အစစ်အမှန် ရှန့်ထိုတစ်ပါး၏ မြေကြီး ခြေချခြင်းဖြစ်စဉ် (၂)
Vol. 96 Ch. 1340
“...”
စန်းယွန်းလီမှာ သူမ ယောင်၍ ထွက်သွားကြောင်း သတိပြုမိလိုက်၏။ ထို့ကြောင့် ချက်ချင်းပင် ခေါင်းစဉ်ပြောင်းဖို့ ကြိုးပမ်းလိုက်သည်။
“လမ်းစဉ်ခြောက်သွယ် ဧကရီက ကိစ္စ မရှိပါဘူး... အဖေ ပထမ မေးတဲ့ မေးခွန်းကို ပြန်သွားရရင် ကျွန်မတို့ အခု သုံးနေတာက ဒီဆေးအိုးရဲ့ တစ်ခါပဲ သုံးလို့ရတဲ့ အထူး စွမ်းအင် တစ်ခုကိုပဲ... အဲဒါက အဂ္ဂိရတ် သင်္ကေတ မျိုးစေ့တွေကို အလိုအလျောက် ပုံဖော်ပေးနိုင်စွမ်း ရှိတယ်”
“အဂ္ဂိရတ် သင်္ကေတ မျိုးစေ့... ဟုတ်လား...”
စန်းလော့ယန် တစ်ယောက် အံ့အားသင့် သွားခဲ့၏။ အဂ္ဂိရတ် တာအိုတွင် သင်္ကေတများ ရှိသည်လား။ မည်ကဲ့သို့နည်း။
စန်းယွန်းလီက ခေါင်းတစ်ချက် ညိတ်လိုက်၏။ အဂ္ဂိရတ် သင်္ကေတ မျိုးစေ့ ဆိုသည့် စကားလုံးကို မှော်ဆေးအိုးနှင့် အတူ ရရှိခဲ့သည့် ပျက်စီးလုနီးပါး စာစောင် တစ်ခုထဲတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ဘဝသစ် တစ်ခု ပြန်လည် မွေးဖွားလာခဲ့ပြီး နောက်တွင် မိန်းကလေးမှာ အတိတ်ဘဝကနှင့် လုံးဝ ခြားနားသည့် လမ်းကြောင်း တစ်ခုကို လျှောက်လှမ်းခဲ့ရသည်။ ဒဏ္ဍာရီ အသစ်များနှင့် ထိတွေ့ခွင့် ရှိလာခဲ့သည်။
အတိတ်ဘဝတုန်းက ဆိုလျှင် ထိုမှော်သန့်စင် ဆေးအိုးကို သူမ မြင်ပင် မမြင်ဖူးခဲ့သလို အဂ္ဂိရတ် သင်္ကေတ မျိုးစေ့ အကြောင်းကိုလည်း မကြားဖူးခဲ့ချေ။ မည်သို့ပင် ဆိုစေ... ၎င်းတို့ကို ရရှိရမည်မှာ သူမ၏ ကံကြမ္မာ မဟုတ်ပဲ လမ်းစဉ်ခြောက်သွယ် ဧကရီ၏ ကံကြမ္မာသာ ဖြစ်သည် မဟုတ်ပါလား။
“အဂ္ဂိရတ် သင်္ကေတ မျိုးစေ့က...”
စန်းယွန်းလီက စတင်ကာ ရှင်းပြဖို့ ကြိုးပမ်းလိုက်၏။
“အဲဒါက ဘယ်လိုမျိုး မွေးဖွားလာတာလဲ ဆိုတော့... အဲဒါက...”
စကားလုံးများနှင့် ပုံရိပ်များက အလွန်ရှုပ်ထွေးလှလေရာ သူမ စကားစ ရှာမရ ဖြစ်သွားခဲ့သည်။ သူမ မသိသည် မဟုတ်...။ ရှင်းပြဖို့ သင့်တော်သည့် စကားလုံးကို ရှာမရခြင်း ဖြစ်သည်။ စာစောင် အဟောင်းကို ဖတ်ခဲ့စဉ်တုန်းက အပြည့်အဝ နားလည်ခဲ့လေရာ ယခုလို ဖြစ်နေခြင်းက သူမကိုပင် အံ့အားသင့်စေသည်။
ရုတ်တရက်... စာစောင်မှာ ထူးခြားကာ သူမ၏ ကျင့်ကြံခြင်း အဆင့်နှင့် နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည့် အဂ္ဂိရတ် လမ်းစဉ် ဗဟုသုတများကို ဝိညာဉ် အတွင်း ထွင်းထုထား သကဲ့သို့ ထည့်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သူမ သဘောပေါက် လိုက်သည်။ အတိတ်ဘဝမှာတုန်းက စန်းလော့ယန်ကြောင့် သူမ အဂ္ဂိရတ် ပညာကို အနည်းငယ် လိုက်စားခဲ့ဖူးသော်လည်း သေမျိုး အဂ္ဂိရတ် အာဏာရှင်အဆင့်ကိုပင် မရောက်ခဲ့ပါချေ။ ကံမကောင်းစွာပင်... စာစောင်မှာ သူမ ဖတ်ရှုပြီးနောက် ပြာကျသွားခဲ့ပေသည်။
“ကိစ္စ မရှိဘူး...”
စန်းလော့ယန်က ထပ်မမေးတော့ချေ။
“အဲဒါက အဖေ့ကို မြေကြီး အဆင့် အဂ္ဂိရတ် ရှန့်ထို ဖြစ်အောင် လုပ်ပေးမှာလား...”
"မဟုတ်ဘူး... ရှန့်ထို တစ်ပါးရဲ့ မြေကြီးနိုးထမှုကို လှုံ့ဆော်ပေးမှာ... တစ်နည်းပြောရရင် အဲဒီ သင်္ကေတတွေက အဖေ့ကို အဂ္ဂိရတ် ရှန့်ထို တစ်ပါးရဲ့ အသွင်အပြင်ကို ဖော်ဆောင်ပေးမှာ”
စန်းယွန်းလီက ရိုးသားစွာပင် အဖြေပေးလိုက်၏။
“ဆိုတော့ ဒါက လိမ်တာပေါ့...”
စန်းလော့ယန်၏ မျက်လုံးများက မှေးမှိန်သွားခဲ့၏။
“အဲဒီလို အတိအတကျတော့ ပြောလို့ မရပါဘူး.... အဂ္ဂိရတ် ရှန့်ထို ဖြစ်ဖို့ အလားအလာ ရှိတဲ့လူတွေပဲ ဒီလုပ်ငန်းစဉ်ကို လှုံ့ဆော်လို့ ရတာ... နောက်ပြီး အဂ္ဂိရတ် သင်္ကေတတွေက ဆေးဖော်စပ်တဲ့ အခါမှာ မယုံကြည် နိုင်လောက်တဲ့ အကျိုးအမြတ်တွေ ပေးလိမ့်မယ်... အများဆုံး ဆယ်စုနှစ် တစ်ခုလောက် အတွင်းမှာ အဖြေ မြေကြီး အဆင့် အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်လာလိမ့်မယ်”
စန်းယွန်းလီက အာမခံရင်း နှစ်သိမ့်လိုက်၏။ ဤမှော်သန့်စင် ဆေးအိုးမှာ လမ်းစဉ် ခြောက်သွယ် အစစ်အမှန် ဧကရီ ရရှိရမည့် ကံကောင်းမှု ဖြစ်သည်။ ကောင်းကင်လမ်းစဉ် စာအုပ်တွင် မှတ်တမ်းတင်ထားသည့် အတိုင်း ဆိုလျှင်... သူမမှာ ထိုကံကောင်းမှုကို အသုံးပြုပြီး သုံးနှစ် အတွင်းမှာပင် အဂ္ဂိရတ် ရှန့်ထို အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ တစ်ခု ရှိသည်က သူမမှာ အဂ္ဂိရတ် ဝိညာဉ်ကို ပိုင်ဆိုင်ထားပေသည်။ သို့သော်... စန်းလော့ယန်မှာလည်း မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လေရာ သေမျိုး တစ်ယောက် မနှိုင်းယှဉ်နိုင်သည့် လျှို့ဝှက်တာအို အပေါ် ဉာဏ်အလင်းများကို ပိုင်ဆိုင်ထားသည်။
မှေးမှိန်သွားသည့် စန်းလော့ယန်၏ မျက်လုံးများမှာ သိသိသာသာပင် ပြန်လည်၍ တောက်ပလာခဲ့၏။
“ဒါဆိုလည်း လုပ်ကြတာပေါ့...”
စန်းယွန်းလီက ခေါင်းညိတ်လိုက်၏။ ကောင်းကင်လောက အမြုတေ အတွက် အဂ္ဂိရတ် သင်္ကေတများအား ရရှိရန် အခွင့်အရေးကို လက်လွှတ်ဖို့ သူမ ဆန္ဒရှိပေသည်။ အဂ္ဂိရတ် သင်္ကေတ မျိုးစေ့မှာ သူမ အနာဂတ် အဂ္ဂိရတ် ကျင့်ကြံခြင်း လမ်းစဉ်ကို အကျိုးပြုမည် ဖြစ်သော်လည်း ကောင်းကင်လောက အမြုတေမှာ ကျင့်ကြံခြင်း ဝိညာဉ်ကို မြှင့်တင်ပေးနိုင်ကာ လျှို့ဝှက်တာအိုနှင့် ပိုမို၍ နီးကပ်စေလိမ့်မည် ဖြစ်သည်။ စန်းလော့ယန်မှာ သူမ၏ မွေးစားအဖေ ဖြစ်လေရာ... သူ အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်လာခြင်းမှ သူမလည်း အကျိုးအမြတ်များ ရရှိနိုင်ပေသည်။
စန်းယွန်းလီက လက်ဟန် ချိပ်စည်းများကို ဖန်တီးကာ ဆေးအိုး၏ လျှို့ဝှက် လုပ်ဆောင်ချက်ကို အသက်သွင်း လိုက်လေသည်။ ထိုကဲ့သို့ လုပ်နေရင်း ဝေ့ဝူယင်၏ ပုံရိပ်ကို သူမ ပြန်လည် မြင်ယောင် လိုက်မိသည်။ ထိုခွေးကောင်မှာလည်း သူမလို လူမျိုး ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးမှာ အကျိုးအမြတ်များ အတွက် အားသာချက် ကိုယ်စီနှင့် တစ်ယောက်ကို တစ်ယောက် ယှဉ်ပြိုင်နေရခြင်း ဖြစ်သည်။ သူ့ကို နောက်ကောက်ချပစ်ရန် သူမ လျှင်မြန်စွာ ကြီးထွားဖို့ လိုအပ်ပေသည်။
...
“အစစ်အမှန် ရှန့်ထို တစ်ပါးရဲ့ မြေကြီး နိုးထခြင်း...”
အကန့်အသတ်မဲ့ သိုင်းဧကရာဇ်မှာ အမှောင် ဟင်းလင်းပြင် အတွင်း မျောပါရင်း လှပစွာ ကခုန် နေကြသည့် လျှို့ဝှက် သင်္ကေတများကို ကြည့်ရှု နေခဲ့သည်။ အခြား လျှို့ဝှက် အာဏာရှင် အဆင့်ပေါင်းများစွာမှာလည်း သူတို့၏ သင်္ဘောများထဲမှ ထွက်ခွာကာ သင်္ကေတများကို အနီးကပ် လေ့လာနေခဲ့၏။
ဟန်ယုဟိုင်မှာ အကန့်အသတ်မဲ့ သိုင်းဧကရာဇ်၏ ညာဘက်တွင် ရှိနေခဲ့သည်။ သူ၏ နံဘေးတွင်တော့ မျက်လုံးများ ပြူးကျယ်နေသည့် ကျန်းကျိရီ ရှိ၏။
သူတို့ အပြင်... အခြား မြေကြီး ရှန့်ထိုများလည်း ရှိနေခဲ့ပေသည်။ ထိုအထဲ၌ အင်ပါယာ ကလန်၏ မြေကြီးရှန့်ထို ထျန်းလင်းယုလည်း အပါအဝင် ဖြစ်၏။ ထျန်းလင်းယုမှာ သူမ၏ တစ်ဦးတည်းသော တပည့် ဖြစ်သည့် တန်ခိုးရှင် နတ်မိမယ် နံပတ် နှစ်ဆယ် စာရင်းဝင် မိန်းကလေးကိုပါ တစ်ပါတည်း ခေါ်လာခဲ့သည်။
“ဆရာ... ဘာတွေ ဖြစ်နေတာလဲ... ဒါက မြေကြီး ခြေချခြင်းလား...”
မိန်းကလေးမှာ အလွန်ပင် ငယ်ရွယ်လှသေးသည်။ သူမ ဘဝ တစ်လျှောက်လုံးတွင် မြေကြီး ခြေချခြင်းကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း၌ မာ့ကျန်းနှင့် ဝူယုတို့မှ အပ အခြား မည်သူမှ မြေကြီး ရှန့်ထို အဆင့်ကို ပေါ်ပေါ်ထင်ထင် မတက်လှမ်းခဲ့ချေ။
“ဒါမှမဟုတ်... လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်လောက်တုန်းက ဖြစ်သွားတဲ့ဟာမျိုးနဲ့ အတူတူပဲလား... လောက နိုးထမှုလား...”
သူမမှာ အလွန်ပင် စိတ်ဝင်စားနေခဲ့၏။ ထျန်းလင်းယုက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ကာ အံ့ဩမှုများကို ပြန်လည် ထိန်းချုပ်ရင်း ရှင်းပြလိုက်သည်။
“ဒါက မြေကြီး ခြေချခြင်း မဟုတ်ဘူး... မြေကြီး ခြေချခြင်းကိုကျတော့ လျှို့ဝှက်ရှန့်ထို တစ်ယောက်ရဲ့ မြေကြီး နိုးထခြင်းလို့ ခေါ်တယ်... အစစ်အမှန် ရှန့်ထို တစ်ယောက်ရဲ့ မြေကြီး နိုးထခြင်းလည်း မဟုတ်ဘူး... မတူညီတဲ့ နိုးထခြင်း နှစ်ခုလို့ ပြောလို့ရတယ်”
“လျှို့ဝှက် ရှန့်ထို တစ်ယောက်ရဲ့ နိုးထခြင်းက ကျင့်ကြံခြင်းကို ဦးတည်တယ်... အထူးသဖြင့် ကောင်းကင် တာအိုရဲ့ ခွင့်ပြုမှုကို လျှို့ဝှက် ဝိညာဉ်က ရှာဖွေတဲ့ အခါမျိုးပေါ့... ဒါပေမဲ့ ငါတို့ အခု ကြုံတွေ့နေရတဲ့ အစစ်အမှန် ရှန့်ထို နိုးထခြင်းကတော့ အဂ္ဂိရတ် ပညာရှင်တွေ အတွက် လျှို့ဝှက် တာအိုကို ဝင်ရောက်ခြင်းမျိုးပဲ... တာအိုရဲ့ အရည်အချင်းမှီခြင်းကို ရှာဖွေတာမျိုး မဟုတ်ပဲ တာအိုမှာ အဆင့်တစ်ခုကို ရယူတာမျိုးကို ခေါ်တာ... အစစ်အမှန် ရှန့်ထို နိုးထခြင်းကို ကြုံတွေ့နေရတဲ့ လူတွေက အဂ္ဂိရတ် တာအိုရဲ့ ခွင့်ပြုချက်ကို ရပြီးသားလူတွေလို့ ပြောလို့ ရတယ်”
"နားလည်လား...”
ထျန်းလင်းယု၏ ရှင်းပြမှုက မိန်းကလေး၏ လှပသော နှုတ်ခမ်းအလွှာကို ပွင့်အသွားစေခဲ့သည်။ သူမ၏ ရွှန်းလဲ့သော မျက်ဝန်းများ အတွင်းတွင်တော့ ဉာဏ်အလင်း အငွေ့အသက်များ စတင်ကာ မွေးဖွားလာခဲ့၏။ သူမက ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ ဆရာ... ကျွန်မ နားလည်ပါပြီ”
“တကယ်လို့ ဆန္ဒရှိတယ် ဆိုရင် အစစ်မှန် မြေကြီ နိုးထခြင်းကို အဂ္ဂိရတ် ရှန့်ထို တစ်ယောက် နိုးထခြင်း ဒါမှမဟုတ်လည်း အစစ်အမှန် မြေကြီး အသိအမှတ်ပြုခြင်းလို့ ရည်ညွှန်းလို့ ရတယ်... ရှေးဟောင်းခေတ် မှတ်တမ်းတွေထဲမှာ အဲဒီလို ရည်ညွှန်းထားတာမျိုးတွေ တွေ့ရတယ်”
ထျန်းလင်းယု ရှင်းပြနေချိန်မှာပင် အဂ္ဂိရတ် သင်္ကေတများမှာ စတင်ကာ မှေးမှိန်လာခဲ့၏။
“သွား... အဲဒီ သင်္ကေတတွေကို မှတ်မိဖို့ ကြိုးစား...”
သူမက အကန့်အသတ်မဲ့ သိုင်းဧကရာဇ်နှင့် ဟန်ယုဟိုင်တို့ကို လှမ်းကြည့်လိုက်သည်။ များစွာသော သေမျိုး ကျင့်ကြံသူများမှာ သူတို့၏ ဟင်းလင်းပြင် သင်္ဘောများ အတွင်းမှ ထွက်ခွာကာ လောကနယ်မြေများကို ဖြန့်ကျက်၍ တရားထိုင်နေသည်ကို မြင်ရသော အခိုက်၌ ထျန်းလင်းယု၏ နှလုံးသားက အနည်းငယ် တုန်ရီသွားခဲ့သည်။
သူမေ မေ့နေခဲ့ခြင်း ဖြစ်သည်။
“သွားလေ...”
သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ တပည့်ဖြစ်သူကို မြန်မြန် လုပ်ရန် အချက်ပြလိုက်၏။ ၎င်းက သေမျိုး ကျင့်ကြံသူများ အတွက် ကောင်းကင်မှ ပေးပို့သည့် အခွင့်အရေး တစ်ခု ဖြစ်ပေသည်။
နှစ်စက္ကန့်...
တစ်မိနစ်...
တစ်မိနစ်နှင့် ဆယ်စက္ကန့်...
အဂ္ဂိရတ် သင်္ကေတများမှာ တဖြည်းဖြည်း မှေးမှိန်လာကာ လုံးဝ ပျောက်ကွယ်သွားခဲ့လေ၏။ အမှောင် ဟင်းလင်းပြင်က ပုံမှန်အတိုင်း ပြန်လည်၍ တိတ်ဆိတ်သွားခဲ့သည်။
ထျန်းလင်းယု အနည်းငယ် အံ့အားသင့် သွားခဲ့၏။ ထိုမျှ မြန်ဆန်သလော။ စက္ကန့် ခုနစ်ဆယ်သာလော။ ထာဝရ ဧကရာဇ် အစစ်အမှန် မြေကြီး အသိအမှတ်ပြုမှုကို ရယူခဲ့စဉ်တုန်းက ဆိုလျှင် ခုနစ်မိနစ် တိတိ ကြာမြင့်ခဲ့ပေသည်။ ထိုဖြစ်စဉ်က အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်းရှိ ကျင့်ကြံသူပေါင်း များစွာကို လျှို့ဝှက် တာအို အတွင်း ဝင်ရောက်ရန် များစွာ ကူညီပေးခဲ့ပေသည်။
ထာဝရ ဧကရာဇ်၊ ထာဝရ နတ်ဘုရားနှင့် မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုတို့၏ ဆက်တိုက် ဖြစ်ပွားခဲ့သော အစစ်အမှန် မြေကြီး အသိအမှတ်ပြုမှုများမှာအဆုံးမဲ့ ကောင်းကင်တွင် မြေကြီး ရှန့်ထိုများ အလွန်အမင်း များပြားရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ပေသည်။
“မင်းတို့ အားလုံးက ကျုပ်ရဲ့ ကောင်းကင်ဓာတ်တော် ကိစ္စကို ဆွေးနွေးချင်နေတယ်လို့ ကျုပ် သတင်းကြားတယ်”
အသံ တစ်ခုမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ပျံ့နှံ့လာခဲ့၏။ သူက အနက်ရောင် ဆံပင်၊ ချောမော ခန့်ညားသည့် ရုပ်ရည်နှင့် သက်လတ်ပိုင်း လူကြီး တစ်ယောက် ဖြစ်ကာ ခပ်တိုတို ဆံပင်ကို နောက်တွင် စုကာ ချည်နှောင်ထားသည်။ သူ၏ ခန္ဓာကိုယ်တွင်တော့ အလွန်အမင်း တောက်ပသည့် အဂ္ဂိရတ် ရောင်ဝါ တစ်ခု ရှိနေခဲ့ကာ အဆိုပါ ရောင်ဝါ၏ ခြယ်သမှု အောက်တွင် ပတ်ဝန်းကျင်ရှိ အပျက်အစီး မန်နာများ ပင်လျှင် ဆူပွက် နေခဲ့လေ၏။
“...”
လူတိုင်းမှာ တိတ်ဆိတ် ဆွံ့အသွားခဲ့ကြတော့သည်။
***