆီသို့ ရောက်ရှိလာလိမ့်မည် ဟု သူတို့မထင်မှတ်ခဲ့ချေ။ အလွန်အားကောင်းလွန်းလှချေ၏။
အထူးသဖြင့် ချင်းလင်းရန် နှင့် တိုက်ခိုက်ခဲ့စဉ်က ထွက်ပေါ်လာသော တစ်ဖက်လူ၏ အသံဆိုးအသံကြောင်သည် ပုံရိပ်ယောင်အစီအရင်ထဲမှာ ကြည့်နေသည်ဆိုလျှင်တောင်မှ တစ်ခါတည်း ၎င်းတို့၏စိတ်နှလုံးကို ပေါက်ကွဲလု မတတ် ဖြစ်စေခဲ့သည်။
ပုံရိပ်ယောင်မြင်ကွင်းအား အချိန်မီ ပိတ်လိုက်ခြင်းကြောင့်သာ ကံကောင်းရ၏။ မဟုတ်ပါက ချက်ချင်းပင် သတိလစ် မေ့မျောသွားနိုင်၏။
“ခေါင်းဆောင်”
ရင်ဟု ခေါ်သော ကင်းသမားတစ်ယောက်က ပြောလိုက်သည်။ “ဒီကိစ္စကို သခင်ကြီးဆီ သတင်းပေးပို့ရမှာလား။”
ငရဲကြီးကိုးထပ်တွင် လူများချိုးဖြတ်သွားလာခွင့်ကို ခွင့်ပြုပေးထားခဲ့၏။ သို့ပေမဲ့ ပထမအလွှာဆီမှသည် အဋ္ဌမအလွှာ ဆီသို့ ရောက်ရှိလာခြင်းဆိုသည်မှာ အံ့အားသင့်စရာ ကောင်းလွန်းနေ၏။
အရှေ့ဆုံးတွင် ထိုင်လျက်ရှိနေသော မျက်နှာစွေစောင်းစောင်းနှင့်လူသည် လက်ကို အသာပိုက်ပြီးသည့်နောက် ပြောလိုက်၏။ “သခင်ကြီးက အခု အားပြန်မွေးနေတယ်။ ဒီတော့ သူ့ကို သွားပြီးတော့ နှောက်ယှက်လို့မဖြစ်ဘူး။”
ထိုသူ၏ နာမည်သည် ကျိ ဟု ခေါ်သည်။ ထိုသူသည် ကင်းသမား ၁၂ ယောက်တို့၏ ခေါင်းဆောင်လည်းဖြစ်သည်။
…
ကင်းသမားရင်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။
သခင်သည် ကြယ်ကောင်းကင်ခံတပ်ဆီမှ တစ်ခါမှ အပြင်သို့ မထွက်ခဲ့ချေ။ အဘယ့်ကြောင့် ဒဏ်ရာရရှိသနည်း။ အချိန်ဤမျှကြာအောင် အားမွေးနေရသည်ဆိုသောကြောင့် ဒဏ်ရာသည် ပေါ့သေးသေးမဟုတ်နိုင်ချေ။
“ခေါင်းဆောင်” ရုပ်ဆိုးဆိုးနှင့်ကင်းသမားတစ်ယောက်က ပြောလိုက်သည်။
“သခင်ကြီးကို ဘယ်သူက ဒဏ်ရာရအောင် လုပ်လိုက်တာလဲ။” ကင်းသမားရင်နှင့် တစ်ခြားသောသူများသည်လည်း ဤမေးခွန်းကို မေးချင်နေကြ၏။
ကျိသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။
“မသိဘူး။ ဒါပေမဲ့ သခင်ကြီးကိုတောင်မှ ဒဏ်ရာရအောင် ပြုလုပ်နိုင်တယ်ဆိုတော့ ငါတို့အားလုံးထက် ပိုပြီး အားကောင်းမှာသေချာတယ်။”
“……”
အားလုံးသောသူများသည် အံ့အားသင့်သွားခဲ့ကြ၏။ သခင်ကြီးကို ဒဏ်ရာရရှိအောင် ပြုလုပ်နိုင်သည့်လူသည် သူတို့ ထက်ပိုမို၍ အားကောင်းသည်ဆိုသည်မှာ သေချာပေ၏။ ထိုသူသည် တည်နေရာချိုးဖြတ်ခြင်း အထက်အဆင့်သို့ ရောက်ရှိနေသည့် လူတစ်ယောက်ပင် ဖြစ်ကောင်းဖြစ်နေနိုင်၏။
အဘယ့်ကြောင့် ဤကဲ့သို့သော အားကောင်းလှသည့် စွမ်းအားမြင့်ကျင့်ကြံသူသည် အထက်နယ်မြေဆီသို့ မတက်လှမ်းဘဲနှင့် သေမျိုးလောကထဲတွင် လှည့်လည်သွားလာနေရသနည်း။ ဂုဏ်သိက္ခာနှင့် ချမ်းသာမှုကို လိုချင်စိတ်မရှိသည့် လူတစ်ယောက်ဖြစ်နေသေးသည်လား။
“ခေါင်းဆောင်”
ထိုအချိန်မှာပဲ ကင်းသမားတစ်ယောက်သည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်၏။ “နံပါတ် ၇ က သတင်းစကား ပေးပို့လိုက်တယ်။ အမှောင်နတ်ဆိုးဘုရင်က သေဆုံးသွားခဲ့ပြီတဲ့။”
ရုပ်ဆိုးဆိုးနှင့်ကင်းသမားနှင့် တစ်ခြားသောသူများအားလုံးသည် အံ့အားသင့်သွားကြသည်။
ကင်းသမားကျိက မေးလိုက်၏။ “ဘယ်သူလုပ်လိုက်တာလဲ။”
ထိုသူသည် ပုံရိပ်ယောင်မြင်ကွင်းတစ်ခုဆီသို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “နံပါတ် ၇ က ပုံတူကို ပေးပို့လိုက်တယ်တဲ့။”
ပြီးသည့်နောက်မှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်၏ ပုံပန်းသွင်ပြင်သည် သူတို့၏ ပုံရိပ်ယောင်မြင်ကွင်းထဲတွင် ပေါ်ပေါက်လာခဲ့တော့၏။
မှန်ပေသည်။ ထိုလူသည် ကျွင်းချောင်ရှောင်းပင် ဖြစ်တော့သည်။
“အမှောင်နတ်ဆိုးဘုရင်က သေမျိုးစကြဝဠာထဲမှာ မွေးဖွားခဲ့တဲ့ မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်ပဲလေ။ သူ့ရဲ့ အားအင်အဆင့်က တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်ရဲ့ ထိပ်ဆုံးအဆင့် နီးပါးတောင်ရှိတယ်။ ဘယ်လိုဖြစ် ပြီးတော့ အခု ဆံပင်တောင်ကောင်းကောင်းမပေါက်သေးတဲ့ လူငယ်လေးတစ်ယောက်က အနိုင်ယူနိုင်ခဲ့ရတာလဲ။”
ကင်းသမားရင်သည် သံသယဖြင့် မေးလိုက်မိ၏။
သတင်းလာရောက်ပေးပို့သူက ပြောလိုက်သည်။ “ဒီပုံကို နံပါတ် ၇ က ပေးပို့လိုက်တာလေ။ ဒီတော့ မမှားနိုင်ဘူး။ ဖြစ်နိုင်တာ သူက ငယ်ရွယ်သေးတဲ့ပုံပေါ်တယ်ဆိုပေမဲ့ ငယ်ရွယ်ချင်ယောင်ဆောင်နေတဲ့ မွန်းစတားအိုကြီး တစ်ယောက်လည်း ဖြစ်နေနိုင်တယ်မဟုတ်လား။”
အားလုံးသည် သဘောတူညီစွာဖြင့် တိတ်ဆိတ်ငြိမ်သက်သွားသည်။ သေမျိုးစကြဝဠာလောကကြီးတွင် သိုင်းကျင့်ကြံသူများသည် အသက်ပေါင်းထောင်ချီအောင် နေထိုင်နိုင်သောကြောင့် မိမိလုပ်ချင်ရာကို ပြုလုပ်နိုင်စွမ်းရှိကြ၏။
တစ်ချို့သောသူများဆိုလျှင် ငယ်ရွယ်သည့် ပုံပန်းသွင်ပြင်မျိုးကို ဖန်တီးတည်ဆောက်ထားသည်သာမက တစ်ချို့ဆို လျှင် မိမိ၏လိင်ကိုပင် ပြောင်းလဲထားသည့်လူများရှိနေကြသည်။
ဥပမာအားဖြင့် အားလုံးသောသူများသည် မြောင်ရှိဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ သူမသည် ကင်းသမား ၁၂ ယောက်ထဲတွင် တစ်ဦးတည်းသော အမျိုးသမီးလည်း ဖြစ်၏။ ထို့အပြင် ဖော်ပြ၍ မရနိုင်အောင် လှပလွန်းသော အလှတရားကိုလည်း ပိုင်ဆိုင်သည်။
“ငါ့ကို ဘာလို့ကြည့်နေတာလဲ။” မြောင်ရှိက မျက်မှောင်ကုတ်ကာ မေးလိုက်၏။
“ချီးတဲ့မှ။”
ခေါင်းဆောင်ကျိ သည် ရုတ်တရက် မနေနိုင်ဘဲ ထကာအော်လိုက်မိသည်။ “မင်းမျက်နှာကြီးမလိုက် ယောကျ်ားသံကြီးနဲ့ မပြောစမ်းနဲ့ကွာ။”
“ဘာဖြစ်လဲ။ ကျွန်မကြိုက်လို့ ကျွန်မပြောတာပေါ့။”
“……”
ခေါင်းဆောင်ကျိ သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူသည်သာ ဤနေရာတွင် ခေါင်းဆောင် တစ်ယောက်မဟုတ်ပါက တစ်ဖက်လူအား အားရပါးရ ထိုးနှက်မိမှာ သေချာ၏။
“အားလုံးပဲ။”
ကင်းသမားရင်က မေးလိုက်သည်။ “ဒီလူကို အရင်တုန်းက မြင်ဖူးလား။”
“မမြင်ဖူးဘူး။”
အားလုံးသည် ခေါင်းကို ခါရမ်းလိုက်၏။ သူတို့သည် သေမျိုးစကြဝဠာထဲတွင် နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ပြီး ဥပဒေအရ လိုက်လံထိန်းကျောင်းသူများ ဖြစ်သည်။ အားကောင်းလှသည့် ကျင့်ကြံသူပေါင်းများစွာကို မြင်ဖူးခဲ့ပြီဖြစ်သော်လည်း ဤလူငယ်လေးကိုတော့ မမြင်ဖူးလှချေ။
“ဒါက ထူးဆန်းနေတယ်။”
ကင်းသမားကျိ သည် ဇဝေဇဝါဖြစ်နေမိ၏။ “အမှောင်နတ်ဆိုးဘုရင်ကိုတောင် သတ်ဖြတ်နိုင်တယ်ဆိုမှတော့ ဒီလူက သာမန်လူတစ်ယောက် မဟုတ်ဘူးလေ။ ငါတို့ သူ့ကို မြင်ဖူးသင့်တယ်မဟုတ်လား။”
“ခေါင်းဆောင်”
တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသော ကင်းသမားရင်က စူးရှသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ “ဒီလူ့ကို ကြည့်ရတာ ရင်းနှီးနေတယ်။”
“မင်းသူ့ကို သိလို့လား။” ခေါင်းဆောင်ကျိက မေးလိုက်သည်။
ကင်းသမားရင်သည် အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက် အဋ္ဌမအထပ်တွင်ရှိနေသော ပုံရိပ်ယောင်မြင်ကွင်းဆီသို့ လှမ်းကြည့်လိုက်၏။ “ဒီလူရဲ့ ပုံပန်းသွင်ပြင်နဲ့ ခန္ဓာကိုယ်အချိုးအစားက ဒီတစ်ယောက်နဲ့ မတူဘူးလား။”
ခေါင်းဆောင်ကျိ နှင့် အခြားသောသူများသည် အပေါ်မော့ကာ ကြည့်ရှုလိုက်၏။ ထပ်တလဲလဲ သေချာကြည့်ရှုပြီးသည့် နောက်မှာတော့ ၎င်းတို့သည် တူညီသည်ဟု သုံးသပ်လိုက်မိကြသည်။
ကျွင်းချောင်ရှောင်းသည် ကြယ်ကောင်းကင်ခံတပ်၏ အပြင်ဘက်ရှိ ကင်းသမားနှင့် ရင်ဆိုင်တွေ့သည့်အချိန်တွင် သူ၏ မူလသွင်ပြင်ကို အသုံးပြုခဲ့သည်ဆိုသော်လည်း အထဲသို့ ဝင်ရောက်သည့်အချိန်မှာတော့ မျက်နှာ အသွင်အပြင်ကို ပြောင်းလဲထားခဲ့၏။ ထို့ကြောင့်ပင် ကင်းသမားများက ၎င်းအား မမှတ်မိခြင်းပင်ဖြစ်နေ၏။
“ဖြစ်နိုင်တာက”
ကင်းသမားရင်သည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ဒီလူက အမှောင်နတ်ဆိုးဘုရင်ကို သတ်ခဲ့တဲ့လူဖြစ်နေမလား။ ပြီးတော့ သူ့ရဲ့ ပုံပန်းသွင်ပြင်ကို ပြောင်းလဲထားတာ ဆိုရင်ရော။”
ခေါင်းဆောင်ကျိ သည် လေးလေးနက်နက် ပြောလိုက်၏။ “သူပဲ ဖြစ်ရမယ်။”
ပြောပြီးပြီးချင်းမှာပဲ ကင်းသမားများအားလုံးသည် ချက်ချင်းပဲ ထိုသူဖြစ်ကြောင်း ယုံကြည်သွားမိကြ၏။ သူတို့သည် များများစားစား ပြောနေစရာပင် မလိုပေ။ တစ်ချက်လောက်ကြည့်ရှုလိုက်သည်ဆိုသည်နှင့် သေချာပြီဖြစ်ကြောင်းကို နားလည်လိုက်၏။
“သိပြီ။”
ကင်းသမားရင်က ပြောလိုက်သည်။ “ဒီလူက ပထမအလွှာကနေပြီးတော့ အဋ္ဌမအလွှာထိရောက်အောင် ချိုးဖြတ်သွားနိုင်တာ အံ့အားသင့်စရာ မဟုတ် တော့ဘူး။ သူက တကယ့်ကို အားကောင်းလို့ပဲ။”
“ဒါဆို သူက ကျင့်ကြံခြင်းကို ဖုံးကွယ်ထားတာပေါ့။”
ခေါင်းဆောင်ကျိ က ပြောလိုက်၏။ “သူ့ကို တည်နေရာချိုးဖြတ်ခြင်း အနိမ့်အဆင့်မှာရှိတဲ့ လူတစ်ယောက်လို့ပဲ ထင်ထားတာ။”
ကင်းသမားရင်သည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးသည့်နောက်မှာတော့ လေးလေးနက်နက် အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။ “သူ ဘာလို့ ငရဲကြီးကိုးထပ်ထဲကို ရောက်လာတာလဲ။”
“သူက မြို့ထဲမှာ ရန်ဖြစ်လို့လေ။”
အားလုံးသည် ကျွင်းချောင်ရှောင်း ချုပ်နှောင်ခံရခြင်းနှင့်ပတ်သက်၍ အစောကတည်းက စုံစမ်းစစ်ဆေးပြီးသား ဖြစ်တော့၏။
ခေါင်းဆောင်ကျိ သည် လက်သီးကိုဆုပ်ကာဖြင့် သူ၏ရှေ့တွင်ရှိနေသော ထိုင်ခုံကို တတောက်တောက်နှင့် ခေါက်ကာ ပြောလိုက်သည်။ “ဒီအရာက လုံးဝမရိုးရှင်းဘူး။ ဒီလူ ကြယ်ကောင်းကင်ခံတပ်ထဲကို ရောက်လာတာ တစ်စုံတစ်ခုလှုပ်ရှားဖို့ ဖြစ်လိမ့်မယ်။”
“ဘာကို လှုပ်ရှားမှာလဲ။”
ကင်းသမားရင်သည် ဟာသဆန်ဆန်နှင့် ပြောလိုက်တော့၏။ “ထောင်ဖောက်ချင်လို့ လို့တော့မပြောနဲ့နော်။”
တစ်ခြားသော ကင်းသမားများအားလုံးသည်လည်း ရယ်မောလိုက်မိသည်။
ကျွင်းချောင်ရှောင်းသည် ငရဲကြီးကိုးထပ်သို့ ရောက်ရှိလာခဲ့ခြင်းဆိုသည်မှာ အကြံအစည်တစ်ခုခုကြောင့် ရောက်ရှိလာခြင်းဖြစ်သည်ဟု ခန့်မှန်းမိသည်ဆိုလျှင်တောင်မှ ထောင်ကနေဖောက်၍ ပြေးသွားနိုင်လိမ့်မည်ဟု မည်သူမျှ မထင်ကြချေ။
ကြယ်ကောင်းကင်ခံတပ်၏ အကာအကွယ်စနစ်သည် အလွန်တရာအားကောင်းလွန်းလှပြီး သူတို့လည်း တည်ရှိနေ သည်မဟုတ်ပါလား။ ဖမ်းဆီးထားသောလူများ ထွက်ခွာမသွားနိုင်စေရန် ပြုလုပ်နိုင်သည့် ယုံကြည်မှုမျိုး သူတို့တွင် တည်ရှိနေသည်။
“တတိယညီလေး”
ကျိဟု ခေါ်သော ကင်းသမားခေါင်းဆောင်သည် သတိအပြည့်နှင့် ပို၍ ဖြစ်လာခဲ့တော့သည်။ “သွား။ အောက်ကို သွားကြည့်တော့။”
ကင်းသမားရင်သည် အသာလှည့်ကာဖြင့် ထွက်ခွာသွားခဲ့သည်။ သူ ဟောခန်း၏ တံခါးပေါက်အဝသို့ ရောက်သည့်အချိန်မှာတော့ ကင်းသမားကျိက ထပ်ကာ ပြောလိုက်၏။ “အဲနေရာမှာရှိတဲ့ အဓိကပြဿနာကောင်ကို အဲလူက အနိုင်ယူနိုင်တယ်ဆိုရင် မင်း သူ့ရဲ့ အားအင်ကို စမ်းသပ်လို့ရတယ်။”
ကင်းသမားရင်၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားခဲ့တော့၏။ သူ့အနေနှင့် ကင်းသမား ၁၂ ယောက်ထဲ၌ တိုက်ခိုက်နိုင်စွမ်းအကောင်းဆုံးတစ်ယောက်အဖြစ် ပါဝင်လျက်ရှိနေ၏။ ထို့ကြောင့်ပင်လျှင် တိုက်ခိုက်ရမည့်အခြေအနေကို သိရှိသည့်အချိန်မှာတော့ အလွန်တရာ စိတ်ဝင်စားလျက်ရှိနေ၏။
“ကောင်လေး။ ငါ့ကို စိတ်မပျက်စေနဲ့။”
…
အဋ္ဌမအလွှာ
ကျွင်းချောင်ရှောင်းသည် ကောင်းကင်နဂါးဓားကြီးကို ကိုင်ဆောင်ကာဖြင့် တည်နေရာမှာပင် မတ်မတ်ရပ်လျက်ရှိနေ၏။ သူ၏ ပတ်ဝန်းကျင်တည်နေရာထဲတွင်ရှိနေသော အမှိုက်သရိုက်၊ ဖုန်၊ မှုန် အားလုံးတို့သည် အလွန်တရာထက်ရှလှသည့် ဓားအော်ရာများကို ထုတ်ဖော်လျက်ရှိနေတော့၏။
သူ၏ မျက်နှာချင်းဆိုင်တွင် ရှိနေသော ကျောက်တုံးကြီးတစ်ခု၏ အပေါ်မှာတော့ သုံးလက်မခန့်ရှိသည့် မှုတ်ဆိတ်မွှေး များနှင့် သက်လတ်ပိုင်းလူတစ်ယောက်သည် ရပ်လျက်ရှိ၏။ ထိုသူ၏ နောက်ကျောဘက်တွင်တော့ ဓားကိုးစင်းကို လွယ်ထားသည်။ ထိုသူသည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “မင်းကလည်း ဓားကျင့်ကြံသူတစ်ယောက်ပေါ့။”