သတင်းများ
Vol. 96 Ch. 1331
ပင်းကလန်၏ အဓိက ကောင်စီခန်းမ အတွင်းတွင်...
ဘန်း...
“ဘယ်ခွေးသူတောင်းစားက ဒီသတင်းတွေကို ဖြန့်တာလဲ...”
ပင်းကလန်၏ အကြီးအကဲ တစ်ဦးက စားပွဲကို လက်ဝါးဖြင့် ရိုက်ရင်း အော်ဟစ်လိုက်၏။ ပင်းကလန်၏ သတင်းများမှာ တားဆီး၍ မရနိုင်အောင်ပင် အလွန် လျှင်မြန်စွာ ပျံနှံ့နေခဲ့သည်။ ယခုဆိုလျှင် ချီပျစ်ခဲခြင်း အဆင့် လယ်သမားများပင် ပင်းကလန် အကြောင်းကို သတိပြုမိနေကြပြီ ဖြစ်သည်။
ထျန်းမူန်မှာ ခန်းမ အတွင်းရှိ ဂုဏ်ထူးဆောင် ထိုင်ခုံတွင် ထိုင်နေခဲ့၏။ သူ၏ အမူရာက တည်ငြိမ်နေကာ မည်သည့် အကြောင်းအရာများ တွေးတောနေကြောင်း ခန့်မှန်းရန် ခက်ခဲလှသည်။
ပင်းကလန်၏ လောလောဆယ် အခြေအနေမှာ ဦးစောက် ထိုးကျနေသည်ဟုပင် ဆိုနိုင်ပေသည်။ သူတို့က သေမျိုးတစ်ပိုင်း အရှင် နှစ်ယောက်ကို ဆုံးရှုံးခဲ့သည်။ ပင်းထျန်းမှာ သေဆုံးသွားခဲ့ပြီး ပင်းကျင်းရုမှာလည်း အသတ်ခံခဲ့ရသည်။ ထိုသတင်းအား ဖြန့်ဝေသည့် မည်သူမဆို ဟယ်ပို့ကျွင်း၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန် အတွက် အားနည်းနေသည့် ပင်းကလန်၏ အခြေအနေကို ချနင်းနေခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
“သတင်းဖြန့်တဲ့လူတွေက ကျွန်မတို့ရဲ့ ပြိုင်ဘက်တွေကို ရည်ရွယ်ချက် ရှိရှိ သတင်းပေးနေတာ... သူတို့ကို ရှာပြီး အရေးယူသင့်တယ်”
အကြီးအကဲက ဒေါသတကြီး ထပ်မံ အော်ဟစ်လိုက်ရင်း ထျန်းမူယန်၏ တုန့်ပြန်ပုံကို မသိမသာ အကဲခတ် လိုက်သည်။ ဗလာကျင်းနေပြီး ဂရုမစိုက်ပုံ ပေါ်သည့် လူအိုကြီး၏ အမူအရာကို မြင်လိုက်ရသော အခိုက်၌ သူ စိတ်ထဲမှ ကြိတ်ကာ ပျော်ရွှင်သွားခဲ့သည်။
အစစ်အမှန် အေးခဲခြင်း နယ်မြေမှာ ဒြပ်စင် နယ်မြေလိုပင် လူအများ မျှော်လင့်ထားသလို အေးချမ်းသည့် နယ်မြေ တစ်ခု မဟုတ်ချေ။ ရင်းမြစ် အတွက် ပြိုင်ဆိုင်မှုများမှာ နယ်မြေ၏ နေရာတိုင်း လိုလိုတွင် ဖြစ်ပျက် နေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... ပုံမှန် မဟုတ်သည့် ရည်ရွယ်ချက်များလည်း ရှိသည်။ ထျန်းကလန် အင်ပါယာ တစ်ခေတ်တွင် နိုဘယ် ကလန် တစ်ခုကို အခြား ကလန် တစ်ခုက အစားထိုးသွားသည့် ဖြစ်ရပ်မျိုး မဖြစ်ပေါ်ခဲ့ဖူးသော်လည်း... ပိုမို အားကောင်းသည့် အင်အားစု တစ်ခု၏ ကြိုးဆွဲခံ ဘဝမျိုး ရောက်ရှိသွားနိုင်ချေကတော့ အမြဲတမ်း ရှိပေသည်။ ပင်းမျိုးနွယ် ယခုအချိန် အထိ လုံခြုံနေရသည့် အဓိက အကြောင်းရင်းမှာ အင်ပါယာ ကလန်နှင့် ဆက်ဆံရေးကြောင့်ပင် ဖြစ်သည်။
သို့သော်လည်း... ပင်းမျိုးနွယ်၏ တည်ဆောက်ပုံကြောင့်ပင် အတွင်းပိုင်း၌ ရှုပ်ထွေး ပွေလီသည့် ခြိမ်းခြောက်မှုများ ရှိပေသည်။ အင်ပါယာ ကလန်၏ ဇနီးတိုင်းမှာ ပင်းမျိုးရိုးမှ တိုက်ရိုက် ဆင်းသက်လာကြသူများ မဟုတ်ကြချေ။ သူတို့ထဲမှ အများစုမှာ ရှောင်ပင်း ကဲ့သို့ပင် ထူးခြားသည့် ပါရမီများကြောင့် ပင်းကလန် အတွင်း ရောက်ရှိလာကြသူများ ဖြစ်သည်။ ထိုအရာက အလွန် ရှုပ်ထွေး ပွေလီသည့် အိမ်ထောင်ရေး ကွန်ယက် တစ်ခုကို ဖြစ်ပေါ်စေသည်။
ပင်းကလန်၏ တိုက်ရိုက် မျိုးဆက်မှာ ကြီးမားသည့် ထိုးနှက်မှုကို ခံခဲ့ရကာ သူတို့ထံတွင် လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူများသာ ကျန်ရှိပေတော့သည်။ တိုက်ရိုက် မျိုးဆက်မှ မဟုတ်သည့် ကလန်တွင်း အင်အားစု တစ်ချို့ ဆိုလျှင် ပိုမို များပြားသည့် သေမျိုးတစ်ပိုင်း အရှင်များ၊ လျှို့ဝှက် ဝိညာဉ် အဆင့်များကို ပိုင်ဆိုင် ထားပေသည်။ ယခု ပင်းထျန်းနှင့် ပင်းကျင်းရုတို့ ကျရှုံးသွားပြီ ဖြစ်လေရာ အရင်းအမြစ်နှင့် သြဇာအာဏာ အတွက် အတွင်းအပြင် ပြိုင်ဆိုင်မှုများမှာ ပိုမို ပြင်းထန်လာမှာ သေချာပေသည်။
ငြင်းခုန် ပြောဆိုနေကြသည့် ပင်းကလန်၏ အကြီးအကဲများကို ထျန်းမူယန်မှာ တိတ်တဆိတ်ပင် ကြည့်နေခဲ့၏။ ပင်းကလန် တိုက်ရိုက် မျိုးဆက် အကြောင်း သတင်းလွှင့်ခဲ့ကြသူများထဲတွင် သူတို့လည်း အပါအဝင် ဖြစ်ကြောင်း သိသာ ထင်ရှားပေသည်။ သူတို့က သတင်းလွှင့် အဖွဲ့အစည်းတစ်ချို့၏ အကူအညီနှင့် အတူ ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် သူတို့ ထုတ်လွှင့်နေသည့် ဝိညာဉ် ဆက်သွယ်မှုများကို သူ မည်ကဲ့သို့ မရိပ်မိပဲ နေပါမည်နည်း။ သူတို့ထံတွင် ဝေ့ဝူယင်လိုမျိုး ဟင်းလင်းပြင် စွမ်းအင် ပါဝင်သည့် ဆက်သွယ်ရေး ကိရိယာများ မရှိပါချေ။
သူတို့က ပင်းကလန် အတွင်း အာဏာကို ပြန်လည် ဖွဲ့စည်းချင်နေကြတာ ရှင်းလင်းပေသည်။ ပင်းကျင်းရုမှာ ပြန်လည် ကောင်းမွန်လာဖို့ အချိန်များစွာ ကြာမြင့်ဦးမည် ဖြစ်သည်။ သူတို့က သူမကို လုံလောက်သည့် ရင်းမြစ်များ မပေးလိုကြချေ။ ဆွေးနွေးပွဲ အတွင်း၌ သူတို့မှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်အား ပြန်လည် ကုသရန် လိုအပ်သည့် ရင်းမြစ်များအကြောင်းကိုပင် အရှက်မဲ့စွာ ညည်းညူနေကြသည်။ ထို့နောက်... တိုက်ရိုက် မျိုးဆက် ထိန်းချုပ်ထားသည့် ဘဏ္ဍာရေး စီမံကိန်းများကိုပင် ခွဲဝေယူဖို့ အထိ သွေးတိုးစမ်း ပြောဆို လာကြသည်။
ထျန်းမူယန် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ဘယ်လောက်တောင် လောဘကြီးလိုက်သည့် ကျင့်ကြံသူများနည်း။ သို့သော်လည်း... ထိုရင်းမြစ်များကိုသာ ထိရောက်စွာ အသုံးချပါက သူတို့မှာ ရာစုနှစ် အနည်းငယ် အတွင်း တိုက်ရိုက်မျိုးဆက်ထက် အဆပေါင်းများစွာ အင်အားကြီးမား သွားတော့မည် ဖြစ်သည်။ သေချာတာ တစ်ခုက... ပင်းကလန်မှာ ယခင်ကလို ပြန်မဖြစ်နိုင်တော့ချေ။
သို့သော်လည်း ထျန်းမူယန်မှာ ပင်းကလန်၏ အခြေအနေများကို သိပ်ဂရုမစိုက်ပါချေ။ ပင်းကျင်းရုအား ပြန်လည် ကယ်တင်ခဲ့ခြင်းကပင်လျှင် သူ့အတွက် အလွန် အကုန်အကျများနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဇနီးဖြစ်သူက ထပ်မံ ပါဝင်ဖို့ ညည်းသူ တောင်းဆိုခဲ့လျှင်တော့ အိပ်ရာထက်မှာ သူမကို သင်ခန်းစာ တစ်ခု ပေးရလိမ့်မည် ဖြစ်သည်။ သို့မှသာ ထိုမိန်းမ အမှတ်ရှိ သွားပေလိမ့်မည်။
...
သတင်းလှိုင်းလုံးများက အဆက်မပြတ် မြင့်တက်နေခဲ့ချိန်တွင် ဟယ်ပို့ကျွင်း တစ်ယောက်ကတော့ တိတ်ဆိတ် ငြိမ်သက်နေကာ ကောင်းကင်ဓာတ်တော် အကြောင်း ပျံ့ပွား မသွားအောင် ဖုံးဖိ ထားခဲ့သည်။ သို့သော်လည်း ကျန်းကလန်မှာ ရွှေရောင် ဂိတ်တံခါး နန်းတော်ထံသို့ သွားရောက်ကာ ယာယီ အဖြစ်အပျက်များ အကြောင်း မေးမြန်းခဲ့သည်။ မြင့်မားသည့် စျေးနှုန်းတစ်ခု ပေးချေခဲ့ပြီးချိန်တွင်တော့ သူတို့မှာ တိုက်ပွဲအကြောင်း အသေးစိတ် အချက်အလက်များကို ရရှိသွားခဲ့တော့သည်။
ထိုအကြောင်းကြောင့်ပင် လူအများစုမှာ ရွှေရောင် ဂိတ်တံခါး နန်းတော်နှင့် ပတ်သက်ပါက ဆိုးရွားသည့် ခံစားချက် တစ်ခု ရှိကြခြင်း ဖြစ်သည်။ သူတို့မှာ လုပ်ငန်းနှင့် ပတ်သက်ပါက မည်သူ့ကိုမှ မျက်နှာ မလိုက်သလို ထိန်ချန်ထားခြင်းလည်း မရှိပါချေ။
ကောင်းကင်ဓာတ်တော် အကြောင်း သိရှိခဲ့ရပြီး နောက်တွင် ကျန်းကလန်မှာ ဖြစ်နိုင်ချေ ရှိသည့် လူများနောက်ကို လိုက်ဖို့ ကြိုးပမ်းခဲ့တော့သည်။ သတင်းက ရွှေရောင် ဂိတ်တံခါး နန်းတော်ထံမှ ထပ်ဆောင်း ပျံ့နှံ့သွားကာ အဆုံးမဲ့ ကောင်းကင်ရှိ ထိပ်သီး အင်အားစုများပါ လှုပ်ရှားလာခဲ့ကြသည်။ တစ်ချို့က ဆိုလျှင် ဝရမ်းပြေး ကြေညာချက်များပင် ထုတ်ခဲ့ကြသည်။
ဧရာမ ဓားကြီးကို ကိုင်သည့် မိစ္ဆာ ကျင့်ကြံသူ တစ်ဦးနှင့် နဂါး တစ်ကောင် လိုလို၊ ပုတ်သင်ညို လိုလို ထူးဆန်းသည့် ရုပ်ခန္ဓာ ကျင့်စဉ်ကို ကျင့်ကြံထားသည့် လူသား တစ်ဦး...
တစ်စတစ်စနှင့် ရှာဖွေမှုများမှာ ပိုမို၍ ပြင်းထန်လာခဲ့၏။ သို့သော်လည်း တစ်ရက်ကြာမြင့်ပြီးနောက် ရုတ်ချည်း ဆိုသလိုပင် ထူးဆန်းသည့် ရုပ်ခန္ဓာ ကျင့်ကြံသူကို ဝရမ်းပြေး စာရင်းမှ ပယ်ဖျက်လိုက်သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ လုပ်ကြံမှုကို အဓိက လုပ်ဆောင်သွားခဲ့သည့် မိစ္ဆာ ကျင့်ကြံသူကိုသာ အမဲလိုက်ခဲ့တော့သည်။
ထို့နောက်တွင်တော့ ရှာဖွေမှုမှာ စိတ်ရှုပ်ထွေးဖွယ်ရာ နည်းလမ်းဖြင့် အဆုံးသတ် သွားခဲ့သည်။ အဘယ်ကြောင့်နည်း။ ရပ်တန့်လိုက်ရသည့် အကြောင်းကို မည်သူမှ မခန့်မှန်းနိုင်သောကြောင့်ပင်။ အင်ပါယာ ကလန်သည်ပင် သည်အတိုင်း ရိုးရှင်းစွာ ရပ်တန့်သွားခဲ့သည်။
ထိုအရာ အားလုံးမှာ... ရှောင်ပင်း၏ နောက်ခံ အကြောင်း လူများ သိရှိသွားချိန်တွင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ အချို့သော လျှို့ဝှက် အင်အားစုများမှာ ထန်ကလန်သို့ အလည်အပတ် သွားခဲ့ကြသော်လည်း အနှေးနှင့် အမြန်ပင် ပြန်လည် ထွက်သွား သွားခဲ့ကြသည်။ အကယ်၍ အနီးကပ် စောင့်ကြည့်နေသူ တစ်ယောက်သာ ရှိပါက သူတို့ အားလုံး၏ အမူအရာများက သုန်မှုန်နေကြကြောင်း သတိထားမိလိမ့်မည် ဖြစ်သည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... ကောင်းကင်ဓာတ်တော် ရှာဖွေမှုများကတော့ ကြေညာချက် တစ်စောင်ပင် ထွက်ပေါ်လာခြင်း မရှိပဲ အဆုံးသတ် သွားခဲ့ပြီ ဖြစ်သည်။ မီးခိုးရောင် အကြေးခွံ ကျင့်ကြံသူနှင့် မိစ္ဆာ လုပ်ကြံသူတို့ကို ခပ်မြန်မြန်ပင် မေ့လျော့ လိုက်ကြသည်။ သာမန်လူများ၏ အမြင်တွက်တော့ ဖြစ်ပျက်ခဲ့သမျှက အထူးအဆန်းချည်းသာ ဖြစ်သည်။ သူတို့ ဘယ်လိုမှ လိုက်မမှီနိုင်ကြပါချေ။
...
ထျန်းမူယန်ပိုင် လောကနယ်မြေ အတွင်းရှိ မဟာ ခန်းမကျယ် တစ်ခုထဲ၌...
“ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်သလဲ...”
ယန်ချောင်ယွီက ထိုင်ခုံ တစ်ခုတွင် ပျင်းရိစွာ ထိုင်ရင်း ပြောလိုက်သည်။ သူမ၏ အမူအရာက ကြီးကျယ် ခမ်းနားကာ အဖိုးတန် ဇိမ်ခံ ပစ္စည်းများ ပြည့်နှက်နေသည့် ထည်ဝါ မြင့်မြတ်သော နေရာနှင့် မလိုက်ဖက်သလို ခံစားရသည်။
ထျန်းမူယန်ကတော့ သူ့ ပလ္လင်ထက်တွင် ထိုင်နေခဲ့၏။ သူ၏ ဦးခေါင်းထက်တွင် အလွန်အမင်း သေးငယ်သည့် ကြယ်လေး ရှစ်လုံးက ပျံဝဲနေသည်။ ထျန်းမူယန်မှာ အနည်းငယ် မျက်မှောင်ကြုတ် ထားရင်း စိတ်ပျက်လက်ပျက် အမူအရာဖြင့် မျက်လုံးများကို မှိတ်ထားခဲ့၏။
အခြားတစ်ဖက်၌ ယန်ချောင်ယွီကတော့ အနည်းငယ် အူမြူးနေပုံ ပေါ်ကာ မျက်နှာထက်တွင် အပြုံးတစ်ခုပင် ရှိနေခဲ့သည်။
“အဂ္ဂိရတ် အာဏာရှင်ဝေ့ရဲ့ လွှမ်းမိုးမှုက တကယ့်ကို ဖြုံလောက်စရာပဲ... ရှောင်ပင်းကို ကယ်လိုက်တဲ့ လူက ဝေ့ဝူယင် ဖြစ်နိုင်ချေ ရှိတယ် ဆိုတဲ့ ယူဆချက် တစ်ခုနဲ့တင် ကောင်းကင် ဓာတ်တော် အတွက် ရှာဖွေမှုတွေ အားလုံး ရပ်သွားခဲ့တာ... အဲဒါက လက်နက်ချလိုက်တာနဲ့ အတူတူပဲ မလား... ကျွန်မတို့ ကြယ်တာရာ နယ်မြေရဲ့ အင်အားစုတွေက ဘယ်တုန်းက ဒီလောက် ပျော့ညံ့သွားရတာလဲ”
ထျန်းမူယန်က မျက်လုံးများကို မဖွင့်ပါချေ။
“ငါတော့ အတော် စိတ်ပျက်နေပြီ...”
“ဟ ဟ... ကျွန်မ သိပါတယ်...”
ယန်ချောင်ယွီက ရယ်မောလိုက်၏။ အင်ပါယာ၏ တိုက်ရိုက် အမိန့်ကြောင့်သာ မဟုတ်ပါက ထျန်းမူယန်၏ မောင်းမဆောင် ထားရှိရာ ဤလောက နယ်မြေကို သူမသည်လည်း လာလည်လိမ့်မည် မဟုတ်ချေ။ ယခုတွင်တော့ အင်ပါယာက သူမနှင့် ထျန်းမူယန်ကို ကောင်းကင် ဓာတ်တော်၏ လျှို့ဝှက်ချက်များ အကြောင်း ဝေ့ဝူယင်နှင့် စေ့စပ် ညှိနှိုင်းဖို့ အမိန့်ပေးလိုက်သည်။ ထို့အပြင်... ၎င်းက ငြင်းဆိုလို့ မရသည့် အကြွင်းမဲ့ အမိန့် ဖြစ်သည်။
"အဲဒီကိစ္စက သေချာလား...”
ထျန်းမူယန်က မေးလိုက်၏။ ယန်ချောင်ယွီက ခေါင်းညိတ်လိုက်သည်။
“သေချာ သလောက်ပဲ... ရွှေရောင် အသက်နန်းတော်က သူတို့ မိစ္ဆာ လုပ်ကြံသူကို ထိန်းသိမ်းထားတဲ့ အကြောင်း ဖုံးကွယ် မထားဘူး... အခု အဲဒီ တစ်ယောက်က ရွှေကောင်စီရဲ့ အမိန့်နဲ့ အတူ ရွှေရောင် အသက်နန်းတော်မှာပဲ ရှိနေတယ်တဲ့”
“ရွှေကောင်စီရဲ့ အမိန့် ဟုတ်လား... သူ့ အမိန့်ပဲ နေမှာပါ”
ထျန်းမူယန်၏ အသံက လေးစားမှု အငွေ့အသက် တစ်ချို့တို့ စွန်းထင်သွား၏။ ရွှေရောင် အသက်နန်းတော် အပေါ် ဝေ့ဝူယင်၏ သြဇာ သက်ရောက်မှုက မည်မျှ ကြီးမားကြောင်း သူ သိပေသည်။ မာ့ကျန်း နန်းတော် သခင် ဖြစ်လာခဲ့ခြင်းကပင်လျှင် ဝေ့ဝူယင်၏ အကူအညီကြောင့် ဖြစ်သည်။
"အဂ္ဂိရတ် အာဏာရှင်ဝေ့ကို ထည့်မစဉ်းစားရင်တောင် ရွှေရောင် အသက်နန်းတော်ကို ဘယ်သူက အမိန့်ပေးနိုင်မှာလဲ... အလွန်ဆုံး အနေနဲ့ အင်အားစု အားလုံး စုပေါင်းပြီး ကောင်းကင် ဓာတ်တော်ကို ရွှေလေလံပွဲ လုပ်ဖို့ တွန်းအားပေးရုံလောက်ပဲ တတ်နိုင်မှာ”
ယန်ချောင်ယွီကလည်း သက်ပြင်းတစ်ချက် ချလိုက်၏။ ဘယ်လိုပဲ ဖြစ်ဖြစ် ညှိနှိုင်းဖို့ တာဝန်က သူတို့ အပေါ်သို့ ရောက်ရှိလာပြီ ဖြစ်လေရာ အကောင်းဆုံးတော့ လုပ်ဆောင်ရမည် ဖြစ်သည်။
ဝမ်... ဝမ်...
ရုတ်တရက် ထျန်းမူယန်နှင့် ယန်ချောင်ယွီတို့ နှစ်ယောက်စလုံး၏ လက်စွပ်များမှာ ဝိညာဉ် အလင်းများနှင့် တောက်ပသွားခဲ့၏။ သူတို့ ဝိညာဉ် သတင်စကားများ လက်ခံ ရရှိလိုက်ခြင်းပင် ဖြစ်သည်။ နှစ်ယောက်စလုံး ခပ်မြန်မြန်ပင် လက်စွပ်ကို စစ်ဆေး လိုက်ကြသည်။
“...”
ထို့နောက် သူတို့ နှစ်ယောက်စလုံး၏ အမူအရာများမှာ အံ့သြမှုများနှင့် ပြည့်နှက် သွားခဲ့ကြ၏။ တစ်ခဏ ကြာပြီနောက် ယန်ချောင်ယွီက တောက်ပစွာ ပြုံးလိုက်လေသည်။
“ကောင်းတယ်... ဒါဆိုရင် ကျွန်မတို့ အဲဒီ စိတ်ပျက်စရာ ကောင်းတဲ့ အလုပ်ကို ဆက်ပြီး လုပ်စရာ မလိုတော့ဘူး”
ပလ္လင်ထက်ရှိ ထျန်းမူယန်၏ အမူအရာကလည်း အနည်းငယ် ပြေလျော့ သွားကာ စိတ်သက်သာရာ ရသည့် သက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူတို့ ရရှိလိုက်သည့် သတင်းကတော့ အခြား မဟုတ်။ ဝေ့ဝူယင်မှာ ကောင်းကင် ဓာတ်တော်ကို အသုံးပြုကာ အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖော်စပ်တော့မည် ဆိုသည့် သတင်းပင်။
ထို့အပြင်... ထုတ်ကုန် ပြီးမြောက် သွားပြီးနောက်တွင် ဝေ့ဝူယင်မှာ သူ၏ ပထမဆုံးသော အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည် ပြပွဲ ကျင်းပကာ ထိုထုတ်ကုန်ကို ထုတ်ဖော် ပြသမည်ဟု ဆိုထားပေသည်။
***