← Chapters

ထာဝရနတ်မယ်၏စမ်းသပ်ချက်

Vol. 11 Ch. 165

ထာဝရနတ်မယ်၏စမ်းသပ်ချက်

Vol. 11 Ch. 165

လင်းရှောက်ယွီ စိတ်အားထက်သန်စွာပြောသည်။

"တာအိုလမ်းစဉ်ဂိုဏ်းက နေရာကောင်းတစ်ခုလို့ ကျုပ်ထင်တယ်။ ဂိုဏ်းဝင်ညီအကိုမောင်နှမတွေဟာ အဆင့်အတန်းခွဲခြားတာမျိုးမရှိဘဲ တရင်းတနှီးနေထိုင်ကြတယ်လို့ပြောတယ်။ ဒါကို ကျုပ်တကယ်သဘောကျတယ်။ တာအိုလမ်းစဉ်ဂိုဏ်းကို ကျုပ်ဝင်ချင်ပါတယ်"

ချိုးကျင်အန်း သေလုမတတ် ဒေါသထွက်သွားသည်။ တုန်တုန်ရင်ရင်ဖြင့် လီရှောက်ယွီကို လက်ညှိုးထိုးပြီး အတော်ကြာမှာ စကားတစ်ခွန်းဖျစ်ဖျစ်ညှစ်ညှစ် ထွက်လာသည်။

"သစ္စာဖောက်"

လီရှောက်ယွီ လှည့်ကြည့်သည်။

"ကျင့်ကြံသူတွေကြားမှာ ဘာသိက္ခာတွေလိုအပ်လဲလို့ ဆရာပဲ ခုနကပြောခဲ့တယ်မဟုတ်လား"

"ဒီကိုပြန်လာခဲ့စမ်း"

ချိုးကျင်အန်း ဒေါသအလိပ်လိုက်ထွက်နေသည်။

"ဟုတ်ကဲ့"

လီရှောက်ယွီ အမိန့်နာခံ၍ ချိုးကျင်အန်းနောက်သို့ ပြန်လာသည်။ ဘေးမှဖြတ်လျှောက်ချိန်တွင် သိစိတ်အာရုံမှ လှမ်းမေးသည်။

"ဂိုဏ်းချုပ်၊ ကျုပ်သရုပ်ဆောင်တာ ကောင်းရဲ့လား"

"မင်းနည်းနည်း ပိုလွန်းသွားတယ်။ ထပ်လေ့ကျင့်ဖို့လိုသေးတယ်"

ချိုးကျင်အန်း ချောင်းတစ်ချက်ဟန့်ပြီး တဖြေးဖြေးစိတ်တည်ငြိမ်အောင်ထိန်းလိုက်သည်။

"ရှောက်ယွီက ပြိုင်ပွဲမဝင်ချင်မှတော့ အကြီးအကဲတွေအနေနဲ့ ကျုပ်တို့သူ့ကို အတင်းဖိအားပေးလို့မသင့်တော်ဘူးမဟုတ်လား"

ယွမ်ကျိနှင့် ရင်ဆိုင်မတွေ့ဖို့ မျက်နှာပျက်စရာမလိုဘဲ တာအိုလမ်းစဉ်ဂိုဏ်း၏ ပြိုင်ပွဲအစီအစဉ်အတိုင်းဆက်သွားရန် တရားဝင်အကြောင်းပြစရာတစ်ခု ရသွားသည်။

ထိပ်တန်းတပည့်ဖြစ်သည့် လီရှောက်ယွီသည် ထိုသို့ပင် သူ့ဆရာအတွက် ဒိုင်းကာလုပ်ပေးသည့် အတွေ့အကြုံမျိုး ရှိထားသူဖြစ်သည်။

ယခုတစ်ခေါက် ချိုးကျင်အန်းက အောက်ခြေအဆင့်မှ ယှဉ်ပြိုင်ဖို့လည်း စီစည်ထားသည်။ အခြေတည်အဆင့်မှ ဝိညာဉ်ပြောင်းအဆင့်ထိ အဆင့်တူချင်းယှဉ်ပြိုင်လျှင် မရှုံးနိုင်ဟု ကိုယ့်ကိုယ်ကိုယုံကြည့်ချက်ရှိသည့် ဂိုဏ်းတပည့်များကိုလည်း ခေါ်လာသည်။

"လောင်ပါး။ သူနဲ့ဝေးဝေးနေစမ်း"

ဒုအကြီးအကဲလောင်ပါးက ရှန်ကွမ်ယု၏လက်ကိုဆွဲပြီး ကာကွယ်ပေးရန် ကြိုးစားနေသည်ကို ချိုးကျင်အန်း သတိထားမိသွားသည်။

"ကျင်အန်း၊ ရှောင်ပါးက ငါ့ကို ဒုက္ခပေးဖို့မရည်ရွဘ်ပါဘူး"

ချိုးကျင်အန်း ဒေါသဖြင့် ပြန်စိုက်ကြည့်သည်။

"အဲဒါပိုဆိုးတာပေါ့"

နောက်ထပ်အချိန်မဆိုင်းတော့ဘဲ ချိုးကျင်အန်း သူ့ဂိုဏ်းသားများနှင့်အတူ ပြိုင်ပွဲကွင်းသို့ ရောက်လာသည်။ ပြိုင်ပွဲဝင်များကို အကြမ်းဖျင်းစီစဉ်ပြီး စင်မြင့်ထက်သို့ ပြန်တက်လာသည်။

တာအိုလမ်းစဉ်ဂိုဏ်းတပည့်များလည်း သိုင်းပြိုင်ကွင်းသို့ စုဝေးရောက်လာသည်။ မျက်နှာတွင် အပြုံးကိုယ်စီဖြင့် ပြိုင်ပွဲကြည့်ရန် စိတ်ဝင်စားနေကြသည်။ ဂိုဏ်းတပည့်အရေအတွက် ထိုမျှများမည်ဟု လုယန်ထင်မထား။

ဂိုဏ်းထဲမှ တည်းခိုဆောင်များ တစ်ခြားစီးပွားရေးလုပ်ငန်းများကလည်း ငွေရပေါက်ရလမ်းရှိနေသဖြင့် ပွဲကြည့်ဖို့နေရာများ ရောင်းကြသည်။ တစ်ချို့က သစ်သီးသေတ္တာကြီးများသယ်လာပြီး ရောင်းသည်။ နေ့တိုင်း ဝင်ငွေဖြောင့်နေကြသည်။

စင်မြင့်ထက်တွင် ထာဝရနတ်မယ်နှင့် ချိုးကျင်အန်းတို့ ဘေးချင်းယှဉ်၍ ထိုင်သည်။ ယွမ်ကျိ၊ မဟာအကြီးအကဲ ရှန်ကွမ်ယု၊ လင်းရှောက်ယွီနှင့် တစ်ခြားလူများလည်း တစ်ဘက်တစ်ချက်စီတွင် ထိုင်ကြသည်။

သိစိတ်နယ်မြေတွင် လုယန်နှင့်ထာဝရနတ်မယ်တို့ သေရေးရှင်ရေးကိစ္စတစ်ခု အကျိတ်အနယ်ဆွေးနွေးနေသည်။

"နတ်မယ်၊ ခင်ဗျားကို အမယွမ်က သတ်ပစ်ပြီး နောက်ထပ်နှစ်သိန်းချီကြာမှ ပြန်ရှင်သန်ရမယ်လို့ရော တွေးဖူးလား"

"ဘာရယ်..နင်ဘာလို့ငါ့ကို အဲလောက်ရက်ရက်စက်စက်ပြောတာလဲ"

ပဲဝါ အတော်အံ့ဩသွားသည်။ သူဘာအမှားမှလုပ်မိသည်ဟုမထင်။

"နေပါဦး၊ ငါ့ရဲ့ရှေးဟောင်းဟင်းချက်ပညာသင်မပေးလို့ နင်စိတ်ဆိုးနေတာလား။ ငါပြောပြမယ်။ ဒီလိုပညာမျိုးတွေက လွယ်လွယ်နဲ့ လက်ဆင့်ကမ်းပေးလို့မရဘူး။ ငါတို့နှစ်ယောက်ကလည်း ဆရာတပည့်ဆက်ဆံရေးမျိုး မဟုတ်ဘူး။ သင်ကြားတယ်သင်ယူတယ်ဆိုတာ တကယ်အလေးအနက်ထားရမယ့် ကိစ္စမျိုးပဲ။ ပေါ့ပေါ့လေးမတွေးနဲ့"

ထိုနတ်မယ် သူ့ဟင်းချက်ပညာစွမ်းကို ဘာကြောင့်များ ထိုမျှယုံကြည်ချက်ရှိနေရသနည်းဟု လုယန်တွေးနေသည်။ ရှေးမသေမျိုးလေးယောက် သူ့ချက်သည့်ဟင်းဖြင့် အစာအဆိပ်သင့်၍မသေခဲ့သောကြောင့်ဖြစ်မည်။

လုယန် အတော်စိတ်ပျက်သည်။

"ခင်ဗျားစဉ်းစားကြည့်ပါ။ ခင်ဗျား ယာယီဂိုဏ်းချုပ်လုပ်ကတည်းက ကျုပ်ကိုအမုန်းပွားမယ့်ကိစ္စတွေ ဘယ်လောက်လုပ်ခဲ့ပြီလား။ ကျုပ်ခန္ဓာကိုယ် သံမဏိသားနဲ့ထုထားရင်တောင် နောက်ဆက်တွဲအကျိုးဆက်တွေကို ကျုပ်ခံနိုင်မှာမဟုတ်ဘူး"

နတ်မယ်စိန်ခေါ်အနိုင်ပိုင်းခဲ့သည့် ဂိုဏ်းဝင်ညီအကိုမောင်နှမများသည် ယနေ့လွန်သည်နှင့် သူ့နောက်ကို လက်နက်ကိုယ်စီဆွဲ၍ လိုက်လာတော့မည်။

ပဲဝါမသေမျိုး သဘောပေါက်သွားဟန်ရှိသည်။ သို့သော် သူ့အမှားသူ ဝန်မခံ။

"ဒါကို အမုန်းပွားအောင်လုပ်တယ်လို့ ဘယ်ပြောလို့ရမလဲ။ ဒါနင့်အတွက် မသေမျိုးတစ်ယောက်ပေးတဲ့ စမ်းသပ်ချက်ပဲလေ။ ငါ့စမ်းသပ်ချက်ကို နင်ဖြတ်ကျော်နိုင်ရင် ငါ့အမွေကို နင်ဆက်ခံခွင့်ရမယ်"

ယင်ထန်မသေမျိုး၏အမွေဆိုလျှင် လုယန် စိတ်ဝင်စားမိဦးမည်။ ပဲဝါအမွေကိုသာ ဆက်ခံလျှင် သူပါဉာဏ်ရည်နိမ့်ကျသွားမည်ထင်သည်။

"ဒါက မသေမျိုးတစ်ယောက်ရဲ့အမွေနော်။ ဒါမျိုးကို လိုချင်တဲ့လူတွေ ဘယ်လောက်များလဲ နင်မသိပါဘူး"

"ခင်ဗျားပေးမယ့်အမွေမှာ ဘာတွေပါလို့လဲ"

လုယန် သင်္ကာမကင်းသည့်အကြည့်ဖြင့် ပဲဝါကို ကြည့်သည်။

"အများကြီးပေါ့။ နင်ကျွမ်းကျင်ပြီးသား မြေချုံ့ပညာလို ခြေတစ်လှမ်းမိုင်ချီလို လေဟာနယ်မှော်ပညာတွေကို မပြောသေးဘူး။ အဲဒါတွေအပြင် အချိန်နဲ့ပတ်သက်တဲ့ မှော်ပညာတွေလည်း ငါသင်ပေးနိုင်တယ်"

လုယန် စိတ်ဝင်စားသွားသည်။ အချိန်မှော်ပညာများသည် တန်ဖိုးအကြီးဆုံးဖြစ်သည်။ ဂိုဏ်း၏ ကျမ်းစာတိုက်မှာပင် ထိုပညာရပ်မျိုး အတော်နည်းလှသည်။ ယခု ထာဝရနတ်မယ်တွင် ထိုထူးခြားပညာရပ်မျိုး တကယ်ရှိနေသည်။

"သေဟန်ဆောင်ပညာလို့ခေါ်တဲ့ မှော်ပညာတစ်မျိုးရှိတယ်။ ဒီပညာသုံးလိုက်တာနဲ့ တကယ့်လူသေတစ်ယောက်လို ဖြစ်သွားမယ်။ အချိန်ကို လိုသလိုညှိယူလို့ရတယ်။ ဘယ်သူမှမရိပ်မိအောင် အလောင်းပုပ်ဆွေးလာတဲ့ အတိုင်းအဆကို ထိန်းချုပ်နိုင်တယ်။ ရန်သူတစ်ယောက်ကို နင်အနိုင်မယူနိုင်တဲ့အခါ သေဟန်ဆောင်လိုက်ရုံပဲပေါ့"

ပဲဝါက အတော်အတွေ့အကြုံရှိပုံရသည်။ ထိုပညာကို အကြိမ်များစွာ သုံးခဲ့လောက်သည်ဟု လုယန်တွေးနေသည်။

သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နေ၍ ထာဝရနတ်မယ်ကို ယုံကြည်အားကိုးထိုက်သူဟု တဖြေးဖြေးထင်လာခြင်းလားဟု လုယန် ကိုယ့်ဘာသာသံသယဖြစ်မိသည်။

"ပြီးတော့ ရေကွင်းပညာဆိုတာလည်း ရှိသေးတယ်။ ရေကန်တွေ သမုဒ္ဒရာတွေထဲမှာ နင့်စိတ်ကြိုက် သွားလာနိုင်တယ်"

လုယန်၏စိတ်ဝင်စားမှု ပြန်မြင့်တက်လာသည်။ စွမ်းအားရှင်များစွာ တိုက်ခိုက်ရင်း သေဆုံးခဲ့သည်။ သူတို့ခန္ဓာကိုယ်နှင့် အမွေအနှစ်များ ပင်လယ်မြစ်ချောင်းများထဲတွင် ကျန်ရစ်ခဲ့သည်။ ပင်လယ်မြစ်ချောင်းတို့သည် သဘာဝရတနာများစွာရှိသည်။ အကယ်၍ ရေထဲတွင်ငုပ်လျှို့သွားလာနိုင်လျှင် အကျိုးအမြတ်များစွာ စောင့်ဆိုင်းနေပေလိမ့်မည်။

"ဒါပေမယ့် ဒီပညာကို မြန်မြန်တော့သုံးရတယ်။ အချိန်ကန့်သတ်ချက်ရှိလို့လေ"

"ဘယ်လိုအချိန်ကန့်သတ်ချက်လဲ"

"ငါ့ရဲ့ရေကွင်းမှော်ပညာက အတော်နားလည်ရလွယ်ပါတယ်။ နင့်ဘေးပတ်လည်ကရေတွေရော နင့်ကိုယ်ထဲက ရေဓာတ်ကိုပါ တွန်းထုတ်တယ်။ တကယ်လို့ အချိန်အကြာကြီးသုံးရင် ရေဓာတ်ခန်းခြောက်ပြီး သေသွားနိုင်တယ်လေ"

"...ခင်ဗျားပညာအမွေတွေကို အမှိုက်ကောက်ဖို့ပဲ သိမ်းထားလိုက်ပါတော့"

"ဘာရယ်...နင်ဘာလို့အမြဲတမ်း ဒီလိုဖြစ်နေတာလဲ"

ပဲဝါနတ်မယ် စိတ်ဆိုးမာန်ဆိုး ခြေဆောင့်သည်။

သိစိတ်နယ်မြေအပြင်ဘက်တွင် ချိုးကျင်အန်းက လှည့်ကြည့်လာသဖြင့် သူတို့ စကားပြတ်သွားသည်။

"ဂိုဏ်းချုပ်လုက ရှေးခေတ်ကိစ္စတွေကို အတော်သိထားပုံပဲ။ ကျုပ်မေးချင်တာလေးတွေရှိတယ်။ လမ်းညွှန်ပေးလို့ရမလား"

လုယန်အသက်ငယ်သော်လည်း ချိုးကျင်အန်း အထင်မသေး။ ယာယီဂိုဏ်းချုပ်လုပ်နေသူဖြစ်၍ အဆင့်တူလူတစ်ယောက်လို လေးလေးစားစားဆက်ဆံသည်။

သူ့အပြုအမူက မဆိုးလှဟု ထာဝရနတ်မယ်တွေးသည်။

"ရပါတယ်။ ဒါပေမယ့် ခင်ဗျားမေးခွန်းတွေ ဖြေပေးပြီးရင်တော့ ယင်ထန်မသေမျိုးစာအုပ်ရခဲ့တဲ့နေရာကို ကျုပ်ကိုပြောပြရမယ်"

ပဲဝါရည်ရွယ်ချက်ကို လုယန်နားလည်သည်။ ယင်ထန်မသေမျိုးစာအုပ်ရှိနေသည့်နေရာသည် ရှေးဟောင်းနေရာတစ်ခုသာ ဖြစ်မည်။ သူ့အကြောင်းနှင့်ရှေးဟောင်းခေတ်၏ သဲလွန်စများ ထိုနေရာတွင်သွားရှာလိုခြင်းဖြစ်မည်။

"သဘောတူတယ်"

ချိုးကျင်အန်း လက်ခံသည်။

"ရှေးခေတ်တုန်းက ခေါင်းဖြတ်ပေမယ့် မသေနိုင်တဲ့ စွမ်းအားရှင်တစ်ယောက်ရှိတယ်လို့ ကျုပ်ကြားဖူးတယ်။ သူ့ရင်နှစ်မွှာကို မျက်လုံးအဖြစ်၊ သူ့ချက်ကို ပါးစပ်အဖြစ် အသုံးပြုတယ်တဲ့"

"အဲလိုလူမျိုး ရှိခဲ့ပါတယ်"

"ကျုပ်သိချင်တာက သူအဝတ်အစားဝတ်သလားဆိုတာပါ"

ယခုလိုရှေးခေတ်ဒဏ္ဍာရီများကို ချိုးကျင်အန်း အတော်စိတ်ဝင်စားသည်။

ထာဝရနတ်မယ် ခဏစဉ်းစားပြီးပြန်ဖြေသည်။

"ပုံမှန်ဆိုရင်တော့ သူဘာမှမဝတ်ဘူး။ ရင်ဘတ်ဗလာပဲ။ ဒါပေမယ့် ဒီကိစ္စကြောင့်လည်း သူအခက်အခဲတစ်ချို့ကြုံခဲ့ရတယ်။ ဥပမာတစ်ခုပြောရရင် တစ်ချို့မျိုးနွယ်ကြီးတွေက အဝတ်အစားကို အလေးထားကြတယ်။ သင့်တော်တဲ့ဝတ်စုံဝတ်မထားရင် သူတို့နယ်မြေထဲ ဝင်လို့မရဘူး။ ဒီလူကလည်း အရိုင်းအစိုင်းလို ရင်ဘတ်ဗလာဖြစ်နေတော့ ဝင်လို့မရဘူးပေါ့။ ဒါပေမယ့် အဝတ်အစားဝတ်လိုက်ရင်လည်း မျက်နှာဖုံးတပ်ထားတဲ့ သူခိုးဓားပြလို ဖြစ်နေမယ်။ အဲလိုလည်း ဝင်မရပြန်ဘူး။ အခက်ကြုံတာပေါ့။

နောက်ပိုင်းကျတော့ သူစိတ်ကူးကောင်းတစ်ခုရလာတယ်။ ခေါင်းအတုတပ်တယ်။ ပြီးတော့ အဝတ်အစားဝတ်တယ်။ လူတွေက သူမှန်းမသိတော့ဘူး။ ဒါပေမယ့် တစ်ရက်ကျတော့ သူ့ခေါင်းကို နောက်ပြန်တပ်မိတယ်။ ဇက်ကျိုးသေတဲ့လူတစ်ယောက် ဖုတ်ကောင်ဘဝနဲ့ လမ်းပေါ်မှာလျှောက်သွားနေတယ်ထင်ပြီး လူတွေ အထိတ်တလန့်ဖြစ်ကုန်တာပေါ့"

********************************

All Chapters