တန်ကြေး
Vol. 96 Ch. 1336
"...”
ထာဝရ နတ်ဘုရားမှာ အင်ပါယာ အကြံပေး၏ ပုံရိပ်ကို တိတ်တဆိတ်ပင် စောင့်ကြည့်နေခဲ့သည်။ အာကာသ အလွှာများ ခြားနားနေသည့်တိုင် သူ၏ ခုနစ်ရောင်ခြယ် မျက်လုံးများမှာ မည်သည့် အဟန့်အတားကို မဆို ထိုးဖောက် မြင်ရဟန်ဖြင့် တဖျပ်ဖျပ် တောက်ပနေခဲ့၏။
တစ်ခဏမျှ ကြာမြင့်ပြီးနောက် ထာဝရ နတ်ဘုရားက အနည်းငယ် ပြုံးလိုက်လေသည်။
“မင်းရဲ့ လက်အောက်ငယ်သားကို ငါတို့က အတင်းချုပ်ထားတာ မဟုတ်ဘူး... ဒါပေမဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုကိုတော့ ငါတို့ သိမ်းယူထားတယ်”
သူက တည်ငြိမ်စွာပင် ပြုံးလိုက်ရင်း ကျောက်စိမ်း သေတ္တာ တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းကို ဖွင့်လိုက်ရာ အရိပ်မြူနှင်းများနှင့် အရာဝတ္ထု တစ်ခု ထွက်ပေါ်လာခဲ့၏။ ၎င်းက ကောင်းကင်လောက အမြုတေပင် ဖြစ်လေသည်။
သူ ထိုအရာကို ဝိညာဉ် လမ်းလျှောက်သူထံမှ ရယူထားခဲ့ခြင်း ဖြစ်သည်။
“သူ့ကိုတော့ ထာဝရ သူရဲကောင်း တစ်ယောက်နဲ့ ပြန်ပို့ခိုင်းလိုက်မယ်... ကောင်းကင်ဓာတ်တော် အတွက် လျော်ကြေး အတွက်ကတော့ နောက်လာမယ့် နှစ်နှစ် အတွင်း ငါတို့...”
"မလိုဘူး... ရှင်တို့သာ ကျွန်မရဲ့ အကဲဖြတ်နိုင်စွမ်းကို ယုံကြည်မယ် ဆိုရင် ဒီနေရာမှာတင် ကောင်းကင်ဓာတ်တော်ကို တန်ဖိုးသတ်မှတ်ပေးနိုင်တယ်”
အင်ပါယာ အကြံပေးက ထာဝရ နတ်ဘုရား၏ စကားကို ဖြတ်ကာ ပြောဆိုလိုက်၏။
“ကျွန်မက မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှာ ထိပ်တန်း အကဲဖြတ် ကျွမ်းကျင်သူလို့ ပြောလို့ရတယ်... နောက်ပြီး ကောင်းကင်ဓာတ်တော်ကို ရှေးဟောင်း ရတနာတွေ အကြောင်းကိုလည်း အတော်လေး ရင်းနှီးတယ်.. ကျွန်မ ခုလို ပြောနေတာက ကိုယ်ကျိုးအတွက် မဟုတ်ဘူး... ကျိန်စာ မြန်မြန် ပြီးမြောက်သွားအောင် ပြောနေတာ... ဒါပေမဲ့ ဝိညာဉ် ရှန့်ထို ဧကရာဇ်ရဲ့ သဘောထားကလည်း အရေးကြီးပါတယ်... သူက မလုပ်စေချင်ဘူး ဆိုရင် ကျွန်မ ဘေးဖယ်နေပေးမယ်”
အင်ပါယာ အကြံပေး၏ စကားလုံးများက လူတိုင်း၏ အမူအရာများကို ပြောင်းလဲ သွားစေခဲ့လေသည်။ အထူးသဖြင့်... ထာဝရ နတ်ဘုရားပင်။
သူမက ဘာတွေ ကြံစည်နေသနည်း။ ဝိညာဉ်ရှန့်ထို ဧကရာဇ် ပင်လျှင် သူမ၏ ရည်ရွယ်ချက်ကို ခန့်မှန်နိုင်စွမ်း မရှိပါချေ။
“ကောင်းပြီလေ...”
သို့သော်လည်း သူက အင်ပါယာ ကလန် လိုချင်သည့် အရာကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့က ထာဝရ အစည်းအရုံးကို ကာကွယ်လိုနေခြင်း ဖြစ်နိုင်သလော။
"ကျွန်မ အကဲဖြတ်ပေးရမယ်ပေါ့...”
အင်ပါယာ အကြံပေးက ပြုံးလိုက်သည်။ ထာဝရ နတ်ဘုရား၏ အမူအရာက အလွန်တရာ ဒေါသထွက်နေရမည် ဖြစ်သော်လည်း အံ့အားသင့်စွာပင် သူက ၎င်းကို ကောင်းစွာ ထိန်းသိမ်းထားကာ ကောင်းကင်ဓာတ်တော်ကို ကြေးမုံရှေ့သို့ ပို့လိုက်သည်။ ထိုအခိုက်တွင်ပင် အင်ပါယာ အကြံပေးမှာ မျက်လုံးများကို ဖွင့်လိုက်လေတော့၏။
ရုတ်တရက်... လောကကြီး တစ်ခုလုံးမှာ ဖော်ပြ၍ မရနိုင်သော နည်းလမ်းများစွာနှင့် တစ်ခဏတာမျှ ပြောင်းလဲ သွားခဲ့လေသည်။ ထို့နောက် ပြန်လည်၍ အဆုံးသတ်သွား၏။
၎င်းက ဖော်ပြရန် ခက်ခဲလွန်းရကား အခန်းအတွင်းရှိ လူအများစုမှာ မည်သည့် အရာများ ဖြစ်ပျက် သွားခဲ့သည်ကို နားမလည်နိုင်အောင် ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း... သူတို့အားလုံး၏ နှလုံးသားများနှင့် ဝိညာဉ်များကတော့ တစ်စုံတစ်ရာ၏ ထွင်းဖောက် ကြည့်ရှုခြင်းကို ခံလိုက်ရသလို တုန်ရီ နေကြသည်။
“ကောင်းကင်ဓာတ်တော်က သူ ပိုင်ထားရမယ့် ကောင်းကင် မန်နာ တစ်ချို့တော့ ကင်းမဲ့နေတယ်... ဒါပေမဲ့ အံ့ဩစရာ ကောင်းလောက်တဲ့ ပမာဏ တစ်ခု အထိ ပါဝင်နေတုန်းပဲ... နောက်ပြီး ဖွဲ့စည်း တည်ဆောက်ပုံကလည်း မပျက်စီးသေးဘူး... ဝင်္ကပါတွေ အစီအရင်တွေ အမျိုးမျိုး အတွက် သုံးလို့ ရတယ်... အစွမ်းထက် အစီအရင် တစ်ခုနဲ့သာ ပေါင်းစပ် သုံးမယ် ဆိုရင် မြေကြီး ရှန့်ထိုတွေတောင် အသက်ရှင်ရက် မလွတ်မြောက်နိုင်ဘူး... ရှားပါးမှု၊ အဖိုးတန်မှုနဲ့ အသုံးဝင်မှုတွေပေါ် မူတည်ပြီး တန်ဖိုးကို ခန့်မှန်းရမယ် ဆိုရင်တော့..."
အခန်းအတွင်းရှိ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ချို့မှာ ကောင်းကင်မန်နာ ဆိုသည့် ဝေါဟာရကို မကြားဖူးသော်လည်း... သူတို့၏ လျှို့ဝှက် ဝိညာဉ်များ အတွင်း တပ်မက်စိတ်များက အလိုအလျောက် ဖြစ်ပေါ်လာသည်ကိုတော့ ခံစားလိုက်ရလေသည်။
“မြေကြီး အဆင့် လျှို့ဝှက် ကျောက်တုံး ၅၃၀,၀၀၀ လောက် ထိုက်တန်လိမ့်မယ်”
အင်ပါယာ အကြံပေးက ယုံကြည်ချက် ရှိစွာပင် ကြေညာလိုက်လေ၏။
"..."
"..."
"..."
“မြေကြီး အဆင့် လျှို့ဝှက် ကျောက်တုံး ၅၃၀,၀၀၀...”
အားလုံး၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာဖြင့် ပြူးကျယ် သွားကြလေ၏။ တုန်လှုပ် ချောက်ချားသည့် အမူအရာများက သူတို့ အားလုံး၏ အမူအရာများကို စိုးမိုးသွားသည်။
မည်ကဲ့သို့ မတုန်လှုပ်ပဲ နေနိုင်မည်နည်း။ အသေးစား အရွယ် ကြယ်တာရာ အဆင့် ဂြိုဟ်တစ်လုံး၏ တန်ကြေးပင်လျှင် အကြမ်းဖျဉ်းအားဖြင့် လျှို့ဝှက် ကျောက်တုံး ၁၀ လုံးခန့်သာ တန်ကြေး ရှိပေသည်။ ဝေ့ဝူယင် တူးဖော်ရရှိခဲ့သည့် အထွတ်အထိပ် အဆင့် တာရာ လျှို့ဝှက် သတ္တုရိုင်းဂြိုဟ် တစ်ခုလုံးပင်လျှင် လျှို့ဝှက် ကျောက်တုံး ၈၀၀,၀၀၀ သာ အဖိုးထိုက်တန်ပေသည်။ ကောင်းကင်ဓာတ်တော်၏ တန်ဖိုးက ထိုဂြိုဟ် တစ်ခုနီးပါး ဖြစ်သည်။
“အဓိပ္ပာယ် မရှိလိုက်တာ...”
စန်းလော့ယန် ဒုက္ခရောက်မှာကို လိုလားသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် လူအိုကြီးက နှာခေါင်းရှုံ့ရင်း ဆိုလိုက်လေ၏။ ကောင်းကင်ဓာတ်တော်မှာ တန်ဖိုးကြီးသည့်တိုင် လျှို့ဝှက် ကျောက်တုံး ၅၃၀,၀၀၀ ဆိုသည်ကတော့...။
အဆင့်နိမ့် ကြယ်တာရာ နယ်မြေများ ပင်လျှင် လျှို့ဝှက် ကျောက်တုံး ၁၀၀,၀၀၀ လောက် အဖိုး ထိုက်တန်ခြင်း မရှိချေ။ သို့တိုင်အောင် မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရှိ ကြယ်တာရာ နယ်မြေများမှာ သဘာဝ အတိုင်း ဖြစ်ပေါ်လာသည့် သာမန် ပေါ့သေးသေး လောကနယ်မြေများ မဟုတ်ချေ။ ထောင်ချီသည့် ကြယ်တာရာ နယ်မြေများကို ပေါင်းစည်းထားသည့် ဖြစ်တည်မှုများ ဖြစ်သည်။ အဆင့် အနိမ့်ဆုံး ကြယ်တာရာ နယ်မြေ တစ်ခု ပင်လျှင်... သာမန် ကြယ်တာရာ နယ်မြေ တစ်ခုထက် အဆပေါင်း ရာချီ ပိုမို ကြီးမားပေသည်။ ထို့ကြောင့်ပင် ၎င်းတို့မှာ မယုံကြည်နိုင်လောက်အောင် တန်ဖိုးကြီးမားပေသည်။
ထိုကဲ့သို့ ကြယ်တာရာ နယ်မြေများသည်ပင် ကောင်းကင်ဓာတ်တော်၏ လေးပုံတစ်ပုံလောက် အဖိုး မတန်သည်လား။
“ရှင်က ကျွန်မရဲ့ အကဲဖြတ်နိုင်စွမ်းကို မေးခွန်းထုတ် နေတာလား...”
အင်ပါယာ အကြံပေးမှာ မျက်လုံးများကို ပြန်လည် မှိတ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... သူမ၏ မျက်နှာမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် လူအိုကြီး ရှိရာသို့ တန်းတန်းမတ်မတ်ပင် မျက်နှာမူ နေခဲ့၏။
“...”
ရုတ်တရက် လူအိုကြီးမှာ ကျောရိုးများ အေးစိမ့်တက်သွားသလို ခံစားလိုက်ရသည်။
“ကျုပ်... ကျုပ်...”
သူ စကားမပြောနိုင်ပါချေ။ တစ်စုံတစ်ရာက လည်ချောင်း အတွင်း တစ်ဆို့နေသလို သူ ခံစားနေရ၏။
"တော်လောက်ပြီ...”
နောက်ဆုံး၌ ထာဝရ နတ်ဘုရားက စကားပြောလိုက်လေသည်။ ထာဝရ နတ်ဘုရား နန်းတော် အတွင်းရှိ အဂ္ဂိရတ် ပညာရှင်များထဲတွင် သူက တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။ ဝိညာဉ် လမ်းလျှောက်သူထံမှ ကောင်းကင်ဓာတ်တော်ကို ရရှိပြီး နောက်တွင် ၎င်းကို စစ်ဆေးရန် အတွက် သူ အချိန် ပမာဏ များစွာ ရရှိခဲ့ပေသည်။
"လျှို့ဝှက် ကျောက်တုံး ၄၅၀,၀၀၀... အလဲအထပ် သဘောနဲ့ အကဲဖြတ်ထားတဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေ၊ ရတနာတွေ ပေးမယ်... ကောင်းကင်ဓာတ်တော်က ထာဝရ အစည်းအရုံးရဲ့ ထာဝရ အပိုင် ဖြစ်လာရမယ်... ကျုပ် ဘာကို ဆိုလိုတယ် ဆိုတာ ခင်ဗျားတို့ နားလည်တယ် မလား”
တန်ကြေးက အလွန်အမင်း မြင့်မားသည့်တိုင် ထာဝရ နတ်ဘုရား၏ အသံက တည်ငြိမ်နေခဲ့သည်။ သူက အင်ပါယာ အကြံပေးကို တစ်ချက် ကြည့်ကာ ကောင်းကင်လောက အမြုတေကို သေတ္တာ အတွင်း ပြန်လည်၍ ထည့်သွင်းလိုက်၏။
ထာဝရ နတ်ဘုရားမှာ စိတ်ထဲမှ ကျိန်စာများကို ကျိန်ဆဲ နေခဲ့မိသည်။ ထိုကျိန်စာများကြောင့်သာ မဟုတ်ပါက ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ ထာဝရ အစည်းအရုံးရှေ့သို့ ရောက်ရှိလာကာ ခွေးတစ်ကောင်လို တဝုတ်ဝုတ် ဟောင်နေခဲ့လိမ့်မည် မဟုတ်ပါချေ။ အင်ပါယာ ကလန်၏ ပိုင်နက် အတွင်း ရှိနေသရွေ့ သူ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမကို မကြောက်ချေ။ သူတို့က ဘယ်တော့မှ ကျူးကျော်ဝံ့လိမ့်မည် မဟုတ်ချေ။
“သဘောတူတယ်...”
သတ်မှတ်တန်ဖိုးထက် လျော့နည်းသည့်တိုင် ဝိညာဉ်ရှန့်ထို ဧကရာဇ်က အတိုက်အခံ မပြောတော့ပဲ ခေါင်းညိတ်လိုက်၏။ သူ ပြင်ဆင်ထားသည့် အခြား ဝှက်ဖဲများကို မသုံးလိုက်ရသည်ကတော့ နှမြောစရာ ကောင်းလှသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... အများကြီး အားစိုက်ထုတ်စရာ မလိုပဲ အမြတ်ထုတ်လိုက်နိုင်သည်ကတော့ ကျေနပ်စရာပင်။ မည်သို့ပင် ဆိုစေ... ကောင်းကင်ဓာတ်တော်ကို ရရှိခဲ့သူက ဝိညာဉ် လမ်းလျှောက်သူ ဖြစ်ပေသည်။ သို့သော်လည်း... ယခုတွင်တော့ လျှို့ဝှက် ကျောက်တုံး ၄၅၀,၀၀၀ တန် ရတနာများမှာ သူ့အပိုင် ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။
***