← Chapters

အခန်း (၁၂၆၃)

Vol. 85 Ch. 1263

အခန်း (၁၂၆၃)

Vol. 85 Ch. 1263

မျက်လုံးကြီး၏ စွမ်းအင်သည် ရှောင်ရှစ်အပေါ် အကျိုးသက်ရောက်မှု မရှိသည်သာမက အလုံးစုံ အောက်စည်းဘက် သို့ ရောက်ရှိလျက်ရှိနေ၏။ တစ်ဖက်သည် အားကောင်းလွန်းလှသည့် အရွယ်ရောက်ပြီးသား ဓာတ်သဘာဝ စိတ်ဝိညာဉ်မျိူး မဟုတ်သောကြောင့် သူ့အနေနှင့် သူ့ကိုယ်သူ ကယ်တင်ရန်တော့ အခွင့်အရေး ရနိုင်သေးသည်ဟု ထင်မှတ်ခဲ့မိ၏။

သို့ပေမဲ့ ရှောင်ဟော့သည် ကျွင်းချောင်ရှောင်း၏ ပါးစပ်ထဲမှ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ မာနတကြီးဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ မျက်လုံးကြီးသည် ရုတ်တရက် ဆွံ့အသွားမိ၏။

“မီး... မီးစိတ်ဝိညာဉ်”

မျက်လုံးကြီးဆီမှ အသံသည် တုန်ယင်လျက် ရှိနေတော့သည်။ ငိုချင်နေသည့်အသံမျိုးပင် ပေါ်ပေါက်လာလျက် ရှိ၏။ ထို့အပြင် မိစ္ဆာစိတ်ဝိညာဉ်သည် သူနှင့်တူညီသည့် ဓာတ်သဘာဝရှိသူဖြစ်ပြီး မီးစိတ်ဝိညာဉ်မှာတော့ သူနှင့် ဆန့်ကျင်ဘက် ဓာတ်သဘာဝပင် ဖြစ်သည်။ “ငါ့ …. ငါ့ကို ကယ်လို့ရနိုင်ပါအုံးမလား”

ရှောင်ဟော့ ပေါ်လာသည်နှင့်တပြိုင်နက် ကင်းသမားကျိနှင့် တခြားသောသူများ၏ မျက်လုံးထဲတွင် ရှိနေသော ထိတ်လန့်တုန်လှုပ်မှုများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ သေမျိုးစကြဝဠာထဲတွင် ရှိနေသော တစ်စုံ တစ်ယောက်သည် စိတ်ဝိညာဉ်တစ်ကောင်ကို ပိုင်ဆိုင်ရသည်မှာ အံ့အားသင့်စရာဖြစ်နေမည်။ သို့ပေမဲ့ တစ်ဖက်လူသည် နှစ်ကောင်တောင် ရှိလို့နေခဲ့သည်။ ထိုအရာမှာ အံ့အားသင့်စရာ ကောင်းလွန်းလှချေ၏။

ထို့အပြင် တစ်ကောင်သည် မိစ္ဆာဖြစ်ပြီး တစ်ကောင်သည် မီးဓာတ်ဖြစ်၏။ ထိုနှစ်ခုသည် သီးခြား ဖြစ်တည်နေသည့် အရာဖြစ်ပြီး အတူတကွ တည်ရှိနိုင်သည့်အရာမျိုး မဟုတ်ချေ။

ကျွင်းချောင်ရှောင်းမှာတော့ ဤပြဿနာကို သူ့ကိုသူပင် နားမလည်နိုင်ချေ။ အကြောင်းအရင်း တစ်ခုကို ပေးရမည်ဆိုလျှင် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်း စေတီကြောင့်ပင် ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်း အနေဖြင့် ဤနောက်ဆုံးသည် မိစ္ဆာသတ္တဝါတစ်ကောင် ဖြစ်သည်ကို သိရှိလိုက်ရသည့်အချိန်မှာတော့ မနေနိုင်ဘဲ ထ၍ ရယ်မိလုမတတ် ဖြစ်သွားမိ၏။ သူသည် ကင်းသမားနှင့် အဆင့် တူညီသည့် လူသားကျင့်ကြံသူ တစ်ယောက်နှင့် ရင်ဆိုင်ရမည်ဆိုပါက အလုံးစုံ ကြိုးစားရပေလိမ့်မည်။ လက်ရှိ အခြေအနေမှာတော့ ထိုသို့ကြိုးစားရန် မလိုလှချေ။

သူ့၌ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီး ရှိနေသည် ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် လောကကြီးတွင် ရှိနေသည့် မသန့်စင်သည့် မိစ္ဆာစွမ်းအင်များ အားလုံးကို ဖြေရှင်းနိုင်စွမ်း ရှိနေ၏။

အချက်အလက်အရ ပြောရမည်ဆိုလျှင် မျက်လုံးကြီးအနေဖြင့် မျှော်လင့်ချက် မဲ့နေပြီ ဖြစ်သည်။ မီးစိတ် ဝိညာဉ် ထွက်လာသည်ကို မြင်သည့်အချိန်မှာတော့ သူသည် ငိုချင်လုမတတ်ပင် ဖြစ်နေမိ၏။ မိစ္ဆာစိတ်ဝိညာဉ် သည်မှာလည်း သူ၏ မိစ္ဆာဓာတ်သဘာဝများကို ရူးရူးမူးမူး စားသုံးလျက် ရှိနေသည်။ ဤအမြန်နှုန်းအတိုင်းဆိုလျှင် မကြာခင် အကုန်လုံး စားခံရနိုင်သည်။

“ရောင်းရင်း”

မျက်လုံးကြီးသည် လေးလေးနက်နက် လေသံဖြင့် ပြောလိုက်မိ၏။ “စောနပြောတဲ့ ကိစ္စကို သေသေချာချာလေး စဉ်းစားကြတာပေါ့”

“ဘာလဲ။ ငါ့ရဲ့ စိတ်ဝိညာဉ်သားရဲဖြစ်ပြီးတော့ တစ်လောကလုံးအနှံ့ လုပ်ချင်တာတွေ လုပ်ကြဖို့လား”

သူ့အနေနှင့် အမှန်ပင် ကြောက်လန့်နေခဲ့ပြီဖြစ်တော့၏။ ထို့ကြောင့် ဤမိစ္ဆာလေးနှစ်ကောင်၏ လက်မှ လွတ်မြောက်နိုင်ရန်အတွက် တစ်ဖက်လူ၏ ဝိညာဉ်သားရဲဖြစ်ဖို့အတွက်ပင် လိုလိုချင်ချင် ကမ်းလှမ်းလျက် ရှိနေတော့သည်။

“အားနာပါတယ်”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ကျုပ် ခင်ဗျားနဲ့ မဆွေးနွေး ချင်တော့ဘူး”

ရှောင်ရှစ်သည် အချိန်အတိုင်းအတာ အတောအတွင်း မိစ္ဆာသတ္တဝါများ တော်တော်များများကို စားသုံးခဲ့ပြီးပြီ ဖြစ်တော့သည်။ သူ၏ အားအင်အဆင့်သည်လည်း တိုးတက်လာခဲ့တော့၏။ ထို့ကြောင့် တစ်ဖက်လူအား အညံ့ခံရန် ပြုလုပ်ချင်သည့် ရည်ရွယ်ချက်ကို သူ လက်လျော့လိုက်ပြီဖြစ်သည်။

“……..”

စနစ်က ပြောလိုက်သည်။ “အဓိကအားဖြင့် အဲ့ကောင်က ရုပ်ဆိုးလို့ မဟုတ်လား”

“ဖေဖေ”

ရှောင်ဟော့က မေးလိုက်သည်။ “ဒါကို ကိုယ့်ဘာကိုယ် သန့်စင်ပစ်လိုက်လို့ရလား”

သူ့အနေနှင့် မိစ္ဆာ ဓာတ်သဘာဝများကို စုပ်ယူ၍ မရနိုင်ချေ။ သို့ပေမဲ့ ထိုအရာများကို မီးဓာတ်များ အသုံးပြု၍ သန့်စင်ပစ်နိုင်ခဲ့၏။ ဥပမာအားဖြင့် သူ၏ သန္ဓေသားခန္ဓာကိုယ်နှင့်ပင် အမှောင်နတ်ဆိုးဘုရင်အား အနိုင်ယူနိုင်ခဲ့သည့် ဖြစ်စဉ်ကို ပြန်လည် ကြည့်ရှုသင့်၏။ အားအင်အဆင့်အရ‌ ပြောရမည်ဆိုလျှင် လက်ရှိ ရှိနေသော မိစ္ဆာစွမ်းအင်များသည် ကွာခြားခြင်း မရှိလှချေ။ ထို့ကြောင့် သူ့အနေနှင့် စိတ်လိုလက်ရသာ သန့်စင်နိုင်မည်ဆိုပါက အကျိုးသက်ရောက်မှု ရှိမှာ သေချာသည်။

“ကောင်းပြီ” ကျွင်းချောင်ရှောင်းက သဘောတူညီလိုက်၏။

မျက်လုံးကြီးသည် လက်ရှိအခြေအနေမှာတော့ ဤကောင်လေးနှစ်ယောက်အတွက် စားပွဲသောက်ပွဲလိုပင် ဖြစ်နေ၏။ အဖေတစ်ယောက်အနေနှင့် သူသည် သူ၏သားများအား ကောင်းမွန်သည့် အစားအသောက်များ ကျွေးမွေးရမည်မှာ သဘာဝပင် ဖြစ်၏။

ရှောင်ဟော့သည် ခေါင်းကို အသာလှည့်ကြည့်ပြီးသည့်နောက် သူ၏ မျက်လုံးများကို ပေကလပ် ပေကလပ် လုပ်၍နေသည်။

“ဘာ… ဘာလုပ်ချင်တာလဲ။ အကြမ်းပတမ်း မလုပ်ကြပါနဲ့”

မျက်လုံးကြီးသည် ထိတ်လန့်ကြောက်ရွံ့လျက်ရှိ၏။ အဆုံးသတ်မှာတော့ သူသည် ကျွင်းချောင်ရှောင်းကို လှည့်ကြည့်ကာ အော်လိုက်၏။ “ကောင်လေး… အဲလောက်ကြီး မလွန်လာနဲ့နော်”

ဤအရာမှာ အမှန်ပင်ဖြစ်သည်။ သူ၏ အခြေအနေသည် အလွန်တရာ အန္တရာယ် များသည့် အခြေအနေသို့ ရောက်ရှိနေခဲ့၏။ သူ့အနေနှင့် စိတ်ပိုင်းဆိုင်ရာအရ ကြောက်ရွံ့နေသည် ဆိုလျှင်တောင်မှ ချောင်ပိတ်ရိုက်ခံရသည့် ခွေးတစ်ကောင်ပင်လျှင် ပြန်လည်ကိုက်မှာ သေချာ၏။ယခု မီးစိတ်ဝိညာဉ်သည် အဆုံးစွန်ပြုလုပ်ရန် ကြံစည်နေသည်ဆိုမှတော့…

ဟူး ဟူး

ရှောင်ဟော့သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ဆီမှ မီးဓာတ်များသည် တစ်လောကလုံးတွင် ရှိနေသော မိစ္ဆာဓာတ်များအား သန့်စင်နိုင်သည့် အခြေအနေအဖြစ်သို့ ရောက်ရှိလာခဲ့တော့ ၏။

ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ မျက်လုံးကြီး၏ ဒေါသတရားများနှင့် သတ္တိများ အားလုံးသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။ ဤကောင်လေးသည် အားကောင်းလှသည့်ပုံ မပေါ်လှသော်လည်း ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် မီးတောက်များမှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

မိစ္ဆာဓာတ် များအား စားသုံးလျက်ရှိနေသည့် ရှောင်ရှစ်သည် အမှောင်နတ်ဆိုးဘုရင်ကို သန့်စင်ပြီးနောက် ဖြစ်တည်လာခဲ့သည့် ဓာတ်သဘာဝများမှတဆင့် သန္ဓေသားအဖြစ် ဖြစ်တည်လာသူမှန်းသာ သိရှိမည်ဆိုလျှင် အဘယ်ကြောင့်မှန်း ဆိုသည်ကို သူနားလည်သွားမှာ သေချာသည်။

“ဟေး”

ရှောင်ဟော့သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “အတူတူ ပူးပေါင်းကြရအောင်”

“………”

မျက်လုံးကြီးသည် စိတ်ပျက်လက်ပျက် ဖြစ်သွားတော့၏။

“မဖြစ်ဘူး။ ငါမြန်မြန်စားမှ ဖြစ်မယ်”

သူ့အား အနိုင်ကျင့်လျက်ရှိနေသည့် သူ၏ အစ်ကိုကြီးသည် မိစ္ဆာဓာတ် သဘာဝများကို သန့်စင်တော့မည်ကို သိရှိသည်နှင့် သူသည်လည်း အလျင်အမြန်ပဲ စားသုံးတော့သည်။

အချိန်ခဏ ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းအား ချုပ်နှောင်ထားခဲ့သည့် လက်ကြီး တစ်ခုလုံးသည် အလုံးစုံ ဝါးမြိုခြင်းကို ခံခဲ့ရ၏။ ပြီးသည့်နောက် သူသည် မျက်လုံးကြီးအား စားသောက်ခန်းကြီး တစ်ခုကဲ့သို့ တောက်ပစွာဖြင့် ကြည့်ရှုလိုက်၏။

အား

မျက်လုံးကြီးသည် မည်သို့မှ သည်းမခံနိုင်ခဲ့တော့ချေ။ ဒေါသတကြီး အော်ဟစ်လိုက်ပြီးသည့်နောက်မှာတော့ အပေါ် မျက်နှာကျက်တွင် ရှိနေသော အတားအဆီး အစီအရင်အား ကြမ်းကြမ်းတမ်းတမ်းဖြင့် ချိုးဖြတ် ဖျက်ဆီးတော့၏။ သူ့အနေနှင့် ဤနေရာတွင် နေထိုင်ပြီး သေဆုံးခြင်းကို စောင့်မမျှော်ချင်ပေ။ ထို့ကြောင့် အကာအကွယ်ကို ချိုးဖြတ်ကာဖြင့် အသက်ရှင်ရန် နည်းလမ်းကို ရှာဖွေချင်မိသည်။

ဘုန်း …။

မျက်လုံးကြီးသည် ရူးသွပ်သွားသည့်လူတစ်ယောက်လိုပင် ကြမ်းကြမ်းတမ်းတမ်း စတင်ကာ တိုက်ခိုက်တော့၏။ နဝမမြောက် အကျဉ်းလွှာကြီး တစ်ခုလုံးသည် ကြမ်းတမ်းလွန်းလှသော မိစ္ဆာအော်ရာများ၏ ဖုံးလွှမ်းခြင်းကို ခံခဲ့ရ၏။ ထိုကဲ့သို့သော အခြေအနေမျိုး ဖြစ်လေလေ ရှောင်ဟော့နှင့် ရှောင်ရှစ်တို့သည် ပိုမိုကာ စိတ်လှုပ်ရှား လေလေ ဖြစ်၏။

“သွားကြ”

ဝှစ် ဝှစ်

ဤကောင်လေးနှစ်ကောင်သည် အရှေ့သို့ လှမ်းတက်လာပြီးသည့်နောက်မှာတော့ ပါးစပ်ကြီးများကို ဟကာဖြင့် တစ်ဖက်လူ၏ ဓာတ်သဘာဝများကို စားသုံးသူက စားသုံး၊ သန့်စင်သူက သန့်စင် ပြုလုပ်လျက် ရှိနေသည်။

“ကောင်လေးတို့…. မင်းတို့စိတ်ကြိုက် ဆော့ကြတော့” ကျွင်းချောင်ရှောင်းသည် ဟန်ပါပါဖြင့် ပြောလိုက်၏။

“ခေါင်းဆောင်”

ရုပ်ဆိုးဆိုးနှင့် ကင်းသမားသည် မျက်မှောင်ကုတ်လိုက်သည်။ “ကျုပ်တို့ သူ့ကို တားဆီးရမယ်”

ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသည့် စိတ်ဝိညာဉ်ကောင်လေး နှစ်ကောင်သည် သူတို့အား အလုံးစုံပင် ဆွံအတုန်လှုပ်စေခဲ့တော့၏။ သို့ပေမဲ့ ဘေးတစ်ဖက်ဆီမှ ဆက်၍ ကြည့်ရှုလိုက်မည်ဆိုလျှင် မကြာခင်မှာ ဤနဝမမြောက် အခန်းထဲတွင် ရှိနေသော ပြဿနာကောင်သည် အလုံးစုံ သတ်ဖြတ်ခြင်းကို ခံရတော့မှာ ဖြစ်ကြောင်း သူတို့ သိရှိ၏။

“သခင်ကြီးက ပြောခဲ့တယ်”

ရုပ်ဆိုးဆိုးနှင့် ကင်းသမားက ပြောလိုက်သည်။ “ငရဲအလွှာ တစ်ခုချင်းစီတိုင်းမှာ တည်နေရာရွေ့ပြောင်းခြင်း အစီအရင်တွေ ထားထားတာဆိုတာ သူတို့အနေနဲ့ စိတ်ကြိုက်သွားလာခွင့် ရနိုင်စေဖို့အတွက်ပဲ။”

“ခေါင်းဆောင်…. ဆိုလိုရတာ ဒီကောင်လေးက မျက်လုံးကြီးကို အနိုင်ယူနိုင်မယ်ဆိုရင် နဝမမြောက် အခန်းရဲ့ အဓိကပြဿနာကောင်အသစ် ဖြစ်လာမှာပေါ့”

“အမှန်ပဲ”

ခေါင်းဆောင်ကျိသည် စိတ်ဝိညာဉ်ပေါက်လေး နှစ်ကောင်၏ ညှင်းဆဲခြင်းကို ခံနေရသည့် မျက်လုံးကြီး အား အသာကြည့်ရှုလိုက်၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူ၏ နှလုံးသားထဲ၌ ဤမျက်လုံးကြီးအား သန့်စင်ခြင်းခံရသည်ကို ကြည့်ရှုချင်နေမိ၏။ အဘယ်ကြောင့်ဆိုသော် ဤအကောင်ကြီး၏ မိစ္ဆာစွမ်းအင်များသည် အလွန် အန္တရာယ်များလွန်းလှ၏။ ဤနေရာတွင် ချုပ်နှောင်ထားခဲ့သည်ဆိုသော်လည်း တစ်နေ့ အပြင်ဘက်သို့ လွတ်မြောက်သွားပြီ ဆိုပါက သေမျိုးလောကကြီးတစ်ခုလုံးကို ဘေးဒုက္ခများ ဖြစ်ပွားစေမှာ သေချာ၏။

၎င်းတို့၏ ရင်ဘတ်ပေါ်တွင် ရေးထိုးထားသော တရားမျှတမှုဆိုသည့် အချင်းအရာသည် ရင်ဘတ်ပေါ်တွင်သာ မဟုတ် နှလုံးသားထဲတွင်ပါ တည်ရှိနေသည့်အရာဖြစ်၏။ ထို့ကြောင့်ပင် ၎င်းတို့အားလုံးသည် အဆင့်မြင့် သိုင်းကျင့်ကြံခြင်း လမ်းစဉ်ကို ဆက်မလိုက်ဘဲ ကြယ်ကောင်းကင်ခံတပ်ထဲတွင် ကင်းသမားများအဖြစ် လိုလိုချင်ချင်နှင့် လုပ်ကိုင်နေခြင်းပင် ဖြစ်တော့သည်။

……………

ဘုန်း ဘုန်း ဘုန်း

နဝမမြောက် အခန်းထဲမှ ထွက်ပေါ်လာသည့် ကြမ်းတမ်းသည့် စွမ်းအင်များသည် အဋ္ဌမမြောက်အခန်းမှာ ရှိနေသော အကျဉ်းသားများ အားလုံးကို စိုးရိမ်ပူပန်စေခဲ့၏။ သို့ပေမဲ့ နာရီအနည်းငယ်လောက် ကြာပြီးသည့်နောက်မှာတော့ ဤဆူညံလှသည့် အသံကြီးသည် တဖြည်းဖြည်းနှင့် တိတ်ဆိတ်ငြိမ်သက်သွား၏။

“ဘာတွေဖြစ်နေတာလဲ။ ဟိုလူက အဓိကပြဿနာကောင်နဲ့ သွားတိုက်ခိုက်တာ အဲဒီလောက် ကြာလား”

“အခု ပြီးသွားပြီနဲ့တူတယ်”

ဟုတ်ပေသည်။ ပြီးသွားပြီ ဖြစ်၏။ သို့ပေမဲ့ အကျဉ်းသားများ တွေးထင်ထားသလို မဟုတ်ပေ။

ကျွင်းချောင်‌ရှောင်း တစ်ယောက် နှိပ်စက်ရိုက်နှက်ခံရခြင်းမဟုတ်ပေ။ ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ ရိုက်နှက်နှိပ်စက်ခြင်း ခံနေရသည်ကို အဝေးတစ်နေရာတွင် ထိုင်၍ ရေနွေးသောက်က် ကြည့်ရှုနေလေသည်။

ဘုတ်

ကြီးမားလှသည့် မျက်လုံးကြီးသည် မြေပေါ်သို့ ပြုတ်ကျလာ၏။ ရှောင်ရှစ် နှင့် ရှောင်ဟော့တို့သည် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ပါးကောင်နှစ်ကောင်ကဲ့သို့ပင် တွယ်ကပ်လျက် ရှိနေသည်။ လက်ရှိအခြေအနေကို ကြည့်ရှုမည် ဆိုပါက ကြီးမားသည့်မျက်လုံးကြီး၏ ခန္ဓာကိုယ်သည် ဖြူလျော်လျက် ရှိနေတော့၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော မိစ္ဆာစွမ်းအင်များ အားလုံးသည် စုပ်ယူခြင်း သို့မဟုတ် မီးတောက်များ၏ သန့်စင်ခြင်းကို ခံနေရ၏။ သူ၏ ကျင့်ကြံခဲ့သမျှ စွမ်းအင်များ အားလုံးသည် အလုံးစုံ ပျောက်ကွယ်သွားပြီ ဖြစ်၏။

ဝှစ် …။

ရှောင်ရှစ်သည် နှမျောတသကြီးစွာဖြင့် ထိုအကောင်ကြီးပေါ်မှ ခုန်ဆင်းလိုက်ပြီးသည့်နောက် မြေပေါ်တွင် လှဲလိုက်၏။ သူသည် ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “ဒါက စိတ်ကျေနပ်စရာပဲ”

“ဖေဖေ”

ရှောင်ဟော့က ပြောလိုက်၏။ “ဒီရုပ်ဆိုးဆိုးကောင်ကြီးကို ဆက်ပြီး ထိန်းသိမ်းထားရမယ်။ သူ၏ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာစွမ်းအားတွေ ပြည့်လာရင် သူ့ရဲ့စွမ်းအားတွေကို ပြန်ပြီးစုပ်ယူလို့ရတယ် မဟုတ်လား”

ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ မျက်လုံးကြီးသည် တည်နေရာမှာတင် ချက်ချင်း မေ့မျော သွားတော့သည်။

All Chapters