ယင်ထန်မသေမျိုးရေးသားသည်
Vol. 11 Ch. 162
တစ်ချိန်ကဆိုလျှင် ရှေးဟောင်းမသေမျိုးငါးယောက်တွင် တစ်ယောက်အပါအဝင်ဖြစ်သည်။ ထာဝရနတ်မယ်သည် စကြာဝဠာတစ်ခွင် နာမည်ကျော်ခဲ့သည်။ လူအားလုံးသိခဲ့သည်။
ရှေးဘိုးဘေးများနှင့် နတ်ဆိုးမျိုးနွယ်များသည် မကြာခဏ စင်မြင်များတည်ဆောက်၍ ရတနာများ၊ တန်ဖိုးကြီးပစ္စည်းများဖြင့် သူ့ကို ရှိခိုးပူဇော်ကြသည်။
တစ်ချို့မျိုးနွယ်များက သူ့ကို မျိုးနွယ်ကာကွယ်ပေးသည့် နတ်ဘုရားဟု သတ်မှတ်ကြသည်။ နှစ်စဉ် အကြီးအကျယ် ပူဇော်ပသမှုများ လုပ်ဆောင်ကြသည်။ ထာဝရနတ်မယ် အတုမဲ့ဂုဏ်သရေကို ခံစားရသည်။
သို့သော် သူပြန်ရှင်သန်လာချိန်တွင် ခေတ်အခြေအနေက အကြီးအကျယ် ပြောင်းလဲနေသည်။ မထင်မရှားဘဝသို့ သူရောက်သွားသည်။ ယိုယွင်းနေသည့် ဂိုဏ်းတစ်ခုကသာ သူ့ကိုယုံကြည်ကိုးကွယ်သည်။ သို့တိုင်အောင် သူ့နာမည်ရင်းကိုပင် မသိကြ။ အထီးအမ ကွဲကွဲပြားပြားမသိကြ။
လုယန်၏ ခန္ဓာကိုယ်ထဲတွင် နေထိုင်ရသည်။ ယွမ်ကျိကို ကြောက်ရသည်။ လုယန်က သူ့ကိုလှောင်သည်။ ဘဝက ခက်ခဲသည်။
မသေမျိုးတစ်ယောက်ကို မဆိုထားနှင့်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ပင် ထိုသို့ဆက်ဆံမခံရ။
ယခု သူ့သရုပ်မှန်ကို သိသူတစ်ယောက်က ထိုလူတို့၏မျက်လုံးကို ဖွင့်ပေးလိုက်သည်။ ကြီးမားသည့် လှေပျံကြီးတစ်စင်းဖြင့် သူ့ကိုပူဇော်ချီးမြှောက်သည်။
လှေပျံအရွယ်အစားနှင့် ဝမ်းပိုင်းတွင်မြှုပ်ထားသည့် ကျောက်မျက်များကိုကြည့်လျှင် အမှန်တကယ်ပင် မသေမျိုးတစ်ယောက်နှင့်ထိုက်တန်သည့် လေးစားမှုမျိုးဖြစ်သည်။
သိစိနယ်မြေမှ လုယန်က ထာဝရနတ်မယ်ကို တစ်ချက်ကြည့်သည်။ ဂိုဏ်းချုပ်လုပ်နေရသည့်အဖြစ်ကို အတော်ကျေနပ်နေပုံရသည်။ အခြေတည်အဆင့်က ဝိညာဉ်ပြောင်းအဆင့်ကို အနိုင်ယူသည်။ သမိုင်းတွင် တစ်ခါမှမကြုံဖူးသည့် စံချိန်မျိုးဖြစ်သည်။ ဘယ်ပါရမီရှင်မဆို သိမ်ငယ်ရှက်ရွံ့သလို ခံစားရပေလိမ့်မည်။
"ဒီလောက်ကြီးတဲ့လက်ဆောင်ကိုတောင် ယူလာတယ်ပေါ့"
ထာဝရနတ်မယ် ရယ်မော၍ ရှေးခေတ်ဘာသာစကားဖြင့် ပြန်ပြောသည်။ လှေပျံထိန်းချုပ်သည့် ရတနာကို လက်ခံရန် ချိုးကျင်အန်းထံ လက်ဆန့်ထုတ်လိုက်သည်။
"မင်းဘာလုပ်နေတာလဲ"
သွားဖြဲရယ်နေသည့် လုယန်ကိုကြည့်၍ ချိုးကျင်အန်း နားမလည်နိုင်အောင်ဖြစ်သွားသည်။ ထာဝရနတ်မယ်ဘာပြောလိုက်သည်ကို သူနားမလည်။ ရှေးဘာသာစကားကို တစ်ကြောင်းတည်းသာသိသည်။
လုယန်ကို သူအကဲခတ်သည်။ ကျင့်စဉ်အဆင့်မမြင့်သော်လည်း ဂိုဏ်းချုပ်နေရာတွင် ရပ်နေသူဖြစ်၍ အရေးပါဆုံးလူသာ ဖြစ်ပေလိမ့်မည်။
ထို့ပြင်..နည်းနည်း မိန်းမဆန်သလိုဖြစ်နေသည်။
"ခုနကပြောလိုက်တယ်မဟုတ်လား။ "မဟာမသေမျိုး၊ ကျုပ်တို့ရဲ့ ပူဇော်ပသမှုကိုခံယူပါ"လို့ လေ။ လှေပျံကို ပေးတာမဟုတ်ဘူးလား"
ဤတစ်ကြိမ်တွင် ထာဝရနတ်မယ် ခေတ်ဘာစကားဖြင့်ပြောသည်။ သူလည်း နားမလည်အောင်ဖြစ်နေသည်။ ထိုလူသည် သူခန့်အပ်မည့် ထာဝရဂိုဏ်း၏ ဒုဂိုဏ်းချုပ်ရာထူးကို လိုချင်ပုံ။
ချိုးကျင်အန်း မျက်ခုံးတစ်ချက်လှုပ်သွားသည်။ ကိုယ်ပြောလိုက်သည့် ရှေးဘာသာစကားအဓိပ္ပါယ်ကို သဘောပေါက်သွားသည်။
ရှေးခေတ်ဘာသာစကားကျွမ်းကျင်သူတစ်ယောက် တွေ့ရသဖြင့် သူအံ့အားသင့်နေသည်။
"ရှေးခေတ်ဘာသာစကားကို မင်းတကယ်နားလည်လို့လား"
သို့သော် သူသင်္ကာမကင်းသေးဘဲ ထပ်မေးသည်။
ထာဝရနတ်မယ် ခဏစဉ်းစားပြီး ဝန်ခံသည်။
"ခင်ဗျားထက်တော့ ပိုနားလည်ပါတယ်"
ချိုးကျင်အန်း စိတ်ပျက်လက်ပျက်ရယ်လိုက်သည်။
"ကောင်လေး၊ စာအုပ်လေးနည်းနည်းဖတ်ရုံနဲ့ ရှေးခေတ်စာပေယဉ်ကျေးမှုကို နားလည်မယ်မထင်နဲ့။ ငါမင်းကို စမ်းသပ်ကြည့်မယ်။..ရှေးခေတ်က."ကောင်းကင်ရုံးတော်" ဆိုတာအကြောင်းမင်းသိလား။ မသေမျိုးတွေကို အဆင့်ခွဲတဲ့စနစ်လေ။ အဲဒီ့စနစ်တွေ ဘယ်လိုခွဲထားလဲသိလား"
သိပ်မကြာသေးမီက ရှေးဟောင်းနယ်မြေတစ်ခုကို စူးစမ်းရင်း မသေမျိုးတစ်ယောက် ရေးထားသည့် ရှေးမှတ်တမ်းတစ်ခု သူအမှတ်မထင်တွေ့ခဲ့သည်။ ရှေးခေတ်မှ ခမ်းနားထည်ဝါမှုများအကြောင်း အသေးစိတ်ဖော်ပြထားသည်။ အထူးသဖြင့် ကောင်းကင်ရုံးတော်အကြောင်း ဖော်ပြသည်။
"လူသားမသေမျိုး၊ မြေမသေမျိုး၊ ကောင်းကင်မသေမျိုး၊ ရွှေမသေမျိုး၊ မဟာရွှေမသေမျိုး၊ ကမ္ဘာဦးမသေမျိုး လိုခွဲ့ထားတဲ့စနစ်လား။ ဒါမှမဟုတ် လူသားမသေမျိုး၊ မြေမသေမျိုး၊ မသေမျိုးဘုရင်၊ မသေမျိုးအဓိပဓိ၊ မသေမျိုးအင်ပါယာ လို့ခွဲတဲ့စနစ်လား။ ပထမစနစ်ကို ယင်ထန်မသေမျိုး သတ်မှတ်ခဲ့တာ။ ဒုတိယစနစ်ကို ချီလင်မသေမျိုးသတ်မှတ်ခဲ့တာ။
ကျုပ်ကတော့ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမ မသေမျိုးလို့ပဲ သတ်မှတ်လိုက်တယ်"
ထာဝရနတ်မယ် ခေါင်းကုတ်၍ပြောသည်။ တစ်ချိန်က အဆင့်ခွဲခြားမှုစနစ်များ သူတို့တီထွင်ခဲ့သည်။ ချိုးကျင်အန်း ဘယ်တစ်ခုကိုတွေ့ခဲ့မှန်း သူသေချာမသိ။
"ပေါက်ကရတွေ လျှောက်မပြောနဲ့။ ဒါက မသေမျိုးတစ်ယောက်ရဲ့စာအုပ်ပဲ။ ဘယ်လိုလုပ် ထင်ရာသတ်မှတ်လို့ရမှာလဲ"
ချိုးကျင်အန်း ဒေါသထွက်သွားသည်။
ထာဝရနတ်မယ် တွေးရခက်သွားသည်။ ထို့နောက် နားလည်လာသည်။
"မသေမျိုးတိုင်း အမှန်ပြောရမယ်လို့ ဘယ်သူပြောလဲ။ ဪ..သဘောပေါက်ပြီ။ ခင်ဗျားတွေ့ခဲ့တာ ယင်ထန်မသေမျိုးရဲ့မှတ်တမ်းဖြစ်မယ်။ သူက အရေးအသားနဲ့ တီထွင်ဉာဏ် အတော်ကောင်းတယ်။
ဒါပေမယ့် ပြောရရင် သူ့စကားတွေကို ယုံလို့မရဘူး။ အားလုံးက အလိမ်အညာတွေပဲ။ သူမသေမျိုးမဖြစ်ခင်က ကျုပ်ကိုတောင် လိမ်ခဲ့တယ်။ ကျုပ်သူ့ကို မြေးတစ်ယောက်ကို ရိုက်သလို လှိမ့်ရိုက်ခဲ့တာ"
ချိုးကျင်အန်း မင်သက်မိနေသည်။ ပေါက်တတ်ကရစကားများ လျှောက်ပြောနေသည်ဟု ယူဆသည်။ သို့သော် ရှေးမှတ်တမ်းစာအုပ်တွင် "ယင်ထန်မသေမျိုး"ဟု တကယ်ရေးထားသည်။
"အဲဒီ့စာအုပ်ကို မင်းမြင်ဖူးလို့လား"
ထာဝရနတ်မယ် ခေါင်းငြိမ့်သည်။
"ယင်ထန်မသေမျိုးရဲ့ စာအုပ်မှာ "ဟောကင်းမသေမျိုး"ဆိုတာရော ပြောထားသေးလား"
လုယန်စိတ်ထင်၍လားတော့မသိ။ ထိုနာမည်သည် မသန်မစွမ်းတစ်ယောက်နာမည်တစ်ခုလို ဖြစ်နေသည်ဟု ထင်မိသည်။
"ကျုပ်ပြောတာမယုံရင် စာအုပ်ကိုထုတ်လိုက်ပါ။ အစစ်အအတု ဘယ်လိုခွဲရမလဲ ကျုပ်ပြမယ်"
သံသယမကင်းသေးသဖြင့် ချိုးကျင်အန်း ရှေးမှတ်တမ်းစာအုပ် ထုတ်လိုက်သည်။ စာအုပ်နာမည်က ခံ့ညားထည်ဝါသည်။ "ကောင်းကင်ကိုအကျဉ်းချခြင်း" ဖြစ်သည်။ စာအုပ်အဖုံးကို သူလက်ညှိုးထိုး၍ ပြောသည်။
"တွေ့လား။ ဒီမှာ ရှင်းရှင်းလင်းလင်း ရေးထားတယ်။ "ယင်ထန်မသေမျိုး ရေးသားသည်"တဲ့။ ယင်ထန်မသေမျိုးက ရေးထားတဲ့မှတ်တမ်းပဲ"
ထာဝရနတ်မယ် ခေါင်းခါသည်။
"'ထန်' နဲ့ 'မသေမျိုး' ကြားမှာ နည်းနည်းဟာနေတာကို ခင်ဗျားသတိမထားမိဘူးလား"
"ဒါက ဘာကွာလို့လဲ"
"ခင်ဗျားဖတ်တဲ့ပုံစံမှားတာပေါ့။ "ယင်ထန်မသေမျိုး ရေးထားသည်"လို့ ခင်ဗျားဖတ်တယ်။ တကယ်က "ယင်ထန် မသေမျိုးရေးသားသည်"ပါ။ ဒီတော့ ဒါကိုရေးတာ "ယင်ထန်" ဆိုတဲ့လူတစ်ယောက်ပဲ။ "ယင်ထန်မသေမျိုး"မဟုတ်ဘူး"
မင်သက်မိနေသည့် ချိုးကျင်အန်းကိုကြည့်၍ မဟာအကြီးအကဲနှင့် တစ်ခြားလူများ ကျိတ်ရယ်ကြသည်။
"ဟားဟားဟား၊ ကျင်အန်း။ ငါပြောဖူးသားပဲ။ မင်းရဲ့ ပေမမီဒေါက်မမီအသိဗဟုသုတလေးတွေကို အမြဲတမ်းထုတ်မကြွားနဲ့ကွ"
မဟာအကြီးအကဲတို့က ကျိတ်ရယ်ကြသော်လည်း ချိုးကျင်အန်းနောက်တွင် ရပ်နေသည့် ရှန်ကွမ်ယုက အသံထွက်၍ ရယ်မောနေသည်။ ချိုးကျင်အန်းကို အရေးမစိုက်။
တာအိုလမ်းစဉ်ဂိုဏ်းမှလူများကို ရှန်ကွမ်ယုက တောင်းပန်စကားဆိုသည်။
"တောင်းပန်ပါတယ်ရှင်။ ရှင်တို့အားလုံးလည်းသိသားပဲ။ ကျင်အန်းက နည်းနည်းမျက်နှာပြောင်တယ်။ သူ့အမှားတွေကို ဘယ်တော့မှဝန်မခံဘူး။ ရှေးဟောင်းဘာသာစကားရဲ့ အဓိပ္ပါယ်မှန်ကို သူနားမလည်လို့ ဒီလိုနားလည်မှုလွဲစရာတွေ ဖြစ်သွားတာပါ။ တောင်းပန်ပါတယ်။..ကျေးဇူးပြုပြီး ဒီလက်ဆောင်တွေကို လက်ခံပေးပါ"
ဓာတ်ငါးမျိုးဂိုဏ်းတပည့်များက ရတနာများ၊ ကျောက်ရိုင်းများ၊ ဆေးဝါးများ နှင့် ကျင့်စဉ်များ လှေပျံပေါ်မှ ချလာသည်။ တစ်ခုချင်းစီက လေလံတင်လျှင် အထူးပစ္စည်း သို့မဟုတ် လေလံပိတ်ပစ္စည်းအဖြစ် တင်ရောင်းနိုင်သည်။ အလွန်တရာ တန်ဖိုးကြီးသည်။
တန်ဖိုးအကြီးဆုံးက သူတို့ဂိုဏ်း၏အထူးပစ္စည်း ဓာတ်ငါးမျိုးကျောက်ရိုင်းများဖြစ်သည်။ ပင်ကိုဓာတ်သတ္တိအရ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ ဟု ငါးမျိုးခွဲခြားထားသည်။ အရောင်ကိုကြည့်၍ ခွဲခြားနိုင်သည်။ တစ်ခုချင်းစီက အတုမဲ့ဓာတ်သတ္တိကို ကိုယ်စားပြုသည်။ ပန်းပဲဆရာများ သဘောကျကြသည်။
ထို့ကြောင့် ပဥ္စမအကြီးအကဲကျိုးရှင်း၏မျက်လုံးများက သားကောင်မြင်သည့် ဝံပုလွေလို လောဘရိပ်သန်းနေသည်။
မသေမျိုးငါးဂိုဏ်းကြား အချင်းချင်းလည်ပတ်ရာတွင် အထူးလက်ဆောင်များ အမြဲယူလာလေ့ရှိသည်။
ဥပမာ လသံလွင်နန်းတော်က သံလွင်သစ်ကိုင်းနှင့် လစွမ်းအင်သန္ဓေများ လက်ဆောင်အဖြစ် ယူလာတတ်သည်။
စွန်စီးဘုံကျောင်းက ဗုဒ္ဓကျမ်းစာများ အထွတ်အမြတ်ဗုဒ္ဓရတနာများ ယူလာသည်။
ထောင်ချုပ်ဂိုဏ်းက ယဉ်ပါးအောင်လုပ်ထားသည့် သရဲဝိညာဉ်များ မင်စားများ ယူလာသည်။
တာအိုလမ်းစဉ်ဂိုဏ်းက (အထူးသဖြင့် တာအိုရှင်ဝစီပိတ်ရှိစဉ်က) အတော်ထူးခြားသည်။ သိုမဟုတ် အတော်သမရိုးကျဆန်သည်။
ဥပမာ လသံလွင်နန်းတော်သို့ ထိပ်တန်းအလောင်းသန့်စင်ကျင်စဉ်များ လသံလွင်နန်းတော်သို့ လက်ဆောင်ပို့သည်။ ထိုကျင့်စဉ်မျိုးကို ကျွမ်းကျင်လျှင် ခန္ဓာကိုယ်က သံမဏိလိုမာကျောမည်။ အရေပြားက ကြေးနီရောင်သန်းလာမည်။ ထို့ကြောင့် ထစ်ခနဲရှိ တိုက်တတ်ခိုက်တတ်သည့် လသံလွင်နန်းတော်ဂိုဏ်းဝင်များ ဒေါသထွက်ကြသည်။
ထိုကျင့်စဉ်မျိုးကို မိန်းကလေးများလေ့ကျင့်လျှင် ဘယ်လိုမြင်ကြမည်နည်း။
တစ်ခါက စွန်စီးဘုံကျောင်းသို့ ကာလအတော်ကြာကွယ်ပျောက်နေသည့် ဝစီပိတ်တရားထိုင်နည်းကျင့်စဉ်တစ်ခု လက်ဆောင်ပို့သည်။ တာအိုရှင်ဝစီပိတ်က ကိုယ်တိုင်ကျင့်ကြံဖူးကြောင်း ကြီးမားသည့်အကျိုးထူးရကြောင်းပင် အတည်ပြုသည်။
ကျောင်းထိုင်ကိုယ်တော် နှစ်ခါရယ်သည်။ အကယ်၍ ထိုအရူး ထိုကျင့်စဉ်ကို လေ့ကျင့်အောင်မြင်ခဲ့လျှင် "တာအိုရှင်ဝစီပိတ်"ဟူသည့်နာမည်ကို ရလိမ့်မည် သူမထင်။
တာအိုရှင်ဝစီပိတ်က တကယ်ကျင့်စဉ်နည်းကောင်းဖြစ်ကြောင် အထပ်ထပ်ပြောသည်။ ထို့ကြောင့် မယုံမရဲဖြင့် ကျောင်းထိုင်ကိုယ်တော် လေ့ကျင့်ကြည့်သည်။
နောက်ပိုင်းတွင် ထိုကိုယ်တော်စကားပြောလိုက်တိုင်း ကြက်သွန်ဖြူနံ့ထွက်လာသည်။ သူ့ဘေးပတ်လည်မှလူအားလုံး သူ့ကိုစကားမပြောရန် တိုက်တွန်းကြသည်။
တာအိုရှင်ဝစီပိတ်က ရှင်းပြသည်။
"တစ်ခြားလူတွေ ကိုယ့်ကိုစကားမပြောစေချင်အောင်လုပ်တာ ဝစီပိတ်ကျင့်စဉ်ပဲမဟုတ်လား"
ကျောင်းထိုင်ကိုယ်တော် ဒေါသထွက်လွန်းသဖြင့် ဗုဒ္ဓအသွင်ပြောင်းပြီး ပြဿနာကောင် တာအိုရှင်ဝစီပိတ်ကို နှိပ်ကွပ်သည်။
****************************************************