ဆဋ္ဌမအကြီးအကဲ
Vol. 11 Ch. 151
မြူကင်းတောင်ထိပ်သည် ဆဋ္ဌမအကြီးအကဲ နေထိုင်သည့်တောင်ဖြစ်သည်။
မြူကင်းတောင်ထိပ်လည်း လသံလွင်နန်းတော်နှင့်တူသည်။ မိန်းကလေးတပည့်များသာ လက်ခံသည်။ ထို့ကြောင့် ကြိုးကြာဖြူများလို အလှနတ်သမီးများ ပြည့်နေသည်။ အလှဆုံးက ဆဋ္ဌမအကြီးအကဲဖြစ်သည်။
ဆဋ္ဌမအကြီးအကဲနှင့် လသံလွင်နန်းတော်ဂိုဏ်းချုပ်တို့သည် မိတ်ဆွေရင်းများဖြစ်သည်ဟု ကောလဟာလကြားဖူးသည်။
ဆဋ္ဌမအကြီးအကဲအကြောင်း စီနီယာအကိုများပြောကြသည်ကို လုယန် အကြိမ်ကြိမ် ကြားဖူးသည်။ အားလုံးက ဆဋ္ဌမအကြီးအကဲကိုမြင်လျှင် အမူအရာမျက်အောင်ထိန်းဖို့ အကြံပေးသည်။ အသက်ရှူမှားလောက်အောင် လှသောကြောင့်ဖြစ်သည်။
“လုယန်၊ နင်ဒီကိုဘာလာလုပ်တာလဲ”
တောင်ခြေတွင် လုယန် ထောင်ယော်ယဲ့နှင့် ဆုံသည်။
ထောင်ယော်ယဲ့က အရပ်မြင့်၍ လှပသည်။ လူအုပ်ထဲတွင် ထင်ရှားနေသည်။
လုယန် ရှေးမှတ်တမ်းစာအုပ်ထုတ်လိုက်သည်။
“ဒီစာအုပ်ကို ဆဋ္ဌမအကြီးဆီသွားပေးဖို့ အမယွမ်က ပြောလို့ပါ”
“ငါ့အဆရာ ကိစ္စတစ်ခုရှိလို့ အပြင်ထွက်သွားတယ်။ နာရီဝက်လောက်တော့ကြာလိမ့်မယ်။ အထဲကို ခဏဝင်ထိုင်ဦးပေါ့”
ထောင်ယော်ယဲ့က ဖိတ်ခေါ်သည်။
“သင့်တော်ပါ့မလား။ ငါက ယောက်ျားလေးဆိုတော့လေ....”
“ကိစ္စမရှိဘူး။ ကိစ္စမရှိဘူး။ မြူကင်းတောင်မှာ ငါတို့နှစ်ယောက်က ကျင့်စဉ်စွမ်းအားအနိမ့်ဆုံးပါ။ ဘာမှမဖြစ်နိုင်ပါဘူး”
လုယန် ထောင်ယော်ယဲ့ကို စိုက်ကြည့်သည်။ ထောင်ယော်ယဲ့မျက်လုံးများက ကြည်လင်နေသည်။ သူ့စကားကြောင့် တစ်ဘက်သားရင်ထဲ ဘယ်လောက်အောင့်သွားမည်ကို တွေးမိဟန်မတူ။
လုယန် သက်ပြင်းချ၍ နောက်မှလိုက်သွားသည်။ ထောင်ယော်ယဲ့က လှည့်ကြည့်ပြီး အပြုံးတစ်မျိုး ပြုံးပြနေသည်။
“ဪ ဟုတ်သားပဲ။ ငါမင်းကို ကျိုးဆောင်မှတ်ငါးမှတ် အကြွေးပေးရဦးမယ်။ အခု ပြန်ပေးပါ့မယ်”
ကျွဲဆယ်ကောင်အားဆေးဝယ်ရန် ထောင်ယော်ယဲ့ထံ သူကျိုးဆောင်မှတ်ချေးခဲ့သည်။ ထိုဆေးက တကယ်လည်း အကူအညီရခဲ့သည်။
“နင်ကဒါကိုမှတ်မိသေးတယ်ပေါ့။ ငါက မေ့တောင်မေ့သွားပြီ”
ထောင်ယော်ယဲ့ တခစ်ခစ်ရယ်နေသည်။
“ဟေ့၊ ငါ့မှာလည်း ကျိုးဆောင်မှတ်တွေ အများကြီးရှိတယ်မဟုတ်လား”
စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့သဖြင့် တာအိုလမ်းစဉ်ဂိုဏ်း၏ ဧည့်သည်အကြီးအကဲရာထူး ခန့်အပ်ခံထားရသည့်အဖြစ်ကို ထာဝရနတ်မယ် မှတ်မိလာသည်။ ယွမ်ကျိက ကျိုးဆောင်မှတ်များလည်း ဆုချီးမြှင့်ခဲ့သည်။
“လုယန်၊ လုယန်။ ငါ့ကျိုးဆောင်မှတ်တွေနဲ့ ပစ္စည်းသွားလဲချင်တယ်”
ထာဝရနတ်မယ် ဂျီကျနေသည်။ လုယန် မတတ်သာတော့ဘဲ ပြန်ပြောလိုက်ရသည်။
“မြူကင်းတောင်ကပြန်ရင် ပစ္စည်းဖလှယ်တဲ့နေရာကို ကျုပ်ခေါ်သွားပေးမယ်။ ခင်ဗျားကြိုက်တာ ဝယ်လို့ရတယ်”
“အဲလိုမှပေါ့”
ထာဝရနတ်မယ် ကျေနပ်စွာ ခေါင်းတစ်ချက်ငြိမ့်သည်။ လုယန်သည် အလားအလာကောင်းသည့် ပါရမီရှင်တစ်ယောက်ဟု သူမြင်သည်။
“ဟိုနေရာကို သတိထားပါ။ အဲဒီ့ကို လုံးဝသွားလို့မရဘူး”
ထောင်ယော်ယဲ့ ရေကန်တစ်ခုဆီ လက်ညှိုးထိုးပြ၍ လုယန်ကို သတိပေးသည်။
ရေကန်က မြူဆိုင်းနေသည်။ အထဲတွင် ဘာရှိသည်ကိုမမြင်ရ။ ကြည်လင်ချိုသာသည့် ရယ်မောသံများကိုသာ ကြားရသည်။
“ငါ့အမကြီးတွေက အဲဒီမှာ ရေချိုးရတာကို သဘောကျတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဂိုဏ်းကအကိုတစ်ယောက် သူ့ကိုယ်ပျောက်ပညာစွမ်းသူယုံကြည်တော့ မြူကင်းတောင်ကို ခိုးဝင်လာတယ်။ အမတွေကို ချောင်းကြည့်ဖို့ပေါ့။ နောက်တော့ အဲဒီ့အကို အော်တဲ့အသံကို ငါတို့ကြားရတယ်”
“အခု အဲဒီ့အကို ဘယ်မှာလဲ”
“သူ့ကိုယ်ပျောက်ပညာ ကျွမ်းကျင်သွားတဲ့ပုံပဲ။ သေမျိုးလောကထဲနေ သူပျောက်သွားပြီ”
“...”
ဘုရားဘုရား၊ မြူကင်းတောင်သည် အန္တရာယ်များလွန်းလှပါလား။
သိက္ခာသမာဓိရှိသည့်လူဖြစ်၍ လုယန် ကိုယ့်ကိုယ်ကို ကျိတ်ကျေနပ်မိသည်။
ထောင်ယော်ယဲ့က သူ့လေ့ကျင့်ကွင်းဆီ လုယန်ကို ခေါ်သွားသည်။
“ယှဉ်တိုက်ကြည့်မလား”
“ရတာပေ့ါ”
လုယန် ဝမ်းမြောက်ဝမ်းသာ လက်ခံပြီး ချင်ဖုန်းဓားကို ဆွဲထုတ်သည်။ လုယန်သည် ဓားဝိညာဉ်ဖြစ်ကြောင်း ထာဝရနတ်မယ် မှတ်မိသည်။ ပုံမှန်ဆိုလျှင် ဓားကိုင်ရမည်။
သို့သော် သူပြန်ရှင်သန်လာကတည်းက လုယန်ဓားကိုင်သည်ကို သူတစ်ခါမှမမြင်ဖူးသေး.
“သတိထားပါအကိုလု၊ ဒီနှစ်လအတွင်း ပညာအသစ်တစ်ခု ငါသင်ထားတယ်”
ထောင်ယော်ယဲ့ အနီရောင်စက္ကူထီးကို ဖွင့်လိုက်သည်။
လက်ကောက်ဝတ်ကိုလှည့်ပြီး ဆုပ်ထားသည့်လက်ကို နည်းနည်းလျှော့လိုက်သည်။ ထီးပွင့်သွားသည်။ မက်မွန်ပွင့်များ မိုးရွာသလို ဝဲကျလာသည်။ လုယန်၏မြင်ကွင်း ပိတ်ဆို့သွားသည်။
ဓားအလင်းက လေထဲတွင် ပြည့်နက်သွားသည်။ ရွှီးခနဲအော်သံပေး၍ ကျနေသည့် မက်မွန်ပွင့်များကို ရှင်းလင်းရန် ကြိုးစားသည်။
လုယန်နောက်ဘက်တွင် မက်မွန်ပွင့်များ တဖြေးဖြေးစုစည်းပြီး သဏ္ဌာန်တစ်ခုဖြစ်လာသည်။ ထောင်ယော်ယဲ့ ထီးကိုပိတ်၍ ရိုက်ချလိုက်သည်။
ထိုသို့လှုပ်ရှားမည်ကို လုယန်ကြိုမျှော်လင့်ထားဟန်ရှိသည်။ နောက်ဘက်တွင် ဓားကိုလက်တစ်ဘက်ဖြင့်ကိုင်၍ ရိုက်ချက်ကိုကာကွယ်သည်။
ထီးနီကို ဘယ်လိုပစ္စည်းမျိုးဖြင့် လုပ်ထားသည်တော့မသိ။ အထိအခိုက်မရှိဘဲ ချင်ဖုန်းဓားကို ရင်ဆိုင်နိုင်သည်။
ဓားအလင်း မထင်မှတ်ဘဲလင်းလက်သွားသည်။ မြန်ဆန်သည့်ဓားချက်ကြောင့် ထောင်ယော်ယဲ့ အံ့အားသင့်သွားသည်။
“ထိုးဖောက်ဓားချက်”
လုယန်၏အကြည့်က စူးရှသည်။ လုံးဝငဲ့ညှာခြင်းမှိဘဲ ထောင်ယော်ယဲ့၏ ရင်ဘက်ကို ချိန်ရွယ်တိုက်ခိုက်သည်။
ထောင်ယော်ယဲ့က ခစ်ခနဲတစ်ချက်ရယ်၍ နောက်ဆုတ်သွားသည်။ ထီးချွန်ထိုက ဓားထိပ်နှင့် ရင်ဆိုင်တွေ့သည်။ လုယန်၏ဓားချက်ကို ပျက်စီးအောင်ကြိုးစားသည်။ သို့သော် လုယန်၏လက်က တည်ငြိမ်သည်။ လှုပ်ခါခြင်းလုံးဝမရှိဘဲ ထောင်ယော်ယဲ့နောက်သို့ အက်မပြတ်လိုက်၍ တိုက်ခိုက်သည်။
မက်မွန်ပန်းပွင့်များကြားတွင် ချင်ဖုန်းဓားနှင့် စက္ကူထီးနီတို့ ရင်ဆိုင်တွေ့သည်။ သူတို့သဏ္ဌာန်များ တစ်ယောက်ကိုတစ်ယောက် လုံးထွေးပူးကပ်လျက် မြင်ကွင်းမှပျောက်သွားသည်။
သူမသာကိုယ်မသာ ဖြစ်နေသည်။ အပြီးသတ်နှိပ်ကွပ်ခွင့် လုံးဝမရကြ။
ရုတ်တရက် လုယန်၏မျက်လုံးများ အရောင်လက်လာသည်။ ထောင်ယော်ယဲ့၏ တိုက်ခိုက်မှုတွင် ဟာကွက်တစ်ခုတွေ့သွားသည်။ ငါးတစ်ကောင်လို သွက်လက်သည့် ချင်ဖုန်းဓားက မက်မွန်ပွင့်များကို ဖြတ်သန်း၍ ထောင်ယော်ယဲ့လည်ပင်းပေါ် ရောက်သွားသည်။
“ငါအရှုံးပေးပါတယ်”
ထောင်ယော်ယဲ့ အရုံးပေးသည့်အမူအရာဖြင့် အညံ့ခံသည်။
လုယန်က ဓားချက်ပြောင်း၍ ဘာမှမရှိသည့်နေရာတစ်ခုကို တိုက်ခိုက်သည်။ နဖူးကို ဓားဦးထိပ်ဖြင့် ချိန်ခံထားရသည့် ထောင်ယော်ယဲ့အစစ် မင်သက်မိနေသည်။ ဤတစ်ကြိမ် သူတကယ်အညံ့ခံလိုက်သည်။ မက်မွန်ပွင့်များ ပျောက်ကွယ်သွားသည်။ အစောပိုင်းက အညံ့ခံခဲ့သည့် ထောင်ယော်ယဲ့သဏ္ဌာန်လည်း ပျောက်သွားသည်။ ထိုသဏ္ဌာန်က ပုံရိပ်ယောင်တစ်ခုသာဖြစ်သည်။
“ငါအစစ်က ဒီမှာရှိမယ်ဆိုတာ နင်ဘယ်လိုသိတာလဲ”
ရှုံးသွားသည်ကို သူစိတ်မဆိုးပါ။ တိုက်ပွဲအတွေ့ကြုံမှ သူသင်ခန်းစာယူတတ်သည်။
“ငါက နှလုံးသဘာဝဉာဏ်အလင်းကျင့်စဉ်ကို လေ့ကျင့်တယ်လေ။ ပုံရိပ်ယောင်တွေကို ထွင်းဖောက်မြင်နိုင်တယ်။ ဒီကျင့်စဉ်က မင်းရဲ့ရန်သူပဲ”
“နှလုံးသဘာဝဉာဏ်အလင်းကျင့်စဉ်...တစ်ခါမှ မကြားဖူးဘူး”
“ငါ့ဘာသာရေးထားတဲ့ ကျင့်စဉ်လေ”
လုယန် ထုတ်ကြွားသည်။ ကိုယ့်ကျင့်စဉ်ကိုယ်ဘာသာရေးခြင်းသည် ပေါ့သေးသေးကိစ္စမဟုတ်။
ထောင်ယော်ယဲ့ ဆက်ပြောရန်ပြင်နေစဉ် ကြက်သွေးနီယောင်မြူခိုးများ သူတို့ဦးခေါင်းထက်သို့ ပျံသန်းလာသည်။
“ဆရာပြန်လာပြီ”
ထောင်ယော်ယဲ့က လုယန်ကို ဆဋ္ဌမအကြီးအကဲနေသည့်နေရာသို့ ခေါ်သွားသည်။ မှန်သည်။ တစ်ခြားအကိုများ ပြောသလိုပင် ဆဋ္ဌမအကြီးအကဲသည် အလွန်တရာလှပသည်။ အမယွမ်ကျိလို အေးစက်စက်အလှမျိုးမဟုတ်။ ဆဋ္ဌမအကြီးအကဲ၏အပြုံးက နူးညံ့သည်။ ကြင်နာတတ်သည့် အမကြီးတစ်ယောက်လို နွေးထွေးသည့်ခံစားချက်မျိုး ရသည်။
“ဟာ...ဟူး...ဟူး....ဟူး..”
ရုတ်တရက် ဘေးပတ်လည်မှ အောက်ဆီဂျင်များ ခန်းခြောက်သွားသကဲ့သို့ လုယန် အသက်ရှူမဝဖြစ်လာသည်။ အသက်ရှူရန် သူကြိုးစားသည်။ လေထဲမှ အောက်ဆီဂျင်ကို ညှစ်ထုတ်ယူရန် ကြိုးစားသည်။ သို့သော် လုံးဝမရ။
“ထောင်ယော်ယဲ့၊ မင်းသူ့ကို ငါ့အကြောင်းပြောပြမထားဘူးလား”
ထောင်ယော်ယဲ့ သူ့နဖူးသူ ဖတ်ခနဲရိုက်လိုက်သည်။
“ကျွန်မ မေ့သွားတယ်ဆရာ”
လုယန်ကို ဆဋ္ဌမအကြီးအကဲနှင့်ဝေးရာသို့ ချက်ချင်းဆွဲခေါ်သွားသည်။ ရေထဲ ပြန်ရောက်သည့် ငါးတစ်ကောင်လို လုယန် အသက်ရှူပြန်ချောင်လာသည်။
“ဟူး....ဟူး....ဘာတွေဖြစ်နေတာလဲကွာ”
ထောင်ယော်ယဲ့က အားတုံ့အားနာပြုံးသည်။
“ဆောရီးပါ၊ ပြောဖို့မေ့သွားတယ်။ ငါ့ဆရာက ခြောက်ပြစ်ကင်းမသေမျိုးရုပ်ခန္ဓာပါ။ မြူမှုန်တွေ သူ့ကိုမထိနိုင်ဘူး။ သူ့ဘေးပတ်လည်က လေထုကို အလိုလိုတွန်းထုတ်တယ်။ ဒါကို သူကိုယ်တိုင်လည်း ထိန်းချုပ်လို့မရဘူး။ ဒါကြောင့် သူ့စွမ်းအားနဲ့နီးကပ်တဲ့လူတွေ အသက်ရှူကြပ်သလို ခံစားရတယ်။ နင်အသက်အောင့်ထားလိုက်ရုံပါပဲ။ အဲလိုဆိုအဆင်ပြေမှာပါ”
လုယန် “...”
ဆဋ္ဌမအကြီးအကဲကို “အသက်ရှူမှားလောက်အောင်လှသည်”ဟု ပြောကြသည်မှာ မဆန်းတော့။
တာအိုလမ်းစဉ်မှလူများသည် အတော်ပွင့်လင်းရိုးရှင်းကြသည်။ ဘာအဆင်တန်ဆာမှမပါပဲ အမှန်တရားကို တည့်တည့်ပြောတတ်ကြသည်။
လုယန် အသက်အောင်ထားပြီး ဆဋ္ဌမအကြီးအကဲဆီ နောက်တစ်ကြိမ်ကပ်သွားသည်။
အခြေတည်အဆင့်တွင် ကြိုတင်ပြင်ဆင်ထားလျှင် ခဏတဖြုတ် အသက်မရှူပဲ နေနိုင်သည်။ ရွှေသန္ဓေအဆင့်ရောက်လျှင် အတွင်းစွမ်းအင်လည်ပတ်မှုဖြင့် အသက်ဓာတ်ကို ထိန်းနိုင်သည်။ အသက်ရှူစရာမလိုတော့။
“ဆဋ္ဌမအကြီးအကဲကို လုယန် ဂါရဝပြုပါတယ်”
လုယန် ရိုရိုသေသေ ဦးညွှတ်အရိုအသေပြုသည်။
“ကျုပ်ဆရာက အကြီးအကဲအကြောင်း ပြောပါတယ်။ ဆရာက အကြီးအကဲကို အမကြီးတစ်ယောက်လို အမြဲတမ်းသတ်မှတ်ထားတာပါ”
ခရီးထွက်စဉ်က ဆဋ္ဌမအကြီးအကဲနှင့် ဆက်ဆံရေးအကြောင်း တာအိုဝစီပိတ် ပြောပြခဲ့သည်။ တကယ်လေးစားကြည်နူးဖွယ်ရာပုံစံမျိုး ပြောပြခြင်းဖြစ်၍ လုယန်နှင့်မုန်ကျင်းကျိုး အတော်စိတ်ဝင်စားခဲ့သည်။
ဆဋ္ဌမအကြီးအကဲက နှာခေါင်းရှုံ့သည်။
“အဲလိုတဲ့လား၊ ငါကသူ့ကို အမြဲတမ်း မြေးတစ်ယောက်လို သဘောထားခဲ့တာ”
လုယန် စကားစရှာမရဖြစ်သွားသည်။ နောက်ဆိုလျှင် အမယွမ်နာမည်သုံး၍သာ ကိုယ့်ကိုယ်ကို မိတ်ဆက်တော့မည်ဟု စိတ်ကူးမိသည်။ သူ့ဆရာနာမည်ကို တတ်နိုင်သလောက် ရှောင်ရှားခြင်းသည် အကောင်းဆုံးဖြစ်သည်။ အရှက်ကွဲနိုင်သည်။ မလိုမုန်းထားခြင်းခံရနိုင်သည်။
**************************************************