← Chapters

အခန်း (၁၂၆၀)

Vol. 85 Ch. 1260

အခန်း (၁၂၆၀)

Vol. 85 Ch. 1260

ကျွင်းချောင်ရှောင်းသည် ကင်းသမားများ စုဝေးကာ ဖမ်းဆီးခဲ့ရသည့် ရင်ဖေးရွယ်အား အနိုင်ယူနိုင်ခဲ့ခြင်းမှာ အားအင်အဆင့်ကြောင့် မဟုတ်ပေ။ ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့ နည်းစနစ်ကို အသုံးပြုခဲ့သောကြောင့်ပင်။ ဓားပညာပေါ်တွင် နက်နဲသည့် နားလည်မှုကို ထုတ်ဖော်ပြသ၍ အနိုင်ယူခဲ့ရခြင်းပင် ဖြစ်၏။ ထို့ကြောင့် သူ၏ အစစ်အမှန်အားအင် မဟုတ်ပေ။

ထိုသို့ဆိုလျှင် ကုန်းရှန့်သည် တည်နေရာချိုးဖြတ် ခြင်းအလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ထပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်နိုင်ပြီလား။ လက်ရှိ အခြေ အနေမှာတော့ သူသည် ရင် ၏ တိုက်ခိုက်မှုကြောင့် အဝေးသို့ လွင့်စင်သွားခဲ့ရသည်။

၎င်းတို့နှစ်ဦးကြားတွင် တစ်စုံတစ်ခုသည် ကွာခြားလျက် ရှိနေတော့၏။

စနစ်က ထအော်လိုက်သည်။ “ချီးတဲ့မှ... ဒါ တစ်စုံတစ်ခု မဟုတ်ဘူး။ နှစ်စုံနှစ်ခု၊ သုံးစုံသုံးခုလောက် ရှိတယ်”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် တည်နေရာထဲသို့ ပြုတ်ကျသွားခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ သူ့ကိုယ်သူ ဟန်ချက်ညီအောင် အသာထိန်းချုပ်ပြီးသည့်နောက် ရင်ဘတ်ကိုပွတ်ကာ ပြောလိုက်၏။ “ရုတ်တရက် တိုက်ခိုက်တာ ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းလို့ ထင်မှတ်နေတာလား”

သူ ထိုသို့ပြောလိုက်သည်ဆိုသော်လည်း အနည်းငယ်တော့ ထိတ်လန့်တုန်လှုပ်လျက် ရှိနေ၏။ တစ်ဖက်လူ တိုက်ခိုက်လိုက်သည့်အချိန်တွင် အလွန် အားကောင်းလှသည့်အော်ရာများသည် သူ့အပေါ်သို့ ကျဆင်းလာသည် ဆိုသည်ကိုသာ ခံစားလိုက်မိသည်။ ပြီးနောက် တစ်ချက်ကလေးမှ မတုန့်ပြန်ရသေးခင်မှာပဲ အဝေးဆီသို့ လွင့်စင်သွားခဲ့ရ၏။ သူနှင့် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူများကြား ကွာဟချက်မှာ အလွန်တရာ ကြီးမားနေပေလိမ့်မည်။

“ဒါက သာမန်ပဲလေ”

စနစ်က ပြောလိုက်သည်။ “လက်ခံသူက အခုမှ သိုင်းနယ်မြေထိပ်ဆုံးအဆင့်မှာပဲ ရှိသေးတယ် မဟုတ်လား။ ဒီတော့ မင်းတို့နှစ်ယောက်ကြားမှာ အဆင့်ကြီးနှစ်ခုတောင် ကွာခြားနေတယ်”

ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်ရှိ ဒေါသသည် အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့၏။ ဝိညာဉ်ကုန်းမြေ တိုက်ကြီးတွင် ကြယ်နှင်ဘုရင်နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲ၌ သူတို့ကြား အဆင့်ကွာခြားမှု တည်ရှိနေသည် ဖြစ်ကြောင်းကို နားလည်ခဲ့မိ၏။ လက်ရှိအခြေအနေမှာတော့ ကင်းသမားနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရသည့် အချိန်မှာတော့ ကွာခြားချက်သည် ပိုမိုကာ မြင့်မားလာခဲ့သည်။

“ဒါက” ကျွင်းချောင်ရှောင်း၏ စိတ်ဝိညာဉ်စွမ်းအင်များနှင့် သွေးများသည် ပိုမိုကာ ဆူပွက်လာခဲ့တော့၏။ သူ၏ မျက်လုံးပေါ်တွင် အလွန်အားကောင်းလှသည့် တိုက်ခိုက်လိုခြင်းဆန္ဒများ ပြည့်နှက်လာခဲ့တော့၏။ သူက ပြောလိုက်၏။ “ဒါက စိတ်ဝင်စားစရာပဲ”

ဟူး ဟူး

ချက်ချင်းဆိုသလိုပဲ သူ၏ ခန္ဓာကိုယ်ပေါ်၌ ဝူခုန်း၏ ဝတ်စုံသည် ဖြစ်တည်လာခဲ့တော့၏။ အထူးသဖြင့် ၎င်း ဝတ်ဆင်ထားသည့်ဖိနပ်သည် တိမ်များပေါ်သို့ လှမ်းလျှောက်ရသလိုပင် အလွန်တရာ ပေါ့ပါးစေခဲ့၏။

“ဟမ်” ရင် ၏ မျက်လုံးသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ ကျွင်းချောင်ရှောင်း၏ ဝတ်စုံကို ပုံရိပ်ယောင် မြင်ကွင်းထဲမှ မြင်ရသည့်အချိန်တွင် စိတ်ထဲမှာ သိပ်၍ မထားခဲ့ချေ။ သို့ပေမဲ့ လက်ရှိ အပြင်ဘက်တွင် မြင်ရသည့် အချိန်မှာတော့ ဤအရာမှာ သာမန်မဟုတ်ကြောင်း နားလည်လိုက်မိသည်။ “ဒီကောင်လေးက ထိပ်တန်းအဆင့် ပစ္စည်းတွေ ရှိနေတာပဲ”

ဝှစ်

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်တော့၏။ ၎င်း၏ ဖိနပ်သည် အလွန် တရာ မြန်ဆန်သည့်နှုန်းကို ထုတ်ဖော်လျက်ရှိနေ၏။ ထို့ကြောင့် ရင်၏ အရှေ့တွင် ချက်ချင်းဆိုသလိုပဲ ပေါ်ပေါက်လာခဲ့တော့သည်။ သူသည် အဆုံးမဲ့သော စွမ်းအင်များကို ထုတ်ဖော်ကာဖြင့် လက်သီးနှင့် ထိုးနှက် လိုက်၏။

ဘုန်း ဘုန်း ဘုန်း

ရောင်စုံစွမ်းအင်များ၏ အောက်မှာတော့ ကြီးမားလှသည့် အရှိန်ကြီးတစ်ခု ဖြစ်တည်လာခဲ့ပြီး တည်နေရာတစ်ခုလုံးသို့ ဆူနာမီ မုန်တိုင်းကြီး တိုက်ခိုက်လိုက်သလို တဝုန်းဝုန်းနှင့် ဖြစ်တည်စေခဲ့သည်။

သို့ပေမဲ့ ရင်သည် တည်နေရာမှာတင် မတ်မတ်ရပ်လျက် ရှိနေပြီး ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်ချက်များ အားလုံးကို ခပ်တည်တည်နှင့် ခံယူလျက် ရှိနေတော့၏။ တစ်ချက်ကလေးမှာပင် မလှုပ်ခဲ့ချေ။ ပြုံးတောင်နေသေး၏။ ကင်းသမားဆယ့်နှစ်ယောက်ထဲတွင် သူ၏ အကာအကွယ်စွမ်းအင်သည် ဒုတိယတန်းစား တည်ရှိနေ၏။

ဝူခုန်းဝတ်စုံ၏ ထောက်ပံ့မှု ရှိနေသည်ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်မှု စွမ်းအင်သည် အနည်းငယ်သာ တိုးတက်သွားခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူအား လက်သီးဖြင့် အနိုင်ယူရန် ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။

ဝုန်း

သူ၏ လက်သီးသည် တစ်ဖက်လူ၏ ပေါင်ခွကြား တည်နေရာဆီသို့ ရောက်ရှိလာသည်။

“အမှိုက်ကောင်”

ကင်းသမားသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒီလိုဆိုရင် ငါမင်းကို ညှာမှာ မဟုတ်တော့ဘူး”

ဘုန်း ဘုန်း ဘုန်း ဘုန်း

ကျွင်းချောင်ရှောင်းသည် အခွင့်အရေးကို အရယူပြီးသည့်နောက်မှာတော့ တစ်ဖက်လူအား လက်သီးချက် အနည်းငယ် ထပ်မံကာ ထိုးနှက်လိုက်၏။ သို့ပေမဲ့ တစ်ဖက်လူသည် မျက်မှောင်ကုတ်ရုံကလွဲ၍ တခြားထူးခြားသည့် အမူအရာများ ပြောင်းလဲမသွားသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လိုက်မိသည်။ “နာကျင်မှုကိုတောင် မခံစားရဘူးလား”

ရွှီး

သူတွေးနေတုန်းမှာပဲ ရင် ၏ အလွန်အားကောင်းလွန်းလှသော လက်ကြီးသည် ဝှေ့ယမ်းလာပြီးသည့်နောက် မှာတော့ ကြမ်းတမ်းလှသော လေလှိုင်းများနှင့်အတူ ကုန်းရှန့်အား ရိုက်နှက်လိုက်တော့၏။

ဘုန်း

ကင်းသမားဟောခန်းထဲတွင် ရှိနေသော ပုံရိပ်ယောင် မြင်ကွင်းထဲတွင်တော့ ထိပ်တိုက်ရိုက်နှက်မိခြင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း ရှိနေ၏။ ကျွင်းချောင်ရှောင်းသည် ရင် ၏ တိုက်ခိုက်မှုကြောင့် လွင့်စင်သွားပြီး တည်နေရာအတားအဆီးနှင့် တိုက်မိကာ အောက်သို့ပင် ပြုတ်ကျသွားသည်။

“သူက အားမနည်းလွန်းဘူးလား” ရုပ်ဆိုးဆိုးနှင့် ကင်းသမားသည် အံ့အားသင့်စွာဖြင့် ပြောလိုက်မိ၏။

မိန်းမပုံစံဖြစ်သည်ဆိုသော်လည်း ယောက်ျားတစ်ယောက်၏ လေသံမျိုး ဖြစ်နေသည့် ကင်းသမားမြောင်သည် သူ၏ ဆံပင်များကို အသာသပ်တင်ကာဖြင့် ပြောလိုက်မိသည်။ “နဝမမြောက် အလွှာမှာရှိနေတဲ့ အဓိကပြဿနာကောင်ကို စိန်ခေါ်ဖို့ဆိုတာ ဒီလိုပုံစံနဲ့ဆို သေလမ်းရှာတာနဲ့ မတူဘူးလား”

ကျွင်းချောင်ရှောင်းတစ်ယောက် ရင် ၏ တိုက်ခိုက်ချက်ကြောင့် နှစ်ကြိမ်တိတိ အနောက်သို့ လွင့်စင်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ ယခင်က ချီးကျူးမိနေသည့် ကင်းသမားအားလုံးသည် စိတ်ပျက်သွားခဲ့ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် နံပါတ်ခုနှစ် ပေးပို့လိုက်သည့် သတင်းအချက်အလက်များသည် သံသယဖြစ်စရာများပင် ဖြစ်လာခဲ့ကြတော့၏။ ဤကဲ့သို့သော စွမ်းရည်မျိုးနှင့် အမှောင်နတ်ဆိုးဘုရင် အား မည်ကဲ့သို့ သတ်ဖြတ်နိုင်ခဲ့သနည်း။

ကင်းသမားခေါင်းဆောင်သည် လက်ချောင်းများကို အသာယှက်ကာဖြင့် ပုံရိပ်ယောင်မြင်ကွင်းပေါ်တွင် ရှိနေသော ကျွင်းချောင်ရှောင်းကို သေသေချာချာ ကြည့်ရှုလျက် ရှိနေ၏။ ပြီးနောက် ပြောလိုက်၏။ “ဒီကောင်လေးက သူ့ရဲ့ အားအင်အဆင့်တွေကို ကွယ်ဝှက်ထားတာပဲဖြစ်ရမယ်”

ကင်းသမားများ၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်မို့ သူသည် အလွန်စိတ်အေးလွန်းလှပြီး စဉ်းစားတွေးခေါ်မှု လည်း ပိုမိုမြင့်မားလွန်းလှ၏။ တစ်ဖက်လူသည် ပထမအဆင့်မှ အဋ္ဌမအဆင့်ဆီသို့ အနိုင်တိုက်ခိုက်လာနိုင်သည် ဆိုသောကြောင့် ရိုးရှင်းလှသည့်လူတစ်ယောက်ဖြစ်လိမ့်မည်ဟု မထင်မှတ်ချေ။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ဤကဲ့သို့ ရှုံးနိမ့်နေရသနည်း။

ကျွင်းချောင်ရှောင်းအနေနှင့် သိုင်းနယ်မြေထိပ်ဆုံးအဆင့်သာရှိသော ကျင့်ကြံသူတစ်ယောက်သာ ဖြစ်တော့၏။ တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ သူသည် သူ၏ အလုံးစုံသော ဝှက်ဖဲများကို ထုတ်ဖော်အသုံးမပြုပါက အနိုင်တိုက်ခိုက်နိုင်ရန်ဆိုသည်မှာ မဖြစ်နိုင် လောက်ချေ။

............

ပုံရိပ်ယောင် တည်နေရာကြီးထဲမှာတော့ ရင် သည် သူရှိနေရာ တည်နေရာကြီးမှာပင် ရပ်တန့်နေ၏။ “ကောင်လေး.... မင်းက အမှောင်နတ်ဆိုးဘုရင်ကို ဒီလိုပုံစံမျိုးနဲ့ ဘယ်လို ရင်ဆိုင်ခဲ့တာလဲ”

သူ၏ စကားလုံးတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ တည်ရှိနေခဲ့၏။ ရင် သည် ဤကဲ့သို့ ကြားဖြတ်ကာ တိုက်ခိုက်မိခဲ့ခြင်းနှင့် ပတ်သက်၍ အလွန်တရာ စိတ်ဓာတ်ကျလျက် ရှိနေ၏။ အစစ်အမှန် ကောင်းမွန်လှသည့် တိုက်ခိုက်ပွဲတစ်ခုကို တိုက်ခိုက်ရမည်ဟု မျှော်လင့်ခဲ့သော်လည်း သူ၏ပြိုင်ဘက်သည် အလွန်တရာ အားနည်းလျက် ရှိနေ၏။ ထို့ကြောင့် သူသည် စိတ်ပျက်မိသည်။

တည်နေရာအတားအဆီး၏ အောက်သို့ ပြုတ်ကျလျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် သူ၏ ခေါင်းကို အသာမော့ကာဖြင့် ပြောလိုက်၏။ “ကျေးဇူးပြုပြီးတော့ ကျုပ်ကို သံသယမရှိနဲ့”

“ငါ မင်းကို သံသယ မရှိချင်ပါဘူး”

ရင်သည် အမှန်တရားကို ပြောလိုက်၏။ “ဒါပေမဲ့ မင်းရဲ့ အားအင်အဆင့်က အရမ်းကို ဆိုးရွားလွန်းတယ်။ ဒီတော့ ငါမင်းကို သံသယရှိနေရတာပေါ့”

“အဲလိုလား”

ကျွင်းချောင်ရှောင်းသည် ညာဘက်လက်ကို အသာမြှောက်ပြီးသည့်နောက်မှာတော့ နဂါးစိမ်းလခြမ်း ဓားမော့ကြီးကို ဆွဲထုတ်လိုက်တော့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် တော်ဝင်အပြာဓာတ်သဘာဝများသည် စုဝေးလာခဲ့တော့၏။

“ဟမ်” ရင်၏ မျက်လုံးသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားတော့၏။ သူသည် လေးနက်စွာ ပြောလိုက်သည်။ “လေးလေးနက်နက် ချတော့မှာလား”

ဟောခန်းထဲတွင် ရှိနေသော ကင်းသမားများသည် ပုံရိပ်ယောင်မြင်ကွင်းဆီသို့ စူးစိုက်ကြည့်ရှုလျက် ရှိနေ၏။ တစ်ဖက်လူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသော အပြာရောင်ဓာတ်သဘာဝများကို သူတို့သည် စိတ်ဝင်တစား ဖြစ်မိနေကြ၏။

....................

အပြာရောင်ဓာတ်သဘာဝများ ဖြစ်တည်လာသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် လေထုထဲသို့ ရောက်လျက်ရှိနေတော့၏။ သူ၏လက်ထဲတွင်တော့ နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ကိုင်ဆောင်ထားပြီး ထိုဓားမော့ကြီးသည် ခုတ်ပိုင်းရန်အတွက် အဆင်သင့်ဖြစ်လို့ နေသည်။ သူ၏ အနောက်ဘက်တွင်တော့ အလွန်တရာ အားကောင်းလှသော ပုံရိပ်ယောင် တစ်ခု ဖြစ်တည်လာခဲ့သည်။ ဤအရာသည် ကွမ်ယု၏ ပုံရိပ်ယောင်ပင် ဖြစ်တော့၏။

အစပိုင်းအခြေအနေကတည်းက အလွန်အားကောင်းသည့် အခြေအနေကို ထုတ်ဖော်နိုင်သည့် ပုံရိပ်ယောင်တစ်ခု ဖြစ်သလို လက်ရှိ သူ သိုင်းနယ်မြေထိပ်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ချိန်မှာတော့ ကွမ်ယု၏ ပုံရိပ်ယောင်သည်လည်း အလွန်အားကောင်းလာခဲ့သည်။

စနစ်၏ စတိုးဆီမှ များပြားလှသည့် လက်နက်များရရှိခဲ့သည် ဆိုသော်လည်း သူ့အနေနှင့် ဤကွမ်ယု၏ နဂါးစိမ်းလခြမ်း ဓားမော့ကြီးကိုတော့ ပစ်ပယ်ခြင်း မပြုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် လက်နက်၏ အားအင်အဆင့်သည် သူ၏ အားအင်အဆင့် တိုးတက်လာသည်နှင့်အမျှ တောက်လျှောက် တိုးတက်လာသည့်အရာ ဖြစ်နေသောကြောင့်ပင်။

“ကျုပ်က ….”

ကျွင်းချောင်ရှောင်းသည် ဒေါသတကြီး အော်ဟစ်လိုက်၏။ “ခင်ဗျား ပြဿနာရှာလို့ရတဲ့ လူတစ်ယောက် မဟုတ်ဘူး”

ဆွစ်

စိတ်ဝိညာဉ်စွမ်းအင်များ၏ တိုးတက်မှုနှင့်အတူ နဂါးစိမ်းလခြမ်းဓားမော့ကြီးသည် အလင်းရောင်များ တောက်ပ လာခဲ့၏။ ပြီးသည့်နောက်မှာတော့ ဓားသွားပေါ်မှ ဖြစ်တည်လာခဲ့သည့် အော်ရာများသည် အစိမ်း ရောင်နဂါကြီးတစ်ကောင်ကဲ့သို့ ပြောင်းလဲကာ အောက်သို့ ကျဆင်းလာခဲ့တော့သည်။

ဖြောက် ဖြောက် ဖြောက် ဖြောက် ဖြောက်

ပုံရိပ်ယောင် တည်နေရာထဲတွင် ရှိနေသော လေဟာနယ်ကြီး တစ်ခုလုံးသည် ချိုးဖြတ်ခြင်းကို ခံလိုက်ရ၏။ စနစ် သည် မနေနိုင်ဘဲ ထကာ ပြောလိုက်မိတော့၏။ “အစောကတည်းက ဒါမျိုးကို ထုတ်ပြီး တိုက်ရမှာ။ ဒါမှ တကယ့် ကုန်းရှန့်ပဲ”

ဘုတ် …။

ရင် သည် အရှေ့သို့ ခြေတစ်လှမ်း လှမ်းတက်လိုက်၏။ သူ၏ မျက်နှာပေါ်တွင်တော့ လေးနက်သည့် အမူအရာ များ ဖြစ်တည်လာခဲ့၏။ သူသည် လက်ထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းပြီးသည့်နောက်မှာတော့ ကျဆင်းလာသည့် အပြာရောင်ဓားသွားကြီးအား အသာပင် ဖမ်းဆုပ်လိုက်သည်။

ဘုန်း ….။

ချက်ချင်းဆိုသလိုပဲ ပုံရိပ်ယောင် တည်နေရာထဲရှိ အပြာရောင်အော်ရာများသည် လှိုင်းကြီးတစ်ခုကဲ့သို့ လွင့်စင် သွားခဲ့၏။ ရင် သည် တည်နေရာထဲမှာတင် မတ်မတ်ရပ်လျက် ရှိနေသည်။ သူ၏ လက်ကြီးသည် ကျဆင်း လာခဲ့သော အပြာရောင် ဓားသွားကြီးအား ဖမ်းဆီးထားသည်။ ပြီးနောက် ပြုံးစစနှင့် ပြောလိုက်၏။ “မင်းရဲ့ တိုက်ခိုက်ချက်က မဆိုးပါဘူး။ ဒါပေမဲ့ လိုအပ်နေသေးတယ်”

“ဟုတ်လို့လား”

လေထဲတွင် ရှိနေသော ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်၌ မထီတရီ ်အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

ဟူး ဟူး ဟူး

သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းလှသော စွမ်းအင်များ ထပ်မံကာ ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ ဝိညာဉ်ပုံရိပ်ယောင်တစ်ခုသည် တဖြည်းဖြည်းချင်း ဖြစ်တည်လာခဲ့တော့၏။

အထူးအစွမ်းသက်ရောက်မှု - ဤအရာသည် စွန်းဝူခုန်းဝတ်စုံ၏ အထူးအစွမ်းသက်ရောက်မှုပင် ဖြစ်ပေသည်။

All Chapters