သတင်းများ (၂)
Vol. 96 Ch. 1332
အဂ္ဂိရတ် ကုန်စည်ပြပွဲ ဆိုသည်မှာ အဂ္ဂိရတ် အာဏာရှင်များက သူတို့ ကိုယ်တိုင် ဖော်စပ်ထားသည့် အဂ္ဂိရတ် ထုတ်ကုန်များကို ခင်းကျင်းပြသသည့်ပွဲ ဖြစ်သည်။ သို့သော်လည်း... ပုံမှန်အားဖြင့် အဂ္ဂိရတ် အာဏာရှင် တစ်ယောက်တည်းမှ ထုတ်ဖော်ပြသသည့်ပွဲမျိုး ရှားပါးလှကာ နီးစပ်ရာ နီးစပ်ရာ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ စုပေါင်း၍ လုပ်ဆောင်လေ့ ရှိကြပေသည်။ တစ်ယောက်ချင်းစီမှာ သူတို့ ကိုယ်တိုင် ဖော်စပ်ထားသည့် အဂ္ဂိရတ် ထုတ်ကုန်များကို ခင်းကျင်း ပြသကြကာ အကောင်းဆုံးသော အရည်အသွေးဖြင့် ကိုယ်ပိုင် နာမည် ဂုဏ်သတင်းကို တည်ဆောက်ကြသည်။
ဝေ့ဝူယင်မှာ အလွန် ငယ်ရွယ်သေးသည်။ အဂ္ဂိရတ် ကြယ်တာရာများ ကြောင့်သာ သူ့ကို မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဖြစ် တရားဝင် အသိအမှတ်ပြုကြခြင်း ဖြစ်သည်။ သူက ယခုအချိန်အထိ ကုန်စည် ပြပွဲ တစ်ခုကိုမှ မလုပ်ဖူးသေးချေ။
သတင်းအချက်အလက်များ အရ ဆိုလျှင်... ထိုကုန်စည်ပြပွဲ၌ ဝေ့ဝူယင်မှာ အဂ္ဂိရတ် ထုတ်ကုန် တစ်ခုတည်းသာ မကပဲ လေးခု တိတိကို ခင်းကျင်းပြသမည် ဟု ဆိုသည်။
“ဖော်စပ်တာ ပြီးမြောက်ရင် ဆိုတော့... ရာစုနှစ်နဲ့ချီပြီးလည်း ကြာချင် ကြာမှာပဲ... သူ့ ပါရမီ သူ့ အသက်နဲ့ ဆိုရင် ဆယ်စုနှစ် အတွင်း ဖြစ်ချင်လည်း ဖြစ်နိုင်တယ်”
ထျန်းမူယန်က သုံးသပ်လိုက်၏။ တစ်ချိန်တည်း၌ သူ နှလုံးသားထဲမှ နွေးထွေးမှုကို ခံစားနေရသည်။ လူအိုကြီးမှာ အင်ပါယာ၏ အမိန့်အကြောင်း ဝေ့ဝူယင်ထံ သတင်းပို့ခဲ့ပြီး ဖြစ်သည်။ ထိုအထဲ၌ သူ လုပ်ရန် ဆန္ဒ မရှိကြောင်းကိုပါ ရှင်းရှင်းလင်းလင်း ထည့်ရေးထားသည်။ ဝေ့ဝူယင်က ထိုအရာကို အပြစ်မြင်၊ မမြင် သူ သေချာ မသိချေ။ ဝေ့ဝူယင်လို လူတစ်ယောက်၏ စိတ်ကို ခန့်မှန်းရန်မှာ ခက်ခဲလွန်းသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... သူနှင့် ဝေ့ဝူယင်တို့ အကြားတွင် အက်ကြောင်းများ မဖြစ်ပေါ်လိုချေ။
ယခုတွင်တော့ ဝေ့ဝူယင်မှာ ကောင်းကင်ဓာတ်တော်ကို အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖော်စပ်ရာတွင် အသုံးပြုတော့မည် ဖြစ်ကြောင်း တစ်လောကလုံး သိရှိသွားခဲ့ပြီ ဖြစ်လေရာ သူတို့အတွက် စောင့်ဆိုင်းဖို့ အကြောင်းပြချက် တစ်ခု ရှိသွားခဲ့ပြီ ဖြစ်သည်။ ထုတ်ကုန် မပြီးစီးခင် အထိ မည်သည့် ညှိနှိုင်းမှုကိုမှ လက်မခံ ဆိုသည့် စကားကလည် လှုပ်ရှားမှု တစ်ခုတည်းဖြင့် ပေါ်လာနိုင်သမျှ အန္တရာယ်နှင့် လမ်းကြောင်း အားလုံးကို ဖြတ်တောက် ပစ်လိုက်ခြင်း ဖြစ်သည်။
“အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ...”
စကားလုံး တစ်လုံးချင်းစီတိုင်းတွင် ယန်ချောင်ယွီ၏ အသံမှာ ပိုမို၍ ပေါ့ပါးလာခဲ့၏။ သူမက ကုလားထိုင်ထက်မှ ထလိုက်ကာ ၎င်းကို သိုလှောင် လက်စွပ် အတွင်း သိမ်းဆည်းလိုက်သည်။
“ကြည့်ရတာ ကျွန်မတို့ ကိစ္စက ပြီးသွားပြီ ထင်တယ်”
သူမက ပြောလိုက်၏။ ထျန်းမူယန်က အလိုက်သတိပင် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ သူမ အတွက် ပေါ်တယ် တစ်ခု ဖန်တီးပေးလိုက်သည်။ မိန်းကလေးမှာ စကားတစ်ခွန်းမှ မဆိုပဲ ပြန်လည် ထွက်ခွာသွားတော့၏။ ထျန်းမူယန်မှာ တစ်ယောက်တည်း ကျန်ခဲ့သည့်တိုင် အချိန်ကြာလာသည်နှင့် အမျှ သူ့ မျက်လုံးများက တောက်ပ လာခဲ့၏။
ထို့နောက်တွင်တော့ သူ နောက်ထပ် ဆက်သွယ်မှုကို ရရှိလိုက်သည်။ ယခုတစ်ကြိမ် ဆက်သွယ်လာသူကတော့ ဝေ့ဝူယင်ပင်။
....
အဆုံးမဲ့ ကြယ်တာရာ နယ်မြေ၊ မြင့်မြတ်သောရေ နယ်မြေ...
“သခင်... သခင်...”
ပိန်ပိန်ရှည်ရှည်နှင့် အပြာရောင် ဝတ်စုံဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူတစ်ယောက်မှာ အလောတကြီး အော်ဟစ်ရင်း ချောလဲမတတ် ပြေးလွှား လာခဲ့၏။ သူက ခပ်မြန်မြန်ပင် ရှည်လျားသည့် နှစ်ချပ်ဟပ် အပြာရောင် တံခါးထံသို့ ရောက်ရှိသွားခဲ့ကာ ၎င်းကို အားစိုက် တွန်းလိုက်သည်။ မျက်နှာထက်၌ မရေမတွက်နိုင်သည့် ရေလှိုင်းများ ထွက်ပေါ်လာကာ တံခါးမှာ ဖြည်းညင်းစွာပင် ပွင့်ဟသွားခဲ့၏။
"သခင်...”
လူကြီးက အော်ဟစ်လိုက်ရင်း တံခါးကို ဖြတ်သန်းကာ ဝင်ရောက်လိုက်၏။ သူက အတော်လေး လောနေလေရာ ဟန်ချက်မညီ ဖြစ်ကာ ချော်လဲလု နီးပါးပင် ဖြစ်သွားခဲ့၏။ အကယ်၍ မဟာ စက်ဝန်းကြယ်ကွင်းပြင်ရှိ လူများသာ ထိုမြင်ကွင်းကို တွေ့ပါက အလွန်ပင် အံ့သြသွားကြလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ လူကြီးမှာ အားနည်းသူ တစ်ယောက် မဟုတ်သောကြောင့်ပင်။ သူက မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရှိ လူအနည်းငယ်သာ ယှဉ်နိုင်သည့် သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် ဖြစ်ပေသည်။
တံခါးအတွင်းပိုင်းရှိ အခန်း အတွင်းပိုင်းတွင်တော့ အလွန်ကြီးမားလှသည့် စက်ဝိုင်း သဏ္ဌာန် ရေထုကြီး တစ်ခု ရှိနေခဲ့သည်။ ၎င်းအပြင် အခန်းမှာ သန့်စင် လတ်ဆတ်ကာ ကြွယ်ဝသည့် လေထု တစ်ခုကိုပါ ထိန်းသိမ်းထား၏။ လျှို့ဝှက် အဆင့် ရေစွမ်းအင် များမှာ အလွန်အမင်း ထူထပ်လှပေသည်။
ရေထုကြီး၏ အလယ်ဗဟိုတွင်တော့ တင်ပျဉ်ချိတ်ကာ ထိုင်နေသည့် ပုဂ္ဂိုလ် တစ်ယောက် ရှိ၏။ သူ၏ လက်များက မုဒြာ တစ်ခု ပုံသဏ္ဌာန်ကို ဖော်ဆောင်ထားကာ လျှို့ဝှက် သင်္ကေတ သုံးခုက သူ့ ခန္ဓာကိုယ်ကို လှည့်ပတ်လျှက် ရှိသည်။
သူက ဟယ်ပို့ကျွင်းပင် ဖြစ်လေသည်။
အသက်လတ်ပိုင်းလူ ဝင်လာသော အခိုက်၌ ဟယ်ပို့ကျွင်းက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ သူက စက်ဝန်း သဏ္ဌာန် ရေထုထဲမှ ထွက်လာခြင်း မရှိပါချေ။ သန့်စင်သည့် ရေစွမ်းအင်များကို ဆက်လက် စုပ်ယူနေကာ ပင်းကလန် ကိစ္စတွင် ကုန်သွားခဲ့သည့် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းဖို့ ကြိုးပမ်း နေခဲ့သည်။ ပိုးမွှား နှစ်ကောင်နှင့် တိုက်ခိုက်ခဲ့ချိန်တွင် စွမ်းအင်များကို လျှိုထားခဲ့သည့်တိုင် ပင်းထျန်းအား ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ချိန်တွင် သူ လျှို့ဝှက် စွမ်းအင် အမြောက်အများ ကုန်ဆုံးခဲ့ရသည်။
သုံးလတိတိ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည့်တိုင် ကုန်ကျသွားခဲ့ရသည့် လျှို့ဝှက် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းဖို့ လုပ်ဆောင်နေရဆဲ ဖြစ်သည်။ ထိုအရာက မြေကြီးရှန့်ထိုများ လွယ်လွယ်ကူကူနှင့် လှုပ်ရှားလေ့ မရှိကြသည့် အကြောင်းရင်းလည်း ဖြစ်သည်။
“သခင်...”
သေမျိုးတစ်ပိုင်းအရှင်မှာ ရေထု၏ အောက်ခြေနားသို့ ရောက်ရှိလာ၏။ သူ၏ အသက်ရှူသံများက မြန်ဆန်နေကာ မျက်လုံးများမှာ စိုးရိမ်စိတ်များနှင့် ပြည့်နှက်နေသည်။
"ပြော...”
ဟယ်ပို့ကျွင်းက နတ်ဘုရား တစ်ပါး၏ ခန့်ညားမှုမျိုးနှင့် ဆိုလိုက်၏။ ပင်းကလန်ရှိ လူများမှာ သူ၏ အင်အား၊ အာဏာနှင့် နည်းလမ်းများကို နားလည်ကာ သူ့ကို နတ်ဘုရား တစ်ပါးလို ဆက်ဆံကြသည်။ မြင့်မြတ်သောရေ နယ်မြေ အတွင်းတွင်တော့ သူက နတ်ဘုရား အင်ပါယာပင် ဖြစ်သည်။
"ဟုတ်ကဲ့ပါ...”
သေမျိုးတစ်ပိုင်း အရှင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်၏။ ထို့နောက် သူက စတင်ကာ အစီရင်ခံ လိုက်လေသည်။
“တစ်ခြား ကောင်းကင်ဓာတ်တော်တွေ အကြောင်း ကျွန်တော်တို့ သတင်းရထားပါတယ်”
"တစ်ခြား ကောင်းကင် ဓာတ်တော်တွေ...”
ဟယ်ပို့ကျွင်း၏ မျက်ခုံးက အပေါ်သို့ အနည်းငယ် မြင့်တက်သွား၏။ သူ ကိုယ်တိုင်သည်လည်း ကောင်းကင် ဓာတ်တော် နှစ်ခုကို လက်ထဲတွင် ကိုင်ထားနိုင်ခဲ့ဖူးပေသည်။ သို့သော်လည်း... အဆင့်နိမ့် ကျင့်ကြံသူ နှစ်ယောက်ကို ရှုံးနိမ့်ကာ ပြန်လည် လက်လွှတ်ခဲ့ရသည်။ ၎င်းက အလွန် ရှက်ရွံ့ဖွယ် ကောင်းလှသည့် မှတ်ဉာဏ် တစ်ခု ဖြစ်ကာ သူ ပြန်လည်၍ မစဉ်းစားချင်အောင်ပင် ဖြစ်ခဲ့သည်။
ထို့နောက်တွင်တော့... ရွှေရောင် အသက်နန်းတော်က ကောင်းကင်ဓာတ်တော်ကို သူတို့ ရရှိထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ၎င်းကို ဝေ့ဝူယင်က ယူဆောင်သွားသည်ဟု ဆိုသည်။ ထိုသတင်းက ကောင်းကင် ဓာတ်တော်နောက်ကို လိုက်နေသည့် လူအားလုံးကို ရပ်တန့် သွားစေခဲ့သည်။ မကြာခင်မှာပင် အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်ဝေ့က ကောင်းကင် ဓာတ်တော်ကို အသုံးပြု၍ အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖော်စပ်မည့် အကြောင်း၊ ၎င်းကို ကုန်စည်ပြပွဲ ပြုလုပ်၍ ထုတ်ဖော်ပြသမည့် အကြောင်းများကိုပါ တရားဝင် ကြေညာခဲ့သည်။ ထိုအချိန်မှ စ၍ ဂယက်လှိုင်းများက ပြန်လည် ငြိမ်သက် သွားခဲ့ခြင်း ဖြစ်သည်။
“ဟုတ်ပါတယ်... ယုံကြည်ရတဲ့ သတင်းဌာနတွေနဲ့ ရင်းမြစ်တွေ အားလုံးရဲ့ အဆိုအရ ဆိုရင် ကောင်းကင် ဓာတ်တော်က တစ်ခုတည်းပဲ ရှိတာ မဟုတ်ဘူး တဲ့”
"ယုံကြည်ရတဲ့ သတင်းဌာနတွေ...”
ဟယ်ပို့ကျွင်း မျက်မှောင်ကြုတ်လိုက်၏။ ကောင်းကင်ဓာတ်တော်မှာ တစ်ခုတည်း မဟုတ်နိုင်ကြောင်း အစတကတည်းကပင် သံသယများ ရှိနေခဲ့ခြင်း ဖြစ်သည်။ အပျက်အစီး နိုဗာ၏ ကိစ္စမှာ ရွှေရောင် ဂိတ်တံခါး နန်းတော် အပါအဝင် ကောင်းကင် ပုရောဟိတ်များပင် ကြိုတင် မခန့်မှန်းနိုင်ခဲ့သည့် ကိစ္စ တစ်ခု ဖြစ်၏။ တစ်ခုတည်းသော သက်သေ အထောက်အထားမှာ ထိုနေရာတွင် ကျန်ရစ်ခဲ့သည့် အော်ရာများပင် ဖြစ်သည်။ အော်ရာက စုစုပေါင်း သုံးခု ဖြစ်ကာ ပထမ နှစ်ခုမှာ သေမျိုးတစ်ပိုင်း အရှင် အေးခဲခြင်းလေ (ပင်းထျန်း) နှင့် ဝိညာဉ် လမ်းလျှောက်သူတို့၏ အော်ရာများ ဖြစ်သည်။ တတိယမြောက် တစ်ခုကိုတော့ မကြာသေးခင်ကမှ မိစ္ဆာ လုပ်ကြံသူ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သူတို့က ကောင်းကင်ဓာတ်တော် အတွက် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း ရှင်းလင်းပေသည်။
သို့သော်လည်း သူတို့၏ အစ ပထမ ယုံကြည်ချက်မှာ နှစ်ယောက် တစ်ယောက် တိုက်ပွဲမျိုး မဟုတ်ပဲ သုံးပွင့်ဆိုင် တိုက်ပွဲ တစ်ခုသာ ဖြစ်သည်။ ပင်းထျန်းမှာ ကောင်းကင်ဓာတ်တော်ကို လက်ဝယ် ပိုင်ဆိုင်ခဲ့ရာ သူမက အနိုင်ရရှိခဲ့သူ ဖြစ်နိုင်သည်။
ဝိညာဉ် လမ်းလျှောက်သူကတော့ ဒဏ်ရာရရှိခဲ့ပြီးနောက် ကျန်နှစ်ယောက် တိုက်ခိုက် နေသည်ကို အခွင့်အရေးယူကာ ထွက်ပြေး သွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ တိုက်ပွဲ အကြွင်းအကျန် အော်ရာများထဲ၌ သူမ၏ သွေးအော်ရာ အများဆုံး ကျန်ရှိနေခြင်းက ထိုအချက်ကို သက်သေခံနေပေသည်။ ထို့အပြင်... သူမက လက်ရှိ အချိန်အထိ ပြန်လည် ထွက်ပေါ် မလာလေရာ ရရှိသွားခဲ့သည့် ဒဏ်ရာများမှာ အလွန် ပြင်းထန်လှကြောင်း ထင်ရှား လှပေသည်။
“ဟုတ်ပါတယ်... ကြယ်တာရာ စောင့်ကြည့်သူ အုပ်စု တစ်ခုဆီကနေ လျှို့ဝှက် သတင်းရခဲ့တာပါ... တိုက်ပွဲက ကျွန်တော်တို့ အစတုန်းက ယုံကြည်ထားသလိုမျိုး မဟုတ်ဘူး... ဝိညာဉ် လမ်းလျှောက်သူနဲ့ အေးခဲခြင်းလေတို့က နှစ်ယောက်ပေါင်းပြီး မိစ္ဆာ လုပ်ကြံသူကို ရင်ဆိုင်ခဲ့ကြတာ... နောက်ပြီး အပျက်အစီးနိုဗာရဲ့ အစွန်အဖျားနားမှာ ဟင်းလင်းပြင် သင်္ဘောတစ်စင်း ရပ်နေတာကိုလည်း တွေ့ခဲ့ရတယ် တဲ့... သူတို့ အဆိုအရ ဆိုရင် အပျက်အစီး နိုဗာ မဖြစ်ခင် အဲဒီ သင်္ဘောပေါ်မှာ လူသုံးယောက် ရှိနေတယ်”
သေမျိုးတစ်ပိုင်း အရှင် ရှင်းပြနေသည့် တစ်ချိန်တည်းတွင် ဟယ်ပို့ကျွင်း၏ မျက်လုံးများမှာ ပိုမို၍ ကျဉ်းမြောင်း လာခဲ့၏။ ထိုဖြစ်ရပ်က ဆယ်စုနှစ် တစ်ခုကျော် ကြာခဲ့ပြီး ဖြစ်သည်။ အဘယ်ကြောင့် ယခုမှနည်း။
“ဆက်ပြော...”
အစီရင်ခံချက် အပြည့်အစုံကို ဟယ်ပို့ကျွင်း ကြားချင် နေခဲ့ပြီ ဖြစ်သည်။
“ဝိညာဉ် လမ်းလျှောက်သူက သူ့ရဲ့ ကောင်းကင်ဓာတ်တော်နဲ့ အတူ ရှေးဟောင်း ကောင်းကင် လောကနယ်မြေထဲမှာ ရောက်နေတယ်လို့ သတင်းကြားပါတယ်... နောက်ပြီး မဟာ အတွင်းရေးမှူး စန်းလော့ယန်မှာ တတိယမြောက် ကောင်းကင် ဓာတ်တော် ရှိနေနိုင်တယ်... သတင်းတွေ အရဆိုရင် တိုက်ပွဲ ဖြစ်နေတုန်းက ကောင်းကင်ဓာတ်တော် သုံးခု ရှိနေတာ တဲ့... မိစ္ဆာ လုပ်ကြံသူဆီကနေ လုယူခဲ့ပြီးတဲ့ နောက်မှာ သူတို့က သုံးခု ခွဲယူလိုက်တာ ဖြစ်နိုင်တယ်”
သေမျိုးတစ်ပိုင်း အရှင်၏ မျက်လုံးများထဲတွင် လျှို့ဝှက်ထားသည့် ကွယ်ဝှက်ထားသည့် လောဘ အလင်းများ ရှိနေခဲ့၏။ လွန်ခဲ့သည့် လပိုင်းအတွင်းမှာပင် အဖွဲ့အစည်း အသီးသီးမှာ ကောင်းကင်ဓာတ်တော်မှ ချီးမြှင့်နိုင်သည့် လက်ဆောင် ဆုလာဒ်များ အကြောင်းကို ဖြန့်ကျက်ခဲ့ကြပြီး ဖြစ်သည်။
မူလ အဆင့် ဆိုသည့် နာမည်က ကျင့်ကြံသူများ အကြားတွင် ဆွေးနွေးစရာ ခေါင်းစဉ် တစ်ခု ဖြစ်လာခဲ့သည်။ ၎င်းမှာ ယခင်က ကျင့်ကြံခြင်း လျှို့ဝှက်ချက် တစ်ခု ဖြစ်ခဲ့သော်လည်း ယခုတွင်တော့ လူတိုင်း သိရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ မန်နာကို ကြောက်မက်ဖွယ် ကောင်းအောင် ထိန်းချုပ်နိုင်ကာ လျှို့ဝှက် တာအိုနှင့် ဆက်သွယ်မှုကို ပိုမို နက်ရှိုင်းစေသည်ဟု ဆိုသည်။ ၎င်း၏ အကူအညီနှင့် ဆိုပါက... မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းရန် အခွင့်အလမ်းမှာလည်း ငါးဆယ် ရာခိုင်နှုန်း အထိ တိုးလာလိမ့်မည် ဖြစ်သည်။
ထို့အပြင် ကောင်းကင်ဓာတ်တော်မှာ လျှို့ဝှက် အာဏာရှင် အဆင့်ကိုလည်း လွယ်ကူစွာ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်သည်ဟု ဆိုသည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံး သောက်သုံးထားသည့် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက် လောကသခင် အဆင့်ကို တက်လှမ်းဖို့ လွယ်ကူသလို... ကောင်းကင် ဓာတ်တော်မှာလည်း ကြယ်တာရာသခင်များ အတွက် ကြီးမားသည့် အခွင့်အလမ်း တစ်ခု ဖန်တီးပေးနိုင်သည်။
သတင်းများက ပိုမို၍ ပျံ့နှံ့လေလေ ထိပ်သီး ပါရမီရှင်များ အကြား အုံကြွမှုက ပိုမို၍ ဖြစ်လာလေလေ ဖြစ်သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ တန်ခိုးရှင် သူရဲကောင်းများ၊ နတ်မိမယ်များ၊ ရွေးချယ်ခံများ၊ မြေကြီး ရှန့်ထိုများ၏ မျိုးဆက်များ ပင်လျှင် လျှို့ဝှက် ခြေချခြင်း ဖြစ်စဉ်ကို မကြာခဏ ဆိုသလို ကျရှုံးလေ့ ရှိကြသည်။ ၎င်းကို မလိုချင်သူ အဘယ်မှာ ရှိပါမည်နည်း။
သို့သော်လည်း... ဝေ့ဝူယင် ကောင်းကင်ဓာတ်တော်ကို ပိုင်ဆိုင်ထားကြောင်း သတင်းများ ပျံ့နှံ့လာခဲ့ပြီး နောက်တွင်တော့ လှုပ်ရှားမှုအားလုံး ပြန်လည် ငြိမ်ကျသွားခဲ့ကြသည်။ အားလုံးမှာ ဝေ့ဝူယင် ထုတ်ဖော် ပြသမည် ဆိုသည့် အဂ္ဂိရတ် ထုတ်ကုန်ကို အာရုံစိုက် မျှော်လင့် စောင့်စား နေကြသည်။ ၎င်း၏ သက်ရောက်မှုက အဘယ်ဖြစ်မည်နည်း။ မူလ အဆင့်လော... သို့မဟုတ် ထိုထက် ပိုမိုသည့် အခြားတစ်ခုလော။
***