စကားလုံးစည်းမျဉ်း
Vol. 11 Ch. 160
"လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကမေးခွန်းက မေးခွန်းအစစ်မဟုတ်လို့လား။ ကောင်လေး၊ အဲလောက်တော့ အတွေးအခေါ် မနည်းသင့်ပါဘူး။ ပစ္စည်းတစ်ခုဟာ သက်တမ်းရင့်လေ တန်ဖိုးတက်လေဆိုတာ မင်းမကြားဖူးဘူးလား။ ငါနဲ့ညီကိုး ဂူသင်္ချိုင်းတွေဖောက်တုန်းက အမြဲတမ်း သက်တမ်းအရင့်ဆုံးတွေကိုပဲ ရွေးခဲ့တာကွ။ မဟာချန်ခေတ်အစောပိုင်းက ရတနာတစ်ခုတောင် ငါတို့တွေ့ခဲ့သေးတယ်။ ကူးဖြတ်ခြင်းအဆင့်နတ်ဆိုးတစ်ယောက်ပိုင်တာလေ"
ယွမ်ကျိ ထိုအကြောင်း နည်းနည်းကြားဖူးသည်။ သူ့ဆရာ တာအိုဝစီပိတ်နှင့် အဋ္ဌမအကြီးအကဲတို့သည် ဂူသင်္ချိုင်းတစ်ခုကို အတူတူးဖော်ခဲ့သည်။ မဟာချန်ခေတ်အစောပိုင်းမှ ရတနာတစ်ခုကိုတွေ့သည်။ မြစ်သုံးခု ကန်ငါးကန်ကို ထည့်နိုင်သည့်ရတနာဖြစ်သည်။ အဖိုးဖြတ်မရ။ ထိုရတနာကို သူပိုင်သင့်ငါပိုင်သင့် နှစ်ယောက်သားတိုက်ခိုက်ကြသည်။
နောက်ပိုင်း သေချာအကဲဖြတ်ကြည့်မှ ကူးဖြတ်ခြင်းအဆင့်နတ်ဆိုးတစ်ယောက်သုံးခဲ့သည့် အိမ်သာခွက်မှန်း သိရသည်။
အဋ္ဌမအကြီးအကဲ ဆက်ပြောသည်။
"အပြင်လောကမှာ သွားမေးကြည့်ပါ။ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ စာမေးပွဲမေးခွန်းတွေက အဖိုးဖြတ်မရဘူးကွ။ ငါမင်းကို မေးခွန်းအစစ်ရောင်းလိုက်တာဟာ မင်းကိုကူညီတဲ့သဘောပါ။ ဒီတော့ ဂျေးသိပ်မများပါနဲ့။ ဒီမေးခွန်းတွေရောင်းဖို့ ငါဘယ်လောက်စွန့်စားခဲ့ရလဲသိလား။ ဒါကို တာအိုလမ်းစဉ်ဂိုဏ်းအကျိုးအတွက် ငါလုပ်တာပါ"
လုယန် အဆက်မပြတ်ခေါင်းငြိမ့်ထောက်ခံသည်။
"အဋ္ဌမအကြီးအကဲပြောတာ သဘာဝကျပါတယ်။ ဒီလိုဆိုမှတော့ အဋ္ဌမအကြီးအကဲရဲ့လစာကို နှစ်နှစ်ဆယ်ဆိုင်းငံ့ထားသင့်တယ်"
"ဒါတော့မဖြစ်ဘူးလေ"
အကြီးအကဲ ချက်ချင်းကန့်ကွက်သည်။
"စိတ်မပူပါနဲ့ အကြီးအကဲ။ ခင်ဗျားလစာကို မရမှာမှမဟုတ်တာ။ နှစ်နှစ်ဆယ် ဆိုင်းငံ့ထားရုံပါပဲ။ နှစ်နှစ်ဆယ်ကြာပြီးမှပေးရင်လည်း လစာပဲမဟုတ်လား။
ဒါမှမဟုတ် ကျုပ်တို့ဂိုဏ်းက အခက်အခဲကြုံနေလွန်းလို့ လစာမပေးနိုင်ဘူးထင်လို့လား။ အကြီးအကဲမှာ ဒီလိုမြင့်မြတ်တဲ့အတွေးမျိုးရှိနေမှတော့ ကျုပ်ကအများသိ တရားဝင်ကြေငြာပြီး ခင်ဗျားဆီကနေ သင်ယူကြဖို့ အားလုံးကို တိုက်တွန်းအားပေးရမှာပါ"
ထိုစဉ် ယွမ်ကျိက ဝင်ပြောသည်။
"အဋ္ဌမအကြီးအကဲ၊ ရှင်က ကျွန်မဆရာရဲ့မိတ်ဆွေဖြစ်နေတာကို ထောက်ထားပြီး မုန်ကျင်းကျိုးဆီကနေ လှည့်စားယူထားတဲ့ ဝိညာဉ်ကျောက်တွေကို ပြန်ပေးလိုက်မယ်ဆိုရင် ဒီကိစ္စကို ဒီမှာပဲရပ်လိုက်မယ်"
အဋ္ဌမအကြီးအကဲ မတတ်သာတော့ဘဲ မကျေမနပ်ဖြင့် ဝိညာဉ်ကျောက်များကို ပြန်ပေးရသည်။
ဝိညာဉ်ကျောက်များပြန်ရသဖြင့် မုန်ကျင်းကျိုးပျော်နေသည်။ ထိုအချိန်တွင် ယွမ်ကျိက ဆက်ပြောသည်။
"မုန်ကျင်းကျိုး၊ မေးခွန်းအစစ်တွေ ဝယ်ခဲ့တဲ့အတွက် မင်းလည်းမှားတာပဲ။ မေးခွန်းဝယ်ဖို့သုံးတဲ့ ဝိညာဉ်ကျောက်တွေ ဂိုဏ်းကိုလွှဲပေးမယ်ဆိုရင် ဒီကိစ္စကို ဒီမှာပဲရပ်လိုက်မယ်"
မုန်ကျင်းကျိုး မင်သက်မိသွားသည်။ ခုနက အမယွမ်ကျိ သူ့ဘက်တွင်ရပ်တည်နေသည်ဟု ထင်ခဲ့သည်။
မတတ်သာတော့ဘဲ ဝိညာဉ်ကျောက်များကို ဂိုဏ်းသို့ လက်လွှဲပေးလိုက်ရသည်။
"နေပါဦး၊ လုယန်ကရော။ ဒီကောင်လည်း ရထားပေါ်မှာ ကျုပ်နဲ့အတူ မေးခွန်းတွေဆွေးနွေးခဲ့တာပဲ။ မသမာစိတ်ထားခဲ့တာပဲ"
မုန်ကျင်းကျိုး လုယန်ကို ဆွဲခေါ်ရန်ကြိုးစားသည်။
လုယန် လှောင်ပြုံးပြုံးလိုက်သည်။
"ဒါဆို ဂိုဏ်းချုပ်ကို ငါ့အကြောင်း သွားပြောလိုက်လေ။ ဂိုဏ်းချုပ်က ဒီမှာမရှိဘူးဆိုတော့ ယာယီဂိုဏ်းချုပ်ကို သွားပြောပေါ့။ ယာယီဂိုဏ်းချုပ်က သမာသမတ်ကျတဲ့လူဆိုတာ ငါယုံကြည်တယ်။ ဘယ်သူ့ကိုမှ မျက်နှာလိုက်မှာမဟုတ်ဘူး"
"သောက်ရေးမပါလိုက်တာ"
မုန်ကျင်းကျိုး လုယန်ကိုစိုက်ကြည့်။ တစ်နေ့နေ့ သူဂိုဏ်းချုပ်ဖြစ်လာမှ လုယန်ကို အကြောင်းသိအောင်ပြမည်ဟု ဆုံးဖြတ်လိုက်သည်။
မုန်ကျင်းကျိုးနှင့် အဋ္ဌမအကြီးအကဲတို့ ထွက်သွားပြီးနောက် ထာဝရနတ်မယ်က လုယန်ခန္ဓာကိုယ်ကို ပြန်လွှဲယူသည်။ လက်ရှိဖြေရှင်းရမည့် ပြဿနာများကိုကြည့်၍ ဂိုဏ်းချုပ်တစ်ယောက်လုပ်ရသည်မှာ မလွယ်ကူလှဟု တွေးနေသည်။
"ယင်ထန်မသေမျိုးရဲ့လတွေ ဟိုကြယ်ကမ္ဘာတွေကို ဘယ်လိုများထိန်းချုပ်ခဲ့တာလဲ။ သူတို့ ပြဿနာဖြေရှင်းတဲ့စွမ်းရည်ကလည်း ငါနဲ့တန်းတူပါပဲ"
ယွမ်ကျိ သက်ပြင်းကျိတ်ချ၍ သတိပေးသည်။
"ဂိုဏ်းချုပ်ဆိုတာ အကြီးအကဲရှစ်ယောက်ကို တာဝန်ခွဲပေးလို့ရသလို တစ်ခြားတပည့်တွေကိုလည်း ခိုင်းစေခွင့်ရှိတယ်လေ။ ပြန်စစ်ဆေးတဲ့တာဝန်တွေကို အတွေ့အကြုံရှိတဲ့ တပည့်တွေဆီ လွှဲပေးလို့ရတယ်"
"ဟုတ်သားပဲ"
ယွမ်ကျိ နားလည်သွားသည်။ ထိုကိစ္စများဖြေရှင်းဖို့ လုယန်ကို တာဝန်ပေးလိုက်သည်။
လုယန် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
"ဒါဆိုရင် ဒီကိစ္စအားလုံးဖြေရှင်းဖို့ အမယွမ်က အကြံပေးနေတဲ့သဘောပဲ မဟုတ်ဘူးလား"
ဟိုလွှဲဒီလွှဲလုပ်ပြီးနောက်တွင် ရှုပ်ထွေးသည့်ထိုကိစ္စများကို ဖြေရှင်းဖို့တာဝန်က ယွမ်ကျိဆီသို့သာ ရောက်လာသည်။
အမယွမ်ကျိရှိနေသည့်အတွက် တာအိုလမ်းစဉ်ဂိုဏ်း ကံကောင်းသည်ဟု လုယန်တွေးမိသည်။ မဟုတ်လျှင် ဤဂိုဏ်း အနှေးနှင့်အမြန် ပျက်စီးသွားပေလိမ့်မည်။
"အပြင်ကမ္ဘာက ငါတို့ဂိုဏ်းကို ဘယ်လိုမြင်ကြလဲမသိဘူး"
ထာဝရနတ်မယ် လက်နှစ်ဘက်နောက်ပစ်၍ ထိန်းသိမ်းပြုပြင်ထားသည့် သိုင်းပြိုင်ကွင်းဆီ လှမ်းကြည့်ပြီး ခေါင်းတငြိမ်ငြိမ့်လုပ်နေသည်။ ကျေးလက်တောရွာမှ အုပ်ချုပ်ရေးခေါင်းဆောင်နှင့်တူသည်။
လေ့ကျင့်ကွင်းထဲတွင်င် တပည့်များ ယှဉ်ပြိုင်နိုင်ရန် စင်မြင့်ငယ်လေးများရှိသည်။
ဂိုဏ်းတပည့်များ အပြင်လောကရောက်လျှင် အနိုင်ကျင့်မခံရစေရန်အတွက် လက်တွေ့တိုက်ခိုက်လေ့ကျင့်ခြင်းကိုသာ ဦးစားပေးသည်။
ဂိုဏ်းအထက်ပုဂ္ဂိုလ်များသည် အရာအားလုံးကို အတွေးလွန်တတ်ကြသည်ဟု လုယန်ထင်မိသည်။
ယခု စင်မြင့်ပေါ်တွင် ရွှေသန္ဓေအကိုနှင့်အမနှစ်ယောက် လက်ရည်စမ်းနေကြသည်။ သူတို့ရွှေသန္ဓေများက ပြည့်ဝတောက်ပနေသည်။ အရည်အသွေးအမြင့်ဆုံးနီးပါးဖြစ်သည်။ ရွှေသန္ဓေထိပ်ဆုံးအဆင့်များဖြစ်ကြသည်။
လုယန် ထိုနှစ်ယောက်ကိုမှတ်မိသည်။ ရွှေသန္ဓေအကို၏နာမည်က လော်ဟိုင်ဖြစ်သည်။ "အဖြူရောင်နေ့ကျယ်ပြန့်ပင်လယ်"ဟု နာမည်ကျော်သည့် ရွှေသန္ဓေပိုင်ရှင်ဖြစ်ည်။ ရေဓာတ်မှော်ပညာများတွင် ကျွမ်းကျင်သည်။ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူအတော်များများကို ရှင်းလင်းခဲ့သည်။ ပါရမီရှင်များပြည့်နေသည့် တာအိုလမ်းစဉ်ဂိုဏ်းမှာပင် သူသည် နာမည်ကျော်တစ်ယောက်ဖြစ်သည်။
ရွှေသန္ဓေအမနာမည်က ယိကျင်းဖြစ်သည်။ တော်ဝင်မြို့တော် ယိမိသားစုဝင်ဖြစ်သည်။ မုန်မိသားစုလောက် နာမည်မကြီးသော်လည်း အလယ်ပိုင််းတိုက်နယ်တွင် လူသိများသည်မိသားစုဖြစ်ည်။ အမယိကျင်းသည် အတွေ့အကြုံကြွယ်သည်။ မိသားစုပိုင်ကျင့်စဉ်များကို ကျမ်းစာတိုက်မှကျင့်စဉ်မျိုးစုံနှင့် နှိုင်းယှဉ်လေ့လာ၍ သူနှင့်ကိုက်ညီအောင် ညှိယူခဲ့သည်။
နှစ်ယောက်လုံး သာမန်လူမဟုတ်။ သူတို့ယှဉ်ပြိုင်မှုမှ ပညာယူရန်အတွက် အတော်များများ ကြည့်နေကြသည်။
ထာဝရနတ်မယ် ဆောင့်ကြွားကြွားလျှောက်သွားသည်။ လူတစ်ချို့ လှည့်ကြည့်ကြသည်။ အပြင်လူများအတွက် လုယန်သည် ဂိုဏ်းချုပ်ဖြစ်ခွင့်ကူပွန်ကို လဲလှယ်နိုင်သည့် ပထမဆုံးလူဖြစ်သည်။ အတော်အားကျဖို့ကောင်းသည်။
လူအများစုက တိုက်ပွဲတွင် အာရုံစိုက်နေသဖြင့် ထာဝရနတ်မယ်ရောက်လာသည်ကို သတိမထားမိကြ။
"အဆင့်မတူတဲ့လူတွေကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ ငါသရုပ်ပြပေးမယ်"
ထာဝရနတ်မယ် လုယန်ကိုပြောသည်။
"နေဦး၊ မင်းဘာတွေလုပ်နေတာလဲ"
လုယန် မကောင်းသည့်နိမိတ်ကိုခံစားနေရသည်။ သို့သော် သူစကားမဆုံးမီ လုယန်က သူ့ခန္ဓာကိုယ်ဖြင့် စင်မြင့်ပေါ်ခုန်တက်သွားသည်။
တိုက်ခိုက်နေသူနှစ်ယောက်က ယာယီဂိုဏ်းချုပ်ညီငယ်တက်လာသဖြင့် ဘာလုပ်မလဲဟု လှည့်ကြည့်ကြသည်။
"ခင်ဗျားတို့နှစ်ယောက်လုံးကို ကျုပ်စိန်ခေါ်ချင်ပါတယ်"
လော်ဟိုင်နှင့်ယိကျင်းတို့ အံ့ဩသွားကြသည်။ ပွဲကြည့်သူများကြားတွင်လည်း အာမေဋိတ်သံများ ပေါ်လာသည်။ အခြေတည်အလတ်တန်းဆင့်သာရှိသည့်လုယန်က ရွှေသန္ဓေထိပ်ဆုံးအဆင့် လူနှစ်ယောက်ကို စိန်ခေါ်နေသည်။
သို့သော် လော်ဟိုင်နှင့်ယိကျင်း လုယန်၏စိန်ခေါ်မှုကို မငြင်းပါ။
ထာဝရနတ်မယ်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်လိုက်ကြသည်။
"ညီလေး၊ မင်းအရင်စတိုက်ပါ"
ထာဝရနတ်မယ် တစ်ချက်ပြုံးလိုက်သည်။
"ယာယီဂိုဏ်းချုပ်နာမည်နဲ့ ခင်ဗျားတို့နှစ်ယောက် စင်ပေါ်ကနေ ခုန်ဆင်းသွားဖို့ ကျုပ်အမိန့်ပေးတယ်"
လုယန်- "..."
လော်ဟိုင် - "..."
ယိကျင်း - "..."
အောက်ဘက်မှ ပွဲကြည့်ပရိတ်သတ်များအားလုံးလည်း မင်သက်မိနေသည်။
ယာယီဂိုဏ်းချုပ်၏ပါဝကို ဘာကြောင့်ထိုသို့အသုံးချသနည်း။
ဂိုဏ်းချုပ်စကားကို လိုက်နာရမည်ဖြစ်၍ ထိုနှစ်ယောက်တုံ့ဆိုင်းမနေဘဲ စင်ပေါ်မှခုန်ဆင်းသွားသည်။ ပြိုင်ပွဲရှုံးသွားသည့်သဘောဖြစ်သည်။
ထာဝရနတ်မယ်လုပ်ရပ်ကြောင့် စီနီယာအကိုအမများစွာ စိတ်ဝင်စားလာကြသည်။
"အကိုမာ၊ စင်ပေါ်ကိုသွားစစ်ဆေးကြည့်ရအောင်။ လုယန်က "စကားလုံးမှော်ပညာ"စွမ်းအားနဲ့ အကိုအမတွေကို အနိုင်ယူနေတယ်လို့ကြားတယ်။ နတ်ဝိညာဉ်အဆင့်ကလူတွေကို စိတ်ခေါ်ချင်တယ်လို့တောင် ပြောနေတယ်တဲ့"
"ဟုတ်လား"
အကိုမာ စိတ်ဝင်စားသွားသည်။
မာထန်ယန်သည် သန့်စင်ခြင်းတစ်ရာတောင်ထိပ်မှ နတ်ဝိညာဉ်ထိပ်ဆုံးအဆင့်တပည့်ဖြစ်သည်။ မီးအသုံးပြုခြင်းနှင့် လက်နက်သွန်းခြင်းကို ကျွမ်းကျင်သည်။ တစ်ချိန်က လက်နက်ပစ္စည်းများသန့်စင်ရင်း ဝိညာဉ်ရတနာများ အဆက်မပြတ်အသုံးပြုသည့် ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူဖူးသည်။
"သွားစစ်ဆေးကြည့်တာပေါ့"
မာထန်ယန်ဝင့်ကြွားမှုအပြည့်ဖြင့် ပြုံးလိုက်သည်။
စင်မြင့်နှင့်နီးလာချိန်တွင် ထာဝရနတ်မယ် ကျယ်လောင်စွာကြွားလုံးထုတ်နေသည်ကို သူကြားသည်။
"ဟားဟား၊ ရွှေသန္ဓေအဆင့်မှာ ကျုပ်ကပြိုင်ဘက်ကင်းပဲ။ နတ်ဝိညာဉ်အဆင့်တစ်ယောက်ယောက် တက်ခဲ့ပါ"
မာန်ထန်ယန် ချက်ချင်း ခုန်တက်သွားသည်။ ထို့နောက် ထာဝရနတ်မယ်၏ 'စကားလုံးမှော်ပညာ"ကို လက်တွေ့ကြုံလိုက်ရသည်။
ထို့နေ့က ကျင့်စဉ်အဆင့်မတူသူများစွာကို ထာဝရနတ်မယ် အနိုင်ယူခဲ့သည်။ ရွှေသန္ဓေအဆင့်၊ နတ်ဝိညာဉ်အဆင့်နှင့် ဝိညာဉ်ပြောင်းအဆင့်များကို အခြေတည်အလတ်တန်းဆင့်စွမ်းအားဖြင့် အနိုင်ယူခဲ့သဖြင့် နာမည်ကျော်သွားသည်။
ထိုနေ့က လုယန် သူ့ကိုယ်သူ မြေကြီးထဲဝင်ပုန်းနေချင်စိတ် ပေါက်ခဲ့သည်။
***********************************************************