သစ်ပင်စိုက်ပညာ
Vol. 11 Ch. 152
“ဒါက မင်းအမယွမ်ကျိ ငါ့ကိုပေးခိုင်းလိုက်တဲ့ စာအုပ်လား”
လုယန် တာအိုဝစီပိတ်အကြာင်း ဆက်မပြောတော့ဘဲ ခြောက်ပြစ်ကင်းမသေမျိုးခန္ဓာကျင့်စဉ်မှတ်တမ်းကို ထုတ်ပေးသည်။
ဆဋ္ဌမအကြီးအကဲ အံ့အားသင့်နေသည်။
“ရှောင်ယွမ်က အတော်တွေးတတ်တာပဲ။ ဒီလိုရတနာမျိုးတောင် တွေ့လာတယ်ပေါ့”
မသေမျိုးခန္ဓာကျင့်စဉ်မှတ်တမ်းမျိုးက ရှားပါးသည်။ ကိုယ့်ရုပ်ခန္ဓာဗီဇနှင့် ကိုက်ညီသည့်အရာတွေ့ဖို့ ပိုခက်ခဲသည်။
ဆဋ္ဌမအကြီးအကဲ ဝမ်းသာနေသည်။ လိုချင်သည့်စာအုပ် ဝယ်လာသည့်လူတစ်ယောက်လိုပင် အိမ်ပြန်ပြီး စဖတ်ဖို့ စိတ်အားပြင်းပြနေသည်။
“ချီချန်ချန်ကျင့်စဉ်မှတ်တမ်း”
“ကျင့်ကြံမှုပထမနှစ်။ ငါဟာ ခြောက်ပြစ်ကင်းမသေမျိုးရုပ်ခန္ဓာပိုင်ရှင်လို့ ဆရာကပြောတယ်။ ငါနဲ့ရွယ်တူတွေထက် ကျင့်ကြံနှုန်း ပိုမြန်တယ်။ ဒါက သတင်းကောင်းပဲ။ ငါဇွဲကောင်းကောင်းကျင့်ကြံရမယ်...”
“ကျင့်ကြံမှုဒုတိယနှစ်။ ငါ့ရဲ့ကျင့်ကြံနှုန်းက တကယ်အရမ်းမြန်တယ်။ တစ်ခြားလူတွေ ချီနဝမအဆင့်ပဲရှိသေးတယ်။ ငါက အခြေခံတည်ဆောက်ပြီးပြီ။ ခြောက်ပြစ်ကင်းမသေမျိုးရုပ်ခန္ဓာရဲ့ စွမ်းရည်တွေ တဖြေးဖြေးပြလာပြီ။ ငါ့ဆရာကို စိတ်ပျက်အောင်လုပ်လို့မဖြစ်ဘူး။ ကြိုးစားလေ့ကျင့်ရမယ်...”
“ကျင့်ကြံမှုတတိယနှစ်။ ကျင့်စဉ်အဆင့်တက်ရတာက ရေသောက်ရတာထက် ပိုမြန်တယ်။ အခု ရွှေသန္ဓေအဆင့်ကို ရောက်ပြီ။ ပြီးတော့ သန့်စင်တဲ့ ရွှေသန္ဓေပါ။ မြူအညဏ်အကြေး လုံးဝမရှိဘူး။ ကျင့်ကြံမှုခရီးဟာ အဆုံးမရှိဘူးလို့ပြောတယ်။ ငါဆက်ပြီးကြိုးစားရမယ်”
“ကျင့်ကြံမှုခုနစ်နှစ်။ နတ်ဝိညာဉ်အဆင့်ကို....”
ဆဋ္ဌမအကြီးအကဲက စာမျက်နှာများကို တဖျတ်ဖျတ်လှန်သည်။ ထိုစာအုပ်သည် မဟာယုခေတ်ကျင့်ကြံသူ ချီချန်ချန်၏ မှတ်တမ်းဖြစ်သည်။ စာအုပ်ထဲတွင် ဈာန်ဝင်နေသည်။ နောက်ဆုံးစာမျက်နှာသို့ ရောက်လာချိန်တွင် သူရင်တထိတ်ထိတ်ဖြစ်နေသည်။
အစောပိုင်းစာမျက်နှာက လေဟာနယ်သန့်စင်ထိပ်ဆုံးအဆင့်ဖြစ်သည်။ ဤနောက်ဆုံးစာမျက်နှာသည်။ စုစည်းခြင်းအဆင့်အကြောင်း အသေးစိတ်ပါရမည်။ ဘာကြောင့် စာတစ်ချက်နှာတည်း ရှိနေသည်မသိ။ ထိုလူ အန္တရာယ်တစ်ခုခု ကြုံခဲ့ခြင်းလားမသိ။
မငြိမ်မသက်ဖြစ်နေသည့်စိတ်ကို ထိန်းချုပ်၍ နောက်ဆုံးစာမျက်နှာကို လှန်လိုက်သည်။
“ကျင့်ကြံမှု နှစ်ခြောက်ရာပြည့်နှစ်။ နောက်ဆုံးတော့ စုစည်းခြင်းအဆင့်ကို ရောက်ခဲ့ပြီ။ ဘယ်လိုပဲပြောပြော ကူးဖြတ်ခြင်းအဆင့်ကို ငါမရောက်နိုင်ဘူး။ ဒီတော့ ငါလည်း အိပ်မှဖြစ်မယ်”
မှတ်တမ်းက ထိုနေရာတွင် အဆုံးသတ်သွားသည်။
အကြီးအကဲ နားထင်နှစ်ဘက်ကိုပွတ်လျက် သူဖတ်ခဲ့သည့်အကြောင်းအရာများကို ပြန်စဉ်းစားသည်။
လုံးဝသုံးစားမရဟုတော့ မဆိုနိုင်။ အခြေတည်အဆင့်မှာ လေဟာနယ်သန့်စင်အဆင့်အထိ အသေးစိတ်ရေးထားသည်ံ။ သူ့အတွက် ကိုးကားစရာရသည်။
“ရှောင်ယွမ်ကို သူ့စေတနာအတွက်ကျေးဇူးတင်တယ်လို့ ပြောပေးပါ။ အခုသူက တာအိုလမ်းစဉ်ဂိုဏ်းကို ဦးစီးနေတာဆိုတော့ ငါကျေးဇူးတုံ့ပြန်ချင်ရင်တောင် သူမျက်စိကျလောက်တာမျိုး ဒီမှာဘာမှမရှိဘူး။ မင်းက မှော်ပညာမှာ ပါရမီထူးတယ်လို့ ရှောင်ယွမ်က ပြောဖူးတယ်။ ကိုယ်ပိုင်ကျောင်းတောင် ထူထောင်နိုင်လောက်တယ်တဲ့။ ဒီလိုလုပ်ပါလား။ ငါမင်းကို မှော်ပညာစာအုပ်တစ်အုပ်ပေးလိုက်မယ်။ အဲလိုဆိုအဆင်ပြေလား”
အကြီးအကဲက နူးညံ့စွာပြုံး၍ လုယန်ကို သိစိတ်အာရုံမှ လှမ်းပြောသည်။ သူ့ဘေးပတ်လည်တွင် လေဟာနယ်တစ်ခုလိုဖြစ်နေသည်။ ထို့ကြောင့် သိစိတ်အာရုံနှင့်သာ ဆက်သွယ်၍ရသည်။
လုယန် လက်ခံလိုက်သည်။
“ဒါပေမယ့် ငါတိုက်ခိုက်တဲ့နည်းလမ်းတွေက မသေမျိုးရုပ်ခန္ဓာစွမ်းအားကို အားကိုးတာ။ မင်းနဲ့ ကိုက်ညီမယ်မထင်ဘူး”
ဘာစာအုပ်ပေးရမည်ကို သူစဉ်းစားနေသည်။
“ဟုတ်ပြီ၊ ငါမင်းကို သစ်ပင်စိုက်ပညာ ပေးမယ်”
“သစ်ပင်စိုက်ပညာ”
လုယန် စဉ်းစားရကြပ်သွားသည်။ သာမန်ဟုထင်ရသည့် ထိုပညာသည် ကျင့်ကြံမှုလောကကို အစိမ်းရောင်နယ်မြေပုံစံသစ်တစ်ခု ဖန်တီးရန် ကျစ်တီးကုန်းမြေများတွင် သစ်ပင်စိုက်သည့်နည်းလမ်းဖြစ်လေမလားဟု သူစဉ်းစားနေသည်။
ထိုသို့မဟုတ် သစ်ပင်များများစိုကလျှင် အမယွမ်က သူ့ကိုချီးကျူးပြီး “ပတ်ဝန်းကျင်စောင့်ရှောက်သူ”ဘွဲ့နာမည်မျိုး ပေးကောင်းပေးမည်။
သူ့အတွေးကို အကြီးအကဲက ရိပ်မိသည်။
“နာမည်ကြည့်ပြီး ဒီပညာကို အထင်မသေးနဲ့။ အပင်ကျင့်ကြံသူတွေ အတော်များများလိုချင်ကျတဲ့ မှော်ပညာပါ။ အောင်မြင်အောင် ကျင့်ကြံနိုင်ရင် ဝိညာဉ်သစ်ပင်တွေရဲ့ ကြီးထွားမှုကို တိုးမြှင့်နိုင်။ ဂိုဏ်းကြီးတွေက မင်းကို လေးလေးစားစားဆက်ဆံရမှာ။
လောင်ပါးကို ကြည့်လေ။ သူဘာလို့ ဆေးစိုက်ခင်းမှာနေတယ်ထင်လဲ။ သူက ငါတို့ဂိုဏ်းမှာ သစ်ပင်စိုက်ပညာအတော်ဆုံးဖြစ်လို့ပေါ့”
လုယန် ပညာတန်ဖိုးကို နားလည်လာသည်။ ကောင်းစွာကျင့်ကြံနိုင်လျှင် တစ်သက်လုံးချမ်းချမ်းသာသာ နေရမည်။ ကိုယ်ပိုင်စိုက်ခင်းများရှိသည့် ထိပ်တန်းဂိုဏ်းများက ကိုယ့်ဝန်ဆောင်မှုကို တောင်းခံကြရမည်။
အကြီးအကဲ ထပ်ပြောသည်။
“မင်းအားလပ်တဲ့အချိန်လည်း ဒီပညာကို ကျင့်ကြံလို့ရတယ်။ စိတ်ကိုအေးချမ်းစေပြီး စရိုက်လက္ခာကို တည်ငြိမ်စေတယ်။ ထောင်ယော်ယဲ့က သစ်ပင်စိုက်ပညာကို ကောင်းကောင်းလေ့လာထားတယ်။ မင်းနားမလည်တာရှိရင် သူ့ကိုမေးလို့ရတယ်”
လုယန် ကျင့်စဉ်ကို လက်ခံလိုက်သည်။ ဆဋ္ဌမအကြီးအကဲကို ကျေးဇူးတင်စကားဆိုပြီး ထောင်ယော်ယဲ့နှင့်အတူ ထွက်လာသည်။
အကြီးအကဲအိမ်အပြင်သို့ရောက်ပြီးမှ သူတို့နှစ်ယောက် အသက်ပြန်ရှူကြသည်။
“အချိန်စောပါသေးတယ်။ ငါနဲ့အတူ ဒီမှာလေ့လာကြမလား။ ငါသင်ပေးနိုင်ပါတယ်”
ထောင်ယော်ယဲ့က အကြံပြုသည်။
ထိုစိတ်ကူးကောင်းသည်ဟု လုယန် တွေးမိသည်။
သစ်ပင်စိုက်ပညာသည် ခက်ခဲသည့် သစ်သားဓာတ်မှော်ညာမျိုးဖြစ်သည်။ ဝိညာဉ်စွမ်းအားကိုသုံး၍ ဝိညာဉ်သစ်ပင်ကြီးထွားအောင် မြှင့်တင်ပေးရသည်။ အစပိုင်းတွင် ခက်မည်။ တိုးတက်အောင် လေ့လာနိုင်ဖို့ ပိုခက်ခဲသည်။ ကျွမ်းကျင်ဖို့ဆိုသည်က ပို၍ပင် ခက်ခဲသေးသည်။
သစ်ပင်စိုက်ပညာစတင်ရန် စိတ်က တည်ငြိမ်သည့် ရေတွင်းတစ်ခုလို ရှိနေရမည်။ မိုးမြေနှင့် တစ်သားတည်းဖြစ်နေသည့် အနေအထားမျိုး ရောက်နေရမည်။ သစ်ပင်များကို နားလည်၍ အာရုံခံနိုင်ရမည်။ သူတို့အလျင်အမြန် ကြီးထွားစေရန် သဘာဝနိယာမနှင့် တစ်သားတည်းဖြစ်အောင် လုပ်ရမည်။
“စလေ့ကျင့်မယ်ဆိုရင် သာမန်သစ်စေ့တွေက အသင့်တော်ဆုံးပဲ။ ငါတို့ဝိညာည်စွမ်းအားနဲ့ သစ်စေ့တွေ အပင်ပေါက်လာအောင် လွယ်လွယ်လေးလုပ်နိုင်တယ်။ စိုက်ပျိုးရေးပါရမီရှင်တွေဆိုရင် လေ့ကျင့်စအချိန်မှာတောင် သစ်ပင်တွေကြီးလာအောင် ပန်းပွင့်အောင် အသီးသီးအောင် ဖြစ်စဉ်တစ်ခုလုံးကို တတ်သွားကြတယ်တဲ့။
မိုးမခသစ်ပင်တွေက မျှဝေခံစားတတ်တယ်။ လေ့ကျင့်ဖို့ အသင့်တော်ဆုံးပဲ။ ..ရော့..ဒါက မိုးမခသစ်စေ့ပါ။ ဒါကိုယူထား။ မျက်လုံးမှိတ်ပြီး ဒီသစ်စေ့နဲ့ ဆက်သွယ်နိုင်မလားစမ်းကြည့်ပေါ့”
ထောင်ယော်ယဲ့၏ လမ်းညွှန်ချက်နှင့်အတူ သစ်ပင်စိုက်ပညာကျမ်းထဲမှ နည်းလမ်းအတိုင်း လိုက်လုပ်ကြည့်သည်။ စိတ်ထဲတွင် နားလည်နိုင်အောင် ကြိုးစားသည်။
လေပြေတစ်ခု မြက်ခင်းပေါ် တိုးဝှေ့တိုက်ခတ်သွားသည်။ နေရောင်ခြည်က သိပ်မပြင်းထန်လှ။ အတော်သက်တောင့်သက်သာရှိသည့် ခံစားချက်မျိုးရနေသည်။
လုယန် တဖြေးဖြေး စိတ်တည်ငြိမ်သွားသည်။ မိုးမြေကြားတွင် လွင့်မျောနေသလို ခံစားရသည်။ မိုးမခသစ်စေ့ အသက်ပုံစံကို ခပ်ရေးရေးခံစားမိလာသည်။
လုယန်၏ ထူးခြားသည့်အဖြစ်ကို အာရုံခံမိသဖြင့် ထောင်ယော်ယဲ့ အံ့အားသင့်သွားသည်။ သူလေ့ကျင့်စအချိန်က ထိုအဆင့်ရောက်ဖို့ သုံးရက်ကြာခဲ့သည်။ သူ့အာရုံခံနိုင်စွမ်းသည် သမိုင်းတွင် အကောင်းဆုံးဟု သူ့ဆရာက ချီးကျူးခဲ့သည်။
ယခု လုယန်က နာရီဝက်အတွင်း ထိုအဆင့်သို့ရောက်သည်။
“အကိုလုရဲ့ မှော်ပါရမီက ပြိုင်ဘက်ကင်းတယ်လို့ ငါအမြဲကြားခဲ့ရတာ။ သူ့ဓားပညာထက်တောင် ပိုထူးခြားတယ်တဲ့”
သို့သော် လုယန်၏မှော်ပညာပါရမီက ထိုမျှထူးခြားမည်ဟု သူထင်မထား။
“သူ့ကို အမယွမ်ကိုယ်တိုင် သင်ပေးနေတာ မဆန်းတော့ပါဘူး။ ဒီလိုပါရမီရှင်မျိုးကို တစ်ခြားဘယ်သူမှ သင်ပေးနိုင်မှာမဟုတ်ဘူး”
သူ့ရေရွတ်သံကိုကြားသည့် ထာဝရနတ်မယ်လည်း အပြည့်အဝခေါင်းငြိမ့်ထောက်ခံနေသည်။ မှန်သည်။ သူမှလွဲလျှင် တစ်ခြားဘယ်လိုလူက လုယန်ကို သင်ပေးနိုင်မည်နည်း။
ထိုစဉ် လုယန်က သစ်ပင်စိုက်ပညာ၏ အတွေးအမြင်သစ်တစ်ခု ရလာသည်။ မိုးမခသစ်စေ့ကို မြေပြင်ပေါ်ချထားပြီး လက်ညှိုးဖြင့်ချိန်ရွယ်၍ ဝိညာဉ်စွမ်းအားပို့လွှတ်သည်။
“ပေါက်စမ်း”
သူအော်လိုက်သည်။
အတော်ကြာသည်အထိ ဘာမှဖြစ်မလာ။
ထောင်ယော်ယဲ့က ဘေးမှ ခပ်တိုးတိုးသတိပေးသည်။
“အဲ...အကိုလု၊ လူတွေက အပင်စိုက်တဲ့အခါ သစ်စေ့ကို မြေကြီးထဲမြှုပ်ကြတယ်လေ”
“ဟုတ်သားပဲ”
လုယန် မိုးမခသစ်စေ့ကို ကောက်ယူ၍ မြေအောင်းပညာသုံးပြီး မြေကြီးထဲဝင်သွားသည်။
ထောင်ယော်ယဲ့ မျက်လုံးပြူးသွားသည်။ မြေထွက်ပြေးနည်းလမ်းလည်း တတ်ကျွမ်းနေသည့်လုယန်ကို သူအံ့ဩနေသည်။ ထိုပညာသည် ဓာတ်ငါးမျိုးလွတ်မြောက်ခြင်းပညာထဲတွင် ပါဝင်သည်။
မြေထွက်ပြေးပညာက ဓာတ်ငါးမျိုးပညာထဲတွင် အဆင်ပြေဆုံးဖြစ်သည်။ တိုက်ခိုက်ဖို့ဖြစ်စေ ထွက်ပြေးဖို့ဖြစ်စေ ပုန်းခိုဖို့ဖြစ်စေ သုံးနိုင်သည်။
ထောင်ယော်ယဲ့ မြေထွက်ပြေးပညာကို သင်ဖို့ကြိုးစားဖူးသည်။ သို့သော် ခက်ခဲလွန်းသဖြင့် တတ်အောင်မသင်နိင်ခဲ့။
“ဒါပေမယ့် အကိုလုရဲ့ မြေထွက်ပြေးပညာက ငါသင်ခဲ့တာနဲ့ နည်းနည်းမတူသလိုပဲ”
ထိုစဉ် မိုးမခပင်တစ်ခု မြေကြီးထဲမှ ထိုးတက်လာသည်ကို သူမြင်လိုက်ရသည်။
“ပထမဆုံးလေ့ကျင့်ချိန်မှာတောင် အောင်မြင်တယ်ပေါ့”
ထောင်ယော်ယဲ့ တအံ့တဩ ရေရွတ်လိုက်သည်။ သူလေ့ကျင့်စက သစ်စေ့လေးစေ့ကုန်ပြီးမှ သစ်ပင်ပေါက်ခဲ့သည်။
“ဟင်”
ထောင်ယော်ယဲ့ အမြင်မှားသည်ဟု ထင်လိုက်သဖြင့် မျက်လုံးကိုပြန်ပွတ်ကြည့်သည်။
မြေထဲမှ ထိုးတက်လာသည့် မိုးမခပင်၏ သစ်ကိုင်းပေါ်တွင် “လုယန်နှစ်ယောက်” တွဲလွဲခိုနေသည်။
လုယန်က စိတ်ပျက်နေသည့်မျက်နှာဖြင့် သစ်ပင်ပေါ်တွင် ခန္ဓာကိုယ်ကို ရှေ့နောက်လွှဲယမ်းနေသည်။
သူ့လေ့ကျင့်မှု ဘယ်နေရာတွင် မှားသွားသနည်း။ ဘာကြောင့် မိုးမခသစ်ပင်မှ “သူ”နှစ်ယောက် ဖြစ်လာသနည်း။
*****************************************************