← Chapters

ထင်မှတ်မထားသော တွေ့ရှိမှု

Vol. 96 Ch. 1337

ထင်မှတ်မထားသော တွေ့ရှိမှု

Vol. 96 Ch. 1337

ကြွယ်ဝချမ်းသာမှုချင်း ယှဉ်လျှင်... ထာဝရ အစည်းအရုံးမှာ ရွှေရောင် အသက်နန်းတော်နှင့် ရင်ဘောင်တန်းနိုင်သည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ လျှို့ဝှက်ကျောက်တုံး ၄၅၀,၀၀၀ တန် ရတနာများမှာ တော်ရုံ တန်ရုံ အဖွဲ့အစည်း တစ်ခု ဘယ်လိုမှ မပိုင်ဆိုင်နိုင်သည့် ကြွယ်ဝမှု ဖြစ်သည်။

သို့သော်လည်း... ထာဝရ အစည်းအရုံးမှာ လျှို့ဝှက် မြေကြီး အဆင့်၊ အဆင့်ကိုး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များစွာကို ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်း ဖြစ်သည်။ ဥပမာ အားဖြင့် သူတို့၏ လျှို့ဝှက် မြေကြီး အဆင့် လျှို့ဝှက် ဆန္ဒ ပေါင်းစည်းခြင်း ဆေးလုံး ဆိုလျှင် အဆင့်နိမ့် အရည်အသွေးတွင်ပင် လျှို့ဝှက် ကျောက်တုံး ၃၀၀ အထိ တန်ကြေး ရှိပေသည်။

“ဆိုတော့ ကျွန်မတို့ ကျမ်းသစ္စာ ကျိန်ဆိုပြီး စျေးနှုန်းကို သဘောတူလိုက်ကြရင်ရော...”

အင်ပါယာ အကြံပေးက မေးမြန်းလိုက်၏။

"ကောင်းတယ်... ပေးချေရမယ့် ရက်စွဲကိုပါ ထည့်ရမယ်”

ဝိညာဉ်ရှန့်ထို ဧကရာဇ်က သဘောတူလိုက်၏။ ကြည့်ရပါက အင်ပါယာ အကြံပေးမှာ သူ့ကို ကစားပွဲမှ ဝေစု တစ်ခုနှင့် လျှင်လျှင် ဖယ်ထုတ်ချင်နေသည့်ပုံ ရသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... သူ့ဘက်က အရှုံးမရှိပါချေ။

လျှို့ဝှက် ကျောက်တုံး ၄၅၀,၀၀၀ မှာ အလွန်တရာ များပြားလှသည့် တန်ကြေး တစ်ခု ဖြစ်သည်။ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ ပင်လျှင် သူတို့၏ နေကြယ်များ၊ လျှို့ဝှက်အဆင့် ဂြိုဟ်များ၊ လောကနယ်မြေနှင့် လျှို့ဝှက် နယ်မြေများကို ထုတ်မရောင်းပါက ထိုတန်ကြေးကို လက်ငင်းပေးချေဖို့ မဖြစ်နိုင်ပါချေ။

ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ဒုတိယ အကြီးဆုံး ကြယ်တာရာ နယ်မြေ ဖြစ်သော်လည်း ရင်းမြစ် အများစုကို ရည်ရွယ်ချက် ရှိရှိ စုဆောင်းထားခြင်း မပြုပဲ ကျင့်ကြံခြင်းတွင်သာ ခွဲဝေ အသုံးပြုလေ့ ရှိပေသည်။

ထို့အပြင်... ထာဝရ အစည်းအရုံးက ငွေပေးချေမှုကို အကြောင်း အမျိုးမျိုးပြကာ အချိန်ဆွဲနေမည့် အဖြစ်မျိုးကို ဝိညာဉ်ရှန့်ထို ဧကရာဇ် မလိုလားပါချေ။ ဤရာစုနှစ်မှာ အမျိုးမျိုးသော အပြောင်းအလဲများနှင့် ပြည့်နှက်နေသည့် ကာလ တစ်ခု ဖြစ်သည်။ ထို့အပြင် ထာဝရ အစည်းအရုံးမှာ ကောင်းကင်ဓာတ်တော်ကို လက်ဝယ် ကိုင်ဆောင်ထားရာ အမျိုးမျိုးသော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရမှာ ကျိန်းသေပေသည်။ နောင်ဆယ်စုနှစ်များတွင် ဘာဖြစ်လာမည်ကို မည်သူမှ အာမ မခံနိုင်ပါချေ။

“ပေးချေဖို့ ရက်စွဲ ဟုတ်လား...”

အင်ပါယာ အကြံပေးက မေးလိုက်၏။

"ဟုတ်တယ်... အားလုံးကို ကျုပ် နှစ်ရက် အတွင်း လိုချင်တယ်”

ဝိညာဉ် ရှန့်ထို ဧကရာဇ်က‌ ခေါင်းညိတ်လိုက်သည်။ ဖြစ်နိုင်လျှင် ပဋိပက္ခများ မဖြစ်ပေါ်ခင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေကို သူ ပြန်ချင်သည်။ အင်ပါယာ အကြံပေးက မည်သည့် အရာများကို ကြံစည် နေသည် ဖြစ်စေ အဝေးတွင် ရှိနေသည်က အကောင်းဆုံး ဖြစ်သည်။

"ထာဝရ နတ်ဘုရား ဘက်ကရော ဘယ်လို သဘောရလဲ... နှစ်ရက် အတွင်း ပေးနိုင်လား”

အင်ပါယာ အကြံပေးမှာ ကြားဝင် ညှိနှိုင်းသူ တစ်ဦး၏ အလုပ်ကို အကောင်းဆုံး လုပ်ဆောင် နေခဲ့၏။ ထာဝရ နတ်ဘုရား၏ စိတ်တစ်ခုလုံးမှာ မုန်းတီးမှု၊ ခံပြင်းမှု၊ နာကျင်မှုတို့နှင့် ပြည့်နှက်နေသည့်တိုင် သူက ထိုအရာများကို အောင်မြင်စွာ ဖုံးကွယ်ထားနိုင်ကာ ခေါင်းတစ်ချက် ညိတ်လိုက်သည်။ သူတို့၏ ဘဏ္ဍာတိုက်ထဲတွင် သန်းနှင့်ချီသည့် လျှို့ဝှက် ကျောက်တုံးများ အပြင်... မရေမတွက်နိုင်သော အဂ္ဂိရတ် ထုတ်ကုန်များစွာ ရှိပေသည်။ ထိုအထဲမှ တစ်ချို့ဆိုလျှင် ထာဝရ ဧကရာဇ် ကိုယ်တိုင် ဖော်စပ်ခဲ့သည့် အဂ္ဂိရတ် ထုတ်ကုန်များ ဖြစ်သည်။

အကြမ်းဖျဉ်းတွက်ချက်ရပါက သူတို့၏ ဘဏ္ဍာတိုက်ထဲတွင် အကြမ်းဖျဉ်းအားဖြင့် လျှို့ဝှက် ကျောက်တုံး ခြောက်သန်း၊ ခုနစ်သန်းကျော်လောက် ရှိမည့် ရတနာများ ရှိပေသည်။

နှစ်ရက် အတွင်း ပေးချေဖို့လား... ထာဝရ အစည်းအရုံးမှာ နှစ်မိနစ် အတွင်းမှာပင် ပေးချေနိုင်ပေသည်။

“ကောင်းပြီလေ... ဒါဆို တရားမျှတမှု ရှိအောင် ထုတ်ကုန် တစ်ခုချင်းစီရဲ့ တန်ဖိုးကို ကျွန်မ အကောင်းဆုံး သတ်မှတ်ပေးပါ့မယ်... တကယ်လို့ ရှင်တို့ နှစ်ဦးနှစ်ဖက် အဆင်ပြေတယ် ဆိုရင်ပေါ့လေ”

အင်ပါယာ အကြံပေးက အကြံပြုလိုက်ရာ နှစ်ဦးနှစ်ဖက်စလုံး လက်ခံလိုက်ကြ၏။ ထို့နောက် သေမျိုး အဂ္ဂိရတ် အာဏာရှင်များနှင့် အင်ပါယာ အကြံပေးတို့၏ ရှေ့မှောက်တွင်ပင် သူတို့ လျှို့ဝှက်ကျိန်စာ ကျိန်ဆို လိုက်ကြလေသည်။ အရာအားလုံး ငြိမ်းချမ်းစွာပင် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်လေသည်။

ထို့နောက်... ထာဝရ နတ်ဘုရားက ပေးချေရမည့် လျှို့ဝှက် ကျောက်တုံးများနှင့် ရင်းမြစ်များကို ရယူရန် ထာဝရ သူရဲကောင်းများကို ဘဏ္ဍာတိုက် ရှိရာထံသို့ စေလွှတ်လိုက်လေသည်။ သူတို့မှာ အလွန် သစ္စာရှိကြသူများ ဖြစ်သည့် အပြင် လျှို့ဝှက်ကျိန်စာ ကျိန်ဆိုထားသူများလည်း ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့မှာ ထာဝရ နတ်ဘုရားမှ လွဲ၍ ဘဏ္ဍာတိုက် အတွင်း ဝင်ရောက်နိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။

ဝိညာဉ်ရှန့်ထို၏ ကိစ္စကို ဖြေရှင်းပြီးနောက်တွင် သူက ကောင်းကင်ဓာတ်တော်ကို တရားဝင် ပိုင်ဆိုင်ခွင့် ရရှိလိမ့်မည် ဖြစ်သည်။

နောက်တစ်ခုကတော့ စန်းလော့ယန်၏ တာဝန် ဖြစ်သည်။ အောင်မြင်စွာ ကိုင်တွယ်နိုင်ခြင်း၊ မကိုင်တွယ်ခြင်နိုင်ခြင်းက သူ့အပေါ်တွင်သာ မူတည်နေပေသည်။ မအောင်မြင်ပါက စန်းလော့ယန် အနေဖြင့် ကောင်းကင် မန်နာကို ခွဲဝေ ရောင်းချတာ သို့မဟုတ်... လေလံတင်တာမျိုး ပြုလုပ်ကောင်း ပြုလုပ်ကောင်း ပြုလုပ်ရနိုင်ပေသည်။

ဝေ့ဝူယင်မှာ ကောင်းကင်ဓာတ်တော် တစ်ခုကို ရရှိကာ အဂ္ဂိရတ် ထုတ်ကုန် တစ်မျိုး ဖော်စပ် ပြသမည် ဖြစ်ကြောင်း ထာဝရ နတ်ဘုရား သတင်းများ ရရှိထားပြီး ဖြစ်သည်။ သူ့အနေဖြင့် ထိုသေမျိုးထက် နောက်မကျအောင် စွမ်းဆောင်ရမည် ဖြစ်သည်။ မဟုတ်ပါက ထာဝရ အစည်းအရုံးနှင့် အဂ္ဂိရတ် ရှန့်ထို တစ်ပါး ဆိုသည့် သူ၏ ဂုဏ်သိက္ခာမှာ ကျဆင်းသထက် ကျဆင်းလာကာ ဘာမှ သုံးစား၍ မရသည် အထိ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

အကြမ်းဖျဉ်း... သုံးဆယ့်ရှစ်စက္ကန့်ခန့် ကြာမြင့်ပြီးနောက်...

“ဘာ...”

ထာဝရ သူရဲကောင်းများ ပို့လွှတ်လိုက်သည့် ဝိညာဉ် ဆက်သွယ်မှုကို ဖတ်ရှုရင်း ထာဝရ နတ်ဘုရားမှာ တုန်လှုပ် ခြောက်ချားစွာ အော်ဟစ်လိုက်လေ၏။

သူ၏ မျက်လုံးများက အလွန် ပြူးကျယ်နေကာ တုန့်ဆိုင်းခြင်း မပြုပဲ ခန်းမထဲမှ ပျောက်ကွယ် သွားခဲ့သည်။ ထို့နောက် သူက မြေအောက်ကမ္ဘာကို အရှိန်အဟုန်နှင့် ပြေးဆင်း သွားခဲ့၏။ ထာဝရ နတ်ဘုရား ပျောက်ကွယ် သွားသည်ကို ကြည့်ရင်း အင်ပါယာ အကြံပေးက ပြုံးလိုက်သည်။

ဝှစ်...

ထာဝရ နတ်ဘုရားမှာ အဆောင် တစ်ခုကို အသက်သွင်းကာ ကုန်းမြေတိုက်ကြီး၏ အမြုတေထံ အထိ ဆင်းသက်လာခဲ့၏။ ထိုနေရာက ထာဝရ ဘဏ္ဍာတိုက် တည်ရှိနေသည့် နေရာပင် ဖြစ်လေသည်။

ထာဝရ နတ်ဘုရားမှာ အလွန်အမင်း လျှင်မြန်ကာ စက္ကန့်ပိုင်း အတွင်းမှာပင် အစီအရင်နှင့် ဝင်္ကပါ အသီးသီးကို ဖြတ်ကျော်လျှက် ဘဏ္ဍာတိုက်နားသို့ ရောက်ရှိလာခဲ့သည်။ မကြာခင်မှာပင် ထာဝရ သူရဲကောင်း နှစ်ယောက်ကို သူ တွေ့ရှိလိုက်ရ၏။ ဘဏ္ဍာတိုက်မှာ ပွင့်နေပေသည်။

အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် စောင့်ကြိုနေသည့် အရာက...

နှစ်ထောင်ပေါင်းများစွာ၊ အားထုတ်မှုပေါင်း များစွာ၊ သွေးချွေးများစွာ ရင်းနှီး၍ စုဆောင်းထားခဲ့သမျှ ပိုင်ဆိုင်မှု အားလုံး...

ပျောက်ဆုံးသွားခဲ့ခြင်းပင်။

ဘဏ္ဍာတိုက် တစ်ခုလုံး...

ဗလာနတ္ထိ...။

“ဘယ်မှာလဲ... ဘယ်ကို ရောက်သွားတာလဲ...”

ထာဝရ နတ်ဘုရား၏ ပြင်းထန်သော အော်ဟစ်သံမှာ အခန်းတစ်ခုလုံးကို ရူးသွပ်စွာဖြင့် ပဲ့တင်ရိုက် သွားခဲ့၏။ လျှို့ဝှက် စွမ်းအင်က အရှိန်အဟုန်နှင့် ပေါက်ကွဲနေကာ တည်ငြိမ် ခန့်သားသော သူ့အမူအရာက ဒေါသနှင့် ထိတ်လန့်မှုများ အကြား ပြိုလဲ သွားခဲ့ပြီ ဖြစ်သည်။ သူ၏ အော်ရာများက နံရံများ၊ မျက်နှာကျက်များ၊ ကြမ်းပြင်များထံ ကြမ်းတမ်း ခက်ထန်စွာပင် တိုးဝင်သွားခဲ့၏။

ထာဝရ ဘဏ္ဍာတိုက်မှာ ထာဝရ အစည်းအရုံး၏ လျှို့ဝှက် အဆင့် ပစ္စည်းများနှင့် ထုတ်ကုန်များကိုသာ သိုလှောင်ထားသည့် နေရာ တစ်ခု မဟုတ်ချေ။ ထာဝရ ဧကရာဇ် ကိုယ်တိုင် အဂ္ဂိရတ် စွမ်းအင်နှင့် သန့်စင်ကာ ရေးသားထားခဲ့သည့် စာပေများ၊ အမွေအနှစ်များကို သိမ်းဆည်းထားရာ နေရာ ဖြစ်သည်။

ထိုအမွေအနှစ်များထဲတွင် အံ့ဖွယ် ခုနစ်ပါးနှင့် ပတ်သက်သည့် ဒဏ္ဍာရီလာ ဆေးညွှန်း သီအိုရီများပင် ပါရှိသည်။ တစ်နည်းအားဖြင့် ၎င်းတို့ကို လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန် ခုနစ်မျိုး အတွက် စဦး သီအိုရီ နည်းလမ်းများဟု ဆိုနိုင်ပေသည်။

သို့သော်လည်း ယခုတွင်တော့...

သွားလေပြီ...။ အကုန် သွားလေပြီ...။

ထာဝရ နတ်ဘုရား တစ်ယောက် ရူးသွပ်နေချိန်တွင် တံခါးဝ၌ ရပ်နေသည့် ထာဝရ သူရဲကောင်း နှစ်ယောက်၏ အမူအရာများမှာလည်း မယုံကြည်နိုင်မှု၊ အံ့ဩထိတ်လန့်မှု၊ မသေချာ မရေရာမှု၊ ကြောက်ရွံ့မှုတို့နှင့် ပြည့်နှက် နေခဲ့လေသည်။ အရာအားလုံးက အိပ်မက် တစ်ခုလိုမျိုးပင် သူတို့ ခံစားနေကြရ၏။

ငါးမိနစ်...

၎င်းက မြေကြီး ရှန့်ထို တစ်ယောက် အတွက် ရက်သတ္တပတ်ပေါင်း များစွာလောက် ကြာမြင့်သည့် အချိန် ဖြစ်သည်။ ငါးမိနစ်မျှ ကြာမြင့်ပြီး နောက်မှ ထာဝရ ဧကရာဇ်မှာ ပြန်လည်၍ တည်ငြိမ်လာခဲ့သည်။ ဘဏ္ဍာတိုက်၏ နံရံများ၊ မျက်နှာကျက်နှင့် ကြမ်းပြင်တို့မှာ အက်ကြောင်း ကြီးငယ်များနှင့် ပြည့်နှက် နေခဲ့သည်။ ၎င်းတို့ အားလုံးမှာ ခုနစ်ရောင်ခြယ် ရောင်ဝါများနှင့် ညစ်ညမ်း နေခဲ့လေ၏။

ထာဝရ နတ်ဘုရား၏ အော်ရာများက ဖြည်းညင်းစွာပင် ပြန်လည် မှေးမှိန်သွားခဲ့သည်။ ပင်ပန်း နွမ်းနယ်မှုများ ကြားမှပင် သူက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်၏ ခန့်ညား ထည်ဝါမှုဖြင့် ထာဝရ သူရဲကောင်းများထံ ပြန်လည် ရောက်ရှိလာခဲ့၏။

“ဘယ်သူလဲ...”

သူက မေးလိုက်၏။ သူ၏ အသံက အလွန်အမင်း အေးစက်နေကာ သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် စွန်းထင်းနေသည်။ ထာဝရ နတ်ဘုရားမှာ အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်သော်လည်း... သူ၏ သတ်ဖြတ်လိုမှု အော်ရာက လမ်းစဉ် သုံးခု မြေကြီး ရှန့်ထို တစ်ယောက်ထက် အဆပေါင်း များစွာ သာလွန်ပေသည်။

ထာဝရ သူရဲကောင်းများမှာ သူတို့ ဘဝ တစ်လျှောက် ထာဝရ နတ်ဘုရား တိုက်ခိုက်သည်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးကြသည့်တိုင်အမှန်တရား တစ်ခုကို သူတို့ သိရှိ ထားကြပေသည်။ ၎င်းကား ထာဝရ နတ်ဘုရားမှာ အလွန်အမင်း အစွမ်းထက်သည် ဆိုခြင်းပင်။

***

All Chapters