သတင်းများ(၃)
Vol. 96 Ch. 1333
“ထာဝရ အစည်းအရုံး...”
ဟယ်ပို့ကျွင်း မျက်မှောင်ကြုတ် လိုက်၏။ ထာဝရ အစည်းအရုံးမှာ တော်ရုံတန်ရုံ အဖွဲ့အစည်း တစ်ခု မဟုတ်ပါချေ။ သူတို့ ပိုင်ဆိုင်ထားသည့် ဂုဏ်သတင်း တစ်ခုတည်းကပင် အင်အားစု အများအပြား၏ မကောင်းသည့် အကြံအစည်များကို ဖိနှိပ်နိုင်လိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူတို့မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ စျေးကွက် အကျယ်ပြန့်ဆုံး အဂ္ဂိရတ် အဖွဲ့အစည်းကြီး ဖြစ်နေသည် မဟုတ်ပါလား။
သို့သော်လည်း ယခုနှစ်ပိုင်းတွင် ရွှေရောင် အသက်နန်းတော်၏ အဂ္ဂိရတ် နယ်ပယ်ထံ ချဲ့ထွင်လာခြင်းနှင့် အတူ သူတို့၏ အရှိန်အဝါက လျော့ကျသထက် လျော့ကျလာခဲ့သည်။ ထာဝရ အစည်းအရုံး မရှိလျှင် မဖြစ် ဆိုသည့် ယူဆချက်များ မရှိတော့ချေ။ သူတို့ မရှိတော့လျှင်ပင် ရွှေရောင် အသက်နန်းတော် ရှိနေသေးသည် ဆိုသည့် ထင်မြင်ယူဆချက်များက ပျံ့နှံ့လာသည်။
သို့ဖြစ်လေရာ... ကောင်းကင်ဓာတ်တော်များ အကြောင်း သတင်း ပျံ့နှံ့သွားပါက ထိပ်သီး အင်အားစု အများအပြား လှုပ်ရှားကောင်း လှုပ်ရှားလာနိုင်ပေသည်။ သူ့အနေဖြင့် လက်ဦးမှု ရယူကာ လှုပ်ရှားမှသာလျှင် အခွင့်အရေး ရှိကောင်း ရှိနိုင်ပေသည်။ သို့သော်လည်း... ထာဝရ အစည်းအရုံးမှာ မြေကြီး ရှန့်ထို အနည်းဆုံး သုံးလေးယောက်ကို ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်း ဖြစ်သည်။ သူတို့၏ အင်အားက ဟယ်ကလန်ထက် ကျိန်းသေ သာလွန်ပေသည်။
ကောင်းကင်ဓာတ်တော် တစ်ခု လက်ထဲမှ ရောက်ရှိခဲ့ပြီးမှ ပြန်လည် လက်လွှတ်လိုက်ရသည့် အဖြစ်ကို ဟယ်ပို့ကျွင်း ပြန်လည် တွေးကာ ယူကြုံးမရ ဖြစ်သွားခဲ့၏။ သူသာ လျှို့ဝှက် စွမ်းအင် အပြည့်အဝကို သုံးကာ လက်ဦးမှု ရယူနိုင်ခဲ့ပါက ထိုအင်းဆက် နှစ်ကောင်ကို အပြတ်ဖြတ်နိုင်ခဲ့မှာ သေချာပေသည်။ ကောင်းကင်ဓာတ်တော်မှာလည်း သူ့အပိုင် ဖြစ်လိမ့်မည်။ သို့သော်လည်း... ယခုတွင်တော့...။
“အရှင်...”
ရုတ်တရက် သေမျိုးတစ်ပိုင်း အရှင် အဆင့်က ခေါ်လိုက်၏။ ဟယ်ပို့ကျွင်းမှာ အတွေးများထဲမှ ပြန်လည် နိုးထလာကာ သူ့ကို ကြည့်လိုက်သည်။
“ဘာလဲ...”
“သူတို့ အခု စလှုပ်ရှား နေကြပြီ...”
သေမျိုးတစ်ပိုင်း အရှင် အဆင့်၏ မျက်လုံးများမှာ လောဘအလင်းများကို ဆက်လက် ထိန်းသိမ်းနိုင်စွမ်း မရှိတော့ပဲ ပေါ်ထွက်လာခဲ့၏။
“လှုပ်ရှားနေပြီ... ဘယ်သူတွေလဲ...”
သေမျိုးတစ်ပိုင်း အရှင်က ချွေးများ စိုဆွတ်နေသည့် လက်ထဲရှိ ဝိညာဉ် ဆက်သွယ်ရေး ကျောက်စိမ်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
“လူတိုင်းပါပဲ...”
...
မှန်၏။ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ ဟယ်ကလန်မှာ ထိုသတင်းကို ရရှိသည့် တစ်ခုတည်းသော အင်အားစု အဖွဲ့အစည်း မဟုတ်ပါချေ။
သတင်း ရောင်းချရေး အဖွဲ့အစည်းများမှာ သစ္စာကို ဦးထိပ်ထားသည့် မေတ္တာရှင်ကြီးများ မဟုတ်ကြပါချေ။ ထိုက်တန်သည့် အကျိုးအမြတ်သာ ရရှိမည် ဆိုပါက အဖိုးတန် သတင်းများကို မည်သူ့ကို မဆို ရောင်းချမည် ဖြစ်သည်။ ရွှေရောင် ဂိတ်တံခါး နန်းတော်ပင်လျှင် ချွင်းချက် မဟုတ်ပါချေ။
အကျိုးဆက် အနေဖြင့် နယ်မြေပေါင်း များစွာမှ မရေမတွက်နိုင်သော အင်အားစုများမှာ စတင်ကာ လှုပ်ရှား နေကြပြီ ဖြစ်သည်။
အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ဟင်းလင်းပြင် ဒြပ်စင် သင်္ဘော၊ ကျန်းကလန်၏ ဓားပျံ သင်္ဘော၊ အကန့်အသတ်မဲ့ သိုင်းဂိုဏ်း၏ အကန့်အသတ်မဲ့ သင်္ဘောနှင့် အင်ပါယာ ကလန်၏ ကောင်းကင်ဖျက်ဆီးသူများ အပါအဝင် မရေမတွက်နိုင်သော ဟင်းလင်းပြင် သင်္ဘောများမှာ ထာဝရ နယ်မြေထံ စတင်ကာ ရွက်လွှင့် နေကြပြီ ဖြစ်သည်။ မကြာခင်မှာပင် ဟယ်ကလန်၏ ရေအရိပ် သင်္ဘောမှာလည်း ထိုခရီးစဉ် အတွင်း ပူးပေါင်း ပါဝင်လာခဲ့လေ၏။
တစ်ချိန်တုန်းက ဝေ့ဝူယင်ကို လျှို့ဝှက် ကျိန်စာ ကျိန်ဆိုစေဖို့ ဖိအားပေးရန် အတူတကွ ပူးပေါင်းခဲ့ဖူးသော အင်အားစုများမှာ ယခုတစ်ကြိမ်တွင်တော့ ထာဝရ အစည်းအရုံးကို ဦးတည် နေခဲ့ကြပြီ ဖြစ်လေသည်။
...
အဆုံးမဲ့ကောင်းကင် ကြယ်တာရာ နယ်မြေ အပြင်ဘက် နတ္ထိ ဟင်းလင်းပြင် အတွင်း၌...
အလွန်ကြီးမားကာ လှပလှသည့် ဟင်းလင်းပြင် သင်္ဘောကြီး ကိုးခု ရောက်ရှိနေခဲ့သည်။ ၎င်းတို့ တစ်ခုချင်းစီမှာ မတူကွဲပြားသည့် အရောင်များကို ပိုင်ဆိုင်ထားကာ နေကြယ် တစ်စင်းထက် မလျော့သည့် တောက်ပမှုမျိုးကို ထုတ်လွှတ် နေခဲ့၏။
ဦးဆောင် သင်္ဘောထက်တွင်တော့ ပုံရိပ် လေးခု ရပ်နေခဲ့လေသည်။ သူတို့ကို ခေါင်းဆောင်နေသည့် ပုဂ္ဂိုလ်ကတော့ အခြားလူ မဟုတ်...။ ဝိညာဉ် ရှန့်ထို ဧကရာဇ်ပင် ဖြစ်လေသည်။ ဝိညာဉ် ရှန့်ထို ဧကရာဇ်၏ ဘေးနားတွင် ရပ်နေသည့် တစ်ယောက်ကိုတော့ မာ့ကျန်း တစ်ယောက် မြင်လျှင်မြင်ချင်း တန်းကာ မှတ်မိလိမ့်မည် ဖြစ်သည်။
သူမက ဝိညာဉ်မြှင့်တင်ခြင်း ရှန့်ထိုပင်...။
ယခု၌ သူမမှာ အစစ်အမှန် မွေးဖွားခြင်း၏ အကျဉ်းချခံထားရရာမှ ပြန်လည် လွတ်မြောက် သွားခဲ့ပြီ ဖြစ်သည်။
“တိရစ္ဆာန်တွေလိုပဲ...”
ဝိညာဉ်ရှန့်ထို ဧကရာဇ်က ပြုံးရင်း မှတ်ချက်ချလိုက်၏။
“နင့်ရဲ့ လက်အောက်ငယ်သားကို သွားရှာကြတာပေါ့... ဖေးယီ...”
တစ်ချိန်က ဝိညာဉ် မြှင့်တင်ခြင်း ရှန့်ထို အဖြစ် ကျော်ကြားသည့် ဖေးယီက ခေါင်းညိတ်လိုက်လေ၏။
...
အပြောကျယ်လှသည့် သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင် အတွင်းတွင်တော့... ဝူယုမှာ ဂြိုဟ်အပိုင်းအစ တစ်ခုပေါ်တွင် နေရာယူနေခဲ့သည်။ သူ၏ မျက်လုံးများကတော့ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ နေကြယ်ကြီးထက်ပင် အဆပေါင်းများစွာ ပိုမို တောက်ပလှသည့် ကြီးမားသော နေကြယ်ကြီးကို ငေးကြည့် နေခဲ့သည်။ သူ့နှုတ်ခမ်းထက်တွင်တော့ စိတ်လှုပ်ရှားသည့် အပြုံးတစ်ခု ရှိနေခဲ့လေ၏။
...
အဆုံးမဲ့ ကောင်းကင် နယ်မြေ၏ အင်ပါယာ ကောင်းကင်ဂြိုဟ်၊ ကောင်းကင် နန်းတော် အတွင်း၌...
၎င်းမှာ နတ်ဘုရား အင်ပါယာမှ တိုက်ရိုက် ဆင်းသက်လာသည့် ထျန်းမျိုးနွယ်၏ အသန်မာဆုံးသော သွေးမျိုးဆက်များ နေထိုင်ရာ နေရာ ဖြစ်သည်။ ၎င်းမှာ တင့်တယ်မှု၊ လှပမှု၊ ခမ်းနားမှုနှင့် တော်ဝင် ဂုဏ်သရေတို့ ထွန်းလင်း တောက်ပြောင်နေသည့် နေရာ ဆိုလည်း မှားမည် မထင်ချေ။ နန်းတော်ကြီး၏ မျှော်စင်များစွာမှာ ကောင်းကင် အလွှာများ အထဲကိုပင် ထိုးဖောက် တည်ရှိနေကာ ကောင်းကင်မှ အသန့်စင်ဆုံး နေကြယ် အမတေများကို စုပ်ယူ သန့်စင်လျှက် ကြွယ်ဝ သန့်စင်လှသည့် လျှို့ဝှက် အမတေ၊ ကြယ်တာရာ အမတေများ အဖြစ် ပြုပြင် သန့်စင်ပေး နေခဲ့လေသည်။
နန်းတော် အတွင်းရှိ လေထုမှာ ချွင်းချက်မရှိ ကျင့်ကြံသူများ အတွက် တော်ဝင် ကုန်းမြေတစ်ခု သဖွယ် ဖြစ်သည်။ အသက် တစ်ချက်မျှ ရှူရှိုက်ခြင်းက ပင်လျှင် ပျမ်းမျှဂြိုဟ် တစ်ခုထက်၌ တစ်နာရီမျှ ကျင့်ကြံခြင်းနှင့် ညီမျှ နေခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ အသိစိတ် ပင်လယ်၊ ကျင့်ကြံခြင်း ဝိညာဉ်နှင့် ခန္ဓာကိုယ်ဆဲလ်များကို တစ်ပြိုင်နက်တည်း လှုံ့ဆော် ပေးနိုင်စွမ်း ရှိသည်။
ကောင်းကင်အလွှာ ဆယ့်ရှစ်ခု ရှိသည့် အနက် သုံးခုကို ထိုးဖောက် ဝင်ရောက်နေသည့် မျှော်စင်ကြီး တစ်ခုထဲတွင် နှလုံးခုန်သံ ရပ်တန့်သွားလောက်အောင် လှပလှပသည့် အမျိုးသမီး နှစ်ခု ရှိနေခဲ့သည်။ သူတို့မှာ ပြတင်းပေါက် တစ်ခုနားတွင် ဘေးချင်းယှဉ်ကာ ရပ်တန့် နေကြခြင်း ဖြစ်၏။
သူတို့ ငေးမော နေသည့် ကောင်းကင်တွင်တော့ မရေမတွက်နိုင်သည့် အလင်းစက်များမှာ လှုပ်ရှား နေခဲ့လေသည်။ မျက်လုံး အစီအရင် တစ်ခုဖြင့်ပင် သူတို့မှာ အမှောင် ဟင်းလင်းပြင် အတွင်း ဖြစ်ပေါ်နေသည့် အရာများကို ရှင်းလင်းစွာ တွေ့မြင်နိုင်လိမ့်မည် ဖြစ်သည်။ အလင်းစက် တစ်ခုချင်းစီမှာ ဟင်းလင်းပြင် သင်္ဘော တစ်ခုချင်းစီကို ကိုယ်စားပြုကာ ကြီးလေးသော တာဝန်ဖြင့် အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း ရွက်လွှင့်နေကြဟန် တူသည်။ ၎င်းတို့ အားလုံး၏ ပန်းတိုင်ကတော့ ထာဝရ နယ်မြေပင်။
“အပြင်ဘက်မှာ ဘာတွေ ဖြစ်နေတာလဲ... “
ထန်ရှင်းယွင်က စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်၏။ သူမ၏ မျက်လုံးများက ဖော်ပြရန် ခက်ခဲသည့် လေးနက်မှုများနှင့် ပြည့်နှက် နေခဲ့သည်။
"...”
နာ့ရှင်းရီမှာလည်း ပြတင်းပေါက် အပြင်ဘက်ကို စိုက်ကြည့် နေခဲ့သည်။ လှပသည့် မီးခိုးရောင် မျက်ဝန်းများက ပြင်ပသို့ ငေးမောနေသည့် တစ်ချိန်တည်းတွင် သူမမှာ ဝေ့ဝူယင်၏ ဆက်သွယ်ရေး သလင်းကျောက်နှင့် အပြန်အလှန် ဆက်သွယ် နေခဲ့လေသည်။ ကောင်းကင် နန်းတော်မှာ သူတို့ ခွင့်ပြုချက် မရှိသည့် မည်သည့် ဝိညာဉ် ဆက်သွယ်မှုကို မဆို ချိပ်ပိတ်ထားသည့်တိုင် ဝေ့ဝူယင်၏ ဟင်းလင်းပြင် စွမ်းအင်သုံး ဝိညာဉ် ဆက်သွယ်မှုကိုတော့ တားမြစ်နိုင်စွမ်း မရှိပါချေ။
နာ့ရှင်းရီမှာ သူမ၏ ထိန်းချုပ်မှု အောက်မှ အာဏာရှင် တစ်ယောက်နှင့် အပြန်အလှန် ဆက်သွယ် နေခဲ့ခြင်းပင် ဖြစ်သည်။
“အခြား ကောင်းကင်ဓာတ်တော် နှစ်ခု ရှိသေးတယ် ဆိုတဲ့ အကြောင်း သတင်း ပေါက်ကြားလာတယ် တဲ့... ထာဝရ အစည်းအရုံးဆီမှာ ရှိနေတယ်လို့ ပြောကြတယ်”
“ကောင်းကင်ဓာတ်တော် နှစ်ခု ဟုတ်လား... အဂ္ဂိရတ် အာဏာရှင်ဝေ့ ယူသွားတဲ့ ကောင်းကင် ဓာတ်တော် အပြင် တစ်ခြား ရှိသေးတာလား”
ထန်ရှင်းယွင်မှာ အံ့အားသင့် သွားခဲ့၏။ ထို့အပြင်... နာ့ရှင်းရီ ထိုသတင်းအား မည်ကဲ့သို့ ရရှိခဲ့သည်ကို သူမ တွေးလို့ မရဖြစ်နေခဲ့သည်။ မည်သို့ပင် ဆိုစေ... ကောင်းကင်နန်းတော်မှာ ဝိညာဉ် ဆက်သွယ်မှုများကို တင်းကြပ်စွာ ကန့်သတ်ထားသည့် နေရာ တစ်ခု မဟုတ်ပါလား။
***