← Chapters

အခန်း (၁၂၆၁)

Vol. 85 Ch. 1261

အခန်း (၁၂၆၁)

Vol. 85 Ch. 1261

ကွမ်ယု ပုံရိပ်ယောင်၏ တည်နေရာ အနောက်မှာတော့ ပြောင်စပ်စပ်နှင့် ပုံရိပ်ယောင်တစ်ခု ဖြစ်တည်လာခဲ့ သည်။ ထိုသူသည် မျက်လုံးကို စုံမှိတ်ထားပြီး လက်နှစ်ဖက်ကို ပိုက်ကာရပ်လျက်ရှိနေသည်။ ၎င်းဝတ်ဆင်ထား သည့် အနီရောင်ဝတ်စုံသည် လေထဲတွင် လွင့်မျောလျက် ရှိနေသည်။

ဝှစ် …။

ထိုသူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသော ဓာတ်သဘာဝများသည် ကောင်းကင်နှင့်မြေကြီးနှင့် တသားတည်း ဖြစ်တည်လျက် ရှိနေ၏။ လီချင်းယန်နှင့် တခြားသောသူများသည်သာ ဤနေရာတွင် ရှိမည်ဆိုပါက ကျိန်းသေပေါက် လက်ရှိအခြေအနေ၌ ဒူးထောက်ကာ ဂါရဝပြုနေမှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်း၏ တည်ထောင်သူဟု ၎င်းတို့ သိမြင်ထားခဲ့သည့် ဘိုးဘေးကြီး စွန်းဝူခုန်းသည် သူတို့၏ မျက်စိရှေ့ တွင် ရောက်ရှိနေသည် မဟုတ်ပါလား။

မြောင်ကင်းသမားနှင့် ရုပ်ဆိုးဆိုး ကင်းသမားတို့သည် မျက်လုံးအပြူးသား ဖြစ်သွားခဲ့ကြ၏။ ဖြစ်တည်လာခဲ့သည့် စိတ်ဝိညာဉ် ပုံရိပ်ယောင်အသစ် ပေါ်ပေါက်လာသည့် အချိန်မှာတော့ ၎င်းတို့ ကြည့်ရှုနေသည့် ပုံရိပ်ယောင်မြင်ကွင်းကြီး တစ်ခုလုံးပင်လျှင် စတင်တုန်ခါလျက် ရှိနေ၏။

“မဖြစ်နိုင်ဘူး”

ကင်းသမားသည် တုန်လှုပ်စွာဖြင့် ပြောလိုက်မိသည်။ “ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ဤပုံရိပ်ယောင်အစီအရင်သည် ငရဲကြီးကိုးထပ်၌ အစောကြီးကတည်းက တည်ရှိပြီးသားအရာဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ ဘာမှန်းမသိသော စွမ်းအားများ၏အောက်တွင် တုန်ခါလျက် ရှိနေသည်။ မယုံကြည်နိုင်ဖွယ်ရာပင် ဖြစ်၏။

ကင်းသမားများအားလုံးသည် မျက်မှောင်ကုတ်လျက် ရှိနေကြ၏။ ၎င်းတို့အားလုံးသည် ပုံရိပ်ယောင် တည်နေရာ ထဲတွင်ရှိနေသည် မဟုတ်သော်လည်း တစ်ဖက်လူဆီမှ ထွက်ပေါ်နေသည့် အော်ရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းကြောင်း ပုံရိပ်ယောင်မြင်ကွင်းထဲမှတဆင့် သိရှိခံစားနိုင်စွမ်းရှိနေကြသည်။

ဤအရာသည် စွမ်းအား၏ အရင်းအမြစ်များကြောင့် မဟုတ်ပေ။ အလွန် အားကောင်းလွန်းလှသည့် ပုံရိပ်တစ်ခု၏ ဓာတ်သဘာဝများ ဖြစ်တည်လာခဲ့ခြင်းကြောင့် ၎င်းတို့သည် ဤကဲ့သို့ ခံစားနေရခြင်းပင် ဖြစ်တော့၏။ သို့ပေမဲ့ ထိုပုံရိပ်သည် လက်နှစ်ဖက်ကို အသာပိုက်ကာဖြင့် ပျင်းရိလေးကန်နေသည့် အသွင်မျိုးဖြင့် လေထုထဲတွင် ရပ်တန့်လျက်ရှိနေသည်။ ထိုသူသည် ကျွင်းချောင်ရှောင်း၏ အနောက်ဘက် လေထုထဲတွင် လွင့်မျောနေခြင်းလည်း ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် အလွန်အားကောင်းလှသည့် စွမ်းအင်များကို ခံစားပြီးသည့်နောက်မှာတော့ အသာ ခေါင်းလှည့်ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် သွေးများ ဆူပွက်လာခဲ့တော့သည်။ သူသည် မနေနိုင်ဘဲ ပြောလိုက်မိတော့၏။ “ကြီးမြတ်တဲ့ သူတော်စင်ကြီး စွန်းဝူခုန်း”

ဖြစ်ပေါ်လာခဲ့သော မျောက်ဘုရင်သည် တီဗီစီးရီးထဲတွင် မြင်ဖူးခဲ့သော ပုံပန်းသွင်ပြင်မျိုးနှင့် မတူညီလှဘူး ဆိုသော်လည်း ကုန်းရှန့်အနေဖြင့် နှလုံးသားထဲတွင် ကိုးကွယ်ချင်သည့်စိတ်များ တစ်ခါတည်း ပေါ်လာခဲ့၏။ ထို့အပြင် ဤလူသားသည် တရုတ်ပြည်တွင် လူတိုင်းက ကိုးကွယ်ရလောက်သည့် လူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။

ဆွစ်

ကျွင်းချောင်ရှောင်း၏ အနောက်ဘက်တွင် ရပ်တန့်နေပြီး နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေသော စွန်းဝူခုန်းသည် ရုတ်တရက် သူ၏ မျက်လုံးများကို ဖွင့်လိုက်၏။ ကြက်သွေးရောင်အလင်းတန်းများသည် မျက်လုံးနှစ်ခုကြား ထဲတွင် တောက်ပလာခဲ့၏။ “ကောင်လေး... မင်း အသားခုတ်ဓားနဲ့ ပုရွက်ဆိတ် ခုတ်ချင်တာ သေချာလို့လား”

ဝှစ်

ပြောပြီးသည့်နောက်မှာတော့ လေလှိုင်းများသည် တိုက်ခတ်လာသည်။ ရင် သည် အနောက်ဘက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်သွားရ၏။ သူ၏ မျက်လုံးများထဲတွင်တော့ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်လျက် ရှိနေသည်။ ဤဖြစ်ပေါ်လာခဲ့သည့် စိတ်ဝိညာဉ်သည် စကားနှစ်ခွန်းကိုသာ ပြောဆိုခဲ့သည် ဖြစ်သော်လည်း အလွန် အားကောင်းလှသည့် စွမ်းအင်လှိုင်းများသည် သူ့အား ဖိနှိပ်စေခဲ့သည်။

“အင်း... အဲတာကြောင့် ခေါ်လိုက်တာလေ”

ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ “ဒီအချိန်မှ မခေါ်ရင် ဘယ်လို လုပ်ဖြစ်မလဲ”

စနစ်က ပြန်ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ဒီလိုမျိုး အားကောင်းစေချင်တယ်ဆိုရင် ဂိုဏ်းစုဆောင်းမှတ် တွေ များများသုံးပေး။ မကြာခင်မှာ ဒီစွန်းဝူခုန်းလို အားကောင်းတဲ့လူတစ်ယောက် ဖြစ်လာလိမ့်မယ်”

“...........”

ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွားတော့၏။ သူသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို အသာ မြှောက်ကိုင်ပြီးနောက် ရင် ကို ချိန်တွယ်ကာ ခန့်ညားလှသည့် အသွင်အပြင်ဖြင့်ပြောလိုက်၏။ “သူ့ကို တိုက်ခိုက်မယ်”

“ဟင်း”

စွန်းဝူခုန်းသည် သက်ပြင်းချကာဖြင့် ပြောလိုက်သည်။ “ငါ မင်းရဲ့ဆုံးဖြတ်ချက်ကို သဘောမတူဘူး ဆိုပေမယ့် ငါ့ကို ဆင့်ခေါ်လိုက်ပြီဆိုမှတော့ ကဲ...”

၎င်းသည် ခေါင်းကို ဘေးတစ်ဖက်ဆီသို့ အသာစောင်းကာဖြင့် လက်ကို ညာဘက်နားပေါ်သို့ တင်လိုက်သည်။ ပြီးသည့်နောက် ၎င်း၏ ညာဘက်လက်ထဲတွင်တော့ တောက်ပြောင်လျက်ရှိနေသည့် ရွှေရောင်တုတ်တစ်ချောင်း ပေါ်ပေါက်လာခဲ့တော့သည်။ ဤအမူအရာသည် သူ၏ လက်နက်ကို ဆင့်ခေါ်သည့် အမူအရာပင် ဖြစ်တော့၏။

ဤကဲ့သို့ဆင့်ခေါ်သည် လုပ်ငန်းစဉ်သည် အလွန်တရာ ကြည့်ကောင်းလွန်းလှ၏။ စာရေးသူ၏ စာအရေးအသား စွမ်းရည်သည် အကန့်အသတ် ရှိနေသောကြောင့် ဤအပြုအမူကို မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးသားနိုင်ရန် လိုအပ်ချက်များ ရှိနေသည်။ ထို့ကြောင့် မရေးတော့ပေ။

ဟူး ဟူး …။

ရွှေရောင်တုတ်ကြီး ပေါ်ပေါက်လာပြီးသည့်နောက် ပုံရိပ်ယောင် တည်နေရာထဲတွင် ရှိနေသော အော်ရာ များသည် ပိုမိုကာ အားကောင်းလာခဲ့၏။ ရင်၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့သည်။ သူ့အနေနှင့် နောက်ဆုတ်ရမလား။ နောက်မဆုတ်ရဘူးလား ဆိုသည်ကို သေသေချာချာ စဉ်းစားလျက် ရှိနေ၏။

နောက်ဆုတ်ရမည် ဟုတ်လား။ ဤအရာမှာ အမှန်ပင် နောက်ကျသွားခဲ့ပြီဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စွန်းဝူခုန်းသည် သူ၏ အမှတ်သင်္ကေတဖြစ်သော လက်နက်ကို ဆင့်ခေါ်လိုက်ပြီဆိုကတည်းက တစ်ဖက်လူအား တစ်ခါတည်း တိုက်ခိုက်ပြီးဖြစ်တော့သည်။

ရွှေရောင်တုတ်ကြီးသည် အောက်သို့ ကျဆင်းလာသော်လည်း ပြင်းထန်သည့် အားလှိုင်းများ ဖြစ်တည်မလာခဲ့ပေ။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာ ကောင်းလှသော ပုံသဏ္ဍာန်မဲ့ ဖိအားများသည် ရင် အား လှုပ်ရှားရန်ပင် ခက်ခဲစေခဲ့၏။

“မဆိုးဘူးပဲ”

“ဒါက သွားပြီးပဲ”

ရင်သည် မျက်မှောင်ကုတ်လိုက်မိ၏။ အလွန်အားကောင်းလွန်းပြီး ရိုးရှင်းလွန်းလှသည့် တိုက်ခိုက်ချက်သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့၏။ သို့ပေမဲ့ သူသည် မည်သို့မှ မရှောင်ရှားနိုင်ခဲ့ပေ။

အား

ရင် သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးသည့်နောက် ကျဆင်းလာသည့် ဖိအားများကို ချိုးဖြတ်ရန် ကြိုးစားလိုက်၏။

အား ….။

သူသည် ခေါင်းကိုမော့ကာ အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ် အထက်ပိုင်းတွင် ရှိနေသော အဝတ်အစားများသည် ပေါက်ကွဲထွက်သွားပြီး ခန္ဓာကိုယ်ပေါ်၌ အမြောင်းမြောင်းဖြစ်နေသည့် သန်မာတောင့်တင်းလွန်းသော ကြွက်သားများသည် ပေါ်ပေါက်လာ၏။ သူ၏ ရင်ဘတ်တွင်တော့ ကျားခေါင်းကဲ့သို့သော တက်တူးတစ်ခုသည် တောင်ပြောင်စွာ ထင်ထင်ရှားရှား တည်ရှိနေသည်။

ဝေါင်း

ကြီးမားလှသည့် ကျားသားရဲကြီးသည် ပုံရိပ်ယောင်လိုလို၊ အစစ်အမှန်လိုလိုဖြင့် မည်သည့်နေရာကမှန်းမသိဘဲ ပေါ်ပေါက်လာခဲ့၏။ ၎င်းသည် ခေါင်းကြီးကိုမော့ကာဖြင့် အသာဟိန်းလိုက်၏။ ကြမ်းတမ်းလွန်းသော မျက်လုံးနှင့် ကြမ်းတမ်းလွန်းသော အသွင်အပြင် အားလုံးသည် ကလေးသူငယ်များသာ ဆိုပါက မျက်ရည်များ ထွက်သည်အထိ ကြောက်ရွံ့နေမှာ သေချာ၏။

ဤအရာသည် ရင် ၏ ဝှက်ဖဲပင် ဖြစ်သည်။ သူသည် ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားသော ကျားတစ်ကောင် ၏ စွမ်းအင်များကို အလုံးစုံ ထုတ်ဖော်ခဲ့ခြင်းပင် ဖြစ်၏။ သို့ပေမဲ့ ရွှေရောင်တုတ်ကြီးသည် ကြီးမားလှသည့် သားရဲကြီးအား ဒုတိယအကြိမ် ဟိန်းဟောက်ရန်အတွက် အခွင့်အရေး မပေးခဲ့ချေ။ တစ်ခါတည်း ခေါင်းကို ရိုက်နှက်လိုက်သည်။

ဘုန်း

ကျား၏ စွမ်းအင်များ အားလုံးသည် တစ်ခါတည်း ပျောက်ကွယ်သွားခဲ့၏။ တုတ်ကြီးသည် ဆက်လက်ကာ ကျဆင်းလာခဲ့၏။ ရင် အနေနှင့် မိမိဟန်ချက်ကို မထိန်းနိုင်ခင်မှာဘဲ ခန္ဓာကိုယ်ပေါ်သို့ တုတ်ကြီး ကျဆင်းလာပြီး သွေးများ အန်ထွက်လာ၏။

သူသည် တစ်ခါတည်း အလစ်အငိုက် မိသွားသောကြောင့် မျက်လုံးများ ချာချာလည်ကာဖြင့် မြေပင်ပေါ်သို့ ပြုတ်ကျကာ သတိလစ်မေ့မျောသွားခဲ့တော့၏။ ပါးစပ်ထဲမှ သွေးများသည် တရဟော စီးထွက်လာနေသည်။

“ဟင်း”

စွန်းဝူခုန်းသည် သူ၏လက်နက်ကို အသာသိမ်းဆည်းပြီးနောက် သမ်းဝေလိုက်၏။ “ဒါက ကျားမိစ္ဆာပဲ”

“........”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ဤကင်းသမားသည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်တွင် ရှိနေသော ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ သို့ပေမဲ့ တစ်ချက်တည်း ရိုက်နှက်ခံရပြီး သည့်နောက်မှာတော့ တစ်ခါတည်း မေ့မျောသွားခဲ့တော့သည်။ အဆုံးစွန်သာ ထုတ်ဖော် တိုက်ခိုက်မည် ဆိုပါက အရာအားလုံးကို သတ်ဖြတ်နိုင်သည့် စွမ်းရည်များ ဖြစ်ပေါ်လာနိုင်မည်လား။

............

ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းတိတိကို အသုံးပြုခဲ့ရသော အရာဝတ္ထုဖြစ်သည်မို့ ဤအရာသည် အမှန် အသုံးဝင်နိုင်ကြောင်းကို ကျွင်းချောင်ရှောင်းက နားလည်ထား၏။

ရင် အနေနှင့် အားအကောင်းဆုံးသော ဝှက်ဖဲကို ထုတ်ဖော်အသုံးပြုခဲ့သည် ဆိုလျှင်တောင်မှ တစ်ချက်တည်းနှင့် သတိလစ်မေ့မျောအောင် ရိုက်နှက် ခံခဲ့ရသည်။ ထို့ကြောင့် လောကတွင် ဂိုဏ်းစုဆောင်းမှတ်များ ပေါပေါသီသီ ပိုင်ဆိုင်ရခြင်းသည် ကျွင်းချောင်ရှောင်းအား ဇဗ္ဗူထိပ်ခေါင် လူတစ်ယောက် အဖြစ်သို့ ခံစားရစေသည်။

“ကောင်လေး”

စွန်းဝူခုန်း၏ ဝိညာဉ်သည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်နေရင်း ပြောလိုက်၏။ “မင်းအနေနဲ့ ဒီလိုပြိုင်ဘက်မျိုးကို ထပ်ပြီးတွေ့အုံးမယ်ဆိုရင် ငါ့ကို မဆင့်ခေါ်နဲ့။ ဒါက အချိန်ဖြုန်းသလိုပဲ”

“နားလည်ပါပြီ ကြီးမြတ်တဲ့ သူတော်စင်ကြီး”

ကျွင်းချောင်ရှောင်းသည် သူ၏ ကလေးဘဝက အိုင်ဒေါကို သေသေချာချာ ကြည့်ရှုလိုက်၏။ ပြီးသည့်နောက် သူသည် သတိလစ်မေ့မျောနေသော ရင် ဆီသို့ လှမ်းလျှောက်သွားပြီး သေသေချာချာ ကြည့်ရှုကာ စိတ်မကောင်းသလို ပြောလိုက်မိသည်။ “အစောကြီးကတည်းက ငါ စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းကို အရင်တောင်းထားလိုက်ရမှာ”

ကင်းသမားသည် သိုလှောင်လက်စွပ် ပါမလာပေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ပစ္စည်းများကို ရယူနိုင်စွမ်းမရှိတော့ပေ။ ဤအရာမှာ နှမျောစရာ ကောင်းလွန်းလှ၏။

“ကျုပ် ခင်ဗျားကို အကြွေး တင်သွားပြီ။ နောင် အခွင့်အရေး ရှိမယ်ဆိုရင် အတိုးနဲ့ ပြန်တောင်းမယ်”

ဝှစ်

ထိုအချိန်မှာပဲ ပုံရိပ်ယောင် တည်နေရာကြီးတစ်ခုသည် ရုတ်တရက် ပြိုလဲသွားခဲ့တော့၏။ ကုန်းရှန့်သည် အဆုံးမဲ့သော အမှောင်ရိပ်ထဲတွင် ပြန်လည် ပေါ်ပေါက်လာ၏။ ပြီးသည့်နောက်မှာတော့ သူ၏ မျက်လုံးရှေ့တွင် နဝမမြောက် အကျဉ်းခန်း ဟူသည့်အရာ ထင်ပေါ်လာခဲ့သည်။

သတိလစ်မေ့မျောနေသော ရင် သည် ကင်းသမားများ၏ ဟောခန်းဆီသို့ တည်နေရာရွေ့ပြောင်းခြင်း ခံလိုက်ရ၏။ ခေါင်းဆောင်ကျိနှင့် တခြားသူများအားလုံးသည် ခေါင်းပေါ်တွင် ဘုကြီးတစ်ဘုနှင့် သတိလစ်မေ့မျောလျက် ရှိနေသော ရင်ဟူအား သေသေချာချာ ကြည့်ရှုလျက် ရှိနေကြ၏။

စောနတုန်းက သူတို့သည် ကျွင်းချောင်ရှောင်းတစ်ယောက် အမှောင်နတ်ဆိုးဘုရင်အား မည်ကဲ့သို့ တိုက်ခိုက် အနိုင်ယူနိုင်ခဲ့သည်ဆိုခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်လျက် ရှိနေသည်။ သို့ပေမဲ့ လက်ရှိမှာတော့ အားလုံးသည် အဖြေကို ရရှိသွားခဲ့ကြပြီ ဖြစ်သည်။

“ခေါင်းဆောင်”

ကင်းသမားတစ်ယောက်သည် လေးနက်စွာ ပြောလိုက်မိတော့၏။ “ဒီကောင်လေးက ဘယ်လို ဆန်းကြယ်တဲ့ ပုံရိပ်ယောင် ဝိညာဉ်မျိုးကို ထုတ်ပြီး အသုံးပြုလိုက်တာလဲ။ ရင် ကို တစ်ခါတည်း အနိုင်ယူနိုင်တဲ့ ဝိညာဉ် တစ်ကောင်ကိုတောင်မှ ထုတ်ယူနိုင်တယ်”

ခေါင်းဆောင်ကျိသည် မေးစေ့ကို အသာပွတ်သပ်ကာ ပြောလိုက်မိသည်။ “ငါလည်း မသိဘူး”

“ကြည့်အုံး”

ကင်းသမားသည် ပုံရိပ်ယောင် တည်နေရာတစ်ခုကို လက်ညှိုးညွှန်ပြကာ ပြောလိုက်၏။ “ဒီကောင်လေးက အဓိကပြဿနာကောင်ဆီကို တန်းသွားပြန်ပြီ”

ကင်းသမားများအားလုံးသည် အသာခေါင်းလှည့်၍ ကြည့်လိုက်သည့်အချိန်မှာတော့ အရှေ့ဆီသို့ ခေါင်းမော့ကာ လှမ်းလျှောက်သွားနေသည့် ကျွင်းချောင်ရှောင်းကို မြင်လိုက်ရသည်။

ကျွင်းချောင်ရှောင်း လျှောက်သွားသည့် တည်နေရာတွင်တော့ လူသားလည်းမဟုတ်၊ သားရဲလည်း မဟုတ်၊ ခန္ဓာကိုယ်ပုံစံသွင်ပြင်လည်းမရှိသည့် ကြီးမားသော မျက်လုံးကြီး တစ်ခုသာ ရှိနေ၏။

ထိုမျက်လုံးကြီးဆီမှ အမဲရောင်အော်ရာများ ထွက်ပေါ်လျက် ရှိနေသည်။ များပြားလွန်းလှသော ချိန်းကြိုးများအားလုံးသည် စည်းအစီအရင်နှင့်အတူ ၎င်းအား ထိန်းချုပ် ထား၏။ ထိုသူသည် ငရဲကြီးကိုးထပ် နဝမမြောက်အခန်း၏ အဓိကပြဿနာကောင်ပင် ဖြစ်တော့သည်။

“ကြည့်ရတာ ရုပ်ဆိုးလိုက်တာ။ သေလမ်းရှာစွန်းထဲက မျက်လုံးကြီးဂြိုဟ်ဆိုတာ ဒီကောင်များလား။” ကျွင်းချောင်ရှောင်းသည် သေချာကြည့်ကာ သုံးသပ်လိုက်၏။

“ချီးတဲ့မှ”

ကြီးမားလှသော မျက်လုံးကြီးသည် ချိန်းကြိုးများကို ဗြုန်းကနဲ အသာဆွဲဆောင့်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ “ငါက သေမျိုးစကြဝဠာတစ်ခုလုံးမှာ အပြည့်စုံဆုံးသော သက်ရှိဖြစ်တည်မှုတစ်ခုကွ”

ထိုသို့ ပြောလိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ၎င်း၏ ကြီးမားလှသော မျက်လုံးကြီးအောက်မှ ပါးစပ်သေးသေးလေးကို မြင်လိုက်ရတော့၏။ ထို့ကြောင့် ခေါင်းကို ငဲ့စောင်းကာဖြင့် ပြောလိုက်မိသည်။ “ပြည့်စုံလှတဲ့ သက်ရှိပုံစံ ဆိုတာကို ပုံဖော်တဲ့နေရာမှာ ခင်ဗျားအနေနဲ့ နားလည်မှု လွဲနေတယ်လို့ ကျုပ်ထင်တယ်”

All Chapters