တရားလွန်လွန်းသည်
Vol. 11 Ch. 163
ယွမ်ကျိ ယာယီဂိုဏ်းချုပ် ဖြစ်လာပြီးနောက် ရိုးရာထုံးစံအတိုင်း တစ်ခြားမသေမျိုးလေးဂိုဏ်းသို့ သွားလည်သည်။ အထူးလက်ဆောင်တစ်ခုယူသွားသည်။ တာအိုရှင်ဝစီပိတ် တံခါးပိတ်ကျင့်ကြံသွားသဖြင့် တာအိုလမ်းစဉ်ဂိုဏ်းကို သူဦးစီးမည်ဟူသည့် သတင်းဖြစ်သည်။
တစ်ခြားဂိုဏ်းလေးဂိုဏ်းအတွက် ထိုသတင်းထက် ပျော်စရာကောင်းသည့်လက်ဆောင် မရှိ။ အရူးတစ်ယောက်နှင့် ဆက်ဆံရသည့်ဒုက္ခမှ ကင်းလွတ်သွားသည်။
ထို့ပြင် ယွမ်ကျိ ဂိုဏ်းချုပ်လုပ်နေလျှင် ဂိုဏ်းတပည့်တို့ လှုပ်ရှားမှုများတွင် ဝင်ပါ၍မရသည့်သဘောဆောင်သည်။
မသေမျိုးငါးဂိုဏ်းက တပည့်များအတွက် ရှေးဟောင်းနယ်မြေများ စူးစမ်းရှာဖွေပွဲများ စီစဉ်ပေးလေ့ရှိသည်။ သို့သော် ယွမ်ကျိပေါ်လာပြီးနောက်ပိုင်း ထိုပွဲများ စီစဉ်နေစရာမလိုတော့။ ကျန်လေးဂိုဏ်း အတော်အရှက်ရမည့်ကိစ္စဖြစ်သည်။ ပွဲစီစဉ်ခြင်းထက် ယွမ်ကျိကို ဆုလာဒ်များလွှဲပေးလိုက်ခြင်းက အချိန်ကုန်ပိုသက်သာသည်။
မိန်းမလှရှန်ကွမ်ယုကို မြင်သည်နှင့် ဒုအကြီးအကဲလောင်ပါး၏မျက်လုံးများ အရောင်တောက်လာသည်။
ရှန်ကွမ်ယုက ငြင်းပယ်ခဲ့သော်လည်း ထိုမိန်းမလှကို သူမမေ့နိုင်သေး။
သူ့အကြည့်ကို သတိထားမိသဖြင့် ချိုးကျင်အန်း ရှေ့တက်လာပြီး မျက်နှာနှာတင်းတင်းဖြင့် သူ့မြင်ကွင်းကိုပိတ်ရပ်သည်။
"ပြိုင်ပွဲ ဘယ်အချိန်စမှာလဲ"
"အစီအစဉ်အရ အဖွင့်ကြိုဆိုပွဲနဲ့ အစားအသောက်ဧည့်ခံပွဲ အရင်လာပါမယ်။ ပြီးမှ ပြိုင်ပွဲပါ"
အတော်စနစ်ကျသည်ဟု ချိုးကျင်အန်း တွေးလိုက်သည်။ ယွမ်ကျိ၏အစီအစဉ်က ဟိုခွေးသူတောင်းစား တာအိုရှင်ဝစီပိတ်ထက် ပိုကောင်းသည်။
နောက်ဆုံးတစ်ကြိမ် တာအိုလမ်းစဉ်ဂိုဏ်းသို့ သူလာလည်ချိန်တွင် တာအိုဝစီပိတ်က သူ့ပုခုံးကိုချက်ချင်းဖက်၍ "ညီလေး၊ သွားစို့။ ဆောင်ကြာမြိုင်မှာ သွားကဲရအောင်။ ငါငွေစိုက်ပါ့မယ်" ဟု ပြောခဲ့သည်။
ကျိုးချင်အန်း တာအိုရှင်ဝစီပိတ်ကို ထိုနေ့ရာမှာပင် ချက်ချင်းတွန်းဖယ်ပစ်လိုက်သည်။
လူအားလုံးရှေ့တွင် ထိုစကားမျိုးပြောသင့်သလော။ ရှန်ကွမ်ယုလည်း ကြည့်နေသည်။
"ဟော..ရှေးဟောင်းစာပေနားလည်တဲ့ဟိုကောင်လေး ဘယ်ရောက်သွားပြီလဲ"
လုယန်နှင့် ရှေးဟောင်းလျှို့ဝှက်ချက်တစ်ချို့အကြောင်း သူဆွေးနွေးချင်သေးသည်။ "စကားလုံးမှော်ပညာ"တတ်ကျွမ်းသည့် နောက်ဆုံးလူသား ဘယ်လိုသေသွားသည်ကို သူသိလိုသည်။ ယင်ထန်မသေမျိုးမွေးဖွားသည့်နေ့က ရာသီဥတုသာယာခဲ့သလား၊ ထို့ကြောင့် ထိုနာမည်ပေးခဲ့သလား သူသိချင်သည်။
(ယင်ထန် = ကောင်းကင်အလိုအရ)
"သူ အစားအသောက်ပြင်ဆင်ဖို့ ထွက်သွားတာပါ"
မဟာအကြီးအကဲ ရှင်းပြသည်။
"ဪ"
ချိုးကျင်အန်း သိပ်မတွေးတော့။
စင်မြင်ထက်တွင် နှစ်ဘက်ဂိုဏ်းတပည့်များ အတူရပ်၍ ခေါင်းဆောင်များ မိန့်ခွန်းပြောသည်ကို နားထောင်ကြသည်။
မကြာမီ သူတို့အိပ်ငိုက်လာသည်။
မဟာအကြီးအကဲက လုယန်ရေးပေးသည့် မိန့်ခွန်းစာကို ဖတ်သည်။
"မသေမျိုးငါးဂိုဏ်းနှင့်အတူ ရှေ့ဆက်လက်တွဲချီတက်ဖို့၊ တာအိုလမ်းစဉ်ဂိုဏ်းနဲ့ ဓာတ်ငါးမျိုးဂိုဏ်းကြား နှီးနှောဖလှယ်ပွဲကို တိုးမြှင့်ဖို့၊ မသေမျိုးငါးဂိုဏ်းကြားက ရင်းနှီးမှုခိုင်မာဖို့၊ အခြေခိုင်မာဖို့၊ အပြန်အလှန်အကျိုးရစေဖို့နဲ့ပတ်သက်ပြီး ကျုပ်ဆွေးနွေးတင်ပြချင်တဲ့အချက် ငါးချက်ရှိပါတယ်။
ပထမတစ်ချက်က...မသေမျိုးငါးဂိုဏ်း ရှေ့ဆက်လက်တွဲချီတက်ဖို့ဆိုတာ သမိုင်းအတွက်ရော လက်တွေ့အခြေအနေအတွက်ပါ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ရှေးဟောင်းခေတ် (မဟာကပ်) တစ်ကျော့ပြန်ရောက်ပြီး ရှေးဟောင်းကျင့်ကြံသူတွေ ပြန်ရှင်သန်လာတာနဲ့အမျှ အလယ်ပိုင်းတိုက်နယ်ဟာ ပြင်းထန်တဲ့အခြေအနေ၊ ခန့်မှန်းမရတဲ့ အန္တရာယ်တွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မသေမျိုးငါးဂိုဏ်း စည်းလုံးနေသင့်တယ်။ စည်းလုံးနေရပါမယ်...."
ချိုးကျင်အန်း အံ့အားသင့်သွားသည်။ ပြီးခဲ့သည့်တစ်ကြိမ်ကနှင့် မိန့်ခွန်းစကားများ ကွဲလွဲမည်ဟု တွေးထားသော်လည်း ထိုမျှလောက်တော့ ထင်မထားခဲ့။
ပြီးခဲ့သည့်တစ်ခေါက်က တာအိုရှင်ဝစီပိတ် ဝါကျနှစ်ကြောင်းသာပြောသည်။ 'ဓာတ်ငါးမျိုးဂိုဏ်းကိုကြိုဆိုပါတယ်။ အားလုံး ကိုယ့်စိတ်ကြိုက်နေနိုင်ပါတယ်'
ချိုးကျင်အန်းပြောရမည့်အလှည့်တွင် ချောင်းတစ်ချက်ဟန့်လျက် အသံကျယ်ကျယ်ပြောသည်။
"တောက်ပပြီး အားသစ်ပြန်မွေးဖွားလာတဲ့ ဒီလိုရာသီမှာ ကျင့်ကြံသူလောကရဲ့ ခေတ်အမီဆုံး အတွေးအမြင်တွေကို လက်တွေ့လေ့လာဖို့ တာအိုလမ်းစဉ်ဂိုဏ်းကို လာလည်ခွင့်ရတဲ့အတွက် ကျုပ်တို့ဂုဏ်ယူပါတယ်။ တကယ်လည်း အမြင်ကျယ်စရာဖြစ်ပါတယ်..."
ခေါင်းဆောင်နှစ်ယောက် မိန့်ခွန်းတစ်လှည့်စီပြောပြီးနောက် အောက်ဘက်မှ လက်ခုပ်သံများ ခပ်ကျဲကျဲပေါ်လာသည်။ အဋ္ဌမအကြီးအကဲစကားနှင့်ပြောလျှင် 'ဆီးကုန်အောင်မသွားနိုင်'သကဲ့သို့ ဖြစ်နေသည်။
စင်မြင့်ပေါ်တွင် နှစ်ဘက်ခေါင်းဆောင်များ လက်ဆွဲနှုတ်ဆက်ကြသည်။
"သခင်ချိုး၊ ဒီဖလှယ်ပွဲအတွင်း ခင်ဗျားဆီကနေ သင်ယူနိုင်ဖို့ ကျုပ်တို့မျှော်လင့်ပါတယ်"
"မဟာအကြီးအကဲက နောက်နေတာပဲ။ ကျုပ်တို့ကိုသက်ညှာပေးပါ"
မဟာအကြီးအကဲနှင့် ချိုးကျင်အန်းတို့ နှစ်လိုဖွယ်ပြုံးနေကြသည်။ အပြင်လူများမမြင်အောင် ဖုံးကွယ်ထားသည့် အတွေးလှိုင်းများဖြင့် သိစိတ်အာရုံမှ ဆက်သွယ်နေကြသည်။
"ချိုးကျင်အန်း၊ မင်းတို့ဓာတ်ငါးမျိုးဂိုဏ်းကိုသာ ပြန်လိုက်ပါကွာ။ ငါတို့ဂိုဏ်းက မင်းကိုမကြိုဆိုဘူး။ မင်းရဲ့ရူးကြောင်ကြောင်မျက်နှာကို ပြန်ကြည့်လိုက်ဦး။ ငါတို့မောင်နှမကိုးယောက် မင်းကိုဘယ်လိုအနိုင်ယူခဲ့သလဲဆိုတာ မေ့သွားပြီလား"
"ကိုးယောက်တစ်ယောက် ဝိုင်းတိုက်တာလေ။ မင်းတို့ဂိုဏ်းက အရှက်တရားဆိုတာ လုံးဝမရှိဘူး။ နတ်ဆိုးသရဲတွေစုနေတဲ့မင်းတို့ဂိုဏ်းကို ငါလာချင်လွန်းလို့လာတယ်ထင်နေလား။ စောင့်ကြည့်လိုက်ပါ။ မင်းတို့ကို အနိုင်ယူပြီး ကျင့်ကြံသူလောကမှာ အောင်ပွဲသတင်းဖြန့်မယ်ကွ"
အများအမြင်တွင် သူတို့နှစ်ယောက်လုံး ရိုးသားသည့်အပြုံးမျိုးဖြင့် စကားပြောနေသည်။
"သခင်ချိုး၊ ကျုပ်တို့ နေ့လည်စာသွားစားကြတော့မလား"
"ဟားဟား၊ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ အစကားအသောက်တွေက ပြိုင်ဘက်ကင်းပဲလို့ ကျုပ်ကြားဖူးတယ်။ ဒီနေ့တော့ ကျုပ်တကယ်အမြင်ကျယ်ခွင့်ရတော့မယ်"
သူတို့အဖွဲ့ စားသောက်ခန်းမသို့သွားသည့်လမ်းတွင် မုန့်ချောင်းဖြင့် သံရိုက်နေသည့်တပည့်တစ်ယောက်ကို ချိုးကျင်အန်းမြင်ရသည်။ မီးပွားများဘေးပတ်လည်သို့ လွင့်ထွက်နေသည်။
နောက်တပည့်တစ်ယောက်က ပေါက်စီးတစ်လုံးကို လေထဲသို့ လွှင့်မြှောက်လိုက်သည်။ ချက်ချင်းပြန့်ကား၍ ကောင်းကင်ကိုဖုံးအုပ်သွားသည်။
နောက်တစ်ယောက်က ကြက်ဥစွပ်ပြုတ်လုပ်နေသည်။ ထည့်သည့်ငွေအိုးက ချက်ချင်းအနက်ရောင်ပြောင်းသွားပြီး တဖြေးဖြေးအရေပျော်လာသည်။ ကြက်ဥစွပ်ပြုတ်က အစိမ်းရောင်အရည်တစ်စက်အဖြစ် ပြောင်းသွားသည်။
တကယ်အမြင်ကျယ်ရသည့် မြင်ကွင်းမျိုးဖြစ်သည်။
တာအိုလမ်းစဉ်ဂိုဏ်းက သူ့ကို ထိုအစားအသောက်မျိုး ကျွေးကြမည်လားမသိ။
ချိုးကျင်အန်း စိတ်မသက်မသာဖြစ်နေသည်။ ထိုကံကြမ္မာမျိုး သူမကြုံသင့်။
နောက်ဆုံးတွင် အလွန်တရာခမ်းနားသည့် စားသောက်ဆိုင်သို့ရောက်လာသည်။ အဝေးမှပင် အနံ့များကြိုင်လှိုင်နေသည်။ အရောင်စုံ၊ ရနံ့စုံ၊ အရသာစုံ အစားအသောက်များ ချိုးကျင်အန်းမြင်ကွင်းရှေ့တွင် ပေါ်လာသည်။
"တာအိုလမ်းစဉ်ဂိုဏ်းကို ငါအကဲဖြတ်မှားခဲ့ပုံပဲ"
သူကျိတ်၍ သက်ပြင်းချသည်။
ထာဝရနတ်မယ်က စားဖိုမှုဝတ်စုံဖြင့် စားပွဲရှေ့သို့ ရောက်လာသည်။
အစားအသောက်များကို တစ်ခုချင်းမိတ်ဆက်ပေးသည်။
"အသားညှပ်တို့ဟူး။ မြောက်ပိုင်းနယ်က ရေခဲဆင်ရဲ့ ကျောရိုးသားနဲ့ ဆေးစိုက်ခင်းရတဲ့ မနက်ခင်းနှင်းရည်ကို ရှေးဟောင်းနည်းစနစ်တစ်မျိုးသုံးပြီး ပေါင်းစပ်ထားတယ်။ အံ့ဩစရာအာနိသင်မျိုးရှိပါတယ်"
ထာဝရနတ်မယ် ဧည့်သည်များအမူအရာကို လှမ်းကြည့်သည်။
"မြည်းကြည့်ပါဦး"
ချိုးကျင်အန်း ဟင်းခွက်တစ်ခုကို အဖုံးလှပ်လိုက်သည်။ ရွှေရောင်အလင်းတန်းတစ်ခု ထိုးထွက်လာသည်။ မျက်လုံးကန်းမတတ်ဖြစ်သွားသည်။ သာယာသည့်ဂီတသံလည်း သူ့နားထဲတွင် ကြားနေရသည်။
ခေါင်းလှည့်ကြည့်လိုက်သည်။ လူတစ်စု သီဆိုဖျော်ဖြေနေသည်ကို မြင်ရသည်။
"ဒါကဘာလဲ"
"ဂီတပါ၊ ပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးပေးထားတာ"
ထာဝရနတ်မယ် ရှင်းပြသည်။
သိပ်တွေးမနေတော့ဘဲ ချိုးကျင်အန်း တူတစ်စုံကောက်ကိုင်၍ တိုဟူးတုံးကို ညှပ်လိုက်သည်။ တူနှစ်ချောင်းထိသည့်နေရာမှ အငွေ့များထွက်လာပြီး ချက်ချင်းအရည်ပျော်သွားသည်။
တို့ဟူးတုံးက ဖုတ်ခနဲ အောက်သို့ပြန်ပြုတ်ကျသွားသည်။
ချိုးကျင်အန်း မျက်တောင်တဖျတ်ဖျတ်ခတ်နေသည်။ အာရုံမှားသည်ဟု ထင်မိမတတ်ဖြစ်နေသည်။
ထာဝရနတ်မယ်က သတိပေးသည်။
"မြန်မြန်စားလိုက်တာ ပိုကောင်းမယ်။ ခဏနေရင် အသားညှပ်တို့ဟူးကြောင့် ဟင်းခွက်ရော စားပွဲရော အရည်ပျော်ကျသွားတော့မှာ"
စားပွဲမှောက်လှန်ပစ်ချင်စိတ်ကိုထိန်း၍ ချိုးကျင်အန်း နောက်ဟင်းတစ်ခွက်ဖွင့်ကြည့်သည်။
လက်ဖက်ရည်ခွက်ငယ်တစ်ခု၏အဖုံးကို သူလှပ်ကြည့်သည်။ လက်ဖက်ရွက်နှစ်ခု ထိပ်တွင်ပေါလောပေါ်နေသည့် မလိုင်ငါးဟင်းချိုဖြစ်သည်။ ပို၍အရသာထူးအောင် လုပ်ထားခြင်းဖြစ်သည်။
ထာဝရနတ်မယ် ရှင်းပြသည်။
"ထိုင်ရေကန်မှာ မိုးပြာငါးဆိုတဲ့ ရှေးဟောင်းငါးမျိုးစိတ်တစ်ခုရှိတယ်။ ဒီငါးကို ရေထဲကထုတ်ပြီးတာနဲ့ မြန်မြန်ချက်ပြုတ်ရတယ်။ မဟုတ်ရင် သုံးနာရီအတွင်း ငါးကပုပ်ဆွေးသွားတယ်။ ဒီငါးကို အရုဏ်တက်ချိန်တုန်းကဖမ်းပြီး ငါးရဲ့လတ်ဆတ်မှုမပျက်ဘဲ အကောင်းဆုံးအနေထားရောက်အောင် သေချာချက်ပြုတ်ထားတာ။ မြည့်ကြည့်ပါ"
ထို့နောက် အစိမ်းရောင်ငါးလေးတစ်ကောင် စွတ်ပြုတ်ရည်ထဲ ရှေ့ပြန်နောက်ပြန် ခုန်ကူး၍ လှိုင်းကလေးများထလာသည်ကို ချိုးကျင်အန်းမြင်ရသည်။ ဟင်းချိုရည်တစ်စက်ပင် သူ့မျက်နှာပေါ် စင်ကျလာသည်။
"...ဒီငါးက နည်းနည်းအသက်ဝင်လွန်းသလို ဖြစ်နေပါလား"
စားပွဲမှောက်လှန်ပစ်ချင်စိတ် နောက်တစ်ကြိမ်ပေါ်လာပြန်သည်။
ထာဝရနတ်မယ်က ပြောသည်။
"ဒီငါးက အသက်မရှိတော့ပါဘူး။ မိုးပြာငါးရိုးကနေ ရှေးဟောင်းနည်းလမ်းတစ်ခုနဲ့ ဖန်တီးထားတဲ့ ငါးဝိညာဉ်ပါ။ ဇွန်းနဲ့ ပုတ်လိုက်ရုံပါပဲ။ သူ့ဘာသာ ပျော်ဝင်သွားပါလိမ့်မယ်"
ချိုးကျင်အန်း သတိထား၍ ဇွန်းဖြင့်ပုတ်လိုက်သည်။ ငါးစိမ်းက စွတ်ပြုတ်ရည်ထဲ တကယ်ပျော်ဝင်သွားသည်။ ပို၍ရနံ့မွှေးလာသည်။
လုယန်အပေါ် အထင်မှားခဲ့ခြင်းဖြစ်မည်ဟု ချိုးကျင်အန်း တွေးလိုက်သည်။
သူတစ်ငုံသောက်လိုက်သည်။ ထို့နောက် ချက်ချင်းပြန်ထွေးထုတ်သည်။
"ငန်လိုက်တာကွာ။ မင်း ဆားဘယ်လောက်များထည့်ထားတာလဲ"
ထာဝရနတ်မယ် တွေးတွေးဆဆဖြေသည်။
"စက္ကန့်နှစ်ဆယ်လောက်ပါ"
ချိုးကျင်အန်း စားပွဲကိုဝုန်းခနဲရိုက်၍ ထရပ်လာပြီး အော်ဟစ်လိုက်သည်။
"တာအိုလမ်းစည်ဂိုဏ်း၊ မင်းတို့ တရားလွန်လွန်းသွားပြီကွ"
******************************************