← Chapters

အတော်ဆုံးတပည့်ကို ထုတ်လိုက်ပါ

Vol. 11 Ch. 164

အတော်ဆုံးတပည့်ကို ထုတ်လိုက်ပါ

Vol. 11 Ch. 164

ချိုးကျင်အန်း စားပွဲကို မှောက်လှန်ပစ်သည်။ အစားအသောက်များ ကြမ်းပြင်ပေါ်ကျသွားသည်။ တရှဲရှဲအသံမြည်၍ ကြမ်းပြင်ဘုတ်ပြားများကို တိုက်စားသွားသည်။ ဘေးမှရပ်ကြည့်နေသူများ မျက်ခုံးလှုပ်သွားကြသည်။

အပြင်လောကအမြင်အရ ချိုးကျင်အန်းသည် လူရည်မွန်တစ်ယောက်ဖြစ်သည်။ သာမန်လူများ၊ ကျင့်ကြံသူများနှင့် ရင်းရင်းနှီးနှီး စကားစမြည်ပြောတတ်သည်။ ခွဲခြားဆက်ဆံခြင်းမရှိ။ အမှန်တကယ်လည်း သူသည် ထိုသို့လူစားမျိုးဖြစ်သည်။

သို့သော် တာအိုလမ်းစဉ်ဂိုဏ်းသည် သူ့ဒေါသကို အလွယ်တကူနှိုးဆွနိုင်သည့် သဘာဝရန်သူဖြစ်သည်။

တစ်နည်းဆိုရလျှင် တာအိုလမ်းစဉ်ဂိုဏ်းက သူ့ကို ရှေးခေတ်မသေမျိုးလေးယောက်ကို တလေးတစားဆက်ဆံခဲ့ခြင်းဖြစ်သည်။

မှန်သည်။ ရှေးခေတ်မသေမျိုးလေးယောက်သာ ပဲဝါ၏ ဟင်းချက်လက်ရာကို မြည်းစမ်းဖို့ ထိုက်တန်သည်။

သိစိတ်နယ်မြေထဲမှလုယန် ကျောရိုးထဲစိမ့်တက်သွားသည်။ ရှေးခေတ်မသေမျိုးလေးယောက် ပဲဝါချက်ပြုတ်သည့်ဟင်းကို မစားသည်မှာ အကြောင်းရင်းတစ်ခုရှိကြောင်း နားလည်လာသည်။

ပဲဝါ ချက်ပြုတ်နေစဉ်က လုယန်၏ အမြင်အာရုံကို ပိတ်ဆို့ထားခဲ့သည်။ ရှေးခေတ်လျှို့ဝှက်ပညာဖြစ်၍ သင်ယူခွင့်မရှိဟုပြောသည်။

ထိုအချိန်ကတည်းက လုယန် စိတ်လေးနေခဲ့သည်။ ယခု ထင်သည့်အတိုင်းဖြစ်လာသည်။

ဟင်းနှစ်ခွက်သာ ဖွင့်ကြည့်ခဲ့သေး၍ဖြစ်သည်။ ပဲဝါက စုစုပေါင်းဟင်းရှစ်ခွက် ပြင်ဆင်ထားသည်။ နောက်ထပ်ဖွင့်ကြည့်လျှင် ဘယ်လိုမကောင်းဆိုးဝါးနတ်ဆိုးများ ထွက်လာဦးမည်မသိ။

သို့သော် ထိုအချက်က အရေးမကြီးပါ။ အရေးကြီးသည်က ပဲဝါနတ်မယ်သည် ကိစ္စအားလုံးကို သူ့ရုပ်ခန္ဓာဖြင့် လုပ်နေခြင်းဖြစ်သည်။ အပြင်လူအမြင်တွင် သူကိုယ်တိုင်လုပ်သလိုဖြစ်နေသည်။ ပြီးခဲ့သည့်နှစ်ရက်ဆက်တိုက် ယာယီဂိုဏ်းချုပ်ရာထူးအရှိန်ဖြင့် သူ့ထက်အဆင့်မြင့်သည့် ဂိုဏ်းတပည့်များကို ပဲဝါ စိန်ခေါ်ခဲ့သည်။ လူဘယ်လောက်များများ လုယန်ကို မုန်ကြမည်မသည်။ ယခု နောက်ထပ်အမုန်းလှိုင်းတံပိုးတစ်ခု အစပျိုးလိုက်ပြန်သည်။

ဘယ်လိုအတိတ်အကုသိုလ်ကံကြောင့် ပဲဝါနတ်မယ်၏ နာမည်စစ်ကို သူရေရွတ်မိပြီး ပြန်အသက်သွင်းခဲ့မိသည်မသိ။

မသေမျိုးတစ်ယောက်ကို အသက်သွင်းမိသည့်ကံအမှုက တောင်တန်းတစ်ခုစာမျှ ကြီးမားသည်။ ထိုကံအကျိုးဆက်ကို သူခံနိုင်ရှိဖို့မလွယ်။

နောက်ကွယ်မှကြိုးကိုင်သူက ထာဝရနတ်မယ်ကို ကိုယ်တိုင်အသက်ပြန်မသွင်းခဲ့သည်မှာလည်း ထိုအကြောင်းကြောင့်ဖြစ်သည်။

ချိုးကျင်အန်း‌‌ဒေါသထွက်နေသည်ကိုကြည့်၍ မဟာအကြီးအကဲတို့လူစု ကျိတ်၍သက်ပြင်းချကြသည်။ တစ်ယောက်နှင့်တစ်ယောက် သိစိတ်အာရုံမှတစ်ဆင့် လှမ်းပြောနေသည်။

"ငါတို့ဂိုဏ်းက ကျင့်ဝတ်သိက္ခာကိုထိန်းပြီး ဓာတ်ငါးမျိုးဂိုဏ်းကို အရင်စားခွင့်ပေးခဲ့တာ ကံကောင်းလို့ပေါ့ကွာ။ မဟုတ်ရင် ကံဆိုးတဲ့လူက ငါတို့ဖြစ်မှာ"

"ရှောင်လုက တကယ်အလိုက်သိတယ်။ ဓာတ်ငါးမျိုးဂိုဏ်းကို သူမမုန်းဘူး။ ဒါပေမယ့် ငါတို့နဲ့ ပြဿနာဖြစ်ဖူးတယ်လို့ကြားတော့ သူချက်ချင်းလှုပ်ရှားတယ်။ ချိုးကျင်အန်းကို သင်ခန်းစာပေးတယ်။ တကယ်လိမ္မာတဲ့ကလေးပဲ"

ဓာတ်ငါးမျိုးဂိုဏ်းတပည့်များလည်း ပြန်ဆွေးနွေးသုံးသပ်နေကြသည်။

"ကျင့်ဝတ်တွေကို လိုက်နာရတာကို ငါအမြဲမုန်းတာ။ ဟောင်းနွမ်းတဲ့ ဓလေ့တွေလို့ပဲ အမြဲတွေးခဲ့တာ။ ဒါပေမယ့်အခုကြည့်ရသလောက် ရှေးဓလေ့ကျင့်ဝတတ်တွေက အကြောင်းမဲ့တော့မဟုတ်ဘူး။ သက်ကြီးဝါကြီးတွေပဲ အရင်စားသင့်ပါတယ်"

"အကြီးအကဲတွေက ငါတို့ထက်အရင် အဆိပ်ရှိမရှိ အရင်မြည်းကြည့်ပေးတယ်။ ဒါဟာ ရှေးလူကြီးတွေရဲ့ ဉာဏ်ပညာပဲ"

"ဂိုဏ်းချုပ်က သူ့အသက်နဲ့ရင်းပြီး အဆိပ်ရှိမရှိ အရင်မြည်းကြည့်ပေးတယ်။ တကယ်အတုယူထိုက်တဲ့စိတ်ဓာတ်ပါလား"

"တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဆေးလုံးတွေ အဆိပ်တွေဟာ ပြိုင်ဘက်ကင်းတယ်လို့ ငါကြားဖူးတယ်။ ဒီနေ့တော့ တကယ်မြင်ဖူးသွားပြီ"

"တစ်ခြားလူတွေက အစာကိုအဆိပ်ခတ်ကြတာ။ ဒါက အဆိပ်နဲ့ အစာချက်တာပဲ"

ချိုးကျင်အန်း စားသောက်နေချိန်တွင် လောင်ပါးက ရှန်ကွမ်ယုနားသို့ ကပ်နေသည်။

"နတ်သမီးယု၊ မတွေ့ရတာ အတော်ကြာပြီနော်။ မင်းက အခုထိလှနေတုန်းပဲ"

ရှန်ကွမ်ယုက ဒုအကြီးအကဲကို တည်ငြိမ်စွာပြန်ကြည့်သည်။

"ရှောင်ပါး၊ ကျွန်မတို့ကြားမှာ ဒီလိုမျိုးမဖြစ်နိုင်ဘူး။ မသင့်တော်ဘူး။ ရှင်လက်လျှော့သင့်ပြီ"

လောင်ပါး ဂဏာမငြိမ်ဖြစ်လာသည်။

"ငါ့မှာ ချို့ယွင်းချက်တစ်ခုခုရှိလို့လား။ ငါပြုပြင်နိုင်ပါတယ်"

ရှန်ကွမ်ယု ခေါင်းခါသည်။ ဘာမှထပ်မပြောတော့ဘဲ လောင်ပါးနှင့် ခပ်လှမ်းလှမ်းသို့ ခွာသွားသည်။

"ကျုပ်တို့အားလုံး အစာစားဖို့မလိုဘူး။ ဒီစားသောက်ပွဲလည်း မလိုအပ်ဘူး။ အားလုံးက လောကဝတ်တွေပါပဲ။ တပည့်တွေကို အခုချက်ချင်း ယှဉ်ပြိုင်ခိုင်းတာက ပိုကောင်းပါတယ်"

ချိုးကျင်အန်း ဟန်ဆောင်မနေတော့။ လာရင်းရည်ရွယ်ချက်ကို တန်းပြောသည်။

"အဲလိုဖြစ်သင့်ပါတယ်။ ကျုပ်တို့က ပြိုင်ပွဲကို အဆင့်လေးဆင့်ခွဲဖို့ စီစဉ်ထားပါတယ်။ အခြေတည်အဆင့်၊ ရွှေသန္ဓေအဆင့်၊ နတ်ဝိညာဉ်အဆင့်နဲ့ ဝိညာဉ်ပြောင်းအဆင့်ပေါ့။ အဆင့်လိုက်ပြိုင်ဖို့ပါ"

မဟာအကြီးအကဲက ပြန်ပြောသည်။

ချိုးကျင်အန်း လှောင်ပြုံးပြုံးသည်။ ယွမ်ကျိဝင်ပြိုင်စရာမလိုအောင် တာအိုလမ်းစဉ်းဂိုဏ်းဘက်မှ အဆင့်လိုက်ပြိုင်ဖို့ စီစဉ်ထားခြင်းဖြစ်မည်။ ဟန်ပါပါအမူအရာဖြင့် သူပြောလိုက်သည်။

"ကျုပ်ဘက်က တောင်းဆိုစရာတစ်ခုပဲရှိတယ်။ ခင်ဗျားတို့ဂိုဏ်းက အတော်ဆုံးတပည့်ကို ကျုပ်တို့ဂိုဏ်းက အတော်ဆုံးတပည့်နဲ့ ယှဉ်ပြိုင်ခိုင်းကြမယ်။ တိုက်ပွဲတစ်ပွဲနဲ့ အရှုံးအနိုင်ကိုဆုံးဖြတ်မယ်။ ဘယ်လိုသဘောရလဲ"

မဟာအကြီးအကဲ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ ယွမ်ကျိ ဓာတ်ငါးမျိုးဂိုဏ်းကို အပြတ်အသတ်အနိုင်ယူခဲ့သည့် မြင်ကွင်းမျိုး ထပ်ဖြစ်လာမည်ကို စိုးရိမ်သည်။

"အဲဒါတော့ မကောင်းလောက်ဘူး။ ကျုပ်တို့က အားလုံးစီစဉ်ထားပြီးသားပါ။ ခင်ဗျားတို့ ဆိုးဆိုးဝါးဝါးရှုံးရင် ကြည့်ကောင်းမှာမဟုတ်ဘူး"

အနည်းဆုံးတော့ တာအိုလမ်းစဉ်ဂိုဏ်းထဲတွင် ချိုးကျင်အန်းကို အဆုံးစွန်ထိ ဒေါသထွက်အောင် တကယ်မလုပ်ချင်။

အကြီးအကဲက ထိုသို့ပြောသဖြင့် ချိုးကျင်အန်းစိတ်ထဲ သူ့အတွေးမှန်ပြီဟု ယူဆလိုက်သည်။

"သိက္ခာအတွက်လား။ ကျင့်ကြံသူတွေကြားမှာ စွမ်းအားကပဲ စကားပြောတယ်။ ရှုံးရင်ရှုံးတာပဲ။ နိုင်ရင်နိုင်တာပဲ။ ဘာသိက္ခာကို လိုအပ်လို့လဲ"

ချိုးကျင်အန်း သူ့ဂိုဏ်းမှ အတော်ဆုံးတပည့်ကို ရှေ့တက်လာရန် လှမ်းခေါ်လိုက်သည်။

"ဒါကျုပ်ရဲ့ ထိပ်ဆုံးတပည့်လင်းရှောက်ယွီပါ။ ဓာတ်ငါးမျိုးဂိုဏ်းရဲ့ တပည့်တွေထဲမှာ အထူးချွန်ဆုံးပါ။ သစ်သားဝိညာဉ်မြစ်ရှိတဲ့ စုစည်းခြင်းအခြေခံအဆင့် ကျင့်ကြံသူပဲ။ ပုံမှန်ကတော့ သစ်သားဝိညာဉ်မြစ်တွေက ဒဏ်ရာကုသဖို့ပဲ သင်တော်တာ။ တိုက်ခိုက်တဲ့နေရာမှာ မကျွမ်းကျင်ကြဘူး။ ဒါပေမယ့် သူကတော့ အဲလိုမဟုတ်ဘူး။

ရှောက်ယွီက ဓာတ်ငါးမျိုးဂိုဏ်းရဲ့ ပြန်လှန်ထုတ်လုပ်မှုသဘောတရာနဲ့ ဓာတ်ငါးမျိုးကျော်ဖြတ်နည်းကို အမြင့်ဆုံးထိ တတ်မြောက်ကျွမ်းကျင်တယ်။ သစ်သားကနေ မီးကိုထုတ်တယ်။ မီးကနေ မြေကိုထုတ်တယ်။ မြေကနေ သတ္တုကိုထုတ်လုပ်တယ်။ မီးနဲ့သတ္တုမှော်ပညာတွေကို သူကျွမ်းကျင်နေပြီ။ ခြောက်ရောင်ခြယ်နတ်မီးတောက်နဲ့ ဒေါသရွှေခန္ဓာကို သူပိုင်ဆိုင်ထားပြီ။ ဒီမှော်ပညာနှစ်မျိုးကို ပြင်းထန်တဲ့အဖျက်မှော်စွမ်းအားအဖြစ်တောင် သူပြောင်းထားတယ်"

ရှောက်ယွီက အဆင့်မြင့်တိုက်ခိုက်ရှေးမှော်ပညာတွေကို ကျွမ်းကျင်သလို သစ်သားဝိညာဉ်မြစ်ရဲ့ အနှစ်သာရစွမ်းရည်ကိုလုည်း ထိန်းထားနိုင်တယ်။ သူ့တိုက်ခိုက်စွမ်းအားဟာ စုစည်းခြင်းအခြေခံအဆင့်ထက် အများကြီးကျော်နေပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပထမအဆင့်ဂိုဏ်းတစ်ခုက စုစည်းခြင်းထိပ်တန်းအဆင့် မဟာဘိုးဘေးတစ်ယောက်ကို သူအနိုင်ယူခဲ့တယ်"

လင်းရှောက်ယွီက စာပေသမားဝတ်စုံဝတ်ထားသည်။ မျက်နှာက ပြုံးရွှင်သည်။ သက်တောင့်သက်သာ ဟန်ပန်မျိုးရှိသည်။

မှန်သည်။ သက်တောင်သက်သာနေနိုင်သည့် အရည်အချင်းလည်းရှိသည်။ ရွယ်တူတန်းတူများကြားတွင် သူနှင့်ယှဉ်နိုင်သူ တွေ့ဖို့ခဲယဉ်းသည်။ သူ့ထက်အရင် မျိုးဆက်မှလူများ၊ သို့မဟုတ် မျိုးဆက်တစ်ဆက်ကျော်မှလူများကို ယှဉ်ပြိုင်တိုက်ခိုက်ရန် သူရည်ရွယ်ထားသည်။

"ကျုပ်နဲ့ပြိုင်မယ့်လူက တိုင်ပုဖန်လား။ ကျိဟုန်ဝမ်လား"

တာအိုလမ်းစဉ်ဂိုဏ်းမှ မျိုးဆက်တူများထဲတွင် ထိုနှစ်ယောက်သာ သူ့ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းမီသည်ဟု ယူဆသည်။

ယွမ်ကျိနှင့် သူကြုံတွေ့ခဲ့ရသည်။ သူ့အစွမ်းအစ အတော်များများ ထုတ်သုံးခွင့်မရလိုက်။ ဤတစ်ကြိမ်တွင် အပြည့်အဝအစွမ်းပြပြီး သူတို့ဂိုဏ်းချုပ်အတွက် ဂုဏ်ဆောင်ဖို့ သူဆုံးဖြတ်ထားသည်။

"ကျွန်မပါ"

အေးစက်တည်ငြိမ်သည့်စကားသံတစ်ခု ပေါ်လာသဖြင့် သူ့ကျောရိုးထဲစိမ့်သွားသည်။

တစ်ချိန်လုံးအသံတိတ်နေခဲ့သည့်ယွမ်ကျိ ရှေ့တက်လာသည်။ ချိုးကျင်အန်းနှင့်လင်း‌ရှောက်ယွီတို့ ရင်ထိတ်သွားကြသည်။

ချိုးကျင်အန်း အားတင်း၍ လှောင်ပြုံးပြုံးလိုက်သည်။

"လာခြောက်လှန့်မနေနဲ့။ သေချာစုံစမ်းပြီးသားပါ။ ယွမ်ကျိက ဂိုဏ်းချုပ်လုပ်နေတာ။ ဂိုဏ်းတပည့်တွေရဲ့ပြိုင်ပွဲမှာ ဝင်ပါခွင့်မရှိဘူး။ အတော်ဆုံးတပည့်ဟာ တိုင်ပုဖန် ဒါမှမဟုတ် ကျိဟုန်ဝမ်ပဲ ဖြစ်သင့်တယ်"

ယွမ်ကျိက မှတ်တမ်းတစ်ခု ထုတ်ပြသည်။ လုယန် သုံးရက်တိတိ ယာယီဂိုဏ်းချုပ်လုပ်နေသည့် သက်သေအထောက်အထားဖြစ်သည်။ လုယန်ကို သူလက်ညှိုးထိုးပြသည်။

"ဒီလူက လက်ရှိဂိုဏ်းချုပ်ပါ။ ကျွန်မက အခုချိန်မှာ သာမန်ဂိုဏ်းတပည့်ပါပဲ"

"မှန်တယ်၊ အခုဂိုဏ်းချုပ်လုပ်နေတာ ကျုပ်ပဲ"

ထာဝရနတ်မယ် အလိုက်သင့်ဝင်ပြောသည်။

"ဟာသတွေလာပြောနေတာလား။ အခြေတည်အဆင့်တစ်ယောက်က ဘယ်လိုဂိုဏ်းချုပ်လုပ်နိုင်မှာလဲ"

ချိုးကျင်အန်း ဒေါသတကြီးပြောသည်။

မဟာအကြီးအကဲ ခေါင်းခါသည်

"ခင်ဗျားမှားနေပြီ။ ဒီဂိုဏ်းချုပ်လုက ပါရမီရှင်တွေထဲက ပါရမီရှင်ပါ။ အခြေတည်အဆင့်ပဲရှိပေမယ့် သူ့ထက်မြင့်တဲ့ ရွှေသန္ဓေအဆင့်၊ နတ်ဝိညာဉ်အဆင့်၊ ဝိညာဉ်ပြောင်းအဆင့်တွေကို စိန်ခေါ်ပြီး အနိုင်ယူခဲ့တာ"

ထိုစကားကြားသည့်နှင့် ဓာတ်ငါးမျိုးဂိုဏ်းဝင်အားလုံး၏အကြည့်က ထာဝရနတ်မယ်ဆီ ချက်ချင်းစုပြုံကျလာသည်။

ပြင်ပအကူရတနာမျိုးသုံးလျှင်ပင် အခြေတည်အဆင့်က ဝိညာဉ်ပြောင်းအဆင့်ကို နိုင်ဖို့ဆိုသည်မှာ အိပ်မက်ပုံပြင်လိုသာဖြစ်သည်။ ဒဏ္ဍာရီထဲမှာပင် မကြားဖူး။

တာအိုလမ်းစဉ်ဂိုဏ်း၏နာမည်ဂုဏ်သတင်းသည် သိပ်မကောင်းသော်လည်း ထိုကိစ္စမျိုးကို ဘယ်တော့မှ လိမ်ပြောလေ့မရှိ။ ထိုပါရမီရှင်မျိုး မွေးထုတ်ထားကြောင်း သိလိုက်ရသဖြင့် ချုးကျင်အန်း မျက်နှာတည်သွားသည်။

လုယန်နှင့်ယှဉ်လျှင် သမိုင်းထဲမှပါရမီရှင်များအားလုံး အရောင်မှိန်သွားသလိုရှိသည်။

တာအိုလမ်းစဉ်ဂိုဏ်းသည် တကယ်စွမ်းအားကြီးသည်။ သူ့ခြေလှမ်းကိုရိပ်မိပြီး ယွမ်ကျိဝင်ပြိုင်နိုင်အောင် ကြိုစီစဉ်ထားသည်။

သူအခက်တွေ့နေသည်။ ရဲရဲတင်းတင်းကြေငြာပြီးမှ မတိုက်ခိုက်လျှင် မျက်နှာအကြီးအကျယ်ပျက်တော့မည်။

ထို့စဉ် လင်းရှောက်ယွီ ရှေ့တစ်လှမ်းတက်လာသ်ည။ ချိုးကျင်အန်း အတော်ကျေးဇူးတင်မိသည်။

ထိပ်တန်းတပည့် ပီသပေသည်။ ယခုလိုအခြေအနေမျိုးတွင် ရှေ့တက်လာပြီး ယွမ်ကျိထံမှဖိအားကို ရင်ဆိုင်ရဲသည်။

လင်းရှောက်ယွီ အသက်တစ်ချက်အဝရှူသည်။ အသက်ရှူနှုန်းနှင့်စိတ်ဓာတ်ကို တည်ငြိမ်အောင်ထိန်းသည်။ ယွမ်ကျိကို တည့်တည့်စိုက်ကြည့်၍ ခပ်ကျယ်ကျယ်ကြေငြာလိုက်သည်။

"ဒါဆိုရင်တော့ ကျုပ်လည်း အခုချိန်ကစလို့ ဓာတ်ငါးမျိုးဂိုဏ်းရဲ့တပည့်တစ်ယောက် မဟုတ်တော့ဘူး"

********************************************

All Chapters