အခန်း (၁၃၃၄)
Vol. 96 Ch. 1334
နာ့ရှင်းရီနှင့် ထန်ရှင်းယွင်တို့ နှစ်ယောက်မှာ အင်ပါယာ နန်းတော်ကို လွန်ခဲ့သည့် နှစ်ဝက်ခန့်က မတူညီသည့် ရည်ရွယ်ချက်များနှင့် အတူတကွ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာပင်... ထန်ရှင်းယွင်မှာ အစွန်းရောက်ယင် နတ်မိမယ်ထံမှ အကူအညီကို ရယူ၍ အစွမ်းထက် အစီအရင် တစ်ခုဖြင့် သူမ၏ မူလယင်ကို ဖုံးကွယ်နိုင်ခဲ့သည်။ နာ့ရှင်းရီထံ၌ ရှိနေသည့် အလွန် သန့်စင်လှသော မူလယင် ရင်းမြစ်က ထန်ရှင်းယွင်ကိုပင် အလွန်အမင်း အံ့အားသင့်စေခဲ့သည်။
ထိပ်တန်း အဆင့် မြေကြီး ရှန့်ထို တစ်ယောက်၊ သို့မဟုတ် သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်သာ နှိုက်နှိုက်ချွပ်ချွပ် မစစ်ဆေးပါက သူမ၏ လက်ရှိ အခြေအနေကို မည်သူမှ သိလိမ့်မည် မဟုတ်ချေ။ ထိုအတွက် ထန်ရှင်းယွင် ကျေနပ် နေမိသည်။ သို့သော်လည်း... သူမ မသိလိုက်သည့် အချက်ကား အင်ပါယာ ကလန်မှာ ထိုအကြောင်းကို သူမနှင့် နာ့ရှင်းရီတို့ မဆုံခင်ကတည်းက သိရှိနေခဲ့ခြင်း ဖြစ်ပေသည်။
လွန်ခဲ့သည့် ခြောက်လ အတွင်း၌ သူတို့ နှစ်ယောက်စလုံးမှာ အင်ပါယာ ကလန်၏ ကွပ်ကဲမှု အောက်တွင်ပင် ကျင့်ကြံ နေခဲ့သည်။ နာ့ရှင်းရီ၏ လက်ထပ်ပွဲ သဘောတူညီမှု အခြေအနေကတော့ ယခုတိုင် တုန့်ဆိုင်းနေသေးဆဲ ဖြစ်သည်။ အဘယ်ကြောင့်နည်း။ သူမက အင်ပါယာ ကလန်၏ တန်ဖိုး အထားဆုံး အားနည်းချက်ကို တိုက်ရိုက် စိန်ခေါ်လိုက်သောကြောင့်ပင်။
၎င်းက အခြားမဟုတ်... ဂုဏ်သိက္ခာပင်။
နတ်ဘုရား အင်ပါယာ၏ ကိုယ်ပွား ကိုယ်တိုင် တက်ရောက်ခဲ့သည့် ဆွေးနွေးပွဲတွင် နာ့ရှင်းရီမှာ သူမ၏ အထုံ ပါရမီ၊ ဆန္ဒရှိမှုတို့နှင့် အတူ အင်ပါယာ အမိန့်တော် အတိုင်း ထျန်းမျိုးနွယ် အတွင်း လက်ထပ်ခြင်းဖြင့် ဝင်ရောက်ရန် ဆန္ဒရှိကြောင်း ကြေညာခဲ့သည်။
အများစုက နာ့ရှင်းရီမှာ လွတ်လပ်မှုကို လိုလားသည့် မိန်းကလေး တစ်ယောက်ဟု ယုံကြည်ထားလေရာ ထိုကြေညာချက်က သူတို့ကို အံ့သြစေခဲ့သည်။ တကယ်တမ်း သူတို့ မျှော်လင့်ထားသည်က မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ကိုယ်ပိုင် လွတ်လပ်ခွင့် အတွက် နတ်ဘုရား အင်ပါယာထံ တောင်းပန်နေသည့် မြင်ကွင်းမျိုး ဖြစ်ပေသည်။
ထိုကဲ့သို့ တောင်းပန်လျှင်လည်း ရလဒ်က တစ်ခုသာ ရှိပေသည်။ ငြင်းပယ်ခြင်းပင်။
သေမျိုး မိန်းကလေး တစ်ယောက်၏ အသနား ခံမှုမှာ အင်ပါယာ အမိန့်တော်ကို မည်သည့် နည်းလမ်းနှင့်မှ ပြောင်းလဲနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
ထို့အစား... သူမက အင်ပါယာ ကလန်၏ ဂုဏ်သိက္ခာကို စိန်ခေါ်ကာ မည်သူမှ ထင်မှတ် မထားသည့် ကိုယ်ပိုင် လမ်းကြောင်း တစ်ခုကို ဖွင့်လှစ်ခဲ့ပေသည်။
“ကျွန်မ နာ့ရှင်းရီ အင်ပါယာ ကလန်ထဲကို လက်ထပ်ပွဲ တစ်ခုနဲ့ ဝင်ရောက်ဖို့ ဆန္ဒရှိပါတယ်... ဒါပေမဲ့ အခြေအနေ တစ်ခုတော့ ရှိပါတယ်... ကျွန်မကို လက်ထပ်မယ့်သူက ကျွန်မထက် ပါရမီ၊ စွမ်းအားနဲ့ အနာဂတ် အလားအလာ မြင့်မားတဲ့လူ ဖြစ်ရပါမယ်... ကျွန်မကို သာမန် မိန်းကလေး တစ်ယောက်ကို ကာကွယ်ပေးနိုင်တဲ့လူ ဖြစ်ရပါမယ်...”
“အဲဒီလို လူဖြစ်ကြောင်း သက်သေပြဖို့ ကျွန်မ လက်ထပ်မယ့်လူက ကျွန်မနဲ့ ကျင့်ကြံခြင်း အဆင့်တူမှာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း တစ်ဆင့် ပိုမြင့်တဲ့ အခြေအနေမှာ ကျွန်မကို အနိုင်ယူနိုင်ရပါမယ်... ကျွန်မလို သာမန် မိန်းကလေး တစ်ယောက်ကို အနိုင်မယူနိုင်ဘူး ဆိုရင်တော့ လပ်ထပ်ဖို့ မထိုက်တန်တဲ့လူလို့ပဲ ယူဆရပါလိမ့်မယ်... ဒါပေမဲ့ အင်ပါယာ ကလန်က အတင်းအကြပ် လုပ်ချင်တယ် ဆိုရင်လည်း ကျွန်မ အပြစ် မဆိုသာပါဘူး”
သူမ၏ ထိုကြေညာချက်က အင်ပါယာ ကလန် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ထိုသတင်းကလည်း အလွန် လျှင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။
နာ့ရှင်းရီ၏ စိန်ခေါ်မှုက ရှင်းလင်းပေသည်။ သူမကို လက်ထပ်လိုလျှင် အဆင့်တူ သို့မဟုတ်... တစ်ဆင့် ပိုမြင့်သော အခြေအနေတွင် အနိုင်ယူရမည်။ မနိုင်မယူနိုင်ပဲ အတင်းအကြပ် စီစဉ်ဖို့ ကြိုးစားလျှင် ထိုအရာမှာ အဆုံးမဲ့ ကောင်းကင်ကို အုပ်ချုပ်နေသည့် အင်အားစု တစ်ခု၏ သိက္ခာမဲ့မှု ဖြစ်သွားလိမ့်မည် ဖြစ်သည်။
အင်ပါယာ အကြံပေးမှာ နတ်ဘုရား အင်ပါယာ ကိုယ်စား နာ့ရှင်းရီ၏စိန်ခေါ်မှုကို လက်ခံခဲ့သည်။ သို့သော်လည်း... သူက စိန်ခေါ်သူ၏ အသက်အရွယ်နှင့် တစ်နေ့လျှင် ဘယ်နှစ်ကြိမ် စိန်ခေါ်နိုင်သည် ဆိုသည့် အချက်များကိုတော့ ပြောခွင့် မပေးပဲ ဖျောက်ဖျက်ထားခဲ့သည်။ အင်ပါယာ ကလန် အတွင်း၌ အသက် တစ်ထောင် သို့မဟုတ် ထိုထက် ပိုမို ကြီးမားသည့် အထွတ်အထိပ် ကြယ်တာရာ သခင်များစွာ ရှိပေသည်။ သူတို့မှာ ကြယ်တာရာ သခင်များထဲတွင် အစွမ်း အထက်ဆုံး ဆိုသည့် ကျင့်ကြံသူများ ဖြစ်ပေသည်။
ဤသို့နှင့် နာ့ရှင်းရီမှာ လူအများ၏ အာရုံစိုက်ခံ ပုံရိပ် တစ်ခု ဖြစ်လာခဲ့သည်။ သို့သော်လည်း ကောင်းကင်ဓာတ်တော် သတင်း၊ ပင်းကလန် လုပ်ကြံခံရမှု၊ ထန်ကလန်၏ ပြည်တွင်းစစ် စသည့် သတင်းများက ဆက်တိုက် ဆိုသလို ထွက်ပေါ်လာခဲ့ရာ နာ့ရှင်းရီ၏ သတင်းမှာ အထွတ်အထိပ်ကိုပင် မရောက်လိုက်ပါချေ။ မည်သို့ပင် ဆိုစေ... သူမမှာ ယင်မီးဖို ဖြစ်လာရန် ထိုက်တန်သည့် သေမျိုး မိန်းကလေး တစ်ယောက်သာ မဟုတ်ပါလော။
သို့သော်လည်း စိန်ခေါ်ပွဲများ ပြန်လည် စတင်ခဲ့သည်နှင့် အမျှ နာ့ရှင်းရီ၏ နာမည်မှာ တဟုန်ထိုး ပြန်လည် တက်လာခဲ့ပြန်၏။
ရှုံးပွဲမရှိ...။
ပြိုင်ဘက်ကင်း...။
ကြောက်မက်ဖွယ် ကောင်းခြင်း...။
ထျန်းကုရန်၏ ဝှက်ဖဲသည်ပင် နာ့ရှင်းရီ၏ တိုက်ခိုက်မှုကို သုံးကွက်ထက် ပိုမို၍ မခုခံနိုင်ခဲ့ချေ။ သူမက ဆက်တိုက် နိုင်ပွဲများဖြင့် အင်ပါယာ ကလန် တစ်ခုလုံးကို သုံးရက် အတွင်း အပြတ်ရှင်းခဲ့သည်။
တစ်ယောက်တည်းသော ချွင်းချက်က ထျန်းရီဝူ ဖြစ်သည်။ အဘယ်ကြောင့်မှန်း မသိသော်လည်း... ထျန်းရီဝူမှာ စိန်ခေါ်ပွဲ အတွင်း ပါဝင်ရန် ငြင်းဆိုခဲ့သည်။ အင်ပါယာ အမိန့်တော်မှာ ပြန်လည် ရုတ်သိမ်းသွားခြင်း မရှိသည့်တိုင် အရှိန်အဟုန်ကတော့ အတော်လေး လျော့ကျသွားခဲ့သည်။ သူတို့က နာ့ရှင်းရီ လျှို့ဝှက် အာဏာရှင် အဆင့်သို့ တက်လှမ်းလာမည့် အချိန်ကို စောင့်ဆိုင်း နေကြခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ မည်သို့ပင် ဆိုစေ... နာ့ရှင်းရီ အတွက်ကတော့ ပြင်ဆင်ရန် အချိန်များစွာ ရရှိသွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်မှာ ထိုအကြောင်းအရာများကို ဝင်ရောက် မစွက်ဖက်သည့်တိုင် အချိန်နှင့် တစ်ပြေးညီ သတင်း အချက်အလက်များကိုတော့ အချိန်တိုင်း ရယူနေခဲ့သည်။ တစ်ချိန်တည်း၌... နာ့ရှင်းရီ၏ ဆန္ဒ၊ ယုံကြည်ချက်နှင့် ရည်ရွယ်ချက်များ အပေါ် သူ ဂုဏ်ယူ နေမိသည်။ မိန်းကလေးထံတွင် ရှောင်ရှားရန် အန္တရာယ်များစွာ ကျန်ရှိနေဆဲ ဖြစ်သော်လည်း ထိုအခြေအနေများကို ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းနိုင်လိမ့်မည်ဟု သူ ယုံကြည်ပေသည်။
နာ့ရှင်းရီမှာ ထိုကဲ့သို့လူ ဖြစ်လိုခြင်း ဖြစ်သည်။ မိန်းကလေးမှာ ယောက်ျား တစ်ယောက်ကို အားကိုးကာ ကယ်တင်ခံလိုသော လူမျိုး မဟုတ်ချေ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကာ ကိုယ့်ပြဿနာကို ဖြေရှင်းလိုသူ ဖြစ်သည်။ ထိုအရာ အားလုံးက သူ ပြဿနာ အတွင်း လက်ဝင် မလျှိုခဲ့သည့် အဓိက အကြောင်းရင်းပင် ဖြစ်သည်။
ယခုတွင်တော့ နာ့ရှင်းရီမှာ မိမိ သဘောဆန္ဒ အတိုင်း ထန်ရှင်းယွင်နှင့် ဆက်လက် နေထိုင်ဖို့ ဆုံးဖြတ်ခဲ့သည်။ အင်ပါယာ အကြံပေး၏ ထူးဆန်းသော အကြည့်နှင့် စကားလုံးများမှ တစ်ဆင့် တစ်စုံတစ်ရာကို ရိပ်မိနေကြောင်း သူမ သိပေသည်။ ထို့ကြောင့်ပင် ထန်ရှင်းယွင် မပါပဲ ထွက်ခွာဖို့ သူမ ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။ ထန်ရှင်းယွင်ကို သူမ အရမ်းကြီး သဘောမကျသော်လည်း နှစ်ယောက်စလုံးမှာ အင်ပါယာ ကလန် ဖိအားပေးမှုကို ခံနေရသူများ ဖြစ်လေရာ မိန်းကလေးချင်း ကိုယ်ချင်းစာမိပေသည်။ သို့ဖြစ်လေရာ... အခြေအနေ တည်ငြိမ်သည် အထိ အတူ နေထိုင်ဖို့ သူမ ဆုံးဖြတ်ခဲ့သည်။
ထန်ကလန် အတွင်း ပြည်တွင်းစစ် ဖြစ်ပျက်လာခဲ့ခြင်းကတော့ နာ့ရှင်းရီ ကိုယ်တိုင် ထင်မှတ် မထားသည့် ကိစ္စ တစ်ခု ဖြစ်သည်။ သူမက ထိုအကြောင်းကို ထန်ရှင်းယွင်ကိုပင် ပြောမပြခဲ့ချေ။ အင်ပါယာ ကလန်ကလည်း မိခင် ဖြစ်သူ ဖယ်ရှားခံရသည့် သတင်း အပါအဝင် ထန်ကလန်၏ ဖြစ်ရပ်များကို လျှိုထားခဲ့သည်။ သူတို့က တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြသည့်ပုံ ရသည်။
နာ့ရှင်းရီမှာ ထိုကိစ္စနှင့် ပတ်သက်၍ ထူးဆန်းမှုများကို ပိုမို၍ ခံစားလာရသည်။ သူမသာ မရှိလျှင် ထန်ရှင်းယွင်၏ ဘဝမှာ အဆုံးသတ်ကောင်းမွန်မည် မဟုတ်ဟု ခံစားရသည်။ ဝေ့ဝူယင်နှင့် သူမ အကြားရှိ ဆက်ဆံရေးကို လူများ မသိကြသည့်တိုင်... မဟာ စက်ဝန်း ကြယ်ကွင်းပြင်၌ နာ့ရှင်းရီမှာ ရွှယ်ရီဖေးနှင့် ဆက်ဆံရေးကောင်းများ ရှိကြောင်း ထုတ်ဖော်ပြသခဲ့သည်။ ထိုပတ်သက်မှုကပင် နာ့ရှင်းရီကို အကာအကွယ် တစ်ခု ရရှိစေခဲ့သည်။ ယခု ထန်ရှင်းယွင်သည်လည်း ထိုအကာအကွယ်၏ အကျိုးကျေးဇူးကို ခံစားနေရပေသည်။ ထို့အပြင်... သူတို့ထံတွင် အင်ပါယာ ကလန်၏ ဂုဏ်သိက္ခာ တည်းဟူသော အကာအကွယ်လည်း ရှိပေသည်။
ထန်ရှင်းယွင်၏ မျက်ဝန်းများမှာ အဝေးတွင် သွားလာနေသည့် ရောင်စုံကြယ်များကို ငေးမော နေခဲ့၏။
“သူတို့တွေက ထာဝရ အစည်းအရုံးကို ဖိအားပေးဖို့ သွားနေကြတာလား...”
သူမက တိတ်တဆိတ် မေးလိုက်သည်။
“သေချာတာပေါ့...”
နာ့ရှင်းရီက တည်ငြိမ်စွာပင် ဖြေလိုက်၏။ ကောင်းကင်ဓာတ်တော် တစ်ခု၏ သတင်း ပင်လျှင် ကြယ်ကွင်းပြင် တစ်ခုလုံးကို ရူးသွပ်သွားစေဖို့ လုံလောက်နေခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ဓာတ်တော်ကို ဝေ့ဝူယင် ရယူသွားသည် ဆိုသည့် သတင်းကြောင့်သာ မဟုတ်လျှင် သူတို့ အားလုံး ရွှေရောင် အသက်နန်းတော်ကို ရွှေလေလံပွဲ တစ်ခု ကျင်းပဖို့ ဝိုင်းဝန်း ဖိအားပေး နေကြလောက်ပြီ ဖြစ်သည်။
နာ့ရှင်းရီ တိတ်တဆိတ် ပြုံးလိုက်မိ၏။ ထာဝရ အစည်းအရုံးမှာ တစ်ချိန်လုံး ဝေ့ဝူယင်ကို ဖိအားပေးဖို့၊ ဂုဏ်သတင်းချင်း ယှဉ်ပြိုင်ဖို့ ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း ဝေ့ဝူယင် ကောင်းကင် ဓာတ်တော်ကို ရရှိသွားသည် ဆိုသည့် သတင်းထွက်ပြီးနောက် ငြိမ်သက်သွားသည့် တစ်လောကလုံးမှာ ထာဝရ အစည်းအရုံးထံမှ ကောင်းကင်ဓာတ်တော် အနံ့ကို ရရှိသည်နှင့် ဝရုန်းသုန်းကားပင် လှုပ်ရှားနေကြပြီ ဖြစ်လေသည်။ ထိုအချက် တစ်ခုတည်းကပင် ဝေ့ဝူယင်နှင့် ထာဝရ အစည်းအရုံးတို့ကြား ပြိုင်ဆိုင်မှုကို အဆုံးအဖြတ် ပေးသွားခဲ့သည်။
ကျင့်ကြံခြင်း လောက အတွက်တော့ ထာဝရ အစည်းအရုံးမှာ ညှိုးနွမ်းစ ပြုနေသည့် ပန်းကလေး တစ်ပွင့်သာ ဖြစ်ပေသည်။
ဝေ့ဝူယင် အဂ္ဂိရတ် ရှန့်ထို ဖြစ်လာသည့် တစ်နေ့တွင် သူတို့ အကြားရှိ ကွာဟမှုများက ပိုမို၍ပင် ကြီးမားသွားပေလိမ့်မည်။
ရုတ်တရက် နာ့ရှင်းရီမှာ နောက်ထပ် ဝိညာဉ် ဆက်သွယ်မှု တစ်ခုကို ရရှိလိုက်၏။ ချက်ချင်းပင် ထာဝရ နယ်မြေ ရှိရာ အရပ်ကို လှမ်းကြည့်ရင်း သူမ၏ အမူအရာက ပြောင်းလဲ သွားခဲ့တော့သည်။
“ဘာလို့လဲ...”
ထန်ရှင်းယွင်မှာ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိရာ မေးလိုက်၏။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”
နာ့ရှင်းရီ၏ နှလုံးသားကတော့ တဒိတ်ဒိတ် ခုန်နေခဲ့လေတော့သည်။
...
ဝိညာဉ် ဆက်သွယ်မှု မပြုလုပ်ခင် ဆယ်မိနစ်မျှ အလို၌...
ထာဝရ နယ်မြေ၏ နယ်စပ်၌ မရေမတွက်နိုင်သည့် ဟင်းလင်းပြင် သင်္ဘောများမှာ အလွန် ဖိနှိပ်နိုင်စွမ်း ရှိသည့် အရှိန်အဟုန်ကို ထုတ်လွှတ်ကာ လွင့်မြော နေခဲ့ကြလေသည်။ ထိုသင်္ဘော အုပ်စုကြီး၏ ထိပ်ဆုံးတွင် ဦးဆောင်နေသည်ကတော့ အကန့်အသတ်မဲ့သိုင်းဂိုဏ်းကြီး၏ အကန့်အသတ်မဲ့ သင်္ဘောကြီးမှ တစ်ပါး အခြား မည်သူဖြစ်နိုင်ဦးမည်နည်း။
“ထာဝရ နတ်ဘုရား...ခင်ဗျားက အဆုံးမဲ့ ကောင်းကင်ရဲ့ အထွတ်အထိပ် အင်အားစုတွေကို လာမကြိုဆိုတော့ဘူးလား”
အကန့်အသတ်မဲ့ သိုင်းဧကရာဇ်၏ အသံက နယ်မြေ တစ်ခုလုံးကို လွှမ်းမိုးကာ ထွက်ပေါ်လာခဲ့လေ၏။
***