← Chapters

စေ့စပ်သေချာသည့်အရိုးရိုင်း

Vol. 11 Ch. 156

စေ့စပ်သေချာသည့်အရိုးရိုင်း

Vol. 11 Ch. 156

တော်ဝင်လမ်းနှင့် နတ်ဆိုးလမ်းစဉ်တို့ ကိစ္စတစ်ခုကို သဘောတူပြီဆိုလျှင် အတားအဆီးမှန်သမျှက တွန်းအားဖြစ်လာသည်။

ထန်ယွမ်ရှန်း၏ အဆိုပြုချက်ကို တာအိုလမ်းစဉ်ဂိုဏ်း၏ ထိန်းချုပ်သူများ ပွဲစီစဉ်သူများက သဘောတူလိုက်ပြီဖြစ်သည်။

ဟာကွက်မရှိသည့် အစီအစဉ်ဖြစ်သည်။

"ကျုပ်တို့ဘယ်လိုဆက်လုပ်သင့်လဲ။ တစ်ခြားနတ်ဆိုးဂိုဏ်းသုံးခုကို ဆက်သွယ်မယ်။ ကျုပ်တို့ရဲ့ဝှက်ဖဲ မသေမျိုးရတနာတွေထုတ်သုံးမယ်။ ပေါ်တင်တွန်းလှန်တိုက်ခိုက်မယ်။ တာအိုလမ်းစဉ်ဂိုဏ်းရဲ့အုတ်မြစ်ကို ဖြိုမယ်။ အကြီးအကဲရှစ်ယောက်ကိုဖမ်းမယ်။ ပြီးရင် မသေမျိုးဂိုဏ်းလေးဂိုဏ်းနဲ့ ရှားနိုင်ငံကို ချေမှုန်းမယ်။ အလယ်ပိုင်းတိုက်နယ်ကို စုစည်းမယ်။ ပြီးရင် တစ်ခြားနတ်ဆိုးဂိုဏ်းသုံးခုကို စည်းရုံးမယ်။ မဟာကပ်ကိုအခွင့်ကောင်းယူပြီး မသေမျိုးတွေ ဘိုးဘေးတွေ ဖြစ်လာအောင်လုပ်မယ်။ လွတ်လွတ်လပ်လပ်နေမယ်"

လုယန် စိတ်အားထက်သန်စွာ အကြံပေးသည်။

ထာဝရဂိုဏ်း၏ ဂိုဏ်းချုပ်အနေဖြင့် ကျယ်ပြန့်သည့်အမြင်ရှိရမည်။ သေချာစီစဉ်ရမည်။ အနာဂတ်အတွက် ဗျူဟာရှိရမည်။

"ဟေ့...နင့်က ငါတို့ဂိုဏ်းရဲ့ ဂိုဏ်းခွဲသခင်အဆင့်ပဲရှိတာနော်"

ထာဝရနတ်မယ်က သိစိတ်နယ်မြေထဲမှ ပြောသည်။

"ခင်ဗျား အဲလိုတော့မတွေးသင့်ဘူး။ စဉ်းစားကြည့်ပါ။ ကျုပ်နဲ့ ထာဝရဂိုဏ်းချုပ် ခင်ဗျားဘယ်သူ့ကို ဂိုဏ်းချုပ်အနေနဲ့ ရွေးမလဲ"

"နင့်ကိုရွေးမှာပေါ့"

ထာဝရနတ်မယ် တုံ့ဆိုင်းခြင်းမရှိ။ သူသိသည့်လူကိုသာ ရွေးရမည်။

"အဲဒါပဲလေ။ ယုံကြည်ချက်အရ ခင်ဗျားကျုပ်ကို ဂိုဏ်းချုပ်လို့သတ်မှတ်တယ်။ ဒါဆိုကျုပ်က တရားဝင်ဂိုဏ်းချုပ်ပဲ။ အခုလက်ရှိဂိုဏ်းချုပ်က အတုအယောင်ပဲမဟုတ်လား"

ထာဝရနတ်မယ် ခေါင်းငြိမ့်သည်။ လုယန်ပြောသည့်စကား အဓိပ္ပါယ်ရှိသည်ဟု သူယူဆသည်။

"နင်ပြောတာမှန်တယ်။ ဒီနေ့ကစလို့ နင့်ကို ထာဝရဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဖြစ်ခန့်အပ်လိုက်ပြီ"

ထန်ယွမ်ရှန်းက လုယန်အစီအစဉ်ကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်။ ထိုကောင်လေး တကယ်အချီကြီးစိတ်ကူးယဉ်ရဲပေသည်။

"မဟုတ်ဘူး။ မဟုတ်ဘူး။ အဲလောက်ကြီး အကျယ်မချဲ့ဘူး။ ငါတို့ထာဝရဂိုဏ်းက အဲလောက်ထိ အစီအစဉ်မဆွဲရသေးဘူး။ ဒီလှုပ်ရှားမှုမှာ ငါတို့ဂိုဏ်းတစ်ဂိုဏ်းပဲ ပါမှာ"

လုယန် အ‌တော်စိတ်ပျက်သွားပုံရသည်။ ထာဝရဂိုဏ်းသည် ရည်မှန်းချက်ကြီးကြီးမားမားမရှိ။

"ဒါဆို တာအိုလမ်းစဉ်ဂိုဏ်းမှာ ကျုပ်တို့ဘာလုပ်ရမှာလဲ"

မုန်ကျင်းကျိုးကမေးသည်။

ခဏစဉ်းစားနေပြီးနောက် ထန်ယွမ်ရှန်း ပြန်ဖြေသည်။

"တာအိုလမ်းစဉ်ဂိုဏ်းက ဓာတ်ငါးမျိုးဂိုဏ်းကို ဘယ်လိုဧည့်ခံကြိုဆိုမလဲ ငါတို့မသိသေးဘူး။ ဒါပေမယ့် အကြမ်းဖျင်းလောက်တော့ ငါခန့်မှန်းနိုင်တယ်။ ဥပမာ ပထမအဆင့်က ကြိုဆိုပွဲဖြစ်မယ်။ နှစ်ဘက်ဂိုဏ်းချုပ်တွေ မိန့်ခွန်းပြောမယ်။ ဖျော်ဖြေရေးအစီအစဉ်တွေရှိမယ်။ စားကြသောက်ကြမယ်...အဲလိုဟာတွေပေါ့"

ထာဝရနတ်မယ် အမြန်လိုက်မှတ်သည်။ ကြိုဆိုဧည့်ခံပွဲအစီအစဉ်အတွက် သူဦးနှောက်ခြောက်နေခဲ့သည်။ ယခု အစီအစဉ်ပြောပြမည့်လူ အရန်သင့်ရောက်လာသည်။

နောက်လိုက်ကောင်းပီသသည်။ သူ့ကိုဒုဂိုဏ်းချုပ်ခန့်သင့်သည်။

ဒုဂိုဏ်းချုပ် ထန်ယွမ်ရှန်း ဆက်ပြောသည်။

"ပြီးတော့ ပြိုင်ပွဲတွေလာမယ်။ နှစ်ဘက်လုံးက လက်ရွေးစဉ်တပည့်တွေကို ပြိုင်ခိုင်းမယ်။ ပြိုင်ပွဲစည်းမျဉ်းတွေ၊ ကျင့်စဉ်အဆင့်တွေ၊ ဆုလာဒ်တွေ သတ်မှတ်မယ်။ ပွဲသိမ်းတဲ့အချိန်က ငါတို့အတွက် အခွင့်ကောင်းပဲ။ ကြိုဆိုဧည့်ခံပွဲနဲ့ လက်ရွေးစင်တပည့်တွေယှဉ်ပြိုင်ထားတော့ အားလုံးပင်ပန်းနေကြမယ်။ သတိလက်လွတ်လည်း ဖြစ်နေကြလိမ့်မယ်။ အဲဒီ့အချိန် အမှောင်ထဲမှာပုန်းနေတဲ့ ငါတို့လူစု လှုပ်ရှားမယ်။ တာအိုလမ်းစဉ်ဂိုဏ်းကို လှည့်စားမယ်။ ငါတို့ထာဝရဂိုဏ်းအကြောင်း တော်ဝင်လမ်းစဉ်သမားတွေ သိသွားစေရမယ်။ ထာဝရအရှင်ရဲ့ဂုဏ်သရေ ထွန်းတောက်စေရမယ်"

လုယန် အံ့အားသင့်သွားသည်။

"ကျုပ်သိသလောက်တော့ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ အကြီးအကဲရှစ်ယောက်က စုစည်းခြင်းအစောပိုင်းအဆင့်တွေ၊ စုစည်းခြင်းထိပ်တန်းအဆင့်တွေပါ။ သူတို့ကို ယှဉ်နိုင်တဲ့လူရှားတယ်။ ဒါတောင် ဓာတ်ငါးမျိုးဂိုဏ်းရဲ့အင်အားကို ထည့်မတွက်သေးဘူး။ ဒီလိုပြိုင်ဘက်မျိုးနဲ့ရင်ဆိုင်ရမှာ။ အငိုက်ဖမ်းတိုက်ခိုက်ရင်တောင် ကျုပ်တို့အောင်မြင်နိုင်ပါ့မလား။ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် လှုပ်ရှားမှာလား"

ထန်ယွမ်ရှန်း ခေါင်းခါသည်။

"ဂိုဏ်းချုပ်ကြီးက အခြေအနေတစ်ခုလုံးကို စောင့်ကြည့်နေတာ။ သူမလှုပ်ရှားဘူး။ ဒီအစီအစဉ်ကို ဦးဆောင်မှာက ဒုဂိုဏ်းချုပ်နှစ်ယောက်နဲ့ အကြီးအကဲငါးယောက်ပဲ။ မသေမျိုးရတနာဖြစ်တဲ့ အဝါရောင်မြက်ခေါင်းအုံးကို သူတို့သုံးလိမ့်မယ်။ အဲဒီ့အချိန်ကျရင် ငါတို့ အိပ်မက်ကို ထိန်းချုပ်ပြီး အားလုံးကို လိုချင်သလိုပုံသွင်းနိုင်တယ်"

ထာဝရဂိုဏ်းတွင် ဂိုဏ်းချုပ်တစ်ယောက် ဒုဂိုဏ်းချုပ်သုံးယောက်ရှိသည်။

အမှန်တော့ ထာဝရဂိုဏ်းချုပ် အပြင်းအထန်ဒဏ်ရာရ၍ ကုသမှုခံယူနေကြောင်း ထန်ယွမ်ရှန်း ကြားသိထားသည်။ တစ်ခြားကိစ္စများကို အရေးမစိုက်နိုင်။ တာအိုလမ်းစဉ်ဂိုဏ်းအား တိုက်ခိုက်မည့်အစီအစဉ်ကိုလည်း သူမသိ။ သို့သော် စိတ်ဓာတ်ယိုင်နဲ့စရာ ထိုကိစ္စမျိုးကို ဤသုံးယောက်နှင့် ဆွေးနွေးနေစရာမလို။

ထန်ယွမ်ရှန်း အေးစက်စက်လှောင်ပြုံးပြုံးလိုက်သည်။ အိပ်မက်နယ်မြေထဲတွင် တာအိုလမ်းစဉ်ဂိုဏ်းနှင့် ဓာတ်ငါးမျိုးဂိုဏ်းဝင်များ သေမည်ရှင်မည်မှာ သူတို့စိတ်ခံစားချက်ပေါ်သာ မူတည်လိမ့်မည်။

အကြီးအကဲများ စွမ်းအားမြင့်တပည့်များကို ထိခိုက်အောင်မလုပ်နိုင်လျှင်ပင် လက်ရွေးစင်ဂိုဏ်းတပည့်တစ်အုပ်လောက် သတ်ဖြတ်နိုင်လျှင် လုံလောက်သည်။

"အဝါရောင်မြက်ခေါင်းဦးလား။ အဲဒါ ငါအိပ်ဖို့သုံးတဲ့ခေါင်းအုံးမဟုတ်လား"

ထာဝရနတ်မယ် အံ့အားသင့်သွားသည်။ ထိုလူများသည် အမှန်တကယ် သူ့နောက်လိုက်ပီသသည်။ သူ့အမွေအနှစ်များကို ပိုင်ဆိုင်ထားသည်။

လုယန်က ထာဝရနတ်မယ်ထက်ပင် ပိုအံ့ဩနေသည်။

"မသေမျိုးတွေက အိပ်ဖို့လိုတယ်ပေါ့"

ထာဝရနတ်မယ် အလိုမကျသည့်လေသံဖြင့် ပြန်ပြောသည်။

"မသေမျိုးတွေက ဘာလို့မအိပ်ရမှာလဲ။ ငါက ကျင့်ကြံမှုရဲ့ထိပ်ဆုံးအဆင့်ကို ရောက်ပြီးသားလေ။ ကျင့်ကြံလို့လည်း ငါ့စွမ်းအားပိုတိုးမလာနိုင်တော့ဘူး။ ဒီတော့ အေးအေးလူလူအိပ်နေရုံပဲပေါ့"

ထာဝရနတ်မယ်၏စကား ကျိုးကြောင်းဆီလျော်သည်ဟု လုယန်ယူဆသည်။

ထို့နောက် မုန်ကျင်းကျိုးကမေးသည်။

"ဒုဂိုဏ်းချုပ်နဲ့ တစ်ခြားအကြီးအကဲတွေ တာအိုလမ်းစဉ်ဂိုဏ်းထဲကို ဘယ်လိုဝင်မှာလဲ"

ထန်ယွမ်ရှန်း နည်းလမ်းစဉ်းစားပြီးဖြစ်သည်။

"ဦးစီးတဲ့လူကို မင်းတို့ သတင်းကြိုပေးထားရုံပါပဲ။ အသားကင်ဆိုင်က ဂိုဏ်းနှစ်ခုတွေ့ဆုံပွဲအတွင်းမှာ အတော်အလုပ်ရှုပ်တယ်လို့ ပြောကြတယ်။ အပြင်လူတွေ ယာယီအကူခေါ်ရတယ်။ ငါအဲဒီ့ကိစ္စ စုံစမ်းကြည့်ပြီးပါပြီ။ ဒီလိုပွဲတွေမှာ ဒါမျိုးဖြစ်တတ်ပါတယ်။ သူတို့ကလည်း အပြင်လူခေါ်တာကို လက်ခံတယ်။ ဒုဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက သူတို့ကျင့်စဉ်အဆင့်ကို ဖုံးကွယ်ဖို့ မှော်အဆောင်တစ်မျိုး သုံးကြလိမ့်မယ်။ တာအိုလမ်းစဉ်ဂိုဏ်းကို လှည့်စားဖို့အတွက် လုံလောက်ပါတယ်"

လုယန်တို့သုံးယောက် ခေါင်းငြိမ့်သည်။ ထာဝရဂိုဏ်းသည် အားလုံးကို သေချာကြိုတွေးတတ်ကြသည်။ ထိုစဉ် အရိုးရိုင်းက စေ့စေ့စပ်စပ်မေးခွန်းတစ်ခုမေးသည်။

"ဒါပေမယ့် ဒုဂိုဏ်းချုပ်တို့အဖွဲ့က အသားတကယ်ကင်တတ်လို့လား"

ထန်ယွမ်ရှန်း ဆွံ့အသွားသည်။ ထိုအချက်ကို သူမစဉ်းစားမိ။ သို့သော် လက်အောက်ငယ်သားသုံးယောက်ရှေ့တွင် မရေရာမသေချာသည့်စကားမျိုး သူမပြောနိုင်။ ထို့ကြောင့် သူခေါင်းငြိမ့်သည်။

"မင်းအတော်လေး စေ့စေ့စပ်စပ်တွေးတတ်တာပဲ။ ဒါပေမယ့် စိတ်ချပါ။ ဒုဂိုဏ်းချုပ်တို့အဖွဲ့က စွမ်းရည်မြင့်ပါတယ်။ အသားကင်တာ၊ ကြော်လှော်ချက်ပြုတ်တာ၊ ပန်းကန်ဆေးတာ၊ သန့်ရှင်းရေးလုပ်တာ...အားလုံးလုပ်တတ်တယ်။ မင်းတို့ စိုးရိမ်စရာမလိုပါဘူး"

ထို့နောက် သူတို့လေးယောက် ဂိုဏ်းနှီးနှောဖလှယ်ပွဲအတွင်း ဖြစ်လာနိုင်သည့် အခြေအနေတစ်ချို့ကို အသေးစိတ်ဆွေးနွေးကြသည်။ ထာဝရနတ်မယ်က အာရုံစိုက်၍နားထောင်သည်။ ပွဲစီစဉ်ဖို့ အကြမ်းဖျင်း နည်းလမ်းရသွားသည်။

လုယန်တို့ထွက်သွားပြီးနောက် ထန်ယွမ်ရှန်း လှည့်ထွက်သွားသည်။ နှစ်နာရီခန့်ကြာပြီးနောက် လျှို့ဝှက်စခန်းတစ်ခုသို့ရောက်သည်။

"ရှောင်ထန်၊ ပြန်လာပြီလား။ စီစဉ်ညွှန်ကြားတာ ဘယ်လိုအခြေအနေလဲ"

လူငယ်တစ်ယောက်က ပြုံး၍မေးသည်။ လူငယ်ဟုဆိုရသော်လည်း ထန်ယွမ်ရှန်း၏ ဘိုးဘေးအရွယ်လောက် သက်တမ်းရှိသည်။

"ဒုဂိုဏ်းချုပ်လျို၊ သူတို့ကို ညွှန်ကြားခဲ့ပြီးပါပြီ။ ကြည့်ရတာ ဒီသုံးယောက်က တာအိုလမ်းစဉ်ဂိုဏ်းထဲမှာ အတော်အဆင်ပြေနေတဲ့ပုံပါပဲ။ အသုံးဝင်တဲ့သတင်းတွေ အများကြီးရခဲ့တယ်။ ဒါပေမယ့် ကျုပ်တို့သတိမထားမိတဲ့အချက်တစ်ခုကို အရိုးရိုင်းက သတိထားမိတယ်"

"ဘာလဲ"

ဒုဂိုဏ်းချုပ်လျို မျက်မှောင်ကျုံ့သွားသည်။ သူတို့ တစ်ညလုံးအစီအစဉ်ချခဲ့သည်။ လွတ်ကွက်ဟာကွက်မရှိသင့်။

ထန်ယွမ်ရှန်းက သူ့မျက်နှာထားကိုအကဲခတ်၍ သတိထားပြောသည်။

"ဒုဂိုဏ်းချုပ်တို့က အသားမကင်တတ်လောက်ဘူးထင်တယ်နော်"

ဒုဂိုဏ်းချုပ်လျို ဒေါသအိုးပေါက်ကွဲသွားသည်။ ကြောက်စရာစွမ်းအင်ရောင်တစ်ခု ထွက်လာသည်။

"ဘာစကားပြောတာလဲကွာ။ အသားကင်ရအောင် ငါတို့က ဘယ်လိုအဆင့်အတန်းမျိုးမို့လဲ"

ထန်ယွမ်ရှန်းက လေသံအေးအေးဖြင့် အကြံပြုသည်။

"ဒါပေမယ့် စဉ်းစားကြည့်ပါ။ တာအိုလမ်းစဉ်ဂိုဏ်းမှာရှိတဲ့ ကျုပ်တို့အခြေစိုက်စခန်းက အသားကင်ဆိုင်ပါ။ ကျုပ်တို့က အကူအလုပ်သမားအဖြစ် ဟန်ဆောင်ပြီးသွားရမှာ။ အသားမကင်တတ်ဘူးဆိုရင် အလိမ်ပေါ်သွားနိုင်ပါတယ်"

ဒုဂိုဏ်းချုပ်လျို ငြိမ်ကျသွားသည်။ ထန်ယွမ်ရှန်းစကားက ယုတ္တိကျနေသည်။

"အသားနည်းနည်းရယ်၊ အကင်ဝါးတုတ်တွေရယ်၊ မီးသွေးရယ်၊ အသားကင်ဖို့လိုအပ်တဲ့ တစ်ခြားပစ္စည်းတွေရယ် သွားဝယ်ပါ။ ပြီးတော့ အသားကင်နည်းသင်ပေးမယ့် ဆရာတစ်ယောက်ရှာလာခဲ့"

"ဟုတ်ကဲ့"

ထန်ယွမ်ရှန်းထွက်သွားပြီးနောက် ဒုဂိုဏ်းချုပ်လျို နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။

"ဟိုကောင်သုံးယောက် ယန်ကျန်းမှာဖွင့်တဲ့ အသားကင်ဆိုင်က အတော်နာမည်ကြီးတယ်လို့ကြားတယ်။ ဟား..ငါမသင်ချင်လို့ပါ။ တကယ်သာ ငါစိတ်နှစ်ပြီးသင်လိုက်ရင် အသားကင်တဲ့ပညာက ဘယ်လောက်ခက်နိုင်မှာမို့လဲ"

**************************************************************

All Chapters