တစ်ဦးတည်းသော ဆွေမျိုး
Vol. 96 Ch. 1342
ဒြပ်စင်နယ်မြေ၊ မူလအာရုဏ်ဦးဂြိုဟ်...
လင်းရှန်းရှဲ့နှင့် လင်းမင်တို့မှာ အဖွဲ့အစည်း အသီးသီး၏ သတင်း ထုတ်ပြန်ချက်များကို သူတို့၏ အိမ်တော်ထဲမှ စစ်ဆေး နေခဲ့ကြလေသည်။ ယခင်ကတည်းကပင် အဂ္ဂိရတ် ပညာရှင်များ အပေါ် လေးစားမှု ရှိခဲ့သော လင်းရှန်းရှဲ့၏ အမူအရာမှာ အဆုံးအဆမဲ့ အံ့ဩထိတ်လန့်မှု၊ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက် နေခဲ့သည်။
“ငါးယောက်မြောက် အဂ္ဂိရတ် ရှန့်ထို တစ်ယောက် မွေးဖွားလာပြီ ဆိုတော့ အားလုံးက ပြောင်းလဲ သွားတော့မှာ သေချာတယ်”
သူမက ရေရွတ်လိုက်၏။
“အားလုံး ဟုတ်လား...”
လင်းမင်က ခပ်တိုးတိုး မေးလိုက်သည်။ သို့သော်လည်း... လင်းရှန်းရှဲ့မှာ ကြားဟန် မရပဲ သတင်းများကိုသာ ဆက်လက် အာရုံစိုက်ဖတ်နေခဲ့၏။ ကံကောင်းထောက်မစွာပင်... ခေါင်းထဲရှိ အသံက ပြန်လည်၍ ဖြေကြားပေးလိုက်၏။
“ထာဝရ အစည်းအရုံးက ထာဝရ ဧကရာဇ် မရှိဘူး ဆိုရင်တောင် အဂ္ဂိရတ် ရှန့်ထို တစ်ယောက်ကို မွေးထုတ်ပေးနိုင်တယ် ဆိုတာ ပြလိုက်တာပဲ... အဲဒါက မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးရဲ့ အမြင်နဲ့ အလားအလာကို အများကြီး ပြောင်းလဲပစ်နိုင်တယ်... အဲဒီ ဖြစ်ရပ် တစ်ခုတည်းနဲ့တင် သူတို့ ရင်ဆိုင်နေရတဲ့ ဖိအားတွေ အားလုံးကို ကုစားနိုင်လိုက်တာ ကြည့်ပါလား... အဲဒီလူ ဘယ်လို တုန့်ပြန်မလဲ ဆိုတာ ငါ စိတ်ဝင်စားနေပြီ...”
"ဘယ်သူက တုန့်ပြန်မှာလဲ...”
လင်းမင်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ငါတို့ စောင့်ကြည့်ကြတာပေါ့...”
အသံက လင်းမင်၏ သံသယကို ရှင်းပြမပဲ လျှို့ဝှက် ဆန်းကြယ်စွာပင် ဆိုလိုက်၏။ ရှေးဟောင်း ရွေးချယ်ခံ၏ မျက်ခုံးများက အချိန် အတန်ကြာ ကြုတ်နေခဲ့ကာ နောက်ဆုံးတွင်မှ သက်ပြင်းတစ်ချက်နှင့် အတူ ပြန်လည် ပြေလျော့ သွားခဲ့သည်။ သူ စီနီယာ အမလင်းကို လှမ်းကြည့် လိုက်မိ၏။ သူမနှင့် ကြားတွင် တစ်စုံတစ်ရာက ခြားနားနေသလို သူ ခံစားလိုက်ရသည်။ မလွှဲမရှောင်သာပင် လင်းမင်၏ အတွေးများက ထန်ရှင်းယွင်ဘက်သို့ ပြန်လည် လှည့်သွားခဲ့သည်။
“ဂရုစိုက်ပါ... ယွင်အာ...”
လူတိုင်းက ထာဝရ အစည်းအရုံးနှင့် အနာဂတ် သက်ရောက်မှုများ အပေါ် အာရုံစိုက် နေကြချိန်တွင် လင်းမင် တစ်ယောက်ကတော့ သူ၏ အကျဉ်းချခံ ချစ်သူကို စိတ်ပူနေခဲ့လေတော့သည်။
...
ရွှေရောင် အသက်နန်းတော်မှာ မည်သည့် လှုပ်ရှားမှုမှ မလုပ်ပဲ ငြိမ်သက် တိတ်ဆိတ် နေခဲ့၏။ ဝေ့ဝူယင်သည်လည်း အလားတူပင် လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။ လူငယ်မှာ အချိန် အများစုတွင် ကြောင်လက်သည်းဝှက်သလို နေတတ်လေရာ ထိုအရာက အဆန်းတကြယ်တော့ မဟုတ်ချေ။ အချို့ကတော့ ဝေ့ဝူယင်မှာ ထာဝရ အစည်းအရုံး၏ လတ်တလော အောင်မြင်မှုများကြောင့် ပြန်လည် ငုပ်လျှိုးသွားခြင်း ဖြစ်လိမ့်မည်ဟု တွေးတော နေကြလေသည်။
သို့သော်လည်း...မကြာခင်မှာပင် ထာဝရ အစည်းအရုံး၏ ဘဏ္ဍာတိုက် ခိုးယူခံရသည် ဆိုသည့် ကောလဟလ တစ်ခု ပျံ့နှံ့လာခဲ့သည်။ ထိုကောလဟလအား စတင် ဖြန့်ဝေလိုက်သူက မည်သူ ဖြစ်ကြောင်းကိုတော့ တစ်ဦး တစ်ယောက်မှ မသိကြပါချေ။ ၎င်းက ထာဝရ အစည်းအရုံး၏ တိုးတက်နေသော ဂုဏ်သတင်းကို အနည်းငယ် အဟန့်အတား ဖြစ်စေခဲ့လေသည်။ တစ်ချိန်တည်း၌ ကောင်းကင်ဓာတ်တော် လဲလှယ်မှုနှင့် သက်ဆိုင်သော အသေးစိတ် အချက်အလက်များမှာ ထိုကောလဟလ၏ အမှန်ဖြစ်နိုင်ချေကို ပိုမို မြှင့်တင် ပေးခဲ့လေသည်။
...
နှစ်များ၊ နှစ်များမှာ တဖြည်းဖြည်းပင် ဖြတ်ကျော် လာနေခဲ့၏။
ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ ပိုမို၍ နီးကပ်လာသည်နှင့် အမျှ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် မကြုံစဖူး တည်ငြိမ်မှု တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
....
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ...
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ ရှစ်ဆယ့်တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပသည့် လူငယ် ပါရမီရှင်များအကြား အလေးအထားဆုံး ပြိုင်ပွဲကြီး တစ်ခု ဖြစ်သည်။ ၎င်းကို တစ်ချိန်တစ်ခါက ဒဏ္ဍာရီ သဖွယ် ကျော်ကြားခဲ့သည့် ထာဝရ ဧကရာဇ်က ဖန်တီးခဲ့ကာ ထာဝရ အစည်းအရုံးက ဆက်လက်၍ ကျင်းပပေးခဲ့သည်။ ထာဝရ ဧကရာဇ်မှာ နှစ်ပေါင်း ထောင်ဂဏန်း အတွင်းမှာပင် မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ပြောင်းလဲပစ်နိုင်ခဲ့သူ ဖြစ်သည်။ အံ့မခန်းတိုးတက်မှုများကို ယူဆောင်လာနိုင်ခဲ့သူ ဖြစ်သည်။ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည့်အရာက မည်သူတစ်ဦးတစ်ယောက်မှ စိတ်ကူးမယဉ်ခဲ့ဖူးသည့် လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကိုပါ တက်လှမ်းနိုင်ခြင်း ဖြစ်သည်။ ထာဝရ ဧကရာဇ် ဆိုသည့် နာမည်က ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို လူများ ပိုမို တန်ဖိုးထားရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
ထာဝရ ဧကရာဇ် ရှိခဲ့စဉ် အခါတည်းက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို ရှစ်ဆယ့် တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပခဲ့သည်။ သို့သော်လည်း... အကြွင်းမဲ့ အောင်နိုင်သူ တစ်ကြိမ်တစ်ခါမှ ထွက်ပေါ်မလာခဲ့ချေ။ ရွေးချယ်ခံ အဆင့်အတန်းများ ပြောင်းလဲသွားခြင်း၊ လူငယ်များ တိုးတက်လာခြင်း၊ ပါရမီရှင်များ ထွက်ပေါ်လာခြင်းတို့နှင့် အတူ ယခုနှစ်ကတော့ ခြားနားလိမ့်မည်ဟု လူအများက မျှော်လင့် နေကြသည်။
အထူးသဖြင့် အာရုဏ်ဦးနေမီးတောက် ဆေးလုံးမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၊ သေမျိုး ကျင့်ကြံခြင်း အဆင့်အတန်းထံ ပြောင်းလဲမှု များစွာကို ယူဆောင်လာပေးခဲ့ကာ လူငယ်များကို အဆပေါင်းများစွာ ခုန်ပေါက် တိုးတက်စေခဲ့သည်။ထို့အပြင် ပဉ္စမမြောက် အဂ္ဂိရတ် ရှန့်ထို မွေးဖွားလာခဲ့ခြင်းကလည်း ပြိုင်ပွဲ အပေါ် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု လူအများက ယုံကြည်နေကြသည်။
...
အလွန်အမင်း ပြင်ထန် အားကောင်းလှသည့် ယန်အော်ရာများကို ထုတ်လွှတ်နေသော နေကြယ်ပု တစ်စင်း ထွန်းလင်းရာ လျှို့ဝှက် နယ်မြေ အတွင်းဝယ်...
လေ့ကျင့်ရေး ကွင်းပြင် တစ်ခု၌ ကလေးငယ်များ၊ ဆယ်ကျော်သက်များနှင့် လူငယ်များမှာ ခိုင်မာ တောင့်တင်းသည့် ကြွက်သားများနှင့် ပုံသွင်းထားသည့် အရပ်ရှည် ခန့်ညားလှသော လူကြီး တစ်ယောက် အနားတွင် စုဝေး နေခဲ့ကြလေသည်။ လူ့ဘီလူးကြီး တစ်ယောက် အလားကြီးမားလှသည့် ပုဂ္ဂိုလ်၏ ဘေးတွင် ရပ်နေရသည့်တိုင် ကလေးငယ်များမှာ ကြောက်ရွံ့ ထိတ်လန့်ခြင်း မရှိကြချေ။ ထို့အစား... သူတို့၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက် နေခဲ့လေ၏။
“ဆရာစီ... တကယ်လား... စီနီယာ အကိုယန်က အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုရဲ့ ဆွေမျိုး တစ်ယောက်လား”
ကလေးငယ်လေး တစ်ယောက်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ သူ၏ မျက်ဝန်လေးများက သိလိုစိတ်များနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့လေ၏။
ဆရာစီဟု အခေါ်ခံလိုက်ရသည့် သန်မာ ထွားကြိုင်းလှသော ပုဂ္ဂိုလ်မှာ သေမျိုးတစ်ပိုင်း အရှင် စီယန်၏ ဟု ကျော်ကြားသည့် ပုဂ္ဂိုလ်ပင် ဖြစ်သည်။ သူက ကောင်လေးကို ကြည့်ကာ လက်ညိုးဖြင့် ပါးစပ်ကို ထိရင်း ရှူးတိုးတိုး ပုံစံမျိုး လုပ်ပြလိုက်၏။
“ဒါက လျှို့ဝှက်ချက်လေ...”
ကလေးငယ်များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြရင်း စီယန်ကဲ့သို့ လိုက်လံ လုပ်ဆောင် လိုက်ကြ၏။ လူကြီးများကတော့ ထိုမြင်ကွင်းကို ကြည့်ရင်း ပြုံးလိုက်ကြသည်။
“ငါတို့ ကြားမှာပဲနော်...”
ကလေးငယ်များက လေးနက်သည့် အမူအရာများနှင့် ခေါင်းညိတ်လိုက်ကြ၏။
“ကောင်းတယ်... ဟား ဟား...”
စီယန်က ရယ်မောလိုက်လေသည်။
"ဘယ်သူတွေ ကြားမှာလဲကွ...”
ရုတ်တရက် အလွန် ပြင်းထန်သည့် အသံ တစ်ခု ထွက်ပေါ်လာ၏။ စီယန်၏ ကျောရိုးများက မသိမသာ ဆန့်တန်း သွားသည်။ သူက အပြစ် ကင်းစင်သည့် အမူအရာကို ဆင်မြန်းလိုက်ရင်း ကောင်းကင်ရှိ နေကြယ်ကို မော့ကြည့်ကာ တွက်ချက်ဟန် ပြုလိုက်၏။
“အိုး... အချိန်ကို ကြည့်ပါဦး... ငါ ငါးစာကျွေးရဦးမယ်”
ထို့နောက် နောက်ကိုပင် ပြန်လှည့်မကြည့်ပဲ အဝေးကို ခပ်သုတ်သုတ် ထွက်ခွာ သွားခဲ့တော့၏။ စက္ကန့် အနည်းငယ် ကြာပြီးနောက်၌ အလားတူပင် ကြံ့ခိုင် သန်မာပြီး အရပ် လေးပေ နီးနီးခန့် ရှိမည့် လူတစ်ယောက်မှာ ကလေးငယ်များ အနားသို့ ရောက်ရှိလာခဲ့သည်။ သူက ကလေးငယ်လေးများကို ပြုံးပြလိုက်၏။
“လျှို့ဝှက်ချက်နော်... ဟုတ်ပြီလား...”
“ဟုတ်ကဲ့... စီနီယာ အကိုယန်...”
ကလေးငယ်များက ခေါင်းညိတ်ကာ သဘောတူ လိုက်ကြလေ၏။
"ကဲ... သွားပြီး လေ့ကျင့်ကြတော့...”
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း အချက်ပြလိုက်လေတော့၏။
...
တစ်ခဏ ကြာမြင့်ပြီးနောက်၌...
လူထွားကြီး နှစ်ဦးမှာ တောင်ထွတ် တစ်ခု၏ အဖျားတွင် ရပ်ရင်း အဝေးကို ငေးမော နေခဲ့ကြလေသည်။ ဘေးချင်း ကပ်လျက် ရပ်နေကာ ခန္ဓာကိုယ် တည်ဆောက်ပုံချင်း တူညီသည့်တိုင် အရပ်အမောင်း ကွာခြားမှုကြောင့် စီယန်မှာ သေးငယ်နေသယောင် ထင်ရ၏။
“ဒီကမ္ဘာကနေ ထွက်ဖို့ အချိန်ကျပြီလို့ မင်း မထင်ဘူးလား... မင်းကို သေပြီလို့ ထင်နေတဲ့ မိသားစုဆီ ပြန်သွားပေါ့... မင်း အကိုကြီးကို ကြည့်စမ်း... အခုဆို လောကကြီး တစ်ခုလုံးကိုတောင် ပြောင်းလဲ ပစ်နိုင်နေပြီ... နောက်ပြီး သူ မင်းကို ရှာနေတဲ့ သတင်းတွေ ငါ ရတယ်... ငါ မင်းကို ပထမဆုံး တွေ့တုန်းက ပုံနဲ့ လူရှာကြော်ညာ ထုတ်ထားတာတောင် တွေ့ရတယ်... အင်းလေ... အခုကျတော့ မင်းရဲ့ အသွင်အပြင်နဲ့ ရောင်ဝါက အရင်ကနဲ့ လုံးဝမှ မတူတော့တာပဲ”
စီယန်က ဆိုလိုက်၏။
“အချိန်မကျသေးလို့ပါ ဆရာစီ...”
လူထွားကြီးက ပြန်လည် ဖြေလိုက်သည်။ စီယန်က သက်ပြင်းတစ်ချက် ရှိုက်ရင်း ခေါင်းညိတ်လိုက်၏။
“အေးပါ... ဒါပေမဲ့ အပြင်ထွက်တဲ့ အချိန်ကျရင်လည်း တုန့်ဆိုင်း မနေနဲ့... မေ့လျော့ခံ မျိုးနွယ်ဝင် တစ်ယောက် အနေနဲ့ မင်း ဘာကိုမှ ကြောက်မနေသင့်ဘူး”
လူထွားကြီးက ကောင်းကင်ကို မော့ကြည့်လိုက်ရာ လှပသည့် နေဝန်းကြီးကို တွေ့လိုက်ရလေသည်။ သူ့ မျက်ဝန်း အတွင်း၌ လွမ်းဆွတ်သည့် အငွေ့အသက်များက နေရာယူလာခဲ့၏။
အကယ်၍ ဝေ့ဝူယင်သာ ဤနေရာတွင် ရှိနေပါက အပြောင်းအလဲများစွာ ကြားမှပင် ထိုလူ့ဘီလူးကြီးကို ချက်ချင်း မှတ်မိလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ သူက အသက်ရှင်သန် ကျန်ရစ်သည့် သူ၏ တစ်ဦးတည်းသော ဆွေမျိုး ဖြစ်နေသောကြောင့်ပင်။
***