ယိုပေါက်
Vol. 96 Ch. 1338
“ကျွန်... ကျွန်တော်တို့ မသိပါဘူး...”
လိမ္မော်ရောင် မျက်လုံးများနှင့် ထာဝရ သူရဲကောင်းက တုန်ရီစွာဖြင့် ပြန်လည် ဖြေလိုက်သည်။ မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သော်လည်း... ထိုအခိုက်၌ သူ ခံစားနေရသည့် ကြောက်လန့်မှုက သေဆုံးခြင်းနှင့် ရင်ဆိုင်ရသလို ပြင်းထန်လှပေသည်။ သူတို့ တရားခံကို ရှာဖွေရန် မကြိုးစားခဲ့ကြချေ။ အကယ်၍ ကြိုးစားခဲ့ပါက သူတို့၏ အရောင်အဝါများမှာ ဘဏ္ဍာတိုက်တွင် စွန်းထင်းသွားကာ ပူးပေါင်း ကြံစည်မှု တစ်ခုဟုပင် အထင်လွဲကောင်း လွဲသွားနိုင်ပေသည်။
ဒုတိယမြောက် ထာဝရ သူရဲကောင်းကတော့ ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် ခေါင်းကို ငုံ့ထားခဲ့၏။ ဘဏ္ဍာတိုက် ပျောက်ဆုံးခြင်း၏ အကျိုးဆက်မှာ စိတ်ကူး မယဉ်နိုင်လောက်အောင်ပင် ကြီးမားလှပေသည်။ ဘဏ္ဍာတိုက် အတွင်း ရှိနေသော ရင်းမြစ်များမှာ ထာဝရ အစည်းအရုံး နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့ရသည့် ပိုင်ဆိုင်မှုများ ဖြစ်သည်။ ထိုအထဲတွင် သိုလှောင် လက်စွပ်များပင် ထိန်းသိမ်း မထားနိုင်သည့် ရှားသော လျှို့ဝှက် အဆင့် ရတနာများ၊ အဖိုးတန် ပစ္စည်းများ ပါရှိပေသည်။
သို့သော်လည်း... ထာဝရ ဘဏ္ဍာတိုက်ကို မည်သူက ဖောက်ထွင်းသွားသနည်း။ ထိုအချက်ကို သူတို့ လုံးဝ နားမလည်နိုင်ချေ။
၎င်းမှာ ထာဝရ အစည်းအရုံး၏ ဗဟို လောကနယ်မြေတွင် တည်ရှိနေသည့် အပြင် မရေမတွက်နိုင်သည့် အတားအဆီး ဝင်္ကပါများ၊ ကာကွယ် စောင့်ရှောက်မှုများ အောက်တွင် တည်ရှိနေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းတွင် အကာအကွယ်လွှာ ငါးခု ရှိသည်ဟုပင် ဆိုနိုင်ပေသည်။ ပထမ အလွှာမှာ ထာဝရ နယ်မြေ အတွင်းရှိ ကျင့်ကြံသူများ ဖြစ်ကာ နောက်ဆုံး အလွှာမှာ ဘဏ္ဍာတိုက် ကိုယ်တိုင်ပင်။
ဘဏ္ဍာတိုက်၏ နံရံများကို လျှို့ဝှက် အဆင့် သံမဏိများ၊ လျှို့ဝှက် မြေကြီး အဆင့်နိမ့် သတ္တုရိုင်းများ ပေါင်းစပ်၍ ဆောက်လုပ်ထားခြင်း ဖြစ်သည်။ မြေကြီး ရှန့်ထိုများပင်လျှင် ၎င်း၏ အထူကို ထိုးဖောက်ရန် အတွက် အချိန်ကာလ ရှည်ကြာစွာ ယူရပေလိမ့်မည်။ ထိုဖောက်နိုင်သည် ထားဦး...။ ထိုကဲ့သို့ ထိုးဖောက်ရာမှ ထွက်ပေါ်လာသည့် လျှို့ဝှက် စွမ်းအင် ပမာဏ များစွာမှာ လူတိုင်းကို အချက်ပေးလိမ့်မည် ဖြစ်သည်။
“သောက်ပြဿနာတွေချည်းပဲ...”
ထာဝရ နတ်ဘုရားက တံတွေးထွေး လိုက်၏။ သူ၏ ထိုအပြုအမူက ဂုဏ်သိက္ခာ မြင့်မားကာ ခန့်ညား ထည်ဝါလှသည့် ထာဝရ နတ်ဘုရား နည်းနည်းလေးမျှ မဆန်တော့ချေ။ သူ၏ စိတ်တစ်ခုလုံးမှာ ပွက်ပွက်ဆူ နေခဲ့၏။ ထို့အပြင်... မည်သူ ခိုးယူသွားသည်ကို အလွယ်တကူ ခန့်မှန်း၍လည်း မရပြန်ပါချေ။ အကယ်၍ မှားယွင်း စွပ်စွဲမိလျှင် ထာဝရ အစည်းအရုံးထံ ကပ်ဘေးများ အလွယ်တကူ ကျရောက်လာနိုင်ပေသည်။
သို့သော်လည်း... သူ့စိတ်ထဲတွင် ထင်နေသည့်သူ နှစ်ယောက်တော့ ရှိပေသည်။
ခွေးမသား ဝေ့ဝူယင်နှင့် အစစ်အမှန် မွေးဖွားခြင်း...
အင်ပါယာ ကလန်ကတော့ မဖြစ်နိုင်ချေ။ သူတို့ထံတွင် ထာဝရ ဧကရာဇ်ခေတ်ကတည်းက ကျိန်ဆို ထားခဲ့သည့် လျှို့ဝှက်ကျိန်စာများ ရှိပေသည်။ သူတို့ လုပ်ချင်လျှင်ပင် လုပ်လို့ မရချေ။ ထာဝရ အစည်းအရုံး၏ ခွင့်ပြုချက်၊ သို့မဟုတ်... တိကျသေချာသည့် အခြေအနေများ မရှိလျှင် ထာဝရ နယ်မြေ အတွင်းကိုပင် သူတို့ ဝင်ရောက်လို့ မရချေ။
နတ်ဘုရား အင်ပါယာ တစ်ယောက် လျှို့ဝှက် ကျိန်စာများမှ လွတ်ကင်းသွားလျှင်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း... ထိုကဲ့သို့သာ တကယ်တမ်း ဖြစ်လာလျှင် မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးမှာ အဆုံးမဲ့ ရှုပ်ထွေးသည့် အခြေအနေ တစ်ခုထဲ ကျရောက်သွားလိမ့်မည် ဖြစ်သည်။
မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် လျှို့ဝှက် ကျိန်စာများမှ ကင်းလွတ်ပြီး ထာဝရ ဘဏ္ဍာတိုက်အား ဖောက်ထွင်းနိုင်အောင် အင်အားကြီးသည့် အဖွဲ့ နှစ်ခုသာ ရှိပေသည်။ ဝေ့ဝူယင်၏ အင်အားစုနှင့် အစစ်အမှန် မွေးဖွားခြင်းတို့ပင်။
ကံဆိုးစွာပင်... ထိုနှစ်ဖွဲ့လုံးကို စစ်ဆေး မေးမြန်းနိုင်လိမ့်မည် မဟုတ်ပါချေ။ ထို့အပြင် သူတို့ကို အသားလွတ် သွားစွပ်စွဲ၍လည်း မရပြန်ပါချေ။ အကယ်၍ တတိယမြောက် အင်အားစု တစ်ခုက ပဋိပက္ခ တစ်ခုကို ဖန်တီးရန် လှုံ့ဆော်ခြင်း ဆိုလျှင် သူတို့ကို သွားရောက် စွပ်စွဲခြင်းမှာ မိုက်မဲခြင်း တစ်ခုဟု ယူဆလို့ ရပေသည်။
ထာဝရ နတ်ဘုရားမှာ ဗလာဟင်းလင်း ဖြစ်နေသည့် ဘဏ္ဍာတိုက်ထဲတွင် အသားလွတ် ရပ်နေခဲ့မိ၏။ အချိန် ၁၅ မိနစ်မျှ ကြာမြင့်ပြီး နောက်မှ သူ စိတ်နှင့်လူ ပြန်ကပ်လာခဲ့သည်။ မည်မျှ ဆိုးရွားသည့် အခြေအနေတွင် မဆို တည်ငြိမ်စွာ တွေးတောနိုင်စွမ်း ရှိခြင်းမှာ သူ လက်ရှိ ရာထူးကို ရောက်ရှိလာခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်လေသည်။
“...”
ထာဝရ နတ်ဘုရားမှာ တိတ်တဆိတ် တွေးတောနေခဲ့၏။ သူက ဆုံးဖြတ်ချက် တစ်ခု ချမှတ်ဖို့ သို့မဟုတ် သုံးသပ်ချက် တစ်ခု လုပ်ဆောင်ဖို့ အလောတကြီး ကြိုးစားခြင်း မပြုချေ။ သူ့နေရာတွင် အခြားလူများ ဆိုပါက ကောင်းကင်ကို ရူးသွပ်စွာ ကျိန်ဆဲ နေလောက်ပြီ ဖြစ်လေသည်။
‘ငါ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမဲ့ ဘာသဲလွန်စမှ မတွေ့ရဘူး... ကြည့်ရတာ ကျွမ်းကျင်တဲ့ ကျင့်ကြံသူ တစ်ယောက်က လုပ်သွားခဲ့တာ ဖြစ်နိုင်တယ်... ဝေ့ဝူယင်နဲ့ အစစ်အမှန် မွေးဖွားခြင်းတို့ အပြင် အာကာသ ဝေဟင်ဂိုဏ်းက လုပ်တာလည်း ဖြစ်နိုင်တယ်...’
‘ဒါပေမဲ့ တစ်ခါတစ်လေမှာ အရိုးရှင်းဆုံး အဖြေက အမှန်ဆုံးပဲ... ဝေ့ဝူယင်... သူက ဒီအခြေအနေကြီး တစ်ခုလုံးကို ဖန်တီးခဲ့တာ ဖြစ်နိုင်တယ်... ဘဏ္ဍာတိုက် ပျောက်တဲ့ ကိစ္စနေ ကောင်းကင်ဓာတ်တော် ပေါ်ထွက်လာတဲ့ ကိစ္စ အထိ’
‘ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ ရောက်လာတာကလည်း အချိန်ကိုက် လွန်းတယ်... ကြယ်တာရာ နယ်မြေ နှစ်ခုကြားမှာ နတ္ထိ ဟင်းလင်းပြင်ကျယ်ကြီး ရှိနေတာတောင် သူက အခြားလူတွေထက် အရင် စောရောက် နေခဲ့တာ...’
ထာဝရ နတ်ဘုရားမှာ ဘဏ္ဍာတိုက် အလွတ် အတွင်း နှစ်ဖက်ကို နောက်ပစ်ကာ ဖြည်းညင်းစွာပင် လမ်းလျှောက် နေခဲ့၏။ သတင်းများ ပျံ့နှံ့လာခြင်း၊ ကြယ်ကွင်းပြင် တစ်ခုလုံး၏ ဖိအားများ ကျဆင်းလာခြင်းမှသည် ကျိန်စာနံပတ် ၄၆ ကို အသုံးပြုမှုအထိ... ဖြစ်စဉ် တစ်ခုချင်းစီက သူ့ အတွေး အတွင်း ဖြည်ညင်းစွာပင် ပြန်လည် ပေါ်လာနေခဲ့သည်။ ထို့နောက် ရန်သူ၏ ရည်ရွယ်ချက်လှိုင်းများကို သူ စတင်ကာ မြင်လာခဲ့ရ၏။
ဘက်ပေါင်းစုံမှ ဖိအားများ ပေးခြင်း...
ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ ရောက်ရှိလာမှု...
လျှို့ဝှက်ကျိန်စာ...
နှစ်ရက်...
လျှို့ဝှက် မြေကြီး အဆင့် ကျောက်တုံး ၄၅၀,၀၀၀...
"..."
စက္ကန့်နှင့် အမျှ ထာဝရ နတ်ဘုရား၏ မျက်လုံးများမှာ ပိုမို၍ အေးစက်လာခဲ့၏။ မည်သူ ပါဝင် ပတ်သက်ခဲ့သည် ဖြစ်စေ... သူ့ကို သနားစရာ သားကောင် တစ်ကောင်လိုမျိုး ထောင့်စွန်း အထိ တွန်းပို့ခဲ့သည်ကတော့ အမှန်တရား ဖြစ်သည်။
“ဒီနေရာကို ချိပ်ပိတ်လိုက်...”
ထာဝရ နတ်ဘုရားက အမိန့်ပေးလိုက်၏။ ထာဝရ သူရဲကောင်း နှစ်ယောက်က လေးနက်စွာပင် ခေါင်းညိတ် လိုက်ကြကာ အမျိုးမျိုးသော ဝင်္ကပါများ၊ အစီအရင်များကို အသက်သွင်းလိုက်လေသည်။ ထာဝရ နတ်ဘုရားကတော့ မည်သည့် အဟန့်အတားမှ မရှိပဲ ပြန်လည် ထွက်ခွာ သွားခဲ့၏။
နောက်ထပ် တစ်မိနစ်မျှ ကြာမြင့်ပြီးနောက်...
ထာဝရ နတ်ဘုရားမှာ ခန်းမ အတွင်း ပြန်လည် ရောက်ရှိလာခဲ့လေ၏။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ မေးခွန်းထုတ်သည့် မျက်လုံးများနှင့် သူ့ကို ကြည့်လိုက်ကြသည်။ ထွက်ခွာသွားစဉ်ကနှင့် ခြားနားစွာပင် ထာဝရ နတ်ဘုရား၏ အမူအရာက လေပြည်တစ်စနှယ် ပြန်လည် တည်ငြိမ် နေခဲ့ပြီ ဖြစ်လေသည်။
“ဒုတိယ အစည်းအရုံး ခေါင်းဆောင်...”
သေမျိုး အဂ္ဂိရတ် အာဏာရှင် လူအိုကြီးက လေးစားစွာပင် နှုတ်ဆက်လိုက်သည်။ သို့သော်လည်း... ထာဝရ နတ်ဘုရားကတော့ သူ့ကို လှည့်ကြည့်ခြင်း မရှိချေ။ သူက မှန်ရှေ့တွင် ရပ်ကာ မြေကြီး ရှန့်ထို နှစ်ယောက်ကို ကြည့်လိုက်၏။
ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ တည်ငြိမ်နေသော်လည်း သူစိတ်လှုပ်ရှားနေကြောင်း ခန့်မှန်းရန် မခက်ခဲလှချေ။ တစ်ချိန်တည်း၌ အင်ပါယာ အကြံပေးကတော့ အပြစ်ကင်းစင်သည့် အမူအရာဖြင့် စောင့်ဆိုင်း နေခဲ့၏။
ထာဝရ နတ်ဘုရား သံသယ ရှိသည့် အထဲတွင် ထိုနှစ်ယောက်လည်း ပါဝင်သည်။ ကံဆိုးစွာပင် လျှို့ဝှက် ကျိန်စာ ကျိန်ဆိုပြီးသွားပြီ ဖြစ်လေရာ... ဘာပဲဖြစ်ဖြစ် အသုံးမဝင်တော့ချေ။ အကယ်၍ နှစ်ရက် အတွင်း မပေးနိုင်လျှင် နေ့တိုင်း ၅ ရာခိုင်နှုန်း (လျှို့ဝှက်ကျောက်တုံး ၂၂,၅၀၀) တိုးလာလိမ့်မည် ဖြစ်သည်။ တစ်ပတ် အတွင်း မပေးနိုင်လျှင်တော့ လျှို့ဝှက်ကျိန်စာကို ဖောက်ဖျက်ရာ ကျသွားလိမ့်မည် ဖြစ်သည်။
ထိုအခါ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးရှိ လူများ၊ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ ပင်လျှင် ကြောက်ရွံ့ရသည့် လျှို့ဝှက် ကျိန်စာ၏ အပြစ်ပေးမှုကို သူ ခံစားရတော့မည် ဖြစ်သည်။
ကံကောင်းစွာပင်... ထိုအရာများက ဖြစ်လာတော့မည် မဟုတ်ပါချေ။ အခက်ခဲဆုံးသော အဖြေများတွင် အရိုးရှင်းဆုံးသော ဖြေရှင်းနည်းများ ရှိပေသည်။ ထာဝရ နတ်ဘုရားက ကောင်းကင် ဓာတ်တော် သိုလှောင် ထားသည့် သေတ္တာကို ထုတ်ယူလိုက်၏။
“...”
ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ အမူအရာက စိတ်ရှုပ်ထွေးခြင်းများနှင့် ပြည့်နှက် သွားသည်။
ထိုအခိုက်တွင်ပင် ထာဝရ နတ်ဘုရားက တည်ငြိမ်စွာ ကြေညာလိုက်လေ၏။
"လျော်ကြေးက လျှို့ဝှက် ကျောက်တုံး ၄၅၀,၀၀၀... ဒါပေမဲ့ ကောင်းကင် ဓာတ်တော်က ၅၃၀,၀၀၀ တန်ကြေး ရှိတယ်... ကျုပ် ကောင်းကင်ဓာတ်တော်ကို လျော်ကြေး အဖြစ် ပေးမယ်”
"ဘာလဲ...”
"သဘောက...”
"..."
သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၊ ဝိညာဉ် ရှန့်ထို ဧကရာဇ်နှင့် အင်ပါယာ အကြံပေးတို့ အားလုံး ဆွံ့အ သွားကြ၏။
“ဟာသလာလုပ်နေတာလား...”
ဝိညာဉ်ရှန့်ထို ဧကရာဇ်က မျက်မှောင်ကြုတ် လိုက်သည်။ သူ၏ စိတ်လှုပ်ရှားမှုများက ပျောက်ကွယ်သွားကာ မျက်ခုံး နှစ်ခုကြားတွင် ဒေါသအငွေ့အသက် တစ်ချို့ ပေါ်လာခဲ့၏။
“မဟုတ်ဘူး... သဘောတူထားတဲ့ လျော်ကြေးထက် ကျော်လွန်နေတာကြောင့် မင်းတို့ဘက်က ပြန်အမ်းငွေနဲ့ ညီမျှတဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေ၊ ရတနာတွေ၊ ပစ္စည်းတွေ ပေးရမယ်”
ထာဝရ နတ်ဘုရားက တည်ငြိမ်စွာပင် ကြေညာလိုက်၏။
“ဆိုတော့ ရှင်က ယိုပေါက်ကို သုံးနေတာ ပေါ့လေ...”
အင်ပါယာ အကြံပေးက ပြုံးလိုက်သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှာ ကျိန်စာ ယဉ်ကျေးမှု ထွန်းကားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း ကျိန်စာတိုင်၌ ယိုပေါက် တစ်ခုကတော့ ရှိနေစမြဲ ဖြစ်သည်။ လည်ဝယ်သည့် လူများ အတွက်တော့ ထိုယိုပေါက်များမှာ အမြတ်ထုတ်ရန် လမ်းကြောင်းများပင် ဖြစ်လေသည်။
ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ မျက်လုံးများမှာ အေးစက်မှုများနှင့် ပြည့်နှက် သွားခဲ့၏။ လျှို့ဝှက် ကျောက်တုံး ၈၀,၀၀၀ မှာ နည်းနည်းနောနော ပမာဏ မဟုတ်ချေ။ လက်ရှိ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ ဘဏ္ဍာရေး အခြေအနေဖြင့် ပေးချေဖို့ မလွယ်ကူပါချေ။ ထာဝရ နတ်ဘုရားနှင့် ခြားနားစွာပင် သူ့ထံတွင် အယ်နီယာ အဂ္ဂိရတ် ရှန့်ထို ခန်းမ၏ အဂ္ဂိရတ် ထုတ်ကုန်များကို ရယူ သုံးစွဲပိုင်ခွင့် မရှိချေ။
“လိုအပ်ရင် ကောင်းကင်အလင်း ဘဏ်တိုက်က ငွေထုတ်ချေးပေးနိုင်ပါတယ်”
အင်ပါယာ အကြံပေးက အပြုံးနှင့် ဆိုလိုက်၏။ သို့သော်လည်း... ထိုအပြုံးက ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ ကျောရိုးများကို စိမ့်တက်သွားစေခဲ့သည်။ ငွေချေးယူခြင်းက စိတ်ဝင်စားစရာ ရွေးချယ်စရာ ဖြစ်သော်လည်း... သူ သတိလက်လွတ် သဘောမတူရဲချေ။ တစ်ခဏမျှ စဉ်းစားပြီးနောက် ဝိညာဉ်ရှန့်ထို ဧကရာဇ်က ပခုံတွန့် လိုက်၏။
“ကျုပ် ရွှေရောင် အသက် ဘဏ်တိုက်ကို သွားတာပဲ ပိုကောင်းလိမ့်မယ်”
ရွှေရောင် အသက်နန်းတော်မှာ မျှတသည့် အတိုးနှုန်းဖြင့် ချေးငွေများကို ထုတ်ချေးပေးလေ့ ရှိလေရာ လှည့်စားခံရမှာကို စိုးရိမ်စရာ မလိုပါချေ။
ရုတ်တရက်... ထာဝရ နတ်ဘုရား၏ ကောင်းကင် ဓာတ်တော်နှင့် ကမ်းလှမ်းမှုကို လက်ခံလိုက်မိပြီ ဖြစ်ကြောင်း ဝိညာဉ် ရှန့်ထို ဧကရာဇ် သဘောပေါက် သွားခဲ့၏။ သူ အင်ပါယာ အကြံပေးကို လှမ်းကြည့်လိုက်မိသည်။ ထိုမိန်းမ၏ အကြံအစည်က ကောင်းကင်အလင်း ဘဏ်တိုက်မှ တစ်ဆင့် အမြတ်ထုတ်ရန် မဟုတ်ချေ။ လက်ခံကြောင်း သဘောသက်ရောက်သည့် စကားတစ်ခု မြန်မြန် ထွက်ပေါ်လာဖို့သာ ဖြစ်ပေသည်။
ဝိညာဉ်ရှန့်ထို ဧကရာဇ် ပင့်သက် တစ်ချက် ရှိုက်လိုက်မိ၏။ အရင်းအနှီး ကြီးမားလွန်းလှသည် ဆိုသော်လည်း ကောင်းကင် ဓာတ်တော်မှာ အလွန် တန်ဖိုးကြီးမားပေသည်။ သို့ဖြစ်လေရာ လက်ခံလိုက်လျှင်ပင် သူ့အနေဖြင့် ဆုံးရှုံးမှု ကြီးကြီးမားမား ရှိလိမ့်မည် မဟုတ်ချေ။ ၎င်းကို ယူဆောင်ကာ မြန်မြန်ဆန်ဆန် ထွက်သွားနိုင်လျှင် အကောင်းဆုံး ဖြစ်ပေသည်။
***