← Chapters

အခန်း (၁၃၃၅)

Vol. 96 Ch. 1335

အခန်း (၁၃၃၅)

Vol. 96 Ch. 1335

ထာဝရ နတ်ဘုရား လောကနယ်မြေ...

ထာဝရ နတ်ဘုရား လောကနယ်မြေမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် အကြီးမားဆုံး အဂ္ဂိရတ် အဖွဲ့အစည်းကြီး ဖြစ်သည့် ထာဝရ အစည်းအရုံး၏ ဗဟိုအချက်အချာ လောကနယ်မြေပင် ဖြစ်သည်။ ထိုလောကနယ်မြေ အတွင်းတွင်တော့ အလွန် ကြီးကျယ် ခမ်းနားလှသည့် အကြွင်းမဲ့ ထာဝရ နတ်ဘုရား နန်းတော်ဟု ခေါ်သော နန်းတော်ကြီး တစ်ခု ရှိလေသည်။

ယနေ့ ထိုနန်းတော် အတွင်းတွင် ထာဝရ အစည်းအရုံး၏ သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ စုစည်းကာ ရောက်ရှိ‌နေခဲ့လေသည်။ သူတို့ အားလုံး၏ အမူအရာများက အလွန်အမင်း စိတ်ရှုပ်ထွေး နေကြပုံ ပေါ်ကာ ပေါက်ကွဲလုနီးပါး ဒေါသများနှင့် ပြည့်နှက် နေခဲ့သည်။

သူတို့ အားလုံးမှာ ခန်းခ အလယ်တွင် ရှိသည့် ဧရာမ ကြေးမုံကြီး တစ်ခုကို လေ့လာ နေခဲ့ကြခြင်း ဖြစ်သည်။ ကြေးမုံ အတွင်းတွင်တော့ နယ်မြေ အပြင်ဘက်တွင် ရောက်ရှိနေသည့် ဟင်းလင်းပြင် သင်္ဘော အားလုံး၏ ပုံရိပ်များကို ခြုံငုံကာ ပြသထားသည်။ သင်္ဘောတစ်ခုချင်းစီမှာ ခြိမ်းခြောက်လိုသည့် အော်ရာ အငွေ့အသက်များကို ထုတ်လွှတ်နေကြောင်း ရှင်းလင်းစွာပင် တွေ့မြင်နိုင်ပေသည်။

“သူတို့က အတော်တော် သတ္တိရှိနေကြတယ်ပေါ့...”

သေမျိုး အဂ္ဂိရတ် အာဏာရှင် လူအိုကြီး တစ်ယောက်က ခံပြင်းစွာဖြင့် ရေရွတ်လိုက်၏။ သူက ပုံမှန်အားဖြင့် ယဉ်ကျေး သိမ်မွေ့သူ တစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုတွင်တော့ ပြင်းထန်သည့် စိတ်ခံစားချက်များနှင့် ပြည့်နှက် နေခဲ့သည်။

လူအိုကြီး၏ အော်ရာက အခြားလူများလိုပင် တည်ငြိမ်ခြင်း မရှိပဲ အားနည်းသည့် အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့သည်။ လွန်ခဲ့သည့် ဆယ်နှစ်တာ ကာလ အတွင်းတွင် သူတို့မှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ဖော်စပ်ဖို့ ကြိုးစားရင်း ကျရှုံခြင်း၊ အောင်မြင်ခြင်း များစွာနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုအတွက် သူတို့ အားအင်များစွာ ကုန်ဆုံးခဲ့ကြပေသည်။

အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ဖော်စပ်ရန် အဓိက လိုအပ်ချက်မှာ ဝိညာဉ် အော်ရာ ဖြစ်ကြောင်း သိရှိပြီးနောက်တွင် သူတို့မှာ ထုတ်ကုန်ကို ဖော်စပ်ရန် ယုံကြည်ချက်များ တိုးပွားလာခဲ့သည်။ ၎င်းနောက်တွင်တော့ ထာဝရ အစည်းအရုံး နှစ်ပေါင်းများစွာ စုစည်းထားသည့် အမွေအနှစ်များ၊ အသိဉာဏ် ပညာများကို အသုံးချကာ ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ကြသည်။ ကံကောင်းထောက်မစွာပင် ကျရှုံးမှုများ ရှိနေဆဲ ဖြစ်ကာ မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိရန် အတွက် ထာဝရ နတ်ဘုရား၏ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်မှုနှင့် ကြီးကြပ်မှုတို့ကို လိုအပ်ဆဲ ဖြစ်သည်။

“ထာဝရ နတ်ဘုရား... ခင်ဗျားက အဆုံးမဲ့ ကောင်းကင်ရဲ့ အထွတ်အထိပ် အင်အားစုတွေကို လာမကြိုဆိုတော့ဘူးလား”

အကန့်အသတ်မဲ့ သိုင်းဧကရာဇ်၏ အသံက ကြေးမုံမှ တစ်ဆင့် ပဲ့တင်ထပ် ထွက်ပေါ်လာကာ နန်းတော် တစ်ခုလုံးကို တုန်ခါသွားစေခဲ့လေသည်။ ကြားခံ တစ်ခုကို ဖြတ်သန်း၍ ထွက်ပေါ်လာသည့် အသံ ဖြစ်သည့်တိုင် သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ ရင်များ တဒိတ်ဒိတ် ခုန်သွားကြ၏။ အကန့်အသတ်မဲ့ သိုင်းဧကရာဇ်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်သီး မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။ သူက အင်ပါယာ အကြံပေး၊ ဝိညာဉ်ရှန့်ထို ဧကရာဇ်တို့နှင့်ပင် နှိုင်းယှဉ်လို့ရသူ ဖြစ်သည်။

“ဒီခွေးမသား...”

ခြားနားသည့် မျက်လုံးအရောင်များကို ပိုင်ဆိုင်ထားသည့် မိန်းမလှလေး တစ်ဦးက အံကို တင်းတင်းကြိတ်ကာ ကျိန်ဆဲ လိုက်သည်။ သူမက အခြားလူ မဟုတ်...။ ဆည်းဆာ အဂ္ဂိရတ် အာဏာရှင် မူယုယပင် ဖြစ်လေသည်။

“မဟာ အတွင်းရေးမှူးစန်းရော... သူက ကောင်းကင်ဓာတ်တော်ကို သူ့အတွက် ဝှက်ထားရဲတယ်ပေါ့... သူ့ကို ထောက်ပံ့ပေးထားတာက ထာဝရ အစည်းအရုံး ဆိုတာ မေ့နေတာလား...”

နောက်ထပ် သေမျိုး အဂ္ဂိရတ် အာဏာရှင် လူအိုကြီး တစ်ယောက်ကလည်း ဆိုလိုက်သည်။ သူက ထာဝရ အစည်းအရုံး မပေါ်ခင်ကတည်းက ထာဝရ နတ်ဘုရား၏ ထာဝရ ဆေးလုံး အစည်းအရုံးတွင် အမှုထမ်းခဲ့သူ တစ်ဦး ဖြစ်သည်။ သို့သော်လည်း... စန်းလော့ယန်မှာ နောက်မှ ပေါက်သည့် ရွှေကြာပင်လိုမျိုး ထာဝရ အစည်းအရုံး၏ မဟာ အတွင်းရေးမှူး ရာထူးကို ရယူသွားခဲ့သည်။

ထာဝရ အစည်းအရုံးမှာလည်း အခြား အင်အားစုများ နည်းတူပင် မနာလိုမှု၊ ပြိုင်ဆိုင်မှု၊ မုန်းတီးမှုများ ရှိသည့် နေရာတစ်ခု ဖြစ်သည်။ စန်းလော့ယန်မှာ အသက်ရှစ်ထောင်ပင် မပြည့်သေးသော်လည်း ထိုအသက်အရွယ်ဖြင့် မြေကြီးရှန့်ထို အဆင့်ကို ရောက်ရှိနေသူ ဖြစ်သည်။ ထို့အပြင် မူလ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကိုလည်း တက်လှမ်းထားနိုင်သည်။

လူအိုကြီးကတော့ ထာဝရ အစည်းအရုံး ဟူ၍ ဖြစ်ပေါ်မလာခင် နှစ်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းကျော် လောက်တည်းက ကျင့်ကြံနေခဲ့သူ ဖြစ်သည်။ သူ့ဘဝ တစ်လျှောက်လုံး အဂ္ဂိရတ် လမ်းစဉ်ကို နှစ်မြုပ် ထားခဲ့သည်။ ထိုကဲ့သို့ အပတ်တကုပ် ကြိုးစားခဲ့သော်လည်း မူလ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်မှာ သူနှင့် အလှမ်းကွာဝေးနေသေးဆဲ ဖြစ်သည်။

လူအိုကြီး၏ အမြင်အရ ဆိုလျှင်... ယခုလို ဤပြဿနာများ ပေါ်ပေါက် လာရသည်မှာ စန်းလော့ယန်နှင့် ပတ်သက်သည့် ကောလဟလများကြောင့်ပင် ဖြစ်သည်။ ကောင်းကင်ဓာတ်တော်နှင့် ပတ်သက်၍ စန်းလော့ယန်ထံတွင် တကယ် ရှိ၊ မရှိကိုတော့ သူလည်း မသိပါချေ။ သူ၏ အဓိက ရည်ရွယ်ချက်က စန်းလော့ယန်၏ အပြစ် ဖြစ်ကြောင်း မီးမောင်းထိုး ပြလိုခြင်း ဖြစ်သည်။

“ဘာကောင်းကင်ဓာတ်တော်လဲ... မဟာ အတွင်းရေးမှူးမှာသာ ကောင်းကင်ဓာတ်တော် ရှိခဲ့ရင် ဘယ်လို လုပ်ပြီး အစည်းအရုံးဆီကို မအပ်ပဲ နေမှာလဲ”

မူယုယက ကာကွယ် ပြောဆိုလိုက်၏။ သေမျိုး အဂ္ဂိရတ် အာဏာရှင် လူအိုကြီးက နှာခေါင်းရှုံ့ လိုက်၏။

“အဲဒီ သတင်းသာ တကယ် မဟုတ်ဘူး ဆိုရင် ဒီခွေးမသားတွေက အညှီအဟောက်တွေ့တဲ့ ယင်လို ဝိုင်းအုံ လာကြမယ် ထင်လား... နောက်ပြီး”

သူ ထပ်မံ၍ မငြင်းခုန်နိုင်ခင်မှာပင် အသံတစ်ခုမှာ နောက်ထပ် အသံတစ်ခုမှာကြေးမုံကို ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့ပြန်၏။ ၎င်းက အလွန်ပင် ခန့်ညား ထည်ဝါ၍ လွှမ်းမိုးနိုင်စွမ်း ရှိကာ မိမိကိုယ်ကို ယုံကြည်မှု၊ ရွှင်မြူးမှုတို့နှင့် ပြည့်နှက် နေခဲ့သည်။

“ထာဝရ နတ်ဘုရား... မတွေ့ရတာ ကြာပြီ...”

လူတိုင်း၏ အမူအရာများမှာ ချက်ချင်းပင် ပြောင်းလဲ သွားခဲ့၏။ ကြေးမုံ၏ မျက်နှာပြင်က အစိမ်းရောင် မျက်လုံးများနှင့် လူတစ်ယောက်၏ အသွင်အပြင်ကို ပြောင်းလဲ သွားသည်။ သူက အဖြူရောင်နှင့် ရွှေရောင် ရောနှောထားသည့် ဝတ်စုံကို ဝတ်ဆင်ထားကာ ဒဏ္ဍာရီထဲမှ ထွက်ပေါ်လာသည့် နတ်ဘုရား တစ်ယောက်လို ခန့်ညား ထည်ဝါလှ၏။ သူ့ နှုတ်ခမ်းထက်တွင်တော့ အားလုံး၏ ဝိညာဉ်များကို လှုပ်ခတ်စေနိုင်သည့် အပြုံးတစ်ခု ရှိနေခဲ့လေ၏။

အကန့်အသတ်မဲ့ သိုင်းဧကရာဇ်တွင် ရက်စက် ကြမ်ကြုတ်ကာ ဖိနှိပ်နိုင်သည့် အော်ရာ ရှိသည် ဆိုလျှင် ဝိညာဉ် ရှန့်ထို ဧကရာဇ်၏ အော်ရာကို နေမင်း တစ်စင်းမှ ထွက်ပေါ်လာသည့် လွှမ်းမိုးနိုင်စွမ်း ရှိသော အလင်းတန်းများနှင့် ခိုင်းနှိုင်းရပေလိမ့်မည်။

“ရှင်က အတော်မြန်သားပဲ... ဝိညာဉ် ရှန့်ထို ဧကရာဇ်...”

နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာ၏။ ကြေးမုံ၏ မျက်နှာပြင်က လှိုင်းထလာ၍ အက်ကြောင်းများနှင့် ထက်ဝက် ပိုင်းဖြတ်လိုက်ကာ နောက်ထပ် ပုဂ္ဂိုလ် တစ်ယောက်၏ ပုံရိပ် ဖြစ်ပေါ်လာခဲ့သည်။ သူမ၏ အသံက မယုံကြည်နိုင်လောက်အောင် ကြည်လင် ရှင်းလင်းကာ တိတ်ဆိတ်သော ညလယ်တွင် ပဲ့တင်ထပ် နေသယောင် ရှိသည်။ မျက်လုံးများ မှိတ်ထားသည့်တိုင် မည်သည့် ဖြစ်တည်မှုကမှ သူမ၏ အမြင်အာရုံကို တားဆီးနိုင်စွမ်း မရှိသည့်ပုံ ရသည်။

သူမက အခြားလူ မဟုတ်... အင်ပါယာ အကြံပေးပင် ဖြစ်လေသည်။

“ခင်ဗျားထက် နည်းနည်းလေး ပိုစောရုံတင်ပါ...”

ဝိညာဉ်ရှန့်ထို ဧကရာဇ်က အင်ပါယာ အကြံပေးဘက်ကို လှမ်းကြည့်ရင်း ပြုံးလိုက်၏။ သူ၏ အမူအရာက ပျော်ပွဲစား ထွက်လာသည့် လူတစ်ယောကက် အလား ထင်ရသည်။

“...”

ရွှေရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ထာဝရ နတ်ဘုရားမှာ ကြေးမုံကို မျက်တောင်မခပ် စိုက်ကြည့် နေခဲ့၏။ သူ၏ မျက်လုံးများက မည်သည့် ဒေါသ အငွေ့အသက်ကိုမှ ထိန်းသိမ်း မထားပဲ အလွန်အမင်း သန့်စင် ကြည်လင် နေခဲ့သည်။ သို့သော်လည်း... ထာဝရ နတ်ဘုရားကို ကောင်းစွာ သိရှိထားကြသူများကတော့ ၎င်းမှာ ဒေါသထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းသည့် အခြေအနေ တစ်ရပ် ဖြစ်ကြောင်း သိရှိကြလိမ့်မည် ဖြစ်သည်။

သို့သော်လည်း... ထိပ်သီး မြေကြီး ရှန့်ထို နှစ်ယောက်ကတော့ လားလားမျှ ဂရုမစိုက်ပါချေ။ တကယ်တမ်းအားဖြင့်... ဝိညာဉ်ရှန့်ထို ဧကရာဇ်ရော အင်ပါယာ အကြံပေးပါ ထာဝရ အစည်းအရုံးနှင့် ထာဝရ နတ်ဘုရားတို့ကို မလိုအပ်ပါချေ။

ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ အယ်နီယာ ခန်းမ အဂ္ဂိရတ် ရှန့်ထို တစ်ယောက်ကို ပိုင်ဆိုင်ထားသလို အင်ပါယာ ကလန်မှာလည်း ထာဝရ ဧကရာဇ်၏ တပည့် အဖြစ် လူအများ ယူဆ ထားကြသော အဂ္ဂိရတ် ရှန့်ထို တစ်ယောက်ကို ပိုင်ဆိုင်ထားသည်။ သူတို့၏ အဆင့်အတန်းက ထာဝရ အစည်းအရုံးကို ခယနေရမည့် အဆင့်အတန်း မဟုတ်ပါချေ။

“ထာဝရ နတ်ဘုရား... မဟာစက်ဝန်း လျှို့ဝှက် ကျိန်စာ နံပတ် ၄၆ အရ ကျုပ်ရဲ့ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမဝင် တစ်ယောက်ကို ထာဝရ အစည်းအရုံးက တရားမဝင် ချုပ်နှောင်ထားတဲ့ အတွက် သူ့ကို ပြန်ခေါ်ဖို့ ကျုပ်လာခဲ့တာပဲ... တကယ်လို့ သူက အဆုံးမဲ့ ကောင်းကင်ကို မတရားမဝင်တဲ့ နည်းလမ်းနဲ့ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ရင် ဒါမှမဟုတ် ဥပဒေသ ဖောက်ဖျက်တဲ့ လုပ်ရပ် တစ်ခုကို ကျူးလွန်ခဲ့ရင် ငါ့ဘက်က သင့်တော်တဲ့ လျော်ကြေးပေးမယ်... ဒါပေမဲ့ သူရဲ့ ပိုင်ဆိုင်မှု အားလုံးက သူ့လက်ထဲမှာပဲ ဆက်ရှိရမယ်... အသက် အန္တရာယ်လည်း ကင်းရှင်းရမယ်... မင်းတို့ဘက်က တစ်ခုခုကို ယူထားဖို့ ကြိုးစားမယ် ဆိုရင်လည်း ထိုက်တန်တဲ့ လျော်ကြေး ပြန်ပေးရမယ်... အဲဒီလျော်ကြေးက ယူထားတဲ့ ပစ္စည်းထက် ကြေးတစ်ပြားစာတောင် တန်ဖိုးနည်းလို့ မရဘူး...”

ဝိညာဉ်ရှန့်ထို ဧကရာဇ်က ထျန်းမျိုးနွယ် စတင် ထူထောင်ချိန် ကတည်းက ချမှတ်ခဲ့သော လျှို့ဝှက် ကျိန်စာ စည်းမျဉ်းကို အကိုးအကား ပြုကာ ဆိုလိုက်သည်။

မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ လျှို့ဝှက် ကျိန်စာ ယဉ်ကျေးမှု လွှမ်းမိုးနေသည့် နေရာတစ်ခု ဖြစ်ကြောင်း အားလုံး သိရှိပြီး ဖြစ်ပေသည်။ တစ်ချို့သော ကျိန်စာများမှာ မြေကြီး ရှန့်ထိုများကို ကိုယ်ပိုင် ကြယ်တာရာ နယ်မြေများ ထူထောင်ဖို့ ခွင့်ပြုထားသည်။ တစ်ချို့မှာလည်း ပြင်ပ ကျူးကျော်မှုများ မပြုလုပ်နိုင်အောင် ကာကွယ်ထားသည်။ ထိုအကာအကွယ်များကြောင့်သာ မဟုတ်လျှင် မဟာစက်ဝန်း ကြယ်ကွင်းပြင်၌ အများဆုံး ကြယ်တာရာ နယ်မြေ နှစ်ခု၊ သုံးခုလောက်သာ ကျန်ရှိနိုင်ပေသည်။

“ဝိညာဉ်ရှန့်ထို ဧကရာဇ်က ဒီလို စည်းမျဉ်းကို အကိုးအကား ပြုလိမ့်မယ်လို့ ထင်မထားဘူး”

အင်ပါယာ အကြံပေးက တည်ငြိမ်စွာပင် ဆိုလိုက်၏။ သူမ မည်သည့် အကြောင်းအရာများကို တွေးတောနေကြောင်း ခန့်မှန်းရန် ခက်ခြလှပေသည်။

"ကျိန်စာတွေ အားလုံးမှာ ရည်ရွယ်ချက် တစ်ခုစီ ရှိတယ်... ငါတို့ရဲ့ အကျိုးစီးပွားတွေ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့၊ ပြီးတော့ ငါတို့ရဲ့ အရင်းအမြစ်တွေကို မတရားခိုးယူ မခံရဖို့... မတရားလုပ်ခံရရင် လျော်ကြေးရဖို့... ငါတို့ ကိုယ်တိုင် သဘောတူထားတဲ့ ကျမ်းသစ္စာတွေကို ငါတို့ မကျင့်သုံးသင့်ဘူးလား”

ဝိညာဉ်ရှန့်ထို ဧကရာဇ်က ဆိုလိုက်၏။ ကျိန်စာမှာ ယခုလို အခြေအနေမျိုး အတွက် ရည်ရွယ်ချက် ရှိရှိ ဖန်တီးထားခြင်း မဟုတ်သည့်တိုင် ကွက်တိပင် အံဝင်ပေသည်။ ဝိညာဉ်မြှင့်တင်ခြင်း ရှန့်ထိုကို ခေါ်ဆောင်လာခြင်းဖြင့်လည်း သူက နောက်ထပ် သက်သေ အထောက်အထား တစ်ချို့ကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့ပေသည်။ သူ့ထံတွင် အနည်းဆုံး ဝှက်ဖဲ သုံးခုခန့် ပါဝင်လာပေသည်။

ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ အကြောင်းရင်းမဲ့စွာဖြင့် ဝိညာဉ် ဧကရာဇ်များ၏ ခေါင်းဆောင် ဖြစ်လာခဲ့ခြင်း မဟုတ်ချေ။ ဉာဏ်ရည်နှင့် ယှဉ်ပါက သူ၏ ပါရမီနှင့် စွမ်းအားတို့ပင် ဒုတိယ နေရာ၌ ရှိပေသည်။ ကောင်းကင်ဓာတ်တော်သာ အမှန်တကယ်ရှိပါက ထာဝရ နတ်ဘုရားမှာ လွယ်လွယ်ကူကူနှင့် လက်လွှဲပေးလိမ့်မည် မဟုတ်ကြောင်း သူသိပေသည်။ ထို့ကြောင့်ပင် သူ့ဘက်က လျော်ကြေး လမ်းကြောင်း တစ်ခုကို ဖွင့်ထားခြင်းဖြစ်သည်။

ထို့အပြင်... ဝိညာဉ်လမ်းလျှောက်သူမှာ ကောင်းကင် ဓာတ်တော်ကို ကိုင်ဆောင်ကာ အဆုံးမဲ့ ကောင်းကင်ကို တရားမဝင်သော နည်းလမ်းဖြင့် ဝင်ရောက်လိမ့်မည် မဟုတ်ကြောင်း သူ ယုံကြည်ပေသည်။ ထိုအမျိုးသမီးမှာ ထိုမျှ မိုက်မဲသူ တစ်ယေက် မဟုတ်ကြောင်း ဝိညာဉ်ရှန့်ထို ဧကရာဇ် သိသည်။ သူမက အပျက်အစီး နိုဗာ ဖြစ်ပွားရာ အဆုံးမဲ့ ကောင်းကင် အစွန်အဖျားနားတွင် နေထိုင်ကာ စန်းလော့ယန်၏ ရှေးဟောင်း လောကနယ်မြေထဲကို တိုက်ရိုက် ဝင်ရောက်ခဲ့ခြင်း ဖြစ်နိုင်သည်။ ရှေးဟောင်း ကောင်းကင်မှာ အဆုံးမဲ့ ကောင်းကင်ပိုင် နယ်မြေ တစ်ခု မဟုတ်ပါချေ။

သူမက တရားမဝင် ဝင်ရောက်မှုမျိုး မပြုလုပ်ခဲ့သလို စွဲချက်တင်စရာ ရာဇဝတ်မှုများကိုလည်း မကျူးလွန်ခဲ့ချေ။ အကယ်၍ ရှိခဲ့လျှင်... အင်ပါယာ မျိုးနွယ်မှာ သူမကို အမဲလိုက်ကာ သတ်ဖြတ်နေလောက်ပြီ ဖြစ်သည်။

“ရှင့်ရဲ့ စကားလုံးတွေက အမြဲ ရန်လို နေတာပဲ...”

အင်ပါယာ အကြံပေးက တိတ်တဆိတ်ပင် မှတ်ချက်ချလိုက်၏။ ဝိညာဉ်ရှန့်ထို ဧကရာဇ်က ပြုံးရုံသာ ပြုံးပြလိုက်သည်။ အကယ်၍ အင်ပါယာ မျိုးနွယ် အတွင်းတွင် အဆုံးအထိ လှည့်စားတတ်သူ တစ်ဦး ရှိသည် ဆိုလျှင် သူမက အင်ပါယာ အကြံပေးသာ ဖြစ်ပေလိမ့်မည်။ သူမနှင့် ကောက်ကျစ်မှုခြင်း ယှဉ်ပါက ဝိညာဉ် ရှန့်ထို ဧကရာဇ်ပင်လျှင် သူ၏ နိမ့်ကျမှုကို ဝန်ခံရလိမ့်မည် ဖြစ်သည်။

သို့သော်လည်း... ယခုတစ်ကြိမ်တွင် အင်ပါယာ အကြံပေးက အဘယ်ကြောင့် ထိုမျှ တုန့်ဆိုင်း နေရကြောင်း ဝိညာဉ် ရှန့်ထို ဧကရာဇ် နားမလည်နိုင်ချေ။ ၎င်းက ကောင်းကင် ဓာတ်တော် ဖြစ်လေရာ အင်ပါယာ ကလန်မှာ လိုချင် တက်မက်နေမှာ သေချာပေသည်။ ကောင်းကင်ဓာတ်တော်ကို မည်သူက မလိုချင်ပဲ နေပါမည်နည်း။

ကံကောင်းထောက်မတာ တစ်ခုက သူ့ထံတွင် လျှို့ဝှက် ကျိန်စာ၏ အားသာချက်များ ရှိနေခြင်း ဖြစ်သည်။ ထာဝရ အစည်းအရုံးက ကောင်းကင်ဓာတ်တော်ကို ထုတ်ပေးသည် ဖြစ်စေ၊ သို့မဟုတ်... ၎င်းနှင့် တန်ဖိုးချင်း တူညီသည့် လျော်ကြေးကို ပေးအပ်သည် ဖြစ်စေ... သူ့ဘက်က နစ်နာလိမ့်မည် မဟုတ်ပါချေ။

“ဝိညာဉ်ရှန့်ထို ဧကရာဇ်က ကျိန်စာကို သုံးပြီး တောင်းဆိုနေတာ ဆိုတော့ သူ့ကိစ္စကို အရင်ဆုံး ကိုင်တွယ်လိုက်ရင် မကောင်းဘူးလား... ဒုတိယ ခေါင်းဆောင် ထာဝရ နတ်ဘုရား...”

အင်ပါယာ အကြံပေးက တိတ်ဆိတ်ငြိမ်သက်နေသည့် ထာဝရ နတ်ဘုရားကို ပထမဆုံး အကြိမ် အဖြစ် ခေါင်းစဉ် တပ်ကာ ရည်ညွှန်းလိုက်လေ၏။

***

All Chapters