← Chapters

ပြီးဆုံးခြင်း

Vol. 96 Ch. 1343

ပြီးဆုံးခြင်း

Vol. 96 Ch. 1343

အလွှာကြားက လောက၊ အဆုံးမဲ့ ဟင်းလင်းပြင် နယ်မြေ...

ဒါဇင်နှင့်ချီသော ပုံရိပ်များမှာ သူတို့၏ အာကာသ စွမ်းအင်များကို အရှိန်အဟုန် ပြင်းစွာ လှည့်ပတ်နေသည့် အာကာသ လေပွေ အတွင်း ထည့်သွင်းနေကြ၏။ ဦးဆောင်ပုဂ္ဂိုလ်မှာ သံချပ်ကာဝတ် ပုဂ္ဂိုလ် တစ်ယောက်နှင့် အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်တို့ပင် ဖြစ်လေသည်။ သူတို့က လောကရှန့်ထို အဆင့် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည့် စုနန်ကျူးနှင့် ကျန်းကျဲဝူရှုတို့ပင်...။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင် အာကာသ လေပွေမှာ အလွန်ပင် ကျယ်ပြန့်လာခဲ့ပြီ ဖြစ်သည်။ တစ်ခဏ ကြာပြီးနောက် လောကရှန့်ထို နှစ်ယောက်မှာ အာကာသ စွမ်းအင် ပို့လွှတ်မှုကို ရပ်တန့်ကာနောက်သို့ ဆုတ်သွားကြ၏။ ဆယ်စုနှစ် အနည်းငယ် ကြိုးပမ်း အားထုတ်မှု၏ အသီးအပွင့်များကို စောင့်ကြည့်ရင်း... သူတို့ အဂ္ဂိရတ် ထုတ်ကုန်များကို ထုတ်ယူကာ လျှို့ဝှက် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းလိုက်ကြသည်။

“အခုဆိုရင် လေပွေက နယ်မြေရဲ့ ရှစ်ဆယ့်သုံး ရာခိုင်နှုန်းလောက် အထိကို သိမ်းပိုက် ပြီးပြီ... ငါတို့ အရမ်းကို နီးကပ်နေပြီ”

စုနန်ကျူးက ပျော်ရွှင်သည့် အငွေ့အသက်များနှင့် ဆိုလိုက်၏။ ချိပ်ပိတ် နယ်မြေ အတွင်းတွင် ဧရာမ အရွယ် နေကြယ်ကြီး ရှိသည် ဆိုသည့် သတင်းစကားက သူ၏ ရင်အစုံကို တဒိတ်ဒိတ် ခုန်စေသည်။ အဆိုပါ နေကြယ် ဖန်တီးသည့် ကျင့်ကြံခြင်း ပတ်ဝန်းကျင် တစ်ခု၏ အကျိုးကျေးဇူးကို သူ့ လျှာဖျားတွင် ခံစားနိုင်ပေသည်။ ယခုလက်ရှိ ရင်းနှီးထားရသော စွမ်းအင်များမှာ နောက်ဆုံးတွင် ထိုက်တန်လိမ့်မည်ဟု သူ အကြွင်းမဲ့ ယုံကြည်ပေသည်။

ကျန်းကျဲဝူရှုက ချက်ချင်း တုန့်ပြန်ခြင်း မပြုချေ။ မှန်ပေသည်။ သူတို့ အတော်လေး နီးကပ် နေခဲ့ပြီ ဖြစ်သည်။ မကြာခင်မှာပင် အာကာသ လေပွေမှာ အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ တစ်ခုလုံးကို ဝါမြိုသွားပေတော့မည်။ ထိုအခါ ကျိန်စာမှာ သူတို့ကို ချိပ်ပိတ် အစီအရင် အတွင်းရှိ လောကကို ဝင်ရောက်နိုင်အောင် ကူညီပေး ပေလိမ့်မည်။

“ရှုယုသာ ရှိရင် ငါတို့ ပြီးတောင် ပြီးနေလောက်ပြီ...”

စုနန်ကျူးက ညည်းညူလိုက်၏။ ရှုယု တစ်ယောက် အချိန်လေပွေ အတွင်း ပိတ်မိနေခဲ့သည်မှာ ဆယ်စုနှစ် အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အသက်အဆောင်မှာ ဆက်လက်၍ အသက်ဝင်နေဆဲ ဖြစ်သည့်တိုင် ဘာသတင်းမှ မကြားရပါချေ။ သို့သော်လည်း... ရှုယု အန္တရာယ် တစ်ခုခုနှင့် ကြုံတွေ့နေရလိမ့်မည်ဟုတော့ သူ မယုံကြည်ပါချေ။

ထိုလူအိုကြီးမှာ လောကရှန့်ထို တစ်ယောက် ဖြစ်သည်။ အဆုံးမဲ့ ခရီးသွား နယ်မြေ အတွင်းရှိ မြို့ကြီး တစ်မြို့ကို ဦးဆောင်နေသူ ဖြစ်သည်။ အချိန်နှင့် အာကာသ အပေါ် သူ့နားလည်မှုက ပျမ်းမျှ စံနှုန်းများထက် ကျော်လွန် နေပေသည်။

"..."

ကျန်းကျဲဝူရှုမှာ တိတ်ဆိတ် နေခဲ့၏။ သူမက ပြန်လည် ကောင်းမွန်လာရေးကိုသာ အာရုံစိုက် နေခဲ့သည်။ စုနန်ကျူးမှာ မျက်မှောင်ကြုတ် လိုက်သော်လည်း သူ ကိုယ်တိုင်လည်း အလားတူပင် လိုက်လံ အားထုတ် လိုက်သည်။ ကျန်းကျဲဝူရှုမှာ သူနှင့် စကားပြောဆိုရန် အချိန်အနည်းငယ်လေးပင် မဖြုန်းတီးလိုကြောင်း ထင်ရှားပေသည်။

...

ကမ္ဘာလောကမှာ ငြိမ်းချမ်းနေပုံ ပေါ်သော်လည်း ခေါင်းဆောင်များကတော့ သူတို့ကိုပင် စိတ်အနှောက်အယှက် ဖြစ်စေနိုင်သည့် သတင်းတစ်ရပ်ကြောင့် အလုပ်များ နေခဲ့လေသည်။

ကျိန်းသေ ဖြစ်ပေါ်လာလိမ့်မည်ဟု ဝေ့ဝူယင် မျှော်လင့်ထားခဲ့သည့် အရာများမှာလည်း အမှန်တကယ်ပင် ဖြစ်ပျက်လာခဲ့သည်။

အစစ်အမှန် မွေးဖွားခြင်းမှာ နောက်ဆုံး ချိက်ဆက် အကြောင်း သတင်းများ ထုတ်လွှင့်လာခဲ့သည်။ ၎င်းအား ဖျက်ဆီးနိုင်ပါက လွတ်လပ်ခွင့် ရရှိမည် ဆိုသည့် အယူအဆများကလည်း ပျံ့နှံ့လာခဲ့သည်။ ထိုနှစ်များ အတွင်း အင်အားစုများ အကြား၌ ပဋိပက္ခ မရှိရခြင်းမှာ နောက်ဆုံးသော ချိပ်ဆက်ကို ရှာဖွေရန် သူတို့၏ ပူးပေါင်း အားထုတ်နေသောကြောင့်လည်း ဖြစ်သည်။ သို့သော်လည်း... နောက်ဆုံး ချိပ်ဆက်၏ တည်ရှိမှုကို လူတိုင်း မသိပဲ အဆုံးစွန်သော ဩဇာအာဏာ၊ အင်အားနှင့် အရင်းအမြစ်တို့အား ပိုင်ဆိုင်ထားကြသူများသာ သိရှိထားပေသည်။

အခြားတစ်ဖက်၌... ဟင်းလင်းပြင် အမဲလိုက်သူများ၏ ဦးတည်ချက်များကလည်း ပြောင်းလဲ လာခဲ့သည်။ သူတို့က လုယက်တိုက်ခိုက်ခြင်း အစား အမှောင် ဟင်းလင်းပြင် အတွင်းရှိ မေ့လျော့ခံ နေရာများ၊ ထူးဆန်းသော ရင်းမြစ်များကိုသာ စတင် ရှာဖွေ လာကြသည်။ ထိပ်သီး အင်အားစုများနှင့် ဆက်သွယ်ရင်း ငြိမ်းချမ်းသည့် လမ်းစဉ်တစ်ခုဖြင့် လှုပ်ရှား လည်ပတ်လာကြသည်။ ပြိုင်ဆိုင်မှုထက် အမြတ်အစွန်းကိုသာ ရှာဖွေကြသောကြောင့် ဟင်းလင်းပြင် မုဆိုးများ အကြား တိုက်ပွဲများမှာ သိသိသာသာပင် လျော့နည်းသွားကြသည်။

ချိပ်ပိတ် နယ်မြေ၏ တည်ရှိမှု အကြောင်းကိုတော့ လူအများစုမှာ ယခုတိုင်အောင် မသိပဲ ရှိနေကြဆဲ ဖြစ်သည်။ ကံဆိုးစွာပင်... ချိပ်ပိတ် နယ်မြေဟု ခေါ်တွင်သည့် ကြယ်ကွင်းပြင် အများအပြား ပါဝင်သော ဒေသကြီး အကြောင်းမှာ ထိပ်သီး ကျင့်ကြံသူများနှင့် လူငယ် ပါရမီရှင်များ အကြား စကားဝိုင်းတွင် အကြိမ်ပေါင်းများစွာ ပါဝင်လာခဲ့သည်။ ဤသို့ဖြင့် ကျင့်ကြံခြင်း လောကမှာ ချိပ်ပိတ် နယ်မြေကြီး၏ တည်ရှိမှု အကြောင်းကို ဖြည်းညင်းစွာပင် သတိပြုမိလာခဲ့ကြတော့သည်။

...

စန်းလော့ယန် အဂ္ဂိရတ် ရှန့်ထို အဆင့်ကို တက်လှမ်းခဲ့သည်မှာ နှစ်ဆယ့်ခြောက်နှစ် တိတိ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲက နောက်သုံးနှစ် အကြာတွင် ကျင်းပမည် ဖြစ်လေရာ လေထု တစ်ခုလုံးမှာ ဖိအား သက်ရောက်မှုများနှင့် ပြည့်နှက် နေခဲ့လေသည်။ များလှစွာသော အင်အားစုများမှာ သူတို့၏ ရွေးချယ်ခံ ရွေးချယ်မှုများကို အပြီးသတ် နေကြသည်။

ဤမျိုးဆက်မှာ ပထမဆုံး ရွေးချယ်ခံ ဧကရာဇ်ကို မွေးထုတ်ပေးလိမ့်မည်ဟု ကောလဟလများ ထွက်ပေါ်နေကာ ထိုကဲ့သို့ ဖြစ်ပေါ်လာရန်လည်း အကြောင်းတရားများစွာ ရှိနေပေသည်။ မကြာခင်မှာပင် ရွှေရောင် ဂိတ်တံခါး နန်းတော်မှာ ထိပ်သီး ပါရမီရှင်များနှင့် ပတ်သက် ဆက်နွယ်နေသည့် သတ်မှတ်ချက် စာရင်း အသစ် တစ်ခုကို စတင် ထုတ်လာခဲ့တော့သည်။

နာမည်က ရွှေဧကရာဇ်များ ဟူ၍...။

ရွှေဧကရာဇ် စာရင်းမှာ ယခင် တန်ခိုးရှင် နတ်မိမယ်၊ တန်ခိုးရှင် သူရဲကောင်း စာရင်းများလို ကျား၊ မ ခွဲခြားခြင်း မပြုတော့ချေ။ ထို့အစား... ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ဖြစ်နိုင်ချေ အရှိဆုံးလူ အယောက် တစ်ရာကိုသာ ဖော်ပြထားသည်။ ရွှေဧကရာဇ် စာရင်းမှာ ပုံသေ မဟုတ်ပဲ တစ်ယောက်ကို တစ်ယောက် အနိုင်ယူခြင်း၊ သို့မဟုတ်... ကျင့်ကြံခြင်း အခြေခံ တိုးတက်လာခြင်းတို့ဖြင့် သတ်မှတ်ချက် အပြောင်းအလဲ ဖြစ်နိုင်လေရာ ၎င်းက လူများကို ပိုမို၍ စိတ်ဝင်စားစေသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုခွဲ အတွင်း၌ မရေမတွက်နိုင်သော သေမျိုးများစွာမှာ သူတို့ကိုယ် သူတို့ သက်သေပြရန်နှင့် အခြားလူများကို ကျော်တက်ရန် အတွက် လျှို့ဝှက် ကြယ်တာရာ အဆင့် သို့မဟုတ်... အထွတ်အထိပ် ကြယ်တာရာ သခင်များကို စိန်ခေါ်ခဲ့ကြသည်။ တစ်ချို့ဆိုလျှင် လျှို့ဝှက် ဝိညာဉ် အဆင့်နှင့် သေမျိုးတစ်ပိုင်း အရှင် အဆင့်များကိုပင် စိန်ခေါ်ခဲ့သည်။ အများအပြားမှာ ဆိုးရွားစွာ ကျရှုံးခဲ့ကြသည့်တိုင် စိန်ခေါ်ဝံ့သည့် သူတို့၏ သတ္တိများကတော့ သမိုင်းတွင် စာတင်အောင် ကျန်ရစ်ခဲ့ပေတော့သည်။

...

သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင်...

ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁

တတိယ ကပ်ဘေး အောင်မြင်ခြင်း... ၃/၃

စတုတ္ထ ကပ်ဘေး တားဆီးခြင်း... ၂၂ နှစ်

ကမ္မတန်ဖိုး... ၂၁၂,၇၃၂.၅ → ၂၁၇,၆၆၃.၃

ချိပ်ပိတ်နယ်မြေ တစ်ခုလုံး၏ အမြင်အာရုံကို အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ တစ်ခု ဖန်တီးခြင်းဖြင့် ပိတ်ဆို့ ထားသည့်တိုင် ထိုနေရာ၌ အလွန်တရာ တောက်ပလှသော နေကြယ်တစ်စင်း ရှိနေခဲ့လေသည်။

“နောက်ဆုံးတော့ အပြည့်အဝ သဟဇာတ ဖြစ်သွားပြီ...”

နေကြယ်ကြီး၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် ဝမ်းမြောက်ဝမ်းသာမှုများနှင့် ပြည့်နှက်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဒါက အရမ်းကြီးတယ်လို့ မထင်ဘူးလား...”

"ဘယ်ကသာ... မကြီးသေးပါဘူးကွ...”

“ဟီး ဟီး...”

“ကလန့်...”

အကယ်၍ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ကျင့်ကြံသူများသာ သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင် အတွင်း၌ အလွန်တရာ ကြီးမားလှသော နေကြယ်ကြီး တစ်စင်း ရှိနေကြောင်း သတင်း ရရှိပါက အလွန်ပင် အံ့အားသင့်သွားကြလိမ့်မည် ဖြစ်ပေသည်။

***

All Chapters