#ဖြေရှင်းချက်လား၊ ဒါဆိုတိုက်ခိုက်ကြတာပေါ့#
Vol. 63 Ch. 884
နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်း ကိုယ်တိုင်ကိုယ်ကျ ၀င်ပါခဲ့သည့်တိုင် သူတို့ အာကာသနှလုံးသားကို ရယူရန်အတွက် မအောင်မြင်ခဲ့ကြပါ။ သူတို့၏ ဝိုင်းရံမှုပင်လျှင် ကျရှုံးခဲ့ရသည်။
တကယ်တမ်းတွင် အာကာသနှလုံးသားကို ရသွားသောသူ၏ အသွင်အပြင်နှင့် အစစ်အမှန်စွမ်းအားကိုပင် သူတို့မတွေ့ခဲ့ကြပေ။
ဒီသတင်းသာပျံ့သွားပါက နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်း သေချာပေါက် မျက်နှာပျက်ရပေလိမ့်မည်။
သို့စေကာမူ နတ်သခင်အဆင့်ဂိုဏ်းများတွင် ကြီးမားသည့်အခြေခံနှင့် ဩဇာလွှမ်းသည့်နယ်ပယ်တစ်ခုရှိသည်။ ဒီလိုရှက်စရာ အရာမျိုးကို သူတို့ဘယ်လိုလုပ် ဖြစ်ခွင့်ပေးနိုင်မည်နည်း။
ချက်ချင်းဆိုသလို နတ်သခင်အဆင့်ဂိုဏ်းခြောက်ဂိုဏ်း ပြန်လာသောအခါ ပထမဆုံးလုပ်သည့်အရာက လုချန်ရှန်းနှင့် ကျန်နှစ်ယောက်ကို ရှာရန်မဟုတ်ဘဲ ယင်းအစား သတင်းများကို စတင်တိုက်ရိုက်ပိတ်ဆို့ခြင်းပင်။
ဝေစုတစ်ခုရယူချင်သည့်အတွက်ကြောင့် ဘိုးဘေးအင်ပါယာနယ်မြေသို့ ဦးတည်သွားခဲ့ကြသည့် ပထမတန်းစားဂိုဏ်းများမှာမူ စုပေါင်းနှုတ်ဆိတ်နေခဲ့ကြသည်။
ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်ပင်လျှင် ထိုနတ်သခင်အဆင့်ဂိုဏ်းများ၏ ဖိအားအောက်၌ပင် ဒီကိစ္စကို မဖော်ထုတ်ခဲ့ပေ။
ဒါက လုချန်ရှန်းက လူရှေ့ထွက်ပြရတာကို မကြိုက်သော အတော်လေးသတိထားသူ တစ်ယောက်ဖြစ်တာကို ကျိချန်းယောင် သိသောကြောင့်ပင်။
ထို့ကြောင့်လည်း သူမဒီကိစ္စကို ကျိလျိုချီနအပါအ၀င် ကျန်သောသူများနှင့် ဒီထိတ်လန့်စရာသတင်းကို မဖော်ထုတ်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
နတ်သခင်အဆင့်ဂိုဏ်းခြောက်ခု၏ ဖိအားပေးခြင်းကို ခံရပြီး သူတို့ကို ထိပ်တိုက် ရင်မဆိုင်ရဲသည့် အကြီးအကဲများလည်း ရှိသည်။
သို့စေကာမူ ဒီသတင်းများကို တစ်ရက်သာ ဖိနှိပ်ထားနိုင်သည်။
ဒုတိယနေ့တွင် ဒီသတင်းက ကပ်ရောဂါတစ်ခုပမာ အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံး၌ အလျင်အမြန်ပျံ့သွားခဲ့သည်။
ပျံ့သွားနှုန်းကလည်း မယုံနိုင်စရာပင်။
ဒီသတင်းပျံ့နှံ့မှုက သူတို့ကို ဒေါသထွက်သွားစေသည်။
သူတို့ ဒီသတင်းကို ဖိနှိပ်ရန်အတွက် အင်အားစုများ စုပေါင်းထားစဉ် သတင်းတွေကို ပျံ့နေတာကို ရပ်တန့်၍ မရတော့တာကို နားလည်သဘောပေါက်သွားကြသည်။
လူသူကင်းမဲ့ပြီး အထီးကျန်သည့်နယ်မြေတစ်ခုတွင် နတ်သခင်ခုနှစ်ဦး၏ ပုံရိပ်များက ပေါ်လာကြသည်။
ယင်ယန်နတ်သခင်က မည်းမှောင်သည့် အမူအရာဖြင့် စတင်အော်ဟစ်သည်။
"ဒီသတင်းကို ဘယ်သူတကယ်ပဲ ဖော်ထုတ်ပစ်ခဲ့တာလဲ၊ ဒါက ငါတို့နတ်သခင်ဂိုဏ်းခုနှစ်ဂိုဏ်းကို လူသိရှင်ကြားဆန့်ကျင်နေတာပဲ"
ကောင်းကင်မီးနတ်သခင်က ပို၍ပင် ဒေါသထွက်နေသည်။ ဒီနေရာ၌ ရှိနေတာက ပုံရိပ်တစ်ခုသာဖြစ်သည့်တိုင် လူသူကင်းမဲ့သည့် နယ်မြေတစ်ခုလုံးက မြို့တစ်မြို့ကိုပင် လောင်ကျွမ်းစေသည့် အပူလှိုင်းများနှင့် ပြည့်နှက်နေသည်။
"ငါတို့ရှာတွေ့တာနဲ့ ဖျက်ဆီးပစ်ရမယ်"
နတ်သခင်ဖုတျန်က အတည်ငြိမ်ဆုံး နတ်သခင်ဖြစ်သော်လည်း သူ့မျက်နှာက ရေကဲ့သို့ နက်မှောင်နေဆဲပင်။
"ငါတို့ရဲ့ ပူးတွဲဖိနှိပ်မှုအောက်မှာတောင် သူတို့က သတင်းတွေကို ဖြန့်ဖို့ မကြောက်ကြဘူး၊ ငါတို့သတင်းကို ပျံ့တာကနေ ကာကွယ်တားဆီးထားတာက အလဟာဿဖြစ်သွားရပြီ"
"ဒါက တစ်ဘက်လူက ငါတို့ကို မကြောက်ဘူးဆိုတဲ့အဓိပ္ပာယ်ပဲ၊ ဒါ့အပြင် သူတို့ကလည်း ငါတို့နဲ့တူညီတဲ့ အခြေခံအုတ်မြစ်ရှိတယ်"
"နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းကပဲ ဒီလိုအရာမျိုးကို လုပ်နိုင်တယ်"
ထိုနေရာတွင် နတ်သခင်အားလုံးက အချင်းချင်း မည်းမှောင်နေသည့် အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
ထိုအချိန်မှာပင် ခေးအောစ့်အနှစ်သာရဓားသခင် လက်ပိုက်ပြီး နတ်သခင်ဟောင်တျန်းကို စိုက်ကြည့်သည်။
"နတ်သခင်ဟောင်တျန်း၊ ဒါက ဟောင်တျန်းနတ်ဂိုဏ်းရဲ့ လက်ချက်မလား"
ခေးအောစ့်အနှစ်သာရဓားသခင် ထိုသို့ ပြောလာသောအခါ ကျန်သောနတ်သခင်အားလုံးက သူ့ကိုစူးစိုက်ကြည့်လိုက်ကြ၏။
နတ်သခင်ဟောင်တျန်း ရယ်မောကာ ဘာတစ်ခုမှ ဖုံးကွယ်မထားပေ။
ဒါက ဒီလူများက အမှန်တရားကို ရှာဖွေဖို့ စိတ်ပိုင်းဖြတ်ထားလေရာ သူဒါကို ဖုံးကွယ်ထားနိုင်မှာမဟုတ်သောကြောင့်ပင်။
ထို့ကြောင့် သူပွင့်လင်းစွာပင် ၀န်ခံပြီး ခေါင်းညိတ်သည်။
"မှန်တယ်၊ ငါအမိန့်ပေးခဲ့တာ"
ကောင်းကင်မြေအောက်နတ်သခင်အော်ဟစ်သည်။
"မင်းဘာလို့ဒီလိုလုပ်ရတာလဲ၊ ဒါက မင်းရဲ့ ဟောင်တျန်းနတ်ဂိုဏ်းမျက်နှာကို ဖြတ်ရိုက်နေတာနဲ့ အတူတူပဲမလား"
တစ်ဘက်လူ၏ စကားလုံးများကို ကြားသောအခါ နတ်သခင်ဟောင်တျန်း ကောင်းကင်မြေအောက် နတ်သခင်ကို နက်ရှိုင်းစွာကြည့်ပြီး မေးသည်။
"အိုး၊ မင်းခွန်အားတိုးလာတဲ့အခါ မင်းက မျက်နှာပျက်ဖို့အတွက်တစ်ခုတည်းနဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ လိုတယ်ထင်တာလား၊ ဒါကို မင်းကိုယ်မင်းနဲ့ မင်းဂိုဏ်းပိုအားကောင်းလာဖို့အတွက် မောင်းနှင်အားတစ်ခုအဖြစ် မင်းမသုံးချင်လို့လား"
သို့စေကာမူ ခေးအောစ့်အနှစ်သာရဓားသခင်၏ အကြည့်က နတ်သခင်ဟောင်တျန်းကို တစ်ချက်တည်းနှင့် မြင်နိုင်သည့်အလား ဓားတစ်စင်းပမာ ထက်ရှနေသည်။
"မင်းတကယ်တွေးနေတာ ဒါမဟုတ်ဘူးမလား"
"ဒါမှမဟုတ် အာကာသနှလုံးသားကို ရသွားတဲ့လူက မင်းအဆင့်ချိုးဖျက်ရခြင်းရဲ့ နောက်ကွယ်က လူဆိုပိုမှန်တယ်မလား"
နတ်သခင်ဟောင်တျန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း ရုတ်ချည်းဆိုသလို ပုံမှန်ပြန်ဖြစ်သွားသည်။
သို့စေကာမူ ခေးအောစ့်အနှစ်သာရဓားသခင် ဒါကို အာရုံခံမိဆဲပင်။
"ဟားဟား၊ ကြည့်ရတာ ငါတို့အချည်းနှီးတော့ မဖြစ်ခဲ့ဘူးဘဲ" ခေးအောစ့်အနှစ်သာရ ဓားသခင် ခေါင်းခါယမ်းကာ ရယ်မောသည်။ သူ့မျက်လုံးများက လှောင်ပြောင်မှုနှင့် ပြည့်နှက်နေသည်။
သူဆက်ပြောသည်။
"နတ်သခင်နယ်ပယ်နောက်ပိုင်းအဆင့်ကို အထွတ်အထိပ်အဆင့်ကိုတောင် ချိုးဖျက်စေနိုင်တာဆိုတော့ တစ်ဘက်လူရဲ့ ခွန်အားက သေချာပေါက်နိမ့်မှာမဟုတ်ဘူး၊ နတ်သခင်ဟောင်တျန်း၊ သူဘယ်နယ်ပယ်မှာလဲဆိုတာ မင်းငါ့ကိုပြောနိုင်မလား"
ဘယ်နယ်ပယ်မှာလဲ!
နတ်သခင်ဟောင်တျန်း မျက်ခုံးပင့်လိုက်သည်။
"ငါမသိဘူး"
ကောင်းကင်မီးနတ်သခင်နှင့် အဖော်မဲ့ရှစ်ခွင်နတ်သခင်တို့က တစ်ချိန်တည်းမှာပင် အော်ဟစ်သည်။
"မင်းဘယ်လိုလုပ် မသိနိုင်ရမှာလဲ"
ယခုလိုအခြေအနေအောက်တွင် တစ်ဘက်လူက ဒါကိုမေးလာပြီဖြစ်လေရာ နတ်သခင်ဟောင်တျန်း တိုက်ခိုက်ရပေတော့မည်။
သို့စေကာမူ တကယ်တမ်းတွင်လည်း သူမသိသလို စီနီယာလု၏ နယ်ပယ်ကို လုံး၀မမြင်နိုင်ပေ။
ဒီတော့ ငါဘာလုပ်နိုင်သေးလို့လဲ!
ပထမဆုံးအကြိမ် နတ်သခင်ဟောင်တျန်း မတရားပြုခံရသလို ခံစားရသော်လည်း သူအကူအညီမဲ့နေသည်။
နတ်သခင်ဖုတျန်ကလည်း ဒါကို မယုံသော်လည်း မေးလာသည်။
"မင်းမပြောချင်ဘူးဆိုရင် မပြောနဲ့၊ အခုက ဒီအကြောင်းကို မေးနေရမယ့်အချိန် မဟုတ်ဘူး၊ ဒါပေမယ့် မင်းရဲ့ဟောင်တျန်းနတ်ဂိုဏ်းက ငါတို့ကို ဖြေရှင်းချက်တစ်ခုပေးရမယ်"
မျှော်လင့်မထားစွာပင် နတ်သခင်ဟောင်တျန်း လက်အစုံကို ဆန့်တန်းလိုက်သည်။
"ဖြေရှင်းချက်လား၊ ဘယ်လိုဖြေရှင်းချက်မျိုးကို လိုချင်လို့လဲ၊ မင်းတို့မပျော်ဘူးဆိုရင် တိုက်ခိုက်ကြတာပေါ့"
ထိုစကားလုံးများ ပြောပြီးသည်နှင့်တစ်ပြိုင်နက် ပတ်၀န်းကျင်က လေဟာနယ်က အေးခဲသွားပြီး လေထု၊ လေပြေလေညင်းနှင့် မျောလွင့်နေသည့် တိမ်များအားလုံး ရပ်သွားရသည်။
နတ်သခင်ဟောင်တျန်း၏ စကားလုံးများကို ကြားသောအခါ နတ်သခင်ခြောက်ဦး မျက်မှောင်ကြုတ်ရင်း သူတို့၏ မျက်သူငယ်အိမ်များက ကျုံ့သွားကြ၏။
တိုက်ခိုက်မယ်!
နတ်သခင်ဟောင်တျန်းက သူတို့ထဲ၌ အလျှော့မပေးတတ်ဆုံးသူဖြစ်သလို လူတိုင်းက စိတ္တဇကောင်ဟု ခေါ်သောသူတစ်ယောက်ဆိုတာ သူတို့သိကြသော်လည်း တစ်ဘက်လူက ဒီမျှထိ ရူးသွပ်လိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။
အကယ်၍ နတ်သခင်အဆင့်ဂိုဏ်းခြောက်ဂိုဏ်းကသာ တစ်ချိန်တည်းတွင် ဟောင်တျန်းနတ်ဂိုဏ်းနှင့် စစ်ပွဲစပါက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံး၏ တစ်၀က်ကျော်က ဖျက်ဆီးခံရလောက်သည်။
နတ်သခင်ဟောင်တျန်း လူခြောက်ယောက်၏ လေးနက်မှုကိုမြင်ရသောအခါ တိတ်တဆိတ် နှာခေါင်းရှုံ့သည်။
"ဟား၊ ငါမင်းတို့ကို ဖြေရှင်းချက်ပေးပြီးတာတောင် မင်းတို့က မတိုက်ခိုက်ရဲကြဘူး၊ မင်းတို့ပိုကျင့်ကြံလေလေ၊ ပိုဆိုးလာလေလေပဲ"
ခေးအောစ့်အနှစ်သာရဓားသခင် အနည်းငယ် မျက်မှောင်ကြုတ်သည်။
"မင်းအဲလောက်တောင် ယုံကြည်မှုရှိတာလား၊ မင်းရဲ့နောက်ခံအစီအစဉ်က နောက်ကွယ်က အဲလူဆိုရင်တောင် ငါတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို သူတကယ် ကာကွယ်နိုင်မှာလား"
ယခု နတ်သခင်ဟောင်တျန်း၏ ယုံကြည်မှုအရင်းအမြစ်က သူ့ခွန်အားကို တိုးလာစေရန်အတွက် ကူညီပေးခဲ့သည့် နောက်ကွယ်က လူဆိုတာကို သူတို့အားလုံး ယုံနေကြလေပြီ။
မဟုတ်ပါက နတ်သခင်အဆင့်ဂိုဏ်းများသာ တစ်ချိန်တည်းတွင် တိုက်ခိုက်ပါက ဟောင်တျန်းနတ်ဂိုဏ်း သေချာပေါက် အဖျက်ဆီးခံရပေလိမ့်မည်။
နတ်သခင်ဟောင်တျန်းရယ်မောသည်။
"မင်းတို့ငါ့ဆီကနေ သတင်းအချက်အလက် ညှစ်ထုတ်ဖို့ ကြိုးစားနေကြတာလား"
"စီနီယာရဲ့ အကူအညီမပါရင်တောင် မင်းတို့နတ်သခင်ဂိုဏ်းခြောက်ဂိုဏ်းကနေ ငါအသားတုံးတစ်တုံး ကိုက်ဖြတ်နိုင်ဆဲပဲ၊ ငါပြောတာ ယုံတယ်မလား"
တခြားသူတစ်ယောက်သာဆိုပါက နတ်သခင်ခြောက်ဦး လှောင်ပြောင်ကြလောက်သည်။
သို့စေကာမူ ဒီစကားကို ပြောလာတာက နတ်သခင်ဟောင်တျန်းဖြစ်သည်။ ဒါ့အပြင် သူက နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ချိုးဖျက်သွားခဲ့သည်။
သူ့ခွန်အားက နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီဟု ဆို၍ရသည်။
"ကောင်းပြီ၊ မင်းတို့နဲ့ စကားပြောရတာ တကယ်ပင်ပန်းရတယ်" နတ်သခင်ဟောင်တျန်း လှောင်ပြောင်စွာရယ်မောသည်။
"ငါအလားတူအရာကို ပြောနေဦးမှာပဲ၊ ငါသတင်းကို ဆက်ဖြန့်နေဦးမှာပဲ၊ သတင်းဖြန့်တာကို တားဆီးတာဖြစ်ဖြစ် ဒါမှမဟုန် တိုက်ရိုက်စစ်ပွဲစတင်တာဖြစ်ဖြစ် ဘာမဆို ငါလက်ခံတယ်"
ထို့နောက် နတ်သခင်ဟောင်တျန်း၏ ပုံရိပ်က ဒီကျက်တီးကုန်းမြေကနေ ပျောက်ကွယ်သွားသည်။
အပိုင်း(885) coming။