အခန်း (၁၂၆၂)
Vol. 85 Ch. 1262
နဝမမြောက်အခန်း၏ အဓိကပြဿနာကောင်သည် ကြီးမားလှသည့် မျက်လုံးပုံစံသတ္တဝါတစ်ယောက်ပင် ဖြစ်၏။ ၎င်း၏ အလုံးစုံသော ပုံပန်းသွင်ပြင်သည် ကြီးမားလှသည့် ဘောလုံးကြီးတစ်လုံးနှင့် ဆင်တူလှပြီး မျက်နှာသွင်ပြင်သည် လတစ်ခု၏ ပုံပန်းသွင်ပြင်မျိုး အချိုင့်အခွက်တွေ ဖြစ်နေသည်။
လူသားတစ်ယောက် အနေနှင့် ရုပ်ဆိုးလွန်းသောကြောင့် သေသေချာချာ မကြည့်ရှုရဲသည့် အခြေအနေမျိုးပင် ဖြစ်၏။ များပြားလှသည့် ချိန်းကြိုးများနှင့် ထိန်းချုပ်ခံထားရသောကြောင့် ၎င်း၏ ပုံပန်းသွင်ပြင်သည် ပိုမိုကာ ဆိုးရွားလျက်ရှိနေ၏။
ဤကဲ့သို့ ချုပ်နှောင်ခံထားရခြင်းကသာ ကံကောင်းသည်ဟု ဆိုရမည်။ မဟုတ်ပါက ၎င်းသည် အပြင်ဘက်သို့ ထွက်လာပြီးသည့်နောက် ကလေးသူငယ်များကို ခြောက်လန့်နေမှာ သေချာသည်။
သို့ပေမဲ့ တစ်ဖက်လူ .. .တစ်ဖက်မျက်လုံးသည် သူ့ကိုယ်သူ ပြည့်စုံသည် ခန္ဓာကိုယ်တစ်ခုဟု အားရပါးရ ပြောဆိုလျက် ရှိနေ၏။ သူသည် အရှက်မဲ့လွန်းသောလူများကို တွေ့ခဲ့ဖူး၏။ သို့ပေမဲ့ ဤမျှလောက် အရှက်မဲ့သည့်လူကို တွေ့ရသည်မှာတော့ ပထမဦးဆုံး အကြိမ်သာ ဖြစ်ပေလိမ့်မည်။
စနစ်သည် ဝင်ကာ ပြောလိုက်၏။ “သူက လက်ခံသူနဲ့ နှိုင်းယှဉ်ပြီးတော့များ ပြည့်စုံတယ်လို့ ပြောနေတာလား မသိဘူး”
“တော်စမ်း”
ကျွင်းချောင်ရှောင်းသည် မျက်လုံးကြီးကို ကြည့်ရှုပြီးသည့်နောက်မှာတော့ အန်ချင်စိတ်ကို မနည်းပင် ခုခံထားရ၏။ “ဒီလောက် ရုပ်ဆိုးလှတဲ့ အသွင်အပြင်နဲ့ ညဘက်အိပ်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ယောင်ပြီး အိမ်မက်ဆိုးတွေ မမက်ဘူးလား”
သီးခြားတာဝန်သည် ၎င်းအား အနိုင်ယူရန် ဖြစ်နေ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အညှာအတာ ကင်းမဲ့စွာဖြင့် လှောင်ပြောင်လျက် ရှိနေတော့သည်။
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
ကြီးမားလှသည့် မျက်လုံးမွန်းစတားကြီးသည် ရုန်းကန်လျက် ရှိနေတော့၏။ ကံဆိုးစွာဖြင့် ချိန်းကြိုးများ၏ အောက်တွင်တော့ ၎င်းသည် မည်မျှ ခုန်၍ ရုန်းသည်ဖြစ်စေ အသုံးမဝင်ခဲ့ချေ။ ထို့ကြောင့် ဒေါသတကြီးဖြင့် အော်ဟစ်ရုံသာ တတ်နိုင်တော့သည်။ “ခွေးတလိပ်ဆန်…... ငါမင်းကို ချားပစ်မယ်”
မျက်လုံးမွန်းစတားကြီးသည် ဒေါသထွက်လွန်းသောကြောင့် စကားပင် သေချာမပီတော့ချေ။
မူလအားဖြင့် အနည်းငယ်စိုးရိမ်ပူပန်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူအနေနှင့် ချိန်းကြိုးများ ကြားမှ လွတ်မြောက်အောင်မရုန်းနိုင်သည်ကို မြင်ရချိန်မှာတော့ ရှေ့ဆီသို့ တစ်လှမ်း လှမ်းတက်လိုက်၏။ ပြီးနောက် ထရိုက်ချင်စရာကောင်းလှသည့် အမူအရာ ပုံပန်း သွင်ပြင်မျိုးဖြင့် အားရပါးရ ရယ်မောကာ ပြောလိုက်၏။ “လာလေ။ သတ္တိရှိရင် လာခဲ့လိုက် .. ငှဲ့ ..ငှဲ့”
ရွှီး
ထိုအချိန်မှာပဲ ချိန်းကြိုးကြီးပေါ်၌ရှိနေသော အစီအရင်အားလုံးသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ ပြီးနောက် ချက်ချင်းပဲ ‘ဘန်း … ဘန်း’ ဆိုသည့်အသံနှင့်အတူ ချိန်းကြိုးအားလုံးသည် ပြတ်ထွက်ကုန်ကြသည်။
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်ရှိနေသော အပြုံးများသည် ရုတ်တရက် အေးခဲသွား၏။
ချီးတဲ့မှ .. ဘယ်ကောင်နောက်ကျောကို ဓားနဲ့ ထိုးတာလဲ။
ဝှစ် ဝှစ်
ကြီးမားလှသည့် မျက်လုံးမွန်းစတားကြီးသည် ချိန်းကြိုးများ၏ ဖိနှိပ်မှုကို မခံရတော့သည့်အချိန်မှာတော့ ၎င်း၏ အားအကောင်းဆုံးသော အခြေအနေကို ရုတ်တရက် ထုတ်ဖော်နိုင်ပြီဖြစ်သည်။ ကြမ်းတမ်းလွန်းလှသော မိစ္ဆာ စွမ်းအင်အားလုံးသည် တည်နေရာထဲ၌ ဖြစ်တည်လာခဲ့ပြီး လှိုင်းကြီးတစ်ခုကဲ့သို့ ကျွင်းချောင်ရှောင်းဆီသို့ ဆင်းသက်လာသည်။
“ဒါက သောက်ပြဿနာပဲ”
ဘုန်း
ကျယ်လောင်လွန်းလှသော အသံကြီးတစ်ခုသည် နဝမမြောက်အကျဉ်းခန်းထဲတွင် ပေါ်လာ၏။ စွမ်းအင်လှိုင်း များသည် အလိပ်လိပ်ဖြစ်တည်လျက်ရှိပြီး တည်နေရာအတားအဆီးကိုပင် သွားရောက်ကာ တိုက်မိ၏။
............
“ခေါင်းဆောင်”
ဟောခန်းထဲတွင်တော့ ကင်းသမားတစ်ယောက်သည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်သည်။ “သခင်ကြီးရဲ့ခွင့်ပြုချက် မရှိဘဲနဲ့ သူ့ကို လွှတ်ပေးလိုက်တာ ပြဿနာ မရှိနိုင်ဘူးလား”
ကျန်သော ကင်းသမားတစ်ယောက်သည် စိုးရိမ်ပူပန်စွာဖြင့် ဝင်ပြောလိုက်၏။ “ဒါက နည်းနည်း ပြဿနာ တက်နိုင်တယ်။ သူ့ရဲ့အားအင်အဆင့်အရဆိုရင် အကျဉ်းထောင်ရဲ့ အခုအခံ အကာအကွယ်စနစ်ကိုတောင် တုန်ခါစေလိမ့်မယ်”
“မဖြစ်နိုင်ဘူး”
ခေါင်းဆောင်ကျိသည် ၎င်း၏ လက်ချောင်းများကို ယှက်ကာဖြင့် လေးလေးနက်နက် ပြောလိုက်၏။ “ဒီမျက်လုံးကြီးကောင်က အချိန်အကြာကြီး စည်းခတ်ခံထားရတာလေ။ သူ့အနေနဲ့ ခဏတာ လွတ်လပ်မှုကို ပြန်ပြီးရမယ်ဆိုရင်တောင် အားအင်အဆင့်က တော်တော်ကြီး လျော့ကျနေလိမ့်မယ်။ ကျိန်းသေပေါက် အကာအကွယ်စနစ်ကို ထိခိုက်စေမှာ မဟုတ်ဘူး”
ဘုန်း
သူပြော၍ မပြီးခင်မှာဘဲ အလွန်တရာ အားကောင်းလှသည့် တိုက်ကွက်တစ်ခုအား ပုံရိပ်ယောင်မြင်ကွင်းဆီမှ တဆင့် မြင်လိုက်ရတော့၏။ ကြီးမားသည့် မျက်လုံးကြီး၏ တိုက်ခိုက်မှုကြောင့် အပေါ်တွင်ရှိနေသော နဝမမြောက် အကျဉ်းလွှာ မျက်နှာကျက်ပေါ်ရှိ အစီအရင်၏ လှိုင်းများသည် တုန်ခါသွားခဲ့သည်။
တွီ တွီ
များပြားလှသော အစီအရင်များသည် ရုတ်တရက် တွန့်လိမ်ကုန်ကြ၏။
ကင်းသမားသည် အေးစက်စက်ဖြင့် ပြုံးကာ ပြောလိုက်သည်။ “မင်းက စည်းကလွတ်တာနဲ့တပြိုင်နက် ထောင်က ထွက်ပြေးဖို့ ကြိုးစားချင်တာလား။ ကြယ်ကောင်းကင်ခံတပ်ကို ဘာထင်နေတာလဲ”
ကြီးမားလှသည့် မျက်လုံးကြီးသည် အကာအကွယ် အတားအဆီး အစီအရင်အား ဆက်တိုက် ချိုးဖြတ်လျက် ရှိနေ၏။ သူသည် အားကောင်းလွန်းလှသော စွမ်းအင်များကို ထုတ်ဖော် အသုံးပြုနေသည် ဆိုသော်လည်း အစီအရင်သည် တုန်ခါရုံမျှသာ ရှိခဲ့၏။ ချိုးဖြတ်သွားနိုင်မည့် အရိပ်အယောင် သင်္ကေတမျိုး မပေါ်ခဲ့ချေ။
အဋ္ဌမထပ်တွင် ရှိနေသော အကျဉ်းသားများသည် မြေငလျင်လှုပ်သလို အခြေအနေမျိုး ကြုံတွေ့လာရသည် ဖြစ်သောကြောင့် နဝမမြောက်တွင် ရှိနေသော အဓိကပြဿနာကောင်သည် စတင်ကာ တိုက်ခိုက်နေပြီဟု သိရှိနားလည်လိုက်မိကြသည်။
ရီဖေးရွှယ်မှာတော့ တွေးနေမိ၏။ “ဒါက တိုက်ခိုက်မှုကြောင့် ဖြစ်လာတာ မဟုတ်ဘူး။ ဒါက တစ်စုံတစ်ခုနဲ့ အတားအဆီး အစီအရင်ကို ချိုးဖြတ်နေတာပဲ။ ကြည့်ရတာ ဒီကောင်က အားသုံးပြီးတော့ အကျဉ်းထောင်ကနေ ထွက်ပြေးဖို့ ကြိုးစားချင်နေတာပဲ”
ဘုန်း ဘုန်း
နဝမမြောက်အကျဉ်းခန်းထဲမှာတော့ ကြီးမားလှသော မျက်လုံးကြီးသည် ဆက်တိုက်ဆိုသလိုပဲ အကာအကွယ် အတားအဆီး အစီအရင်အား ချိုးဖြတ်လျက် ရှိနေ၏။ သို့ပေမဲ့ တစ်ချက်ကလေးမှ အသုံးမဝင်ခဲ့ချေ။
“ရုပ်ဆိုးကောင်ကြီး”
ရုတ်တရက်ဆိုသလိုပဲ အမှောင်တည်နေရာထဲမှ အသံတစ်ခု ဖြစ်တည်လာခဲ့သည်။ “ကျုပ်ကို လျစ်လျှူရှုထားတာလား”
“ဟမ်” အကာအကွယ် အတားအဆီး အစီအရင်အား ဆက်တိုက် တိုက်ခိုက်လျက်ရှိနေသော မျက်လုံးကြီးသည် ရုတ်တရက် အောက်သို့ ငုံ့ကြည့်လိုက်သည့်အချိန်မှာတော့ လှံကြီးကိုကိုင်၍ သူ့ဆီသို့ ပျံသန်းကာ ရောက်ရှိလာသည့် လူသားတစ်ယောက်ကို မြင်လိုက်ရ၏။ “မင်းအသက်ရှင်နေသေးတာလား”
ခွိ ..။
ကျွင်းချောင်ရှောင်းသည် မနေနိုင်ဘဲ ထ၍ ရယ်လိုက်မိတော့၏။ မျက်လုံးကြီး၏ ရုတ်တရက် တိုက်ခိုက်မှုသည် အလွန်တရာ အားကောင်းလှသည်ဆိုသည်မှာ ငြင်းပယ်၍ မရနိုင်ချေ။ ၎င်း၏ တိုက်ခိုက်ချက်သည် ရင် ၏ တိုက်ခိုက်ချက်ထက်ပင် ပို၍အားကောင်းလှ၏။ သို့ပေမဲ့ သူ့ကဲ့သို့ ဝူခုန်းဝတ်စုံကို ဝတ်ဆင်ထားသည့်လူ တစ်ယောက်အား တစ်စက္ကန့်အတွင်း မည်သူက သတ်ဖြတ်နိုင်မည်နည်း။
ကျွင်းချောင်ရှောင်းသည် အသာမော့ကြည့်ကာ ပြောလိုက်၏။ “ကျုပ်တို့က တစ်ဖက်တည်းမှာပဲ။ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်တိုင်ရေးထိုးချင်တဲ့သူတွေကြီးပဲလေ။ ဒါပေမဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီနေရာကနေ လွတ်လပ်မှု ကို ရအောင် ကြိုးစားကြတာပေါ့။ လာခဲ့စမ်း”
သူသည် လှံဦးနှင့် လှမ်းညွှန်ကာ ရဲရင့်စွာ ပြောလိုက်သည်။ “ကျုပ်ရဲ့ ပဋိညာဉ်သားရဲ လုပ်လိုက်။ ဒါဆိုရင် အတူတူ ကြိုးစားပြီးတော့ ကောင်းကင်ကြီးအနှံ့ ခရီးထွက်ကြမယ်”
ဟူး ဟူး
ပြောပြောပြီးချင်းမှာပဲ လေထုထဲတွင် နက်မှောင်လှသည့် အော်ရာများ ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ ထိုအော်ရာများသည် ကြီးမားလှသည့် လက်ကြီးတစ်ခုအဖြစ်သို့ ဖြစ်တည်လာပြီး လေထဲသို့ ခုန်တက်လာခဲ့သော ကျွင်းချောင်ရှောင်းအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တော့၏။ မျက်လုံးကြီးသည် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်၏။ “ကောင်လေး... မင်းကိုငါက ပုရွက်ဆိတ်လေးတစ်ကောင်လို ဖိပြီး သတ်ပစ်လို့ရတယ်ဆိုတာကို နားမလည်သေးဘူးလား”
ဟူး ဟူး
အမှောင်ထဲမှာတော့ မိစ္ဆာစွမ်းအင်များသည် ထပ်မံကာ ထွက်ပေါ်လာ၏။ ထိုစွမ်းအင်များအားလုံးသည် နတ်ဆိုး မိစ္ဆာများကဲ့သို့ ဖြစ်တည်လာပြီးသည့်နောက် လေထုထဲတွင် ကခုန်လျက် ရှိနေကြသည်။
“ခင်ဗျားက ကျုပ်ကို အထင်သေးနေတာလား”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည် လာခဲ့၏။ သူသည် ထိန်းချုပ်ခံရပြီး အချိန်မရွေး သေဆုံးနိုင်သည့် အဖြစ်သို့ ရောက်ရှိနေတာ သေချာ၏။ သို့ပေမဲ့ ပြုံးနေနိုင်သေး၏။
ဤအရာသည် မျက်လုံးကြီးအား အလွန်တရာ ဒေါသထွက်စေသည်။ “ချီးတဲ့မှ.. ငါ မင်းကို ကျိန်းသေပေါက် သေအောင် လုပ်ပစ်မယ်”
ဝှစ် ဝှစ်
ပတ်ဝန်းကျင်တွင် နက်မှောင်လျက်ရှိနေသော အော်ရာများ ဖြစ်တည်လာပြီး ကျွင်းချောင်ရှောင်းကို ထပ်မံကာ ဖိနှိပ်တော့၏။ သို့ပေမဲ့ ထိုအော်ရာများသည် သူ၏အနားသို့ တိုးကပ်လာသည်နှင့်တပြိုင်နက် ကုန်းရှန့်သည် သူ၏ ပါးစပ်ကို အသာဟလိုက်၏။ ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်ထဲသို့ မိစ္ဆာစွမ်းအင်များကို စတင်ကာစုပ်ယူ တော့၏။
မျက်လုံးကြီးသည် ကြောင်အသွားခဲ့သည်။
ကင်းသမားကျိနှင့် ကင်းသမားချောင်တို့သည်လည်း အံ့အားသင့်လျက် ရှိနေကြသည်။ ကင်းသမားချောင်သည် ပါးစပ်ကို အသာအုပ်ကာကာဖြင့် ထိတ်လန့် တုန်လှုပ်စွာဖြင့် ပြောလိုက်မိ၏။ “သူတကယ်ပဲ ဒါတွေကို စားပစ်တာလား”
ကျွင်းချောင်ရှောင်းသည် ပုံမှန်စားရုံတင်မဟုတ် ပျော်ပျော်ရွှင်ရွှင်ပင် စားသုံးလျက် ရှိနေ၏။ သူ၏ မျက်လုံးတစ်ခုလုံးသည် ပျော်ရွှင်မှုကြောင့် တောက်ပြောင်လျက်ပင်ရှိသည်။
“ဖေဖေ”
၎င်း၏ဒန်ထျန်ထဲတွင်တော့ ရှောင်ရှစ်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်မိ၏။ “ကျွန်တော် ချစ်တယ်”
ဟူး ဟူး
၎င်း၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူလျက်ရှိနေသော မိစ္ဆာစွမ်းအင်များ အားလုံးသည် ဒန်ထျန်ထဲတွင် ရှိနေသော ကောင်လေး၏ ဝါးမြိုခြင်းကို ခံနေရ၏။ ရှောင်ရှစ် သည် တဖြည်းဖြည်းချင်း ပိုမိုကာ အားကောင်းလာခဲ့သည်။
မျက်လုံးကြီးသည် မိစ္ဆာသတ္တဝါတစ်ကောင်ပင် ဖြစ်သည်။ သို့ပေမဲ့ သေမျိုးစကြဝဠာထဲတွင် မွေးဖွားလာခဲ့သော ရှောင်ရှစ်မှာလည်း မိစ္ဆာသတ္တဝါပင် ဖြစ်တော့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် နဝမမြောက် အလွှာထဲသို့ ဝင်လာပြီးပြီးချင်း မိစ္ဆာစွမ်းအင်များဖြင့် ဖုံးလွှမ်းလျက်ရှိနေသည့် ကြီးမားလှသည့် မျက်လုံးကြီးကို မြင်လိုက်ရသည့်တော့ ချက်ချင်းပဲ ပျော်ရွှင်သွားခဲ့ခြင်းပင်။
“ရှောင်ရှစ်ကတော့ အစားအစာတွေ စားဖို့ အဆင်သင့်ဖြစ်နေပြီပဲ”
စည်းအတားအဆီး ဖယ်ပြီးသည့်နောက်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်လှိုင်းများသည် သူ့ဆီသို့ ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ ၎င်းမိစ္ဆာစွမ်းအင်လှိုင်းများသည် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော မိစ္ဆာစိတ်ဝိညာဉ်၏ ဝါးမြိုခြင်းကို ခံခဲ့ရတော့သည်။
“မင်း”
မျက်လုံးကြီးသည် တုန်လှုပ်သွားမိ၏။ မိစ္ဆာစွမ်းအင်ဆိုသည်မှာ သက်ရှိလူသားများ အားလုံးအတွက် ကုသ၍ မရနိုင်သော အဆိပ်ကဲ့သို့ပင် ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် ထိုအရာများကို စိတ်လိုလက်ရဖြင့် ဝါးမြိုလျက် ရှိနေသည်။ မယုံနိုင်စရာ ကောင်းလှချေ၏။
ဟူး ဟူး ……။
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏ ခန္ဓာကိုယ်ဆီသို့ ကျဆင်းလာခဲ့သော အမဲရောင်မိစ္ဆာစွမ်းအင်များကို ဝါးမြိုခဲ့ပြီးဖြစ်၏။ သူသည် ခေါင်းကို အသာငုံ့ကာဖြင့် သူ့အား ဖမ်းချုပ်ထားခဲ့သော ကြီးမားသည့်လက်ကြီးကို ဝါးမြိုရန် စတင်ကာ ကြိုးစားတော့သည်။
“စားမယ်။ အားလုံးကို စားမယ်။ ဖေဖေ”
မိစ္ဆာစိတ်ဝိညာဉ်သည် ကျယ်လောင်စွာ ပြောလိုက်၏။ “ကိုယ်ဘာကိုယ် ထွက်ပြီး စားလို့ရလား”
“ရတာပေါ့”
ကျွင်းချောင်ရှောင်းသည် အသာမော့ပြီး ၎င်း၏ ပါးစပ်ကြီးကို ဟလိုက်သည်။
ဝှစ်
ရှောင်ရှစ်သည် သူ၏ ဒန်ထျန်ထဲမှ အသာပျံသန်းထွက်ခွာလာပြီးသည့်နောက်မှာတော့ နှစ်နှစ်သို့မဟုတ် သုံးနှစ် အရွယ်ကလေးလေး တစ်ယောက်၏ အသွင်သဏ္ဍာန်မျိုး ဖြစ်တည်လာခဲ့သည်။ ပြီးသည့်နောက် သူ၏ ဖေဖေအား ချုပ်နှောင်ထားသည့် လက်ကြီးကို စတင်ကာ ဝါးစားတော့၏။
“ဒါက”
မျက်လုံးကြီးသည် ထိတ်လန့်တကြားဖြင့် အော်လိုက်မိ၏။ “မိစ္ဆာစိတ်ဝိညာဉ်လား”
သူ၏ အသံသည် ကင်းသမားဟောခန်းထဲတွင် ရှိနေသော အစီအရင်ထဲ၌ ပျံ့နှံ့လျက်ရှိနေတော့သည်။
ကင်းသမားကျိနှင့် တခြားသောသူများ အားလုံးတို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မတ်တပ်ပင် ထရပ်မိလာကြ သည်။ သေမျိုးစကြဝဠာကြီးထဲတွင် ဤကဲ့သို့ အထူးအသိစိတ်နှင့် ဖြစ်တည်လာခဲ့သည့် စိတ်ဝိညာဉ် သန္ဓေသား ဆိုသည်မှာ အလွန်တရာ ရှားပါးလွန်းလှ၏။ ထို့အပြင် ဤအရာသည် စိတ်ဝိညာဉ်သန္ဓေသားတစ်ခုသာ မဟုတ်။ အလုံးစုံဖြစ်တည်နေသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့်လူတစ်ယောက်လည်း ဖြစ်နေ၏။
အပွင့်အလင်းဆုံး ပြောရမည်ဆိုလျှင် ၎င်းသည် ကောင်းကင်နှင့် မြေကြီး ဓာတ်သဘာဝများ၏ အဆင့်မြင့် တည်ရှိမှု တစ်ခုပင် ဖြစ်တော့သည်။ ထို့အတူ အဆုံးမဲ့စကြဝဠာကြီးထဲတွင် မွေးဖွားလာခဲ့သည် ဖြစ်သောကြောင့် ၎င်း၏ ခန္ဓာကိုယ်တွင်ရှိသော စွမ်းအင်များသည် ၎င်းနှင့် အမျိုးအစားတူ ဓာတ်သဘာဝများထက် ပိုမိုကာ အားကောင်းနေ၏။ ထို့ကြောင့် ဓာတ်သဘာဝများ အားလုံး၏ ဘုရင်ဟုပင် ခေါ်ဆိုသမုတ်နိုင်သည်။
စိတ်ဝိညာဉ်သန္ဓေသားဆိုသည်မှာ ရှားပါးလွန်းသည့်အရာဖြစ်ပြီး ထိုအရာကို ရရှိရန်အတွက် ထိပ်တန်းကျင့်ကြံသူ များသည် အိမ်မက် မက်ဖူးကြ၏။
လက်ရှိအခြေအနေမှာတော့ မိစ္ဆာစွမ်းအင်များ၏ ထိပ်တန်းအကျဆုံး ကိုယ်စားပြုသည့် စိတ်ဝိညာဉ် ခန္ဓာကိုယ်သည် နဝမမြောက် အကျဉ်းလွှာထဲတွင် ပေါ်ပေါက်လာခဲ့သည်။
ထိုအရာကို မြင်သည့်အချိန်မှာတော့ ကင်းသမားများအားလုံးသည် တည်ငြိမ်စွာ မနေနိုင်တော့ချေ။
“သွားပြီပဲ”
မျက်လုံးကြီးသည် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့တော့သည်။ ဤအရာသည် စိတ်ဝိညာဉ်သန္ဓေသား လေးမဟုတ်ဘဲ အစစ်အမှန် မိစ္ဆာသားရဲတစ်ကောင်လည်း ဖြစ်လို့နေခဲ့၏။ စကြဝဠာကြီးထဲတွင် သူ၏ တည်ရှိမှုဆိုသည်မှာ တစ်ဖက်လူအတွက်တော့ အရသာရှိသည့် အစားအစာပင် ဖြစ်လေသည်။ မည်မျှ အားကောင်းလှသည့် တိုက်ခိုက်ချက်များကို ထုတ်ဖော် ထုတ်ဖော် တစ်ဖက်လူအား တစ်ချက်ကလေး တုန်ခါသွားအောင် ပြုလုပ်ရန်ပင် မဖြစ်နိုင်ချေ။
“စိတ်ကို အေးအေးထား၊ စိတ်ကို အေးအေးထား”
မျက်လုံးကြီးသည် တည်ငြိမ်အောင် ကြိုးစားပြီးသည့်နောက်မှာ တော့ တွေးလိုက်မိသည်။ “ဒီဟာက သန္ဓေသားစိတ်ဝိညာဉ်ပဲလေ။ အရမ်းကြီး အားကောင်းအုံးမှာ မဟုတ်သေးဘူး။ ငါသာ အခွင့်အရေးကို ရှာနိုင်မယ်ဆိုရင်”
သို့ပေမဲ့ သူသည် တွေးတောရာကို ရပ်တန့်လိုက်မိ၏။ သူ၏ မျက်လုံး သည်လည်း အဆုံးစွန်သော အခြေအနေ ဆီသို့ ပြူးကျယ်သွားမိခဲ့၏။
အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း၏ ပါးစပ်ထဲဆီမှ တခြားသော အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ လေထုထဲတွင် လွင့်မျောလာခဲ့၏။ ကြာပန်းပုံစံတစ်ခု ဖြစ်တည်လာခဲ့ပြီး ထိုကြာပန်းထဲမှ သုံးနှစ်အရွယ် ကလေးတစ်ယောက် ထပ်မံ ထွက်ပေါ်လာသည်။
ထိုကလေးလေးသည် ၎င်း၏ သေးငယ်လှသည့် ဝမ်းဗိုက်ကလေးကို အသာပွတ်သပ်ကာ ပြောလိုက်၏။ “ကျုပ်ရဲ့ဖေဖေကို အနိုင်ကျင့်ဖို့သတ္တိ ခင်ဗျားကို ဘယ်သူက ပေးထားတာလဲ”