ပြေတယ်မဟုတ်လား
Vol. 11 Ch. 155
“တာအိုလမ်းစဉ်ဂိုဏ်းတွင် တစ်နေ့တာဂိုဏ်းချုပ်လုပ်ခွင့်” ကူပွန်သည် ပစ္စည်းလဲလှယ်စာရင်းတွင် ဈေးအမြင့်ဆုံးဖြစ်သည်။ သို့သော် ယနေ့အထိ ဘယ်ဂိုဏ်းတပည့်မှ မဝယ်နိုင်ခဲ့သေး။
စီနီယာအကိုငါးယောက်က ထိုကူပွန်ကိုရဖို့ ပြိုင်ဆိုင်ကြိုးစားခဲ့ကြဖူးသည်။ ဂိုဏ်းချုပ်လုပ်မည်လူကို ရွေချယ်သည့်ကိစ္စတွင် ပြဿနာတက်ပြီး တိုက်ခိုက်ကြသည်။ ထို့ကြောင့် ဒဏ်ရာကိုယ်စီရပြီး ဆေးအိုးတောင်ထိပ်သို့ ရောက်သွားသည်။ ဒဏ်ရာပြန်သက်သာပြီးနောက် ထိုကိစ္စကို အတော်ရှက်နေကြသဖြင့် ရေရှည်မစ်ရှင်များ အပြင်လောကသို့ သွားလုပ်နေသည်။ ယနေ့အထိ ဂိုဏ်းသို့ ပြန်မလာကြ။
မှန်သည်။ တိုင်ပုဖန်လို တပည့်မျိုးကတော့ ထိုကူပွန်ကို ဝယ်နိုင်ပါသည်။ သို့သော် သူ့အလုပ်က ထူးခြားသည်။ အကြီးအကဲကိုယ်စား မစ်ရှင်ခန်းမကို ဦးစီးနေရသည်။ ထို့ကြောင့် ထိုကူပွန်ကို သူလဲလှယ်၍မဖြစ်။
“မသေမျိုး၊ တစ်ခြားဆုကြေးမျိုးကို ရွေးပါလား”
လုယန် စေတနာဖြင့် အကြံပေးသည်။
ထာဝရနတ်မယ် မျက်ခုံးတစ်ဘက် မြင့်တက်သွားသည်။
“ဘာလဲ၊ တာအိုဝစီပိတ်က ဂိုဏ်းချုပ်လုပ်လို့ရပြီး ငါ့ကျတော့ မရဘူးလား။ ဒီမှာ..ရှေးဟောင်းခေတ်မှာတုန်းက ငါ့ကို မရေမတွက်နိုင်တဲ့မျိုးနွယ်တွေက နတ်တစ်ပါးအဖြစ် ကိုးကွယ်ပူဇော်ကြတာ။ တာအိုလမ်းစဉ်ဂိုဏ်းချုပ်လေးလုပ်တာ ဘာတွေအဲလောက်ခက်ခဲစရာရှိလဲ”
“မဟုတ်ပါဘူး။ အခုလက်ရှိ တာအိုလမ်းစဉ်ဂိုဏ်းကိုဦးစီးနေတာ အမယွမ်ကျိလို့ ပြောချင်တာပါ။ သုံးရက် ဂိုဏ်းချုပ်လုပ်ချင်ရင် အမယွမ်ရဲ့ ထောက်ခံမှုလိုလိမ့်မယ်”
“ငါတို့က အခုမှ အညံ့ခံရမှာလား။ ဘာအရေးကြီးလိုလဲ။ ကောင်မလေးတစ်ယောက်ကို ငါက ကြောက်နေရမှာလား”
ထာဝရနတ်မယ် ခဏကြောက်သွားသည်။ သို့သော မသေမျိုးတစ်ယောက်ဟူသည့်မာနက သူ့ကို ယုံကြည်ချက်နှင့် သတ္တိများပေးသည်။
လုယန်ခန္ဓာကိုယ်ကို ထိန်းချုပ်ရင်း ကောင်းကင်ဂိတ်တောင်ထိပ်သို့ သူဦးတည်လျှောက်သွားသည်။
ကောင်းကင်ဂိတ်တောင်ထိပ်သို့ ရောက်ချိန်တွင် လုယန်က စေတနာဖြစ်သတိပေးသည်။
“အမယွမ်က အဲဒီ့ဘက်မှာနေတာမဟုတ်ဘူး။ ကျုပ်နေတဲ့ လှိုဏ်ဂူပဲရှိတယ်”
ထာဝရနတ်မယ် မျက်မှောင်ကျုံ့သွားသည်။
“နင့်က နင့်ကိုယ်နင် သူ့ရဲဆရာတူမောင်လေးလို့ပြောနေပေမယ့် သူ့အတွက် လုံးဝမစဉ်းစားဘူးပဲ။ ဟိုကောင်မလေးက နေ့တိုင်း ကြိုးကြိုးစားစားအလုပ်လုပ်တယ်။ အခု အရမ်းနောက်ကျနေပြီလေ။ သူ့ကို သွားနှောက်ယှက်လို့ ဖြစ်မလား။ မနက်ဖြန်မှပြောမယ်”
လုယန်စိတ်ထဲတွေးနေသည်။ အမယွမ်သည် အထက်သုံးဆင့်ကို တက်လှမ်းနိုင်ခဲ့သူဖြစ်သည်။ ဓာတ်ငါးမျိုး၏ ကန့်သတ်ထိန်းချုပ်ခြင်းကို မခံရတော့။ နေ့နှင့်ညအယူအဆမျိုး သူ့တွင်ရှိမည်မထင်။
................
“ရှောင်...အဟမ်း၊ အမယွမ်၊ ဂိုဏ်းချုပ်အဖြစ် ကျုပ်သုံးရက်လုပ်ချင်ပါတယ်။ ထောက်ခံပေးပါဦး”
တစ်ညလုံးရေးထားသည် အစီရင်ခံစာကို ထာဝရနတ်သမီး ထုတ်ပြသည်။
ယွမ်ကျိက ဂိုဏ်းကိစ္စများကို စီမံနေသည်။ “လာမရှုပ်”နှင့်ဟူသည့် ဟန်ပန်မျိုး ရှိနေသည်။ လုယန်ကို တစ်ချက်ကြည့်သည်။ ထာဝရနတ်မယ်က လုယန်ခန္ဓာကိုယ်ကို သုံးနေကြောင်း ချက်ချင်းသိသည်။
အတက်အကျမရှိသည့်လေသံဖြင့် သူပြောသည်။
“ရှေးခေတ်မသေမျိုးဘိုးဘေးငါးယောက်ထဲက တစ်ယောက်အနေနဲ့ ရှင့်အဆင့်အတန်းက ကျင့်ကြံသူလောကမှာ အမြင်ဆုံးပါ။ ကျွန်မကို အမယွမ်လို့ခေါ်တာ မသင့်တော်ဘူး။ ယွမ်ကျိလို့ပဲ ခေါ်ပါ”
ထာဝရနတ်မယ် သေချာအကဲခတ်နေသည်။ ယွမ်ကျိ ဒေသထွက်၍ တမင်ရွဲ့ပြောနေခြင်းမဟုတ်ကြောင်း သူသိလိုက်သည်။
“ယွမ်ကျိ၊ ငါ ဂိုဏ်းချုပ်သုံးရက်လုပ်ချင်တယ်။ ငါ့ကျိုးဆောင်မှတ်တွေအားလုံး ဒီကူပွန်အတွက် သုံးလိုက်တာ။ ငါတို့ တာအိုလမ်းစဉ်ဂိုဏ်းက ဂုဏ်သိက္ခာနဲ့ တည်ဆောက်ထားတာပါ။ ဒီတော့ ငါတို့စကားကို ငါတို့ပြန်ရုတ်....”
“ခွင့်ပြုတယ်”
ယွမ်ကျိ စကားဖြတ်ပြောလိုက်သည်။
“တကယ်ခွင့်ပြုတယ်ပေါ့”
အစက စည်းမျဉ်းစည်းကမ်းများနှင့် ယွမ်ကျိကို အကြပ်ကိုင်ဖို့ ထာဝရနတ်မယ် တွေးထားသည်။ ယခု ထိုသို့လုပ်စရာ မလိုတော့။
“တကယ်ပေါ့။ စည်းမျဉ်းက ဒီလိုသတ်မှတ်ထားတာပါ။ ကျွန်မလည်း လိုက်နာရမှာပေါ့။ မဟုတ်ရင် သူများတွေ ဘယ်လေးစားမလဲ။ ဘယ်နေ့တွေမှာ ဂိုဏ်းချုပ်ဖြစ်ချင်တာလဲ ပြောပါ”
“မနက်ဖြန်ကနေ စမယ်”
“ရတယ်”
ယွမ်ကျိလေသံက ပုံမှန်အတိုင်းဖြစ်သည်။ အတက်အကျမရှိ။ သို့သော် သူ့နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးညွှတ်နေသည်ကို လုယန်သတိထားမိသည်။
ထောင်ချောက်ရှီသည်။
ယွမ်ကျိက သူဖြေရှင်းနေသည့် ဂိုဏ်းကိစ္စများကို ထာဝရနတ်မယ်ထံ လက်လွှဲပေးသည်။
“ဒါဆို ဓာတ်ငါးမျိုးဂိုဏ်းကို ကြိုဆိုဧည့်ခံဖို့ကိစ္စ ရှင်ပဲလုပ်လိုက်တော့”
“ဓာတ်ငါးမျိုးဂိုဏ်း...”
ယွမ်ကျိပေးသည့် စာရွက်ကို ထာဝရနတ်မယ် ငုံ့ကြည့်သည်။ ဂိုဏ်းသားဆွေးနွေးဖလှယ်ပွဲအတွက် တာအိုလမ်းစဉ်ဂိုဏ်းသို့ သုံးရက်လာလည်မည်ဟု ဓာတ်ငါးမျိုးဂိုဏ်းက ပို့ထားသည့်စာဖြစ်သည်။
နောက်ထပ်စာရွက်က ယွမ်ကျိရေးနေသည့် ဧည့်ခံကြိုဆိုရေး အစီအစဉ်ဖြစ်သည်။ ခေါင်းစဉ်သာရေးရသေးသည်။
မသေမျိုးဂိုဏ်းငါးဂိုဏ်းကြား အပြန်အလှန်လည်ပတ်သည့် ဓလေ့တစ်ခုရှိကြောင်း လုယန် ကြားဖူးသည်။ လည်ပတ်သည်ဟု နာမည်တပ်ထားသော်လည်း ဘယ်သူပိုသာသည်ကိုသိဖို့ ဂိုဏ်းတပည့်များအချင်းချင်း ယှဉ်ပြိုင်ခိုင်းခြင်းသာဖြစ်သည်။ ဆုလာဒ်များက အရေးမကြီး။ အရေးကြီးသည်က ရှုံးနိမ့်သူများ မျက်နှာပျက်ရခြင်းဖြစ်သည်။
လုယန်ကို တာအိုဝစီပိတ်လက်ထဲမှ ယွမ်ကျိဆွဲခေါ်လာသည်မှာ ထိုကိစ္စနှင့်လည်း ပတ်သက်နေသည်။ လုယန်လို ပါရမီရှင်သစ်ကို ဓာတ်ငါးမျိုးဂိုစ်းမှ ထူးချွန်သည့်တပည့်များနှင့် ယှဉ်ပြိုင်ခိုင်းပြီး နာမည်ရစေချင်သည်။
ပဲဝါနတ်မယ် နည်းနည်းအံ့အားသင့်သွားသည်။ သုံးရက် ဂိုဏ်းချုပ်လုပ်ခွင့်ရလျှင် ပျော်စရာကောင်းမည်ဟု သူထင်ခဲ့သည်။ ဂိုဏ်းတွင် ထူးခြားသည့် ပွဲလမ်းမျိုလးည်း သိပ်မရှိတတ်။ တစ်ခြားမသေမျိုဂိုဏ်းမှ လာလည်ချိန်နှင့် တိုက်ဆိုင်နေမည်ဟု သူထင်မထား။
ပဲဝင် ငြင်းပယ်လိုက်ရန် စဉ်းစားသည်။ ထိုမျှကြီးမားသည့် ပွဲလမ်းတစ်ခုကို သူတစ်ခါမှ မစီစဉ်ဖူး။ ရှေးဟောင်းခေတ်တွင် သူလုပ်ရသည်က တစ်ခြားမသေမျိုးလေးယောက်ကို ပျော်စရာကိစ္စတစ်ချို့အတွက် သွားစုစည်းရုံသာဖြစ်သည်။
သို့သော် မသေမျိုးဆိုသည်မှာ သိက္ခာရှိသည်။ ကိုယ့်စားကိုယ် တည်ရမည်။
ဂိုဏ်းချုပ်တစ်ယောက်လုပ်ဖို့ ဘယ်လောက်ခက်ခဲနိုင်မည်နည်း။
“တစ်ခုခုမှားရင် အရှက်ကွဲမယ့်လူက လုယန်ပဲလေ”
“ဟေ့..ဟေ့ မသေမျိုး ...ခင်ဗျားစိတ်အတွေးတွေကို အသံထွက်ပြီး ပြောနေတာနော်”
လုယန် ဒေါသတကြီး ပြောလိုက်သည်။
ထို့နောက် တစ်ခြားပြဿနာတစ်ခုကို လုယန် တွေးမိသည်။
“အမယွမ်၊ ဒီမသေမျိုးနယ်မယ်ရှိနေတာကို လျှို့ဝှက်ထားဖို့လိုတယ်လေ။ ကျုပ် ဂိုဏ်းချုပ်ဖြစ်လာတဲ့ကိစ္စကို ဘယ်လိုရှင်းပြရမှာလဲ။ ဒီလောက်ကျိုးဆောင်မှတ်တွေအများကြီး ဘယ်ကနေကျုပ်ရနိုင်မှာလဲ”
“အခုယူလိုက်လေ။ မင်းက ဆယ်နှစ်လောက်ပျောက်နေတဲ့ ငါတို့ဂိုဏ်းချုပ်ကို တွေ့အောင်ရှာနိုင်ခဲ့တာ ထူးခြားတဲ့ဆောင်ရွက်ချက်ပဲ”
ယွမ်ကျိလေသံက ပုံမှန်သာဖြစ်သည်။ အတည်ပြောခြင်းလား သရော်နေခြင်းလား လုယန်မခွဲခြားနိုင်။
မည်သို့ဆိုစေ ထာဝရနတ်မယ် အမှန်တကယ် ယာယီဂိုဏ်းချုပ်ဖြစ်လာသည်။ မနက်ဖြန်မှစ၍ သုံးရက်အတွင်း ဓာတ်ငါးမျိုးဂိုဏ်းလာလည်ချိန်နှင့် တိုက်ဆိုင်နေသည်။
ထာဝရနတ်မယ် ခန္ဓာကိုယ်ကို လုယန်ဆီ ပြန်လွှဲပေးလိုက်သည်။ ခါးတစ်ဝိုက်တွင် ပူနွေးနေသည်ကို လုယန်ခံစားရသည်။
ဘာတွေဖြစ်နေတာလဲ။
နတ်ဆိုးဂိုဏ်းသခင်တံဆိပ်ဖြစ်သည်။ တံဆိပ်က သုံးကြိမ်အရောင်လက်လာသည်။ ကြားခံလူ ထန်ယွမ်ရှန်းက သူ့ကိုရှာနေကြောင်း အချက်ပြခြင်းဖြစ်သည်။
တာအိုလမ်းစဉ်ဂိုဏ်းသို့ မလာမီကတည်းက သူတို့တွေ့ဆုံမည့်နေရာကို ကြိုသတ်မှတ်ခဲ့ပြီးဖြစ်သည်။
“အား..ငါ့နောက်လိုက်တွေကို အခုတွေ့လို့ရပြီလား”
ထာဝရနတ်မယ် စိတ်အားထက်သန်စွာပြောသည်။
လုယန်က ယွမ်ကျိဆီ သတင်းပို့သည်။ ယွမ်ကျိလေသံက အပြောင်းအလဲမရှိ။
“သွားတွေ့လိုက်လေ။ ငါလျှို့ဝှက်စောင့်ကြည့်နေမယ်”
လုယန် စိတ်ချသွားသည်။
ဂိုဏ်းဂိတ်တံခါးတွင် မုန်ကျင်းကျိုးနှင့်အရိုးရိုင်းကိုတွေ့သည်။ ထန်ယွမ်ရှန်းက သူတို့သုံးယောက်လုံးကိုခေါ်ခြင်းဖြစ်မည်။
“ဟိုကိုတန်းသွားကြမှာလား”
မုန်ကျင်းကျိုးကမေးသည်။
လုယန်က လက်နှစ်ဘက်ကိုပူး၍ ဦးခေါင်းအထက်သို့မြှောက်ပြီး လှုပ်ပြသည်။
“အမယွမ်က အနီးအနားမှာရှိပါတယ်”
“ဒါဆိုရင်တော့ ပြဿနာမရှိနိုင်ပါဘူး”
တာအိုလမ်းစဉ်ဂိုဏ်းကို မြို့ရွာများစွာ ဝန်းရံနေသည်။ ထန်ယွမ်ရှန်းက မြို့ငယ်တစ်မြို့ကို ဆုံးစည်းရာအဖြစ် ရွေးချယ်သည်။
ဝတ်ရုံနက်ဝတ်ထားသည့် သူ့အသွင်က အတော်မသင်္ကာစရာဖြစ်နေသည်။ မြို့ထဲတွင် အတော်လေးထူးကဲထင်ပေါ်နေသည်။ တစ်ခြားလူများ သူရုပ်ဖျက်ထားသည်ကို မသိမည်စိုး၍လားဟုထင်ရသည်။
သူ့ပုံစံက သံသဝင်စရာကောင်းလွန်းသဖြင့် လမ်းသွားလမ်းလာအတော်များများက တာအိုလမ်းစဉ်ဂိုဏ်းသို့ သတင်းသွားပို့ရန် စိတ်ကူးမိကြသည်။
သူတို့သုံးယောက်ကိုကြည့်၍ ထန်ယွမ်ရှန်း အတော်ကျေနပ်နေဟန်ရှိသည်။
“မင်းတို့နာမည်တွေ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ အလုပ်သမားစာရင်းထဲမှာပါတယ်။ မင်းတို့က ဂိုဏ်းထဲမှာ အသားကင်ဆိုင်တစ်ခု ဖွင့်ထားတယ်လို့ပြောတယ်။ နောက်ဆုံးတော့ တာအိုလမ်းစဉ်ဂိုဏ်းထဲ စိမ့်ဝင်နိင်ခဲ့ကြပြီပေါ့။ တော်တယ်ကွာ”
မေးစရာမလိုပါ။ ထိုစာရင်းသည် တိုင်ပုဖန်စီကျွယ်ီစဉ်ထားသည် သတင်းတုသာဖြစ်သည်။
“အခု ငါတို့ထာဝရဂိုဏ်းက တာအိုလမ်းစဉ်ဂိုဏ်းထဲမှာ သူလျှိုထည့်နိုင်ခဲ့ပြီလေ”
ထန်ယွမ်ရှန်း အတော်ပျော်နေဟန်ရှိသည်။ တစ်သက်တာ ရည်မှန်းချက်တစ်ခု အောင်မြင်သလိုပင်ဖြစ်သည်။
“ဂိုဏ်းချုပ်ကြီးက ဒီလောက်ချောချောမွေ့မယ်လို့ မထင်ခဲ့ဘူးကွ”
တန်ယွမ်ရှန်း စကားလမ်းကြောင်းပြောင်း၍ သက်ပြင်းချသည်။
“စိတ်မကောင်းစရာကတော့ တစ်ခြားမသေမျိုးဂိုဏ်းသုံးဂိုဏ်းမှာ အခြေအနေသိပ်မကောင်းဘူးကွ”
“ဘာတွေဖြစ်နေလို့လဲ”
လုယန် ပြန်မေးသည်။
“ဘာကြောင့်မှန်းမသိဘူး။ အဲဒီ့မသေမျိုးသုံးဂိုဏ်းက အမြင်စူးရှလာတယ်။ ငါတို့ထာဝရဂိုဏ်းသူလျှိုတွေအားလုံးကို ဖမ်းလိုက်တယ်။ ထာဝရအရှင်ရဲ့ နာမည်ကိုတောင် သုံးခဲ့တာ။ အတော်ကောက်ကျစ်ယုတ်တယ်။ သတိထားမိဖို့ခက်တယ်။ နတ်ခြားနတ်ဆိုးဂိုဏ်းသုံးဂိုဏ်းလည်း မသက်သာဘူး။ သူလျှိုတွေအများကြီး ဆုံးရှုံးသွားတယ်။
“ကျုပ်တို့ဘာလုပ်သင့်လဲ”
လုယန် နည်းနည်းစိတ်ပူနေသယောင်ရှိသည်။ သူ့လူများအဖမ်းခံရသဖြင့် ခေါင်းဆောင်အနေဖြင့် တာဝန်မကင်းသလို ခံစားနေရပုံမျိုးဖြစ်သည်။
“ကိစ္စမရှိဘူး။ ငါတို့ အရှည်ကိုကြည့်ရမယ်။ ယာယီကျဆုံးတာက ဘာမှအရေမကြီးဘူး”
ထန်ယွမ်ရှန်း စိတ်ဓာတ်မကျ။
“ဓာတ်ငါးမျိုးဂိုဏ်းက ငါတို့သူလျိုပို့ခဲ့တဲ့ နောက်ဆုံးသတင်းအရ တာအိုလမ်းစဉ်ဂိုဏ်းကို သုံးရက်သွားမယ်လို့သိရတယ်။ ဒါ ငါတို့အခွင့်အရေးပဲ။ ငါတို့ဂိုဏ်းချုပ်ကြီးက ထာဝရအရှင်နိုးထလာတာကို အာရုံခံမိတယ်။ ငါတို့ထာဝရဂိုဏ်း တိုးတက်မြင့်မားဖို့ နီးစပ်နေပြီကွ။ ငါတို့ထာဝရဂိုဏ်းကို လျှော့တွက်လို့မရဘူးဆိုတာ မသေမျိုးငါးဂိုဏ်း သိသွားစေရမယ်။ မင်းတို့လို အတွင်းလူသုံးယောက်ရှိနေတော့ ဒီအစီစဉ် သေချာပေါက်အောင်မြင်မှာပါ”
လုယန်တို့သုံးယောက် ခေါင်းငြိမ့်သည်။
သိစိတ်နယ်မြေမှ ထာဝရနတ်မယ် ခေါင်းငြိမ့်သည်။
အရိပ်ထဲမှ စောင့်ကြည့်နေသည့်ယွမ်ကျိလည်း ခေါင်းငြိမ့်သည်။
************************************************