← Chapters

အရှုံးသမားမကျေပွဲ

Vol. 11 Ch. 157

အရှုံးသမားမကျေပွဲ

Vol. 11 Ch. 157

ထန်ယွမ်ရှန်းဆီမှ တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်လာသည့်လမ်းတလျှောက် ယွမ်ကျိ အသံတိတ်နေသည်။ ထိုကိစ္စများကိူ စိတ်ပူစရာမလိုဘဲ လုယန်နှင့် ထာဝရနတ်မယ်ကိုင်တွယ်နိုင်မည်ဟု ယူဆ၍လည်း ဖြစ်ကောင်းဖြစ်မည်။

မုန်ကျင်းကျိုးနှင့်အရိုးရိုင်းတို့က ထပ်မမေး။ အမယွမ်ကျိ သူတို့နောက်တွင်ရှိနေလျှင် အမှားအယွင်းမရှိနိုင်ဟု ယုံကြည်ကြသည်။

ဂိုဏ်းသို့ပြန်ရောက်ပြီးနောက် ထာဝရနတ်မယ်က ဧည့်ခံကြိုဆိုပွဲအတွက် ပြင်ဆင်သည်။

"ဂိုဏ်းချုပ်မိန့်ခွန်းပြောရမှာက...အင်း...အတော်အလုပ်ရှုပ်တာပဲ။ လုယန်၊ မိန့်ခွန်းကို နင်ကူရေးပေးပါလား။ ငါနင့်ကို မသေမျိုးကျင့်စဉ်တစ်ခု သင်ပေးမယ်လေ"

အစီအစဉ်ချရင်း ခေါင်းကိုက်လာသဖြင့် ထာဝရနတ်မယ်က အားကိုးရသည့် လက်ထောက်လုယန်ကို အကူအညီတေင်းသည်။

လုယန် ဟက်ခနဲရယ်လိုက်သည်။

"ဟင်းချက်နည်းကျင့်စဉ်ဆိုရင်တော့ နေပါစေတော့"

"နင်ဘာစကားပြောတာလဲ။ မသေမျိုးတစ်ယောက်ရဲ့ ဟင်းချက်နည်းတွေက ဘာတွေများမှားနေလို့လဲ"

လုယန် ဘာမှပြန်မပြော။ မျက်ခွံလှန်ကြည့်၍ သူ့ရပ်တည်ချက်ကို အခိုင်အမာပြသည်။

ရွေးစရာမရှိသဖြင့် ထာဝရနတ်မယ် မိန့်ခွန်းကို သူ့ဘာသာ အားခဲ၍ရေးရသည်။ နေ့တစ်ပိုင်းအချိန်ကုန်သွားသော်လည်း စာနှစ်ကြောင်းသာ ထွက်လာသည်။

"ဓာတ်ငါးမျိုးဂိုဏ်းကို ကြိုဆိုပါတယ်။ အားမနာတမ်းစားကြပါ"

လုယန် မနေနိုင်တော့။

"...ကဲပါလေ၊ ကျုပ်ကူရေးပေးမယ်"

"တကယ်လေား"

ထာဝရနတ်မယ် မျက်လုံးများ အ‌ရောင်တောက်လာသည်။ မိန့်ခွန်းရေးသည့်တာဝန်ကို လုယန်အား လွှဲပေးသည်။ ဧည့်ခံပွဲတွင် ကျွေးမွေးမည့်ကိစ္စကိုသာ သူအာရုံစိုက်တော့သည်။ လုယန် မကူညီ၍မဖြစ်။ အရှက်ကွဲလျှင် သူသာကွဲမည်ဖြစ်သည်။

"ဒီလောက်ကြီးတဲ့ပွဲမျိုး ငါပထမဆုံးလုပ်ဖူးတာပဲ။ ခမ်းခမ်းနားနား ဖြစ်ရမယ်။ ဒီပွဲကို ငါဘယ်လောက်အလေးထားသလဲပြဖို့အတွက် အစားအသောက်တွေကို ငါကိုယ်တိုင် ချက်ပြုတ်မယ်"

ထာဝရနတ်မယ် စိတ်အားတက်ကြွနေသည်။ ပဲဝါ၏ဟင်းချက်စကေးသည် ကူးဖြတ်ခြင်းအဆင့်ဝိညာဉ်စာဖိုမှူးများနှင့် ယှဉ်နိုင်ကြောင်း တစ်လောကလုံးသိအောင် ပြချင်နေသည်။

လုယန်က ကူးဖြတ်ချင်းအဆင့်အဆိပ်သခင်လို မဖြစ်စေဖို့သာ ဆုတောင်းနေသည်။

ထာဝရနတ်မယ်က ထာဝရဂိုဏ်းကို ဖြေရှင်းဖို့လည်း စီစဉ်ထားသည်။

"ငါ့နောက်လိုက်တွေ ငါ့ကိုမကူညီချင်နေ ကိစ္စမရှိဘူး။ ဒါပေမယ့် ပြဿနာရှာလို့ကတော့ တစ်ယောက်မှ မလွတ်စေရဘူးမှတ်"

တစ်နေ့တာ အလုပ်ကြိုးစားပြီးနောက် ဧည့်ခံပွဲအစီအစဉ်ပုံကြမ်းကို ယွမ်ကျိထံ အစီရင်ခံတင်ပြသည်။

ယွမ်ကျိက အစီအစဉ်ကိုဖတ်သည်။ ဘာမှသိပ်မပြော။ အဆင်ပြေသည်ဟုသာ မှတ်ချက်ပေးသည်။

"ဒီနေ့ကစလို့ ရှင်က တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ယာယီဂိုဏ်းချုပ်ပဲ။ အကြီးအကဲရှစ်ယောက်ကိုလည်း ကျွန်မအသိပေးပြီးပြီ။ သူတို့ကလည်း လုယန်ရဲ့အလုပ်ကို ပူးပေါင်းဆောင်ရွက်ပေးဖို့ သဘောတူတယ်"

အကြီးအကဲများက ထာဝရနတ်မယ်အကြောင်းကို မသိကြ။

ကြိုဆိုဧည့်ခံပွဲကိစ္စ ဆွေးနွေးတိုင်ပင်ရန် လုယန်က အကြီးအကဲရှစ်ယောက်ကို အစည်းအဝေးခေါ်သည်။

"အခု ဂိုဏ်းချုပ်က ခင်ဗျားလား ကျုပ်လား"

သူတစ်ယောက်တည်း ဒိုင်ခံအလုပ်လုပ်နေရသည်ဟု လုယန်ခံစားမိသည်။

"ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ။ ငါသာမရှိရင် တစ်နေ့တာဂိုဏ်းချုပ်လုပ်ခွင့်ကူပွန်ကို နင်ရနိုင်မှာလား။ ဒါ အခွင့်အရေးပဲ။...မဟုတ်ဘူး။ ငါနင့်ကို ရက်ရက်ရောရောချီးမြှင့်ထားတဲ့ မသေမျိုးအခွင့်ထူးပဲ"

လုယန် ကျေးဇူးမသိတတ်ဟု ထာဝရနတ်မယ် ယူဆသည်။

"ရှေးခေတ်ကဆိုရင် လူတိုင်း ခေါင်းဆောင်ဖြစ်ချင်ကြတာ။ ယင်ထန်မသေမျိုးတို့က သက်ရှိကြယ်ကမ္ဘာတွေ သောင်းချီပြီး ထိန်းချုပ်ခဲ့တာ။ ဒါတောင် တူးဖော်တဲ့ကြယ်တွေ၊ ဆွဲယူထားတဲ့ကြယ်တွေ၊ ကြယ်သေတွေ၊ အသုံးချခံကြယ်တွေ မပါသေးဘူး။ သူတို့က ကြယ်များများရဖို့ အမြဲတမ်း လုယက်နေကြတာ။ ငါခဏခဏ ကြားဝင်ညှိနှိုင်းပေးခဲ့ရတာ"

"ခင်ဗျားထိန်းချုပ်ခဲ့တဲ့ ကြယ်အရေအတွက် ဘယ်လောက်ရှိလဲ"

"တစ်ခုပဲ"

"..နည်းလှချည်လား"

"ငါက လူတွေကို စီမံအုပ်ချုပ်တဲ့နေရာမှာ သိပ်မတော်ဘူး။ မသေမျိုးတစ်ယောက်ဟာ အပိုင်နယ်မြေတစ်ခုရှိသင့်တယ်လို့ ယင်ထန်မသေမျိုးနဲ့ တစ်ခြားလူတွေက ပြောတယ်။ အပိုင်နယ်မြေမရှိရင် ရှက်စရာကောင်းတယ်တဲ့။ ဒါကြောင့်ငါ့ကို ကြယ်ကမ္ဘာတစ်ခု အတင်းပေးကြတယ်။ ငါက မယူချင်ပဲ ယူလိုက်ရတာ။ အဲဒီ့ကြယ်ကိုရပြီးတော့ အုပ်ချုပ်ရေးကျွမ်းကျင်တဲ့ ကျင့်ကြံသူတစ်ယောက်ကို ငါတွေ့တယ်။ သေမျိုးလောကကို သူဘယ်လိုအုပ်ချုပ်သလဲဆိုတာ ငါမကြာခဏသွားကြည့်တယ်"

"ဒါဆို မသေမျိုးဖြစ်ပြီးနောက်ပိုင်း ခင်ဗျားဘာတွေလုပ်လဲ"

"ဈေးဝယ်ထွက်တယ်၊ မိတ်ဆွေတွေဆီသွားလည်တယ်။ ဟင်းချက်တယ်။ အိပ်တယ်"

"ခင်ဗျားက လူလား ငါးဆားနယ်ဝိညာဉ်လား"

(**ငါးဆားနယ်ဝိညာဉ်သည် "ပါလေရာငပိချက်" သဘောမျိုးကိုရည်ညွှန်းသည်ဟု ယူဆပါသည်)

"ငါ့လောက်လှတဲ့ ငါးဆားနယ်ဝိညာဉ်ကို နင်မြင်ဖူးလို့လား"

ထာဝရနတ်မယ် မကျေမနပ်လေသံဖြင့် ပြန်ပြောသည်။

"အခု မြင်ဖူးပြီလေ"

"ငါလည်း မကြာခဏ သူတို့ဘာတွေလုပ်သလဲဆိုတာ နောက်ယောင်ခံပြီး လိုက်ချောင်းကြည့်တယ်လေ"

ရှေးဟောင်းခေတ်ဟူသည့် ကာလအကြောင်း လုယန်တွေးနေသည်။ ထာဝရနတ်မယ်သည် မသေမျိုးအရေအတွက်လျှော့ချဖို့ အလစ်အငိုက်တိုက်ခိုက်ရန် ကြံစည်နေခဲ့ခြင်းလားမသိ။

"ဘာလုပ်ဖို့ လိုက်ကြည့်တာလဲ"

"သူတို့နဲ့ ထိပ်တိုက်မတိုးအောင်ပေါ့။ ဥပမာ..လေလံပွဲတစ်ခုကို ငါသွားတယ်။ အမြင်ကျဉ်းတဲ့လူတစ်ယောက်က သူဟာဘယ်မျိုးနွယ်ခေါင်းဆောင်ရဲ့သားပါ။ သူနဲ့ဈေးပြိုင်ပေးတာဟာ သူတို့မျိုးနွယ်ကို မလေးစားတာပဲဆိုပြီး ခပ်မာမာပြောမယ်။ အဲဒီ့အချိန်ကျရင် ငါကထရပ်ပြီး ငါ့မသေမျိုးအရှိအဝါကိုပြတယ်။ သူတို့ ကြောက်လွန်းလို့ တုန်သွားတာပေါ့။

အဲလိုမဟုတ်ရင်လည်း မျိုးနွယ်နှစ်ခု ပြဿနာဖြစ်တဲ့အချိန် ငါကကြားဝင်စေ့စပ်ပေးတယ်။ နှစ်ဘက်လုံးက ငါ့ကိုမသိကြတော့ ငါ့ကိုဘာကောင်လဲညာကောင်လဲဆိုပြီး မေးတယ်။ အဲဒီ့အချိန်ကျမှ ငါ့ရဲ့မသေမျိုးစွမ်းအင်ရောင်ကို ထုတ်ပြလိုက်တယ်။ အတော်အလုပ်ဖြစ်ပါတယ်။ ငါ့ကို မျိုးနွယ်နှစ်ခုလုံးက ဧည့်သည်အဖြစ် ဖိတ်ခေါ်ကြတယ်လေ။

ပြီးတော့ တစ်ယောက်ယောက်က ငါ့ကိုရန်စလာရင် ငါက အဲလိုလူကို လွင့်ထွက်သွားအောင် ရိုက်ထုတ်ပစ်တယ်။ သူတို့က သူတို့အားကိုးတဲ့ နောက်ခံအင်အားခေါ်လာပြီး တပ်ဖွဲ့နဲ့ငါ့ကိုဝိုင်းမယ်။ အဲဒီ့အချိန်ကျမှ သူတို့ဘိုးဘေးက ငါ့ကိုမှတ်မိသွားပြီး "ခင်ဗျား...ခင်ဗျားက ထာဝရနတ်မယ်ပဲ"ဆိုပြီး တအံ့တဩပြောမယ်။ ဒူးထောက်ပြီး ခွင့်လွှတ်ဖို့တောင်းပန်ကြမယ်ပေါ့။

ငါ့အတွေ့အကြုံအရပြောရင် အဲလိုအခြေအနေတွေမှာ ငါ့လိုမသေမျိုး တစ်ယောက်တည်းရှိနေတာ အကောင်းဆုံးပဲ"

(**ရှန်းရှ သမစဉ် ဇာတ်ကွက်များဖြစ်ပါသည်)

လုယန် မျက်ခုံးလှုပ်သွားသည်။ ထာဝရနတ်မယ်၏ဘဝသည် တကယ်ပင် အရောင်အသွေးစုံလှသည်။ ငါးဆားနယ်ဝိညာဉ်မျိုးမဟုတ်။

သူတို့စကားပြောနေချိန်တွင် အကြီးအကဲရှစ်ယောက် အခန်းထဲသို့ ဝင်လာကြသည်။ အဋ္ဌမအကြီးအကဲကို သူသတိထားမိသည်။ ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။

"ယာယီဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"

အကြီးအကဲရှစ်ယောက်က ဦးညွှတ်အရိုအသေပေးကြသည်။

"ကဲ၊ ငါ့ကိုနေရာပေးဦး"

ထာဝရနတ်မယ်က လုယန်ကိုဘေးသို့တွန်းထုတ်ပြီး ခန္ဓာကိုယ်ကို လွှဲယူလိုက်သည်။ သူဂိုဏ်းချုပ်လုပ်လိုသည်က ယခုလိုအချိန်မျိုးဖြစ်သည်။

"ထကြပါ ချစ်လှစွာသော ဂိုဏ်းအကြီးအကဲတို့"

လုယန် မျက်နှာကိုလက်ဖြင့်အုပ်ထားလိုက်သည်။ ထာဝရနတ်မယ်၏နာမည်အား သူခေါ်ခဲ့မိသည်ကို နောင်တရနေသည်။

အစက ထာဝရနတ်မယ်ကို မနောမယရွှေလက်ညှိုးဟု သူထင်ခဲ့သည်။ ယခု သူနားလည်လာသည်။ ထိုနတ်မယ်သည် ရှေးဟောင်းဗလောင်းဗလဲသမိုင်းများပြောခြင်းနှင့် သူ့ကိုအရှက်ခွဲခြင်းမှလွဲ၍ တစ်ခြားအသုံးကျသည့်နေရာဟူ၍ လုံးဝမရှိ။

လုယန်အပြုအမူကြောင့် အကြီးအကဲများ နည်းနည်းအသားမကျဖြစ်သွားသည်။ သို့သော် တာအိုဝစီပိတ်၏တပည့်ဖြစ်၍ သိပ်တော့လည်းမဆန်းလှဟု တွေးကြသည်။

"ယာယီဂိုဏ်းချုပ်ကြီး၊ ကျွန်မရှင့်အတွက် လက်ဖက်ရည်ငှဲ့ပေးပါရစေ"

ရင်းနှီးနေသည့် အေးစက်စက်အသံက လုယန်နောက်ကျောဘက်မှပေါ်လာသည်။ ထာဝရနတ်မယ် တုန်လှုပ်သွားသည်။

ယွမ်ကျိက လက်ဖက်ရည်အိုးကိုင်၍ ဣန္ဒြေအပြည့်ဖြင့် လက်ဖက်ရည်ငှဲ့ပေးသည်။ ယွမ်ကျိလုပ်ကိုင်သမျှအားလုံးက အံ့ဩစရာကောင်းလောက်အောင် အပြစ်အနာအဆာကင်းသည်။

လက်ဖက်ရည်ငှဲ့ပေးရင်း ယွမ်ကျိက ထာဝရနတ်မယ်ကို အေးစက်စက်တစ်ချက်ကြည့်သည်။ ထာဝရနတ်မယ် ခေါင်းငြိမ့်သည်။ ကောင်းကောင်းမွန်မွန်ပြုမူပါမည်၊ ပြဿနာမရှာပါဟူသည့် အဓိပ္ပါယ်ဖြစ်သည်။

ထိုဆက်ဆံနည်းမျိုးက စိတ်ဖတ်ပညာလုံးဝမလို။ မျက်လုံးအကြည့်သာလိုသည်။

ထာဝရနတ်မယ် မျက်နှာတည်သွားပြီး ချောင်းတစ်ချက်ဟန့်လိုက်သည်။

"ခင်ဗျားတို့အားလုံးလည်း သန်ဘက်ခါကျင်းပမယ့်ပွဲအကြောင်း သိကြပြီးဖြစ်မှာပါ။ ဓာတ်ငါးမျိုးဂိုဏ်းက ကျုပ်တို့ဂိုဏ်းကိုလာလည်မယ်။ ဒီကိစ္စဆွေးနွေးဖို့ အကြီးအကဲအားလုံးကို အစည်းအဝေးခေါ်လိုက်တာပါ။ ဘယ်လိုအတွေးများရှိကြလဲ"

မဟာအကြီးအကဲက အတည်ငြိမ်ဆုံးဖြစ်သည်။

"ဒီဧည့်သည်တွေက မကောင်းတဲ့အကြံနဲ့လာတာပဲ"

"ဘာကြောင့် ဒီလိုပြောတာလဲ"

"ဓာတ်ငါးမျိုးဂိုဏ်းက အရင်တစ်ခါ လာလည်ပြီးသားပါ။ ထုံးစံအရဆို ကျုပ်တို့က သူတို့ဆီကိုသွားလည်ရမယ့်အလှည့်ပဲလေ။ သူတို့ ထုံးစံကိုချိုးဖောက်ပြီး နောက်တစ်ကြိမ်လာလည်တယ်ဆိုတာ အဓိပ္ပါယ်တစ်ခုပဲရှိတယ်။ ပြီးခဲ့တဲ့တစ်ခေါက် သူတို့ရှုံးသွားတာကို မကျေနပ်လို့ ကျုပ်တို့မြေပေါ်မှာ အနိုင်ယူဖို့လာတာပဲ"

ထာဝရနတ်မယ် ထိုအချက်ကို မစဉ်းစားမိခဲ့။

"ဒါဆို ကျုပ်တို့ဘာလုပ်သင့်တယ်လို့ အကြီးအကဲတို့မြင်ပါသလဲ"

ဒုတိယအကြီးအကဲက လက်ဖြင့်လည်ပင်းကို ဓားလှီးသည့်ဟန်မျိုးလုပ်ပြသည်။

"သူတို့ကို လမ်းမှာအလစ်ဝင်တိုက်မယ်။ မျက်နှာဖုံးတပ်ပြီး သူတို့ကိုရိုက်မယ်။ နောက်ကြောင်းပြန်လှည့်သွားအောင်လုပ်မယ်။ စိတ်ချပါ။ ကျုပ်က အတွေ့အကြုံရှိပြီးသား။ ကျုပ်လုပ်တာတွေက ပိရိသေသပ်တယ်။ ဘယ်သူမှ ကျုပ်လုပ်တယ်ဆိုတာ မသိစေရဘူး"

တစ်ခြားအကြီးအကဲများကလည်း သူ့အကြံကို ဝိုင်းထောက်ခံသည့်သဘောဖြင့် ခေါင်းငြိမ့်ကြသည်။

"ဓာတ်ငါးမျိုးဂိုဏ်းကို ချဉ်နေတာအတော်ကြာပြီ။ ပြီးခဲ့တဲ့တစ်ခေါက် သူတို့ရှုံးသွားပြီးနောက်ပိုင်းမှာ ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းက သဘာဝရဲ့ဓာတ်ငါးမျိုးနဲ့ မဆိုင်ဘူးလို့ပြောတယ်။ အဲဒါ ဘာစကားလဲ"

"ငါတို့အကြောင်း သိအောင်ပြကြမယ်ကွာ။ ငါတို့ဂိုဏ်းရဲ့စွမ်းအားကို သူတို့သိသွားစေရမယ်"

"ရှောင်ချိုးဟာ ဂိုဏ်းချုပ်ဖြစ်ပြီးနောက်ပိုင်း အတော်ပြောင်းလဲသွားတယ်။ သူငယ်ငယ်က ငါတို့တာအိုလမ်းစဉ်ဂိုဏ်းရဲ့ မောင်နှမကိုးယောက်ကိုစိန်ခေါ်လို့ ဘာဖြစ်သွားလဲဆိုတာ သူမေ့နေပြီထင်တယ်"

"ပြီးခဲ့တဲ့တစ်ခေါက်က ဓာတ်ငါးမျိုးဂိုဏ်း ဘယ်လိုရှုံးသွားတာလဲ"

ထာဝရနတ်မယ် မေးလိုက်သည်။

အဋ္ဌမအကြီးအကဲက ရှင်းပြသည်။

"ဪ..ဒါက ရှင်းရှင်းလေးပါ။ သူတို့ ရောက်လာတယ်။ ဂိုဏ်းတပည့်ချင်းပြိုင်ပွဲလုပ်ဖို့ပြောတယ်။ အကြီးအကဲတွေ ဝင်မစွက်ရဘူးတဲ့။ ငါတို့ရဲ့ အကောင်းဆုံးတပည့်နဲ့ သူတို့ရဲ့အကောင်းဆုံးတပည့် ယှဉ်ပြိုင်ချင်တယ်လို့ပြောတယ်"

"ပြီးတော့ရော"

"ပြီးတော့ ရှောင်ယွမ် ဝင်ပြိုင်တယ်လေ"

အရယ်အပြုံးကင်းသည့် ယွမ်ကျိကို ထာဝရနတ်မယ်ချက်ချင်း လှည့်ကြည့်သည်။ ယွမ်ကျိလည်း ဂိုဏ်းတပည့်ထဲတွင် ပါသည့်အချက်ကို သူမေ့လုနီးပါးဖြစ်နေသည်။

မဟာအကြီးအကဲ သက်ပြင်းချသည်။

"ရှောင်ယွမ်က စွမ်းအားကြီးလွန်းလို့ သူက ငါတို့နဲ့မျိုးဆက်တူမဟုတ်ဘူးဆိုတာ ရှောင်ချွေ့မေ့သွားတယ်ထင်ပါရဲ့။ ရှောင်ယွမ်က ညီကိုးရဲ့တပည့်ပဲလေ"

***********************************************************

All Chapters