#မင်းတို့မလုပ်နိုင်ဘူး#
Vol. 63 Ch. 895
ဖင်းယန်ချိုင့်ဝှမ်းတပည့်များက မီးတာအိုနိယာမကို ကျင့်ကြံကြသည်။
ဒါ့အပြင် ဖင်းယန်ချိုင့်ဝှမ်း၏ ပတ်၀န်းကျင်နှင့် မီးတာအိုနိယာမ၏ အခြေခံအုတ်မြစ်ကနေ ကြည့်မည်ဆိုပါက အင်မော်တယ်နယ်မြေတစ်ခုလုံးတွင်ပင် မီးတာအိုနိယာမ၌ ဖင်းယန်ချိုင့်ဝှမ်းထက် ပိုထူးချွန်သော တခြားဂိုဏ်းတစ်ဂိုဏ်းရှိသည်ဟု မည်သူမှမပြောနိုင်ပေ။
ဒါက စွမ်းအားအကြောင်းဖြစ်ပြီး တစ်ဦးချင်းစီ၏ ခွန်အားအကြောင်းမဟုတ်ပါ။
ထိုအချိန်တွင် ဖင်းယန်စင်မြင့်၌ မီးမုန်တိုင်းတစ်စင်းက စင်မြင့်တစ်ခုလုံးကို ဖြတ်သန်းသွားခဲ့သည်။
မူလကမီးတောက်ပမာရဲရဲနီနေသည့် ကောင်းကင်က ယခုအချိန်တွင် လေပြင်းတစ်စင်းပမာဖြစ်နေပြီး အပူလှိုင်းများက ဖင်းယန်ချိုင့်ဝှမ်းတစ်ခုလုံးကို တိုက်ခတ်သွား၏။
"စီနီယာအစ်ကိုလောင်ရဲ့ မီးတာအိုနိယာမက ထပ်ပြီး တိုးတက်လာပြန်ပြီ...."
"ဟမ့်၊ အဲဒီခန္ဓာကျင့်ကြံသူရဲ့ အရေပြားက ဘယ်လောက်ပဲ ထူနေပါစေ ဒီလိုစွမ်းအားအဆင့်ကို သူသေချာပေါက် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား"
"အခြေအနေက အတည်ဖြစ်သွားပြီလေ၊ နောက်ဆုံးတော့ နိုင်ပွဲတစ်ခုရှိလာပြီ၊ ဒါကို ငါတို့ဖင်းယန်ချိုင့်ဝှမ်းရဲ့ မျက်နှာကို ထိန်းသိမ်းထားတယ်လို့ ဆိုလို့ရတာပေါ့"
သို့စေကာမူ ဖင်းယန်စင်မြင့်အောက်က တပည့်များ ထိုကဲ့သို့တွေးနေကြစဉ် ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ မုဖူရှန်း၊ ရှီရှန်း၊ မု၀မ်အာနှင့် ကျောက်တုံးလေးတို့က ပြုံးလိုက်ကြ၏။
စင်မြင့်ပေါ်၌ လောင်ချီ၏အမူအရာက ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
သူ့ထံ၀င်လာနေသည့် နတ်ဆိုးနက်ချီကို သူအာရုံခံမိသည်နှင့် အပြင်းအထန်နောက်ဆုတ်သည်။
သို့စေကာမူ နတ်ဆိုးနက်ချီက သူ့နောက်ကနေ အရိပ်ပမာလိုက်နေပြီး လောင်ချီ၏ အမြန်နှုန်းထက်ပင် မြန်ဆန်နေပုံပေါ်သည်။
လောင်ချီ၏ ကြောက်ရွှံ့နေသည့် အကြည့်အောက်တွင် နတ်ဆိုးချီက ချပ်၀တ်နက်၀တ်ဆင်ထားသော ရမ်းကားခက်ထန်သည့် အပြုံးနှင့်ပုံရိပ်တစ်ခုအဖြစ် တဖြည်းဖြည်း သိပ်သည်းသွား၏။
လက်သီးချက်တစ်ချက်က လောင်ချီရင်ဘတ်ပေါ်၌ ဆင်းသက်လာသည်။
ခရက်ခ်.....!
အရိုးများကျိုးသွားသည့်အသံက ဖင်းယန်စင်မြင့်တစ်ခုလုံး၌ ရှင်းလင်းစွာပင် ပဲ့တင်ထပ်လာခဲ့သည်။
ထို့နောက် တပည့်တိုင်း၏ နားထဲသို့ ရှင်းရှင်းလင်းလင်းပင် ကျဆင်းလာသည်။
လောင်ချီ၏ ရင်ညွှန်ရိုးက အဆက်မပြတ် ကျိုးနေသည်။
သူ့မျက်နှာက ရုတ်တရက်နီမြန်းသွားပြီး ပါးစပ်အပြည့်သွေးတစ်အုပ် အန်လိုက်ရသည်။
သူ့ခန္ဓာကလည်း အမြောက်ဆန်တစ်ခုပမာ ဖင်းယန်စင်မြင့်ကနေ အထိန်းအချုပ်မဲ့ လွင့်စင်သွားပြီး စင်မြင့်အောက်က ကြမ်းပြင်၌ ပြင်းထန်စွာ ကျလာသည်။
ဂျုန်း......!
တစ်ခဏအကြာတွင် ဖုန်မှုန့်များက နေရာအနှံ့လွင့်စင်သွားသည်။
ဖင်းယန်စင်မြင့်အောက်တွင် တပည့်များက ထိတ်လန့်နေကြပြီး မြင်ကွင်းကို မိန်းမောတွေဝေစွာ ကြည့်ရင်း သူတို့ဘာလုပ်ရမှန်းမသိကြတော့ပါ။
စီနီယာအစ်ကိုလောင်ကလည်း ဒီလိုရှုံးသွားတာလား!
ရှောင်ဟိုင် မောပန်းနွမ်းနယ်စွာပင် စင်မြင့်ပေါ်မှ ကြည့်လိုက်၏။ အနီရင့်ရောင်သွေးများက သူ့ချပ်၀တ်နက်ကနေ စီးကျလာသည်။
ရှောင်ဟိုင်၏ ထုတ်ဖော်ပြသထားပြီဖြစ်သည့် ခန္ဓာကလည်း မီးမုန်တိုင်းဖြင့် လောင်ကျွမ်းနေပြီး သူ့အရေပြားက ရှုံ့တွကာ အမည်းရင့်ရောင်ဖြစ်နေသည်။
လောင်ချီ၏ အားအပြည့်တိုက်ခိုက်မှုက ရှောင်ဟိုင်ကို အပြင်းအထန်ဒဏ်ရာရစေသည်မှာ သိသာထင်ရှားနေသည်။
ရက်အနည်းငယ်အကြာက ရှောင်ဟိုင် လောင်ချီဆီကနေ ဘာတစ်ခုမှမရခဲ့ပါ။
ယခုတွင်မူ သူအနိုင်ယူနိုင်ခဲ့လေပြီ။
ဖင်းယန်ချိုင့်ဝှမ်းတပည့်များ မိန်းမောတွေဝေနေစဉ် ရှောင်ဟိုင်အေးစက်စွာပြောသည်။
"မင်းတို့စီနီယာအစ်ကို သေသွားတာကို မင်းတို့ကြည့်နေကြဦးမှာလား"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် တပည့်အနည်းငယ်က ပထမဆုံးတုံ့ပြန်လာကြသည်။ သူတို့လောင်ချီကျသွားသည့် နေရာသို့ အလျင်အမြန်ပြေးပြီး မချီကာ အားပြန်ဖြည့်မည့်နေရာသို့ သယ်ပြေးသွားကြသည်။
တခြားတပည့်များက ရှောင်ဟိုင်၏ အေးစက်သောအမူအရာကို ကြည့်နေသည်။
ထိုယုတ္တိမတန်သည့်စကားလုံးများက သူတို့ကို ဒေါသထွက်စေသည်။
အရေးအကြီးဆုံးက ရှေ့ဆင့်နောက်ဆင့်အရှုံးများက သူတို့ကို ဖင်းယန်ချိုင့်ဝှမ်း၏ ဂုဏ်သတင်းက အရမ်းဆိုးရွားနေပြီဟု ခံစားရစေသည်။
လူအနည်းငယ်အော်ဟစ်ကြသည်။
"ငါတို့လုပ်မယ်"
"ငါတို့ရဲ့ ဖင်းယန်ချိုင့်ဝှမ်းမှာ ဘယ်သူမှ မရှိတော့ဘူးလို့ မင်းထင်နေတာလား"
ဒါကိုမြင်သောအခါ ရှောင်ဟိုင်လှည့်ပင် မကြည့်ဘဲ ထွက်သွားသည်။
"မင်းတို့မလုပ်နိုင်ဘူး"
ဒီလူများက လောင်ချီထက်ပင် ပို၍အားနည်းသည်။
ယခုတွင်မူ လောင်ချီကိုပင် သူအနိုင်ယူပြီးပြီဖြစ်လေရာ ရှောင်ဟိုင်ဒီပိုမိုအားနည်းသည့်သူများကို တကယ်စိတ်မ၀င်စားတော့။
ဒါ့အပြင် ယခုသူ့ဒဏ်ရာများကလည်း အတော်လေးပြင်းထန်နေသဖြင့် ရှောင်ဟိုင် ခြံ၀င်းထဲသို့ အမြန်ပြေးပြီး ပြန်လည်ကုသရန်အတွက် သွေးကြောစွမ်းရည်ကို သုံးရပေတော့မည်။
ဒီတစ်ကြိမ်တွင် သူ့ခွန်အားကို သူအများကြီး တိုးတက်အောင် လုပ်နိုင်ပေလိမ့်မည်။
.....
ဖင်းယန်စင်မြင့်၌ သူတို့ခွန်အားကို တည်ငြိမ်အောင်လုပ်ရန်အတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြပြီးနောက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက နောက်တစ်ကြိမ် သီးသန့်ကျင့်ကြံရန် ၀င်ရောက်သွားကြပြန်သည်။
သူတို့ အင်မော်တယ်ချီများအဖြစ် ဆက်လက်ပြောင်းလဲနေကြသည်။
တခြားတစ်ဘက်တွင် ချိုင့်ဝှမ်းသခင်၏ ခွင့်ပြုချက်ဖြင့် လုချန်ရှန်း နင်းချန်ရှင်းကို ဖင်းယန်ချိုင့်ဝှမ်းစာကြည့်တိုက်သို့ ခေါ်ဆောင်သွား၏။
ဒီနေရာက စာအုပ်များက သောင်းပြောင်းစာအုပ်များဖြစ်ကြသည်။ ဥပမာအားဖြင့် အင်မော်တယ်နယ်မြေသမိုင်းသာမက ကွန်ဖြူးရှပ်တာအိုနှင့် ဗုဒ္ဓဘာသာအကြောင်း စာအုပ်တစ်ချို့လည်းရှိသည်။
ဒါက နင်းချန်ရှင်း ယခုလက်ရှိ အလိုအပ်ဆုံးအရာပေတည်း။
နင်းချန်ရှင်းအဖို့ သူ့ခွန်အားကို တိုးတက်အောင်လုပ်ရန် နည်းလမ်းနှစ်ခုတည်းသာရှိသည်။
ပထမတစ်ခုက တာအိုအခြေအနေကို ဖန်တီးခြင်းပင်။ သို့မှသာ လူအများကြီးက နင်းချန်ရှင်း၏ ကွန်ဖြူးရှပ်တာအိုကို ယုံကြည်လာမည်ဖြစ်ပြီး သူကလည်း ပို၍အားကောင်းလာပေလိမ့်မည်။
ဒါက ဗုဒ္ဓဂိုဏ်းတော်၏ တရားဟောခြင်းနှင့် ဆင်တူသည်။ နင်းချန်ရှင်း၏ တရားဟောခြင်းက အဆင့်နိမ့်ကြယ်နယ်မြေက ဗုဒ္ဓဂိုဏ်းတော်ကဲ့သို့ ဆိုးယုတ်မနေခြင်းသာဖြစ်သည်။
ဒုတိယတစ်ခုက ကွန်ဖြူရှပ်တာအိုစာအုပ်များကို ဖတ်ရှုပြီး ထိုစာအုပ်များကနေတဆင့် တာအိုကိုနားလည်အောင် လုပ်ခြင်းပင်။
နင်းချန်ရှင်းသာ တခြားစာအုပ်များကလည်း အရာတစ်ချို့ကို နားလည်နိုင်ပါက ဒါကလည်းအသုံး၀င်သည်။
ဒီနေ့မှာပင် ဖင်းယန် လုချန်ရှန်းခြံ၀င်းသို့ ရောက်လာပြီး စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် သူလေးစားစွာပြောသည်။
"စီနီယာလု၊ ကျွန်တော် အင်မော်တယ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီ"
အင်မော်တယ်နယ်မြေတွင် ကောင်းကင်အင်မော်တယ်နယ်ပယ်အပြီး နတ်နယ်ပယ်များက နတ်ဘုရင်နှင့် နတ်သခင်တို့အတိုင်းမဟုတ်ဘဲ ယင်းအစား အင်မော်တယ်ဘုရင်နှင့် အင်မော်တယ်သခင်တို့ဖြစ်သည်။ ထိုနယ်ပယ်များအထက်တွင် အင်မော်တယ်အင်ပါယာနယ်ပယ်ရှိသည်။
အင်မော်တယ်နန်းတော်သခင်က အင်မော်တယ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်သည်။ သူကအပေါ်ယံ၌ အင်မော်တယ်နယ်မြေ၏ အားအကောင်းဆုံးတည်ရှိမှုဖြစ်သည်။
ဖင်းယန်၏ စကားလုံးများကို ကြားသောအခါ လုချန်ရှန်းလက်ဝှေ့ယမ်းကာ ဂရုမစိုက်သည့်အသွင်ပြောသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ ငါနားလည်တယ်၊ ထိုင်ပါဦး"
ဖင်းယန်ဒါကိုကြားသောအခါ သူ့နှလုံးသားထဲက လေးစားမှုက ပို၍ပင် ပြင်းထန်လာခဲ့သည်။
ငါဒီလိုကြီးမားသည့် အဆင့်ချိုးဖျက်မှုတစ်ခုကို လုပ်ခဲ့တာတောင် စီနီယာလုက အရမ်းတည်ငြိမ်ပြီး ဂရုမစိုက်တဲ့ပုံပဲ၊ လျှို့ဝှက်စွမ်းအားရှင် ဆိုတဲ့အတိုင်းပါပဲ!
ဖင်းယန် လေးစားစွာထိုင်ပြီး မေးသည်။
"စီနီယာ၊ စီနီယာ့တပည့်တွေရဲ့ တိုးတက်မှုကရော ဘယ်လိုလဲ"
"ဒီရက်အနည်းငယ်မှာ သူတို့အကြောင်းတွေ ကျွန်တော်အများကြီးကြားခဲ့ရတယ်၊ သူတို့က အဲဒီဂျူနီယာညီလေးတွေနဲ့ ညီမလေးတွေကို ဒေါသထွက်အောင် လုပ်ခဲ့ကြတယ်၊ သူတို့ ကျွန်တော့်ကို စိန်ခေါ်ဖို့ ကြိုးစားနေကြတာလား"
လုချန်ရှန်းဆွံအနေသည်။
"မင်းဘာပြောရမလဲဆိုတာ မသိဘူးဆိုရင် ငါအိပ်နေတာကို မနှောင့်ယှက်နဲ့"
မင်းသိနေပြီပဲမလား၊ ဘာလို့မေးနေသေးတာ!
မင်းကလည်း မင်းအဖေလိုပါပဲ၊ မင်းတို့ဦးနှောက်တွေက တစ်ခုခုတော့တစ်ခုခုပဲ!
ဖင်းယန် ခေါင်းကုတ်လိုက်သည်။
"ဒါဆို.... စီနီယာ ကျွန်တော့်အကူအညီ လိုအပ်တာ တစ်ခုခုများ ရှိနေလို့လား"
လုချန်ရှန်း တစ်ခဏမျှ တွေးတောနေသည့် အသွင်ဟန်ဆောင်ရင်းပြောသည်။
"မင်းပဲ ကူညီနိုင်မယ့် အရာတစ်ခုရှိတယ်"
ဒါကိုကြားသောအခါ ဖင်းယန် အတော်လေး စိတ်လှုပ်ရှားသွားသည်။
ငါပဲကူညီနိုင်မယ့် အရာတစ်ခုလား!
ဖင်းယန်ချက်ချင်းထရပ်ပြီး ရင်ဘတ်ပုတ်ပြသည်။
"စီနီယာ၊ ကျွန်တော်လုပ်နိုင်တာတစ်ခုခု ရှိနေသရွေ့ ကျွန်တော်သေချာပေါက်လုပ်မယ်"
"ကောင်းတယ်၊ အတော်လေးစွမ်းအင်ပြည့်၀နေတာပဲ"
လုချန်ရှန်း နှုတ်ခမ်းကွေ့လိုက်၏။
"ရှောင်ဟိုင်နဲ့ သွားပြီးလေ့ကျင့်လိုက်"
ရှောင်ဟိုင်!
ဖင်းယန်အနည်းငယ်ကြက်သေသေသွားသည်။ ရှောင်ဟိုင်ဘယ်သူလဲဆိုတာ သူသိပါသည်။
"ဒါပေမယ့် ရှောင်ဟိုင်ရဲ့ရုပ်ခွန်အားက ကောင်းကင်အင်မော်တယ်နယ်ပယ် တစ်၀က်အဆင့်ကျွမ်းကျင်သူနဲ့ပဲ တိုက်ခိုက်နိုင်တာမလား၊ ကျွန်တော်က...."
"မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကို ဘယ်လိုဖိနှိပ်ထားရမလဲဆိုတာ မင်းမသိလို့လား" လုချန်ရှန်းဒေါသတကြီးပြောသည်။
ဖင်းယန်အကူအညီမဲ့စွာပြောသည်။
"ဒါပေမယ့် ကျွန်တော့်နယ်ပယ်ကို ဖိနှိပ်ထားမယ်ဆိုရင်တောင် နယ်ပယ်အခြေခံက ရှိသေးတယ်လေ၊ ပြီးတော့ ကျွန်တော့်ရဲ့ ရုပ်ခန္ဓာရော...."
ဒါကိုကြားသောအခါ လုချန်ရှန်းပြုံးသည်။
"မင်းကိုယ်ခန္ဓာက ရှောင်ဟိုင်ရဲ့ကိုယ်ခန္ဓာလောက် အားမကောင်းတာလည်း ဖြစ်နိုင်တယ်လေ"
ကောင်းကင်ဘုံနတ်ဆိုးခန္ဓာနှင့် နတ်ဆိုးဘုရင်သွေးကြော၊ ဒါက အင်မော်တယ်မီးကိုးသွယ်ဆန်းကြယ်ခန္ဓာက ယှဉ်နိုင်သည့် အရာတစ်ခုမဟုတ်ပါ။
ဖင်းယန်မျက်ခုံးပင့်လိုက်သည်။
"ဒါဆို ကျွန်တော် စီနီယာရဲ့ဒီတပည့်ကို တွေ့ချင်သွားပြီ"
ထို့နောက် လုချန်ရှန်း သူ့ကို ရှောင်ဟိုင် ဘယ်မှာလဲဆိုတာ ပြောပြလိုက်သည်။
ဖင်းယန်ထွက်သွားပြီးနောက် ဟွမ်ချင်း ဘေးကနေ ၀င်လာပြီးမေးသည်။
"ရှင့်ဘာဆက်လုပ်မလဲ"
လုချန်ရှန်း ခေါင်းလှည့်လိုက်သည်။
"မင်းပြီးသွားပြီလား"
ဟွမ်ချင်းခေါင်းညိတ်သည်။
လုချန်ရှန်းတစ်ခဏမျှ တွေးလိုက်မိသည်။
တကယ်တမ်းတွင်လည်း ယခုအချိန်က နောက်ထပ်ခြေလှမ်းကို တွေးတောရမည့် အချိန်ပေတည်း။
အပိုင်း(896) coming။