← Chapters

အခန်း (၁၂၆၄)

Vol. 85 Ch. 1264

အခန်း (၁၂၆၄)

Vol. 85 Ch. 1264

ရှောင်ဟော့နှင့် ရှောင်ရှစ်တို့သည် မျက်လုံးကြီးခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကို စုပ်ယူဖျက်ဆီးခဲ့၏။ ထို့ကြောင့် တစ်ဖက်လူသည် အလုံးစုံအားနည်းသည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့သည်။

သို့ပေမဲ့ ရေကန်ရှိနေသည်ဆိုလျှင် တချိန်ချိန်၌ ရေကန်ပြည့်လာမှာ သေချာ၏။ ထိုသို့ဆိုလျှင် ထိုရေကို ပြန်လည်ကာ အသုံးပြုနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့်ပင် တစ်ဖက်လူ စွမ်းအင်များကို စုစည်းလေလေ သူတို့သည် ထိုစွမ်းအင်များကို ရရှိလေလေ ဖြစ်ပေလိမ့်မည်။

“လာခဲ့”

ကျွင်းချောင်ရှောင်းသည် အသာလှမ်းလျှောက်သွားပြီးသည့်နောက်မှာတော့ ပြုံးကာ ပြောလိုက်တော့၏။ “အခု ကျုပ်တို့ သေသေချာချာ ဆွေးနွေးကြတာပေါ့”

ရှောင်ဟော့နှင့် ရှောင်ရှစ်တို့ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ သူသည် မျက်လုံးကြီးကောင်အား အဆုံးစွန်အထိ နှိပ်စက်ရိုက်နှက်ရန် ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်သည်။

စနစ်က ပြောလိုက်၏။ “ဖခင်မေတ္တာက တောင်လို ကြီးမားတာပဲ”

“တော်စမ်း”

ကျွင်းချောင်ရှောင်းက ကျိန်ဆဲလိုက်၏။ ပြီးသည့်နောက်မှာတော့ အေးစက်သည့် အမူအရာဖြင့် ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို အချိန်သုံးစက္ကန့်ပေးမယ်။ တကယ်လို့ မလိုက်လျောဘူးဆိုရင် ပြာဖြစ်တဲ့အထိ ပြုလုပ်ပစ်မယ်”

“..........”

မျက်လုံးကြီး၏ မျက်လုံးထဲမှ မျက်ရည်များ တစက်စက်နှင့် ကျဆင်းလာခဲ့တော့၏။ ကြယ်ကောင်းကင်ခံတပ်သည် သူ့အား နှိပ်စက်ရန်အတွက် ဤလူအား တမင်ကလာ လွတ်လိုက်သည်လားပင် မသိချေ။

“တစ်”

“လိုက်လျောပါ့မယ်။ လိုက်လျောပါ့မယ်”

ရှေးခေတ်ကတည်းက ကြမ်းတမ်းလွန်းလှပါသည်ဟု နာမည်ကြီးကျွေင်းချောင်ရှောင်းသည် ပြောပြီးပြီးချင်းမှာပဲ သူ၏ ဝိညာဉ်စွမ်းရည်များကို ထုတ်လွှတ်ကာ တစ်ဖက်လူနှင့် ပေါင်းစပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ မမျှတသော ပဋိညာဉ်ရေးထိုးမှုကို ပြုလုပ်တော့သည်။

ရှောင်ဟော့နှင့် ရှောင်ရှစ်တို့သည် ဘေးတစ်ဖက်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်းတို့၏ လက်များကို ပိုက်ကာ ခေါင်းကို မော့ထားကြ၏။ တစ်ဖက်လူသည် အဓိပ္ပာယ်မရှိသည့်အရာတစ်ခုခုကို ပြုလုပ်ရန် စဉ်းစားသည်ဆိုပါက သူတို့သည် တစ်ခါတည်း ရိုက်နှက်ပစ်မည့် ပုံပန်းသွင်ပြင်မျိုးပင် ရှိလို့နေခဲ့၏။

ကျွင်းချောင်ရှောင်းသည် သားရဲများနှင့် ပဋိညာဉ်ရေးထိုးမှုကို အကြိမ်ပေါင်းများစွာ ပြုလုပ်ဖူးသူ ဖြစ်သောကြောင့် အတွေ့အကြုံ တော်တော်များနေပြီဟု ဆိုရမည်။ တစ်ဖက်လူသည် လိုက်လျောပြီးဖြစ်သောကြောင့် ပဋိညာဉ်ရေးထိုးမှုသည် နာရီဝက်ခန့်သာ ကြာမြင့်တော့သည်။

“သခင်”

မျက်လုံးကြီးသည် လေးလေးစားစားဖြင့် ခေါ်လိုက်၏။ လက်ရှိအခြေအနေမှာတော့ ငရဲကြီးကိုးထပ်ထဲတွင်ရှိသော အဓိက ပြဿနာကောင်များသည် ကျွင်းချောင်ရှောင်း ရင်ဆိုင်ခဲ့ဖူးသည့် လူများဖြစ်သွားကြ၏။ ထို့ကြောင့် သူ၏ အောင်မြင်မှုသည် ပြည့်စုံသွားခဲ့ပြီဖြစ်၏။

“ဒင်... သီးခြားတာဝန် ပြည့်စုံသည်။ ဆုလာဘ် ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀၀”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၈၀၀၀၀ / ၁၀၀၀၀၀”

“ဒင်... လက်ခံသူသည် သီးခြားတာဝန်ကို ပြည့်စုံစေသည့်အတွက် ဖုံးကွယ်ထားသည့် ဆုလာဘ်ကို ရရှိသည်။ လင်းယွမ်ခန်းမဆောင် နတ်ဘုရားအဆင့်လက်နက် အဆင့်မြှင်တင်ခြင်း ကျောက်တုံးတစ်ခု၊ စည်းဖွင့်ခြင်း အဆောင်တစ်ခုတို့အား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

မျက်လုံးကြီးသည် ကျွင်းချောင်ရှောင်း၏ ပဋိညာဉ်သားရဲ ဖြစ်လာပြီးသည့်နောက်မှာတော့ သူ၏ သီးခြားတာဝန် သည်လည်း ပြည့်စုံသွားခဲ့ပြီဖြစ်၏။ နတ်ဘုရားလက်နက် အဆင့်မြှင့်တင်ခြင်း ကျောက်တုံးအား တာဝန်ပြီးမြောက် သည့်အတွက် ရရှိခဲ့၏။ ထိုအရာသည် ရှားပါးလှသည့်ပစ္စည်းတစ်ခု မဟုတ်သော်လည်း စည်းဖွင့်ခြင်းအဆောင်ကို ရရှိခြင်းမှာတော့ သူ့အတွက် အလွန်တရာ ကောင်းမွန်လွန်းလှ၏။

“ကောင်လေး”

ရုတ်တရက် ပုံရိပ်ယောင်အစီအရင်ဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ “ကြယ်ကောင်းကင် ခံတပ်ရဲ့ စည်းမျဉ်းစည်းကမ်းအရဆိုရင် မင်းက မျက်လုံးကြီးကို အနိုင်ယူနိုင်ခဲ့တယ်။ ဒီတော့ မင်းက ဒီအထပ်ရဲ့ အဓိကပြဿနာကောင် ဖြစ်သွားပြီ”

ဝှစ်

ကျွင်းချောင်ရှောင်း၏ အကျဉ်းသားဝတ်စုံရင်ဘတ်ပေါ်တွင် အဓိကပြဿနာကောင်ဆိုသည့် စာလုံး ပေါ်လာ၏။ ပြီးနောက် သူ၏ ပုံရိပ်အား တခြားသောငရဲကြီးရှစ်ထပ်တွင်ရှိသော အကျဉ်းသားအားလုံး မြင်ရစေရန် ထုတ်လွှင့်ပြသတော့သည်။

“ကောင်းကင်ဘုံ”

ရှမ့်ယုဟန်သည် မျက်လုံးပြူးသွားမိ၏။ “ဂိုဏ်းချုပ်က အဓိကပြဿနာကောင် ဖြစ်လာတာပဲ။ သူက နဝမမြောက်အကျဉ်းခန်းရဲ့ အဓိကပြဿနာကောင် ဖြစ်လာတာ”

တိုးနယားသည်လည်း ထကာ အော်လိုက်မိ၏။ “သခင်က တကယ့်ကို ကြမ်းတာပဲ”

ငရဲခန်းထဲတွင် ရှိနေသော တခြားသော အကျဉ်းသားများဖြစ်သည့် ဟောင်ရန်နတ်ဆိုးနှင့် တခြား သူများ အားလုံးသည် ကျွင်းချောင်ရှောင်း၏ မြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်မိသည်။ “သူတကယ်ပဲ ဒီအဆင့်ကိုတောင် ရောက်ရှိနိုင်ခဲ့တာပဲ”

အကျဉ်းထောင်တစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။ ငရဲကြီးကိုးထပ်၏သခင် ပြောင်းလဲခြင်း သည် တကယ့်ကို ကြီးမားသည့်ကိစ္စပင် ဖြစ်တော့၏။ ထို့ကြောင့် ဤကဲ့သို့ ကြေညာမှုကို ပြုလုပ်ပြီးသည့်နောက် မှာတော့ ပုံရိပ်မြင်ကွင်းများ အားလုံးသည် ကြယ်ကောင်းကင်ခံတပ်ကြီးတစ်ခုလုံးတွင် ပေါ်လာခဲ့တော့၏။ လက်ရှိ အချိန်မှာတော့ ကုန်းရှန့်သည် ကြယ်ကောင်းကင်ခံတပ်ရှိ ပုံရိပ်ယောင်မြင်ကွင်းထဲတွင် ထင်ပေါ်လျက် ရှိနေ၏။

“နဝမမြောက်အခန်းက တကယ့်ကို အဓိကပြဿနာကောင် ပြောင်းလဲသွားတာပဲ”

“အရင်ချုပ်နှောင်ခံထားရတဲ့လူက ရှေးမိစ္ဆာကောင်ကြီးလို့ ပြောတယ်လေ။ သူ့ရဲ့ အားအင်အဆင့်က တည်နေရာ ချိုးဖြတ်ခြင်း အထက်အဆင့်နဲ့တောင် နီးနေတာပဲ။ အခုရောက်လာတဲ့အသစ်က သူ့ကို အနိုင်ယူနိုင်ခဲ့တယ်ဆိုတော့ အားအင်အဆင့်က ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မယ်”

“သူ့ကို အနောက်ဘက်ကနေကြည့်ရတာ နည်းနည်းရင်းနှီးတယ်လို့ မထင်ဘူးလား”

“ချီးတဲ့မှ... ဒါ စားသောက်ခန်းအဝင်ဝမှာ ရုတ်တရက် တိုက်ခိုက်ခဲ့တဲ့လူ မဟုတ်ဘူးလား”

ကျွင်းချောင်ရှောင်းသည် ရင် နှင့်တိုက်ခိုက်သည့်အချိန်တုန်းက သူ၏ မူလအသွင်အပြင်ကို ပြန်လည်ပြောင်းထားခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူ့အား အားလုံးသောသူများသည် မှတ်မိလို့ နေခဲ့တော့၏။

“သူပဲ”

ကျွင်းချောင်ရှောင်းအား ပြဿနာရှာခဲ့ဖူးပြီး လက်ရှိအခြေအနေမှာတော့ ဆေးရုံ၏ ကုတင်ပေါ် လဲလျောင်းနေရေဤလူသည် နဝမမြောက်အခန်း ထဲတွင် ရှိနေသော အဓိကပြဿနာကောင်ကိုပင် အနိုင်ယူနိုင်စွမ်း ရှိနေတော့၏။ သူသည် ယခင်က သွားရောက် ရန်စခဲ့ဖူးသည်။ တကယ်တမ်းမှာတော့ သေမင်းဖင်ကို တုတ်နှင့် သွားထိုးခြင်းသာ ဖြစ်လေသည်။

.................

ကျွင်းချောင်ရှောင်းသည် မျက်လုံးကြီး၏ နေရာကို အစားထိုးဝင်ရောက်ပြီးသည့်နောက်မှာတော့ နဝမမြောက် အခန်း၏ အဓိကဆရာကြီးဖြစ်လာခဲ့၏။ ထိုအချင်းအရာသည် အားလုံးသောသူများကို အံ့အားသင့်စေတော့၏။ လက်ရှိ အခြေအနေမှာတော့ မြို့ထဲတွင်ရှိသော သိုင်းကျင့်ကြံသူများ အားလုံးသည် သူပထမအဆင့်ဆီမှ နဝမအဆင့်ဆီသို့ တောက်လျောက် တိုက်ခိုက်ခဲ့သည် ဖြစ်ကြောင်းကို မသိရှိခဲ့ကြချေ။ သိရှိသည်ဆိုပါက ၎င်းတို့၏ တုန်လှုပ်မှုများသည် ပိုမိုကာ အားကောင်းခဲ့မှာ သေချာတော့၏။

“အဓိကပြဿနာကောင် ဟုတ်လား”

အကျဉ်းသားဝတ်စုံ၏ရင်ဘတ်ကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်း သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်မိသည်။ “ငါ ဒီမှာ ထာဝရ ချုပ်နှောင်ခြင်းကို မခံချင်ဘူး”

“ဒါဆိုရင် လက်ခံသူ သွားတော့လေ” စနစ်က ပြောလိုက်၏။

ကြယ်ကောင်းကင်ခံတပ်ဆီသို့ ရောက်ရှိလာရသည့် အကြောင်းရင်းသည် နှစ်ခုရှိသည်။ တစ်ခုသည် သိုင်းနယ်မြေ တစ်ပိုင်းဆေးလုံးအတွက် လိုအပ်သည့် ကုန်ကြမ်းများကို ဝယ်ယူရန်ဖြစ်ပြီး တခြားတစ်ခုမှာတော့ သိုင်းအင်ပါယာ ကိုးယောက်တို့ကို ရှာဖွေကယ်ဆယ်ရန်ပင် ဖြစ်တော့သည်။

ယခု ငရဲကြီးကိုးထပ်လုံးကို ရှင်းလင်းပြီးပြီ ဖြစ်သောကြောင့် ပြုလုပ်စရာများ မရှိတော့ချေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ပြန်ရန် အချိန်ကျရောက်နေပြီ ဖြစ်၏။

စနစ်က ပြောလိုက်သည်။ “ဒါနဲ့ လက်ခံသူ ဘယ်လိုထွက်မှာလဲ”

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းသည် ခြေချိတ်ထိုင်ကာဖြင့် တွေးလိုက်မိ၏။ “ငါ ဘယ်လိုထွက်ရင် ကောင်းမလဲ”

ပထမထပ်ဆီမှ နဝမမြောက်အထပ်ဆီသို့ ရောက်ရှိခဲ့ခြင်းနှင့်ပတ်သက်၍ ခံတပ်ကြီးသည် ဂရုမစိုက်လှချေ။ ဤအရာသည်မှာ စိန်ခေါ်၍ တိုက်ခိုက်နိုင်စေရန် ခွင့်ပြုပေးထားခြင်းဖြစ်ပေလိမ့်မည်။ ခွင့်ပြုမပေးထားလျှင်လည်း အဘယ်ကြောင့် တည်နေရာရွေ့ပြောင်းခြင်းအစီအရင်များအား ငရဲကြီးကိုးထပ်တွင် ထားရှိထားမည်နည်း။ ရိုးရှင်းစွာ သုံးသပ်ရမည်ဆိုလျှင် သူ့အနေနှင့် ဤငရဲခန်းထဲသို့ ရောက်ရှိသည်ဆိုသည်နှင့် လုပ်ချင်ရာကို လုပ်နိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ဆိုသည်မှာတော့ ၎င်းတို့၏ သဘောတူညီမှု လိုအပ်နေသေးသည်။

“တကယ်လို့ ငါ အချိန်နဲ့တည်နေရာပိုးကောင်ကို ထုတ်ယူပြီး အတားအဆီး အစီအရင်ကို ဝါးမြိုခိုင်းလိုက်မယ်ဆိုရင် ဒါက ချက်ချင်း ချိုးဖြတ်သွားမှာပဲ။ ဒါပေမဲ့ သူတို့ အားလုံးက အလန့်တကြား ဖြစ်ကုန်လိမ့်မယ်” ကျွင်းချောင်ရှောင်း က တွေးလိုက်မိ၏။

စနစ်က လေးလေးနက်နက် ပြောလိုက်သည်။ “မျက်လုံးကြီးကောင်က စောနတုန်းက ကြမ်းကြမ်းတမ်းတမ်းနဲ့ အတားအဆီးကို တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ အကာအကွယ် အတားအဆီးစနစ်က တစ်ချက်ကလေးတောင် တုန်ခါမသွားခဲ့ဘူး။ ဒီတော့ အချိန်နဲ့ တည်နေရာပိုးကောင် တစ်ခုတည်းနဲ့ ထွက်ပြေးလွတ်မြောက်သွားနိုင်ဖို့ဆိုတာ လက်ခံသူအတွက် ခက်ခဲလိမ့်မယ်”

“တစ်ခုတည်း ဟုတ်လား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းအနေနဲ့ တစ်ခုတည်းနဲ့ မရဘူးလား။ မရဘူးဆိုရင် ငါ နောက်တစ်ကောင် ရှိသေးတယ်လေ။ ထုတ်ပြီးတော့ ကိုက်ခိုင်းလိုက်မှာပေါ့”

“..........”

စနစ်သည် ပြိုလဲသွားမိ၏။ သူဆိုလိုသည်မှာ အချိန်နှင့်တည်နေရာပိုးကောင်တစ်ခုတည်းနှင့် အလုပ်မဖြစ်နိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့ပေမဲ့ လက်ခံသူသည် သောက်တလွဲ မည်သည့်အရာများကို တွေးတောနေသနည်း။

“အလျင်မလိုနဲ့။ အလျင်မလိုနဲ့”

ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။ “ငါ့အနေနဲ့ သိုင်းအင်ပါယာကိုးယောက် တို့ကို ခေါ်ဆောင်သွားနိုင်ဖို့ နည်းလမ်းကို စဉ်းစားရအုံးမယ်။ ငါတစ်ယောက်တည်း ထွက်သွားလို့ မဖြစ်သေးဘူး”

“ဟေး”

သူသည် ခေါင်းကို မော့ကာဖြင့် အော်လိုက်မိ၏။ “ကျုပ် အောက်ကို ဆင်းလာနိုင်တယ်ဆိုတော့ အပေါ်ကို ပြန်သွားလို့ရလား”

“မရဘူး”

“……….”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ ဤကဲ့သို့ ဖြစ်မည်သာ သိမည်ဆိုပါက သူသည် အင်ပါယာ ကိုးယောက်တို့ကို တစ်ခါတည်း ထျန်းယွမ် အကျဉ်းထောင်စေတီထဲသို့ ထည့်ကာ ခေါ်လာခဲ့မှာ သေချာ၏။

“အပေါ်ကို တက်နိုင်ဖို့ဆို ဘာတွေ လုပ်လို့ရလဲ”

“အပေါ်ကို တက်လို့ မရဘူး” ဟောခန်းထဲတွင် ထိုင်နေသော ကင်းသမားသည် ပုံရိပ်ယောင်အစီအရင် မြင်ကွင်းမှ တဆင့် လှမ်း၍ ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် အထင်အမြင်သေးစွာ ပြောလိုက်သည်။ “လောကမှာရှိတဲ့ ဘယ်အစီအရင်မဆို ပြစ်ချက် ဆိုတာ ရှိတာပဲလေ။ ဒီတော့ ကျုပ်လုပ်ချင်တယ်ဆိုရင် ဒါကို လွယ်လွယ်ကူကူ ချိုးဖြတ်လို့ရတယ်”

“ဟမ့်”

ကင်းသမား တော်တော်များများတို့သည် နှာခေါင်းကို ရှုံ့လိုက်မိကြ၏။ ဤလူသည် ပထမထပ်ဆီမှ နဝမ မြောက်အထပ်ဆီသို့ တိုက်ခိုက်နိုင်ခဲ့သောကြောင့် စွမ်းရည်ရှိသည်ဆိုခြင်းမှာ ငြင်းပယ်၍ မရနိုင်ချေ။ ထို့အပြင် ၎င်းတို့၏ ကင်းသမားတစ်ယောက်ကိုပင် တိုက်ခိုက် အနိုင်ယူနိုင်ခဲ့သေး၏။ သို့ပေမဲ့ ခံတပ်၏ အကာအကွယ် အစီအရင်သည် သေမျိုးစကြဝဠာထဲတွင် အဆင့်အမြင့်ဆုံး ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူသည် ဤကဲ့သို့ လွယ်လွယ်ကူကူ ချိုးဖြတ်နိုင်မည် ဆိုခြင်းမှာ လေကြီးနေခြင်းသာ ဖြစ်ပေလိမ့်မည်။

“ကောင်လေး” ကင်းသမားသည် ထူးမခြားနားသလို ပြောလိုက်၏။ “မင်းအပိုတွေ လျှောက်ပြောရင်းနဲ့ လျှာကိုက်မိပြီး သေသွားမှာ မစိုးရိမ်ဘူးလား”

ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ဖြန့်ကားကာ ပြောလိုက်သည်။ “ခင်ဗျားတို့ မယုံဘူးဆိုရင် အလောင်းအစားလုပ်လိုက်ကြရအောင်”

“ဘာကို လောင်းမှာလဲ”

“ကျုပ်အနေနဲ့ ဒီနေရာမှာရှိတဲ့ အတားအဆီး အစီအရင်ကို ချိုးဖြတ်ပြီးတော့ အပေါ်ကို တက်သွားနိုင်မယ် ဆိုရင် ကျုပ်စိတ်ကြိုက် ဝင်ထွက်သွားလာခွင့် ပေးမလား”

“တကယ်လို့ မင်းမလုပ်နိုင်ရင်ကော”

“စောနတုန်းက မေ့လဲသွားတဲ့ လူကြီးဆီမှာ အကြွေးစိတ်ဝိညာဉ်ကျောက်တုံး တစ်သန်း ရှိသေးတယ်လေ။ အဲတာကို ကျုပ် မယူတော့ဘူး”

All Chapters