အပိုင်း (၁၂၆၉)
Vol. 86 Ch. 1269
ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်အား ချိုးဖြတ်ရန်ကြိုးစားခဲ့စဉ်က ရှန့်ကွမ်းရှင်းရောင်နှင့် ကျန်းတယ်ကျွင်းတို့ အားလုံး သည် အပြင်နှင့်အတွင်း အတူတူကြိုးစားကာ အလုပ်လုပ်ပြီး ဦးနှောက်ထဲတွင်ရှိနေသော ဆဲလ်များ အားလုံး အရည်ပျော်မတတ် ကြိုးစားပြီး ချိုးဖြတ်ခဲ့ရ၏။
နဝမမြောက် အကျဉ်းခန်း၏ အကာအကွယ်စနစ်သည် ကျိန်းသေပေါက် ထိုထက်ပို၍ အားကောင်းလွန်းခဲ့၏။ သို့ပေမဲ့ တစ်နာရီအတွင်းမှာပဲ ကျွင်းချောင်ရှောင်း၏ ချိုးဖြတ်ခြင်းကို ခံခဲ့ရသည်။ ဤတစ်ကြိမ်မှာတော့ ကျွင်းချောင်ရှောင်း သည် ဂိမ်းဆာဗာကို ခိုးယူ၍ ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း စနစ်သည် အတည်ပြုပေးနိုင်သည်။
သူသည် သူ၏ ကိုယ်ပိုင်အားအင်ကို အသုံးပြုကာဖြင့် ချီမင် အစီအရင်ချိုးဖြတ်ခြင်းနည်းကို အသုံးပြုကာ အစီအရင်ကျမ်းစာအား ဖျက်ဆီးခဲ့ခြင်းဖြစ်၏။
ထိုကျမ်းစာသည် အလွန်အံ့အားသင့်စရာကောင်းလှပြီး သင်ယူရန်လည်း လွယ်ကူလွန်းလှ၏။ ထိုသို့ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းသည် အစဦးအဆင့်ကိုသာ နားလည်တတ်ကျွမ်းခဲ့ခြင်းဖြစ်သည်။
“ဒီလိုနားလည်လွယ်တဲ့ အစီအရင်ချိုးဖြတ်ခြင်း ကျမ်းစာတစ်ခုကို ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀ နဲ့ရောင်းတယ်ဆိုတာ အဆင့်မြင့်စတိုးက တကယ့်ကို ရက်ရောလွန်းတာပဲ။” အထက်တွင် ရှိနေသော အကာအကွယ်စနစ်နှင့်ချိတ်ဆက်ပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။
စနစ်က ဆွံ့အသွားသည်။ “ငါက အမြဲတမ်းရက်ရောတာပဲမဟုတ်လား။”
“ချီးတဲ့မှ။”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာကြိတ်ကာ အော်ဟစ်လိုက်မိ၏။ “သက်တန့်ရောင်စဉ်ကျမ်းအတွက် နှစ်ခါတိတိဝယ်လိုက်ရတယ်လေ။ ဒီတော့ အမြဲတမ်းရက်ရောလွန်းတယ်ဆိုတဲ့ စကားကို ထည့်တောင်မပြောနဲ့။”
“……..”
စနစ်သည် အနည်းငယ်တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “ဒါ မတော်တဆဖြစ်ခဲ့တာပဲ။”
“ဒါပေမဲ့ အဲ့လိုမတော်တဆမှုတွေ များလာမယ်ဆိုရင် ငါ မွဲတေကျသွားနိုင်တယ် မဟုတ်လား။”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ချာချာလည်သွား၏။ သူသည် စနစ်နှင့် စကား ပြောဆိုနေသည်ဆိုသော်လည်း သူ၏ ဝိညာဉ်စွမ်းအင်များသည် တည်နေရာတစ်ခုလုံးကို ဖြန့်ကျက်ပြီး အဋ္ဌမထပ်နှင့်ချိတ်ဆက်ထားခဲ့သည့် ပုံရိပ်ယောင်အစီအရင်ကြီးအား ရှာဖွေလျက်ရှိနေ၏။
အစီအရင်၏ စနစ်သည် အကာအကွယ်နှင့် စောင့်ကြည့်ခြင်းဟူ၍ ခွဲခြားထားခဲ့၏။ သူ့အနေနှင့် အကာအကွယ်စနစ် အား ချိုးဖြတ်ရန် ခက်ခဲလှသည်ဆိုသော်လည်း စောင့်ကြည့်ရေးအစီအရင်အား ချိုးဖြတ်ရန်တော့ လွယ်ကူလှသည်။
ကျွင်းချောင်ရှောင်းအနေနှင့် အစီအရင်အား သူ၏ကိုယ်ပိုင်အရာတစ်ခုဖြစ်စေရန် စတင်ကာ ဖျက်ဆီးလျက် ရှိနေ၏။ ပြီးသည့်နောက် သတ်မှတ်ထားသည့် ပုံရိပ်ကိုသာ ထပ်တလဲလဲ ပြန်လည်ပြသစေခြင်းအားဖြင့် ကင်းသမားများ၏ ဟောခန်းထဲ၌ ရှိနေသော ကင်းသမားများ သတိမပြုမိနိုင်စေရန်အတွက် သူသည် ကြိုတင်ကာ ကာကွယ်ထားလိုက်၏။
ဟုတ်ပေသည်။ ဤကိစ္စသည် ကြာရှည်ခံလိမ့်မည်မဟုတ်ပေ။ အဆုံးသတ်တွင် ပေါ်ပေါက်သွားမှာ သေချာသည်။
“အချိန်က အရမ်းကို အရေးကြီးနေတာပဲ။”
ကျွင်းချောင်ရှောင်းသည် တခြားအတွေးများအားလုံးကို လစ်လျူရှုပြီးသည့်နောက်မှာတော့ အဋ္ဌမအထပ်ထဲတွင် ရှိနေသော ပုံရိပ်ယောင်အစီအရင်အား စတင်ကာ ချိုးဖြတ်ရန်ကြိုးစားတော့၏။ ကံကောင်းစွာဖြင့် နဝမမြောက်အထပ် အကျဉ်းစခန်းသည် အဓိကအားဖြင့် မှောင်မဲလျက်ရှိနေသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ အမူအရာများအား တစ်ဖက်လူများ သတိမပြုမိပေ။
…
ရွှီး
ကျွင်းချောင်ရှောင်းသည် အဋ္ဌမထပ်တွင်ရှိနေသော အကာအကွယ်အတားအဆီးအား ချိုးဖြတ်ပြီးသည့်နောက် အထဲသို့ လှမ်းဝင်လိုက်မိ၏။ ခပ်ဝေးဝေးတည်နေရာတွင်ရှိနေသော ရီဖေးရွှယ်သည် ထိုအရာကို ချက်ချင်းသတိပြု လိုက်မိ၏။ သူ၏မျက်လုံးထဲတွင်တော့ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။
“ဘယ်လိုလုပ်ပြန်တက်လာတာလဲ။”
ဤအကျဉ်းထောင်ကြီးသည် အကျဉ်းသားများ အောက်ကိုသာ ဆင်းသွားနိုင်သည့်နေရာအဖြစ် ဖန်တီးထားခြင်းပင် ဖြစ်တော့၏။ မည်သူမှ အပေါ်သို့ ပြန်တက်မလာခဲ့ပေ။ သို့ပေမဲ့ နဝမမြောက်အကျဉ်းထောင်၏ အဓိကပြဿနာ ကောင်ဟု ခေါင်းစဉ်တပ်ခံထားရသော ဤလူသည် အမှန်ပင် အပေါ်ထပ်သို့ ပြန်တက်လာခဲ့၏။ ဤအရာမှာ အမှန်ပင် အံ့အားသင့်စရာကောင်းလွန်းလှသည်။
“စီနီယာရီ”
ကျွင်းချောင်ရှောင်းသည် မရှင်းပြချေ။ မြန်မြန်ပဲ သူ၏ အသံကို ပို့လွှတ်လိုက်၏။ “ငရဲကြီးကိုးထပ်ထဲကနေ ထွက်ခွာနိုင်တဲ့နည်းလမ်း ကျုပ်ဆီမှာရှိတယ်။ ဒီတော့ ခင်ဗျားကျုပ်နဲ့ လိုက်မှာလား။ ဒီမှာနေခဲ့မှာလား။”
သူ့အနေနှင့် သိုင်းအင်ပါယာကိုးယောက်တို့အား မဖြစ်မနေခေါ်ဆောင်သွားရမှာဖြစ်သည်။ သို့ပေမဲ့ ဤတည်နေရာကြီး ထဲတွင်ရှိနေသော အားကောင်းလှသည့် အဓိကပြဿာနာကောင် အားလုံးကိုသာ ခေါ်ဆောင်သွားနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
“ကျုပ်မသွားဘူး။” ရီဖေးရွှယ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ယခုခေတ်ကြီးတွင် ကျိုးဒူဒူကဲ့သို့ ထောင်ထဲသာ နေချင်သည့် လူစားမျိုးသည် သပ်သပ်ရှိနေသေးသည်လား။
ရီဖေးရွှယ်က ပြောလိုက်သည်။ “ကျုပ်က ဘဝတစ်ခုလုံးမှာ ဓားလမ်းစဉ်ကိုပဲ လိုက်စားခဲ့တာလေ။ ဒီတော့ ဘယ်နေရာမှာနေနေ အဆင်ပြေတယ်။”
“…….”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ဤလူသည် အစစ်အမှန်ပင် ဓားတာအိုကိုသာ တစိုက်မတ်မတ် လေကျင့်လျက်ရှိနေသည့် ကျိုးဟုန်နှင့် ဆင်တူလျက်ရှိနေတော့၏။
“စီနီယာရီ”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ဓားလမ်းစဉ်ကိုလည်း ဒီမှာလေ့ကျင့်လို့ရနိုင်တယ်ဆိုပေမဲ့ တစ်ကယ့်တံခါးပိတ်ကျင့်ကြံတဲ့ လမ်းစဉ်ပုံစံမျိုးနဲ့တော့ ကွာခြားတယ်လေ။ အပြင်ဘက်မှာ ဓားတာအိုကို ပိုင်နိုင်တဲ့လူတွေအားလုံးနဲ့ ဆွေးနွေးပြီး ကိုယ့်ရဲ့ အားအင်အဆင့်ကို ပိုမိုတိုးတက်အောင် ပြုလုပ်တာ ကောင်းတယ်မဟုတ်လား။”
“မင်းပြောတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့”
ရီဖေးရွှယ်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒီသေမျိုးစကြဝဠာကြီးထဲမှာ ကျုပ်နဲ့အတူ ဓားလမ်းစဉ်ကို ဆွေးနွေးနိုင်ဖို့ အရည်အချင်းရှိတဲ့လူက ဘယ်လောက်များများ ရှိမှာမို့လို့လဲ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“စီနီယာရီ …. ခင်ဗျားအနေနဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးက ပြိုင်စံရှားဂိုဏ်းကို မရောက်ဖူးလို့ဖြစ်လိမ့်မယ်။ အဲ့ဒီမှာ ဓားတာအိုကို ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်လို့ သတ်မှတ်ခံထားရတဲ့ ရီရှင်းချန်ဆိုတဲ့ စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်ရှိတယ်လေ။ သူရဲ့ ဓားတာအိုကို နားလည်မှုက ကျုပ်ထပ်တောင် သာသေးတယ်။”
စနစ်က ပြောလိုက်၏။ “အားညိုကို ထပ်ပြီးတော့ ဒုက္ခပေးပြန်ပြီ။”
“ဓားတာအိုရဲ့ အထူးထိပ်တန်းတစ်ယောက် ဟုတ်လား။”
ရီဖေးရွှယ်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် တောက်ပလာခဲ့သည်။
“တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်က ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ပြန်မှာလေ။ တကယ့်လို့ စီနီယာရီသာ ရီရှင်းချန် နဲ့ တွေ့ချင်တယ်ဆိုရင် ကျုပ်နဲ့ အတူလိုက်ခဲ့လိုက်။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
အချိန်သည် အကန့်အသတ် ဖြစ်လို့နေ၏။ ထို့ကြောင့် ရှင်းပြရန်အချိန်မရှိချေ။ အရင်ဦးဆုံး ထွက်ခွာသွားမှဖြစ်ပေ လိမ့်မည်။
“ကောင်းပြီ။”
ရီဖေးရွှယ်သည် တည့်တိုးပင် ပြောလိုက်၏။ ဤ ရီရှင်းချန်ဆိုသည့် လူသည် ကျွင်းချောင်ရှောင်းထက်ပင် ပိုမိုကာ အားကောင်းနေ၏။ ထို့ကြောင့် သူသည် အတွေ့အကြုံကို ရယူချင်မိ၏။ သူ့အား အောင်မြင်မှု၊ ဂုဏ်သိက္ခာ၊ မည်သည့်အရာနှင့်မှ ဆွဲဆောင်၍ မရခဲ့ချေ။ ဓားလမ်းစဉ်တစ်ခုကသာလျှင် သူ့ကို ဆွဲဆောင်နိုင်၏။
“စီနီယာ ... ကျေးဇူးပြုပြီးတော့ စိတ်ကို အေးအေးထားပါ။ အကျဉ်းထောင်ကနေ လွတ်မြောက်နိုင်ဖို့အတွက် ကျုပ် ခင်ဗျားကို တည်နေရာတစ်ခုဆီကို ခေါ်သွားလိုက်မယ်။”
ရီဖေးရွှယ်သည် နှောင့်နှေးနေသည်ဆိုသော်လည်း သူ့ထက်ပိုမိုကာ အားကောင်းသည့် ဓားသမားတစ်ယောက်နှင့် တွေ့ချင်စိတ်ရှိနေသည်ဖြစ်သောကြောင့် တစ်ဖက်လူညွှန်ကြားချက်အတိုင်း လိုက်နာလိုက်သည်။
ရုတ်တရက် ဆိုသလိုပဲ သူ၏ အမြင်အာရုံများသည် ဝေဝါးသွားခဲ့၏။ ပြီးသည့်နောက်မှာတော့ သူသည် ထျန်းယွမ် အကျဉ်းထောင်စေတီထဲသို့ ရောက်ရှိသွားခဲ့တော့သည်။ သူတို့ ရောက်ရှိနေသည့်နေရာသည် အကျဉ်းသားများအား ချုပ်နှောင်ထားသည့် အဋ္ဌမအထပ် တည်နေရာပင် ဖြစ်တော့၏။
ကိုးထပ်မြောက် တည်နေရာတွင်တော့ မျက်လုံးကြီးသည် အစောကြီးထဲက တည်ရှိနေပြီး ဖြစ်တော့၏။ ၎င်းသည် အားရာ၏ လေ့ကျင့်မှုကို ခံရပြီးသည့်နောက်မှာတော့ တစ်ကိုယ်လုံးတုန်ရီစွာဖြင့် ထောင့်တစ်ခုတွင် ငိုယိုလျက်ရှိနေသည်။
“ပြီးသွားပြီ။”
ကျွင်းချောင်ရှောင်းသည် အင်ပါယာသုံးယောက်တို့အား ခေါ်ယူပြီးသည့်နောက် ထျန်းယွမ်စေတီထဲသို့ ပို့ဆောင်လိုက်သည်။ ပြီးသည့်နောက်မှာတော့ သူသည် ခြေချိတ်ထိုင်ကာဖြင့် သတ္တမအထပ်တွင်ရှိနေသော အကာအကွယ်စနစ်အား စတင်ကာ ဆက်သွယ်ကြည့်တော့၏။
သူ့အနေနှင့် အခြားသော အကျဉ်းသားများကို ခေါ်ဆောင်သွားရန်တော့ အစီအစဉ်မရှိပေ။ အထပ်အလွှာတိုင်းတွင် ရှိနေသော လူပေါင်းများစွာတို့ကို ခေါ်ဆောင်သွားသည်ဆိုပါက ခံတပ်ကြီးသည် လွယ်လွယ်ကူကူနှင့် သိရှိသွားမှာ သေချာသည်။
ဝှစ်
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သတ္တမအထပ်နှင့် ဆက်စပ်မိသွား၏။ မိမိ၏ ကံကြမ္မာသည် မိမိ၏ လက်ထဲတွင်သာရှိပြီး ကောင်းကင်ကြီးနှင့်မသက်ဆိုင်ဟူသော စကားကို နားရည်ဝလျက်ရှိနေသော ရှမ့်မျိုးနွယ်၏ ဘိုးဘေးကြီးသည် တစ်ချက်ကလေးမှ တွန့်ဆုတ်မှုမရှိဘဲ ထွက်ပြေးရန် သဘောတူညီခဲ့၏။
ပြီးသည့်နောက်မှာတော့ သူသည် ထျန်းယွမ် အကျဉ်းထောင်စေတီ၏ သတ္တမမြောက် အထပ်ဆီသို့ ရောက်ရှိသွားခဲ့၏။ ထို့ပြင် တစ်ခြားသော အင်ပါယာသုံးယောက်တို့ကိုလည်း ခေါ်ဆောင်ခဲ့၏။ လက်ရှိအခြေအနေမှာတော့ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် ဤကဲ့သို့သော အကျိုးကျေးဇူးကို ပေးစွမ်းလျက်ရှိနေသည်။
၎င်းသည် သက်ရှိများကို ခေါ်ဆောင်သွားနိုင်သော ယာဉ်တစ်မျိုးသို့ပင် အသုံးပြု၍ ရနေနိုင်သည်။ ဆဋ္ဌမထပ်မှာတော့ ချင်လင်းရန်သည် သူ၏ ဝိညာဉ်အရင်းအမြစ်ကို ထိန်းချုပ်ခြင်းခံထားရပြီးဖြစ်နေ၏။
ပဉ္စမထပ်တွင်ရှိနေသော အရက်ဂျိုးမှာလည်း တစ်ခါတည်း လိုက်ပါလာခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူသည် ဝိုင်တာအို၌ ထိပ်တန်းအဆင့်ရှိနေသည့် ရီရှင်းချန်ဆိုသည့်လူနှင့် တွေ့ချင်သောကြောင့်ပင်။
“စီနီယာ”
စတုတ္ထထပ်တွင်တော့ ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ပြိုင်စံရှားဂိုဏ်းထဲမှာ ရီရှင်းချန်ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူက လက်ရေးလှ တာအိုနဲ့ပတ်သက်ရင် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်အဖြစ် လူသိများတယ်။ ကဗျာစပ်တဲ့နေရာမှာ ကျွမ်းကျင်ရုံတင်မကဘူး။ အတတ်ပညာလေးမျိုးကိုပါ တစ်ခါတည်းကျွမ်းကျင်တယ်။ ခြေလှမ်း ၇ လှမ်း လောက် လှမ်းရုံနဲ့ ကဗျာအပုဒ်ရေ ၃၀၀ လောက်ကိုတောင် ဖန်တီးနိုင်စွမ်းရှိတဲ့ ပါရမီရှင်ပဲ။”
စနစ် “…….”
လက်ခံသူ၏ စကားလုံးများတွင် ရီရှင်းချန်သည် အရာအားလုံးကို နားလည်တတ်ကျွမ်းသော ဆရာကြီးတစ်ပါးပင် ဖြစ်လို့နေခဲ့၏။
“ကောင်းပြီ။”
“ကျုပ် သူနဲ့ တွေ့ချင်တယ်။”
ထို့ကြောင့်ပင်လျှင် စတုတ္ထထပ်တွင်ရှိနေသော အဓိကပြဿနာကောင်သည်လည်း ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်း စေတီထဲသို့ ရောက်ရှိသွားတော့၏။
တတိယထပ်တွင်ရှိနေသော သံမဏိလူသား ၊ ဒုတိယထပ်တွင်ရှိနေသော ဟောင်ရန်နတ်ဆိုးနှင့် ပထမထပ်တွင် ရှိနေသော တိုးနယားတို့ အားလုံးသည်လည်း စေတီထဲသို့ ရောက်ရှိလာခဲ့ကြသည်။
ဟူး
အားရာသည် ပျော်ရွှင်စွာနှင့် ပြောလိုက်၏။ “ဒီအချိန်မှာ အပြစ်သားတွေအများကြီးရောက်လာတာကိုး။”
“ကောင်းကင်ဘုံ”
ကျိုးဒူဒူသည် တုန်လှုပ်သွားမိ၏။ “ဒီလူတွေ အကုန်လုံးက အရမ်းကို အားကောင်းလွန်းတယ်။ တကယ့်ကို ထိပ်တန်းဆရာကြီးတွေ ဖြစ်ရမယ်။ ဒီလူတွေကို စောင့်ကြည့်ဖို့အတွက် တာဝန်ယူထားရတယ်ဆိုတော့ ဒါက ငါ့ ဘိုးဘေးတွေရဲ့ ကောင်းချီးပေးတာပဲ ဖြစ်ရမယ်။”
“မှတ်ထား။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းအနေနဲ့ နဝမမြောက်အထပ်နဲ့ ဆဋ္ဌမမြောက်အထပ်က လူကို လေ့ကျင့်ပေးလို့ရတယ်။ကျန်တဲ့လူတွေကို လွှတ်ထားလိုက်။”
“ကောင်းပါပြီ။” အားရာသည် အမိန့်ကို လက်ခံရယူလိုက်၏။ သူမ၏ သခင်ထွက်ခွာသွားသည်နှင့်တပြိုင်နက် သူမသည် ဆဋ္ဌမအထပ် သို့ ရောက်ရှိလာ၏။ ပြီးသည့်နောက်မှာတော့ ကြာပွတ်၊ ဖယောင်းတိုင်နှင့် တစ်ခြားသောပစ္စည်းပစ္စယများကို ထုတ်ယူကာဖြင့် မိန်းမလိုလို ၊ ယောက်ျားလိုလိုဖြစ်လျက်ရှိသော ချင်လင်းရန်ဆီသို့ လှမ်းလျှောက်သွားခဲ့၏။
“မင်း … မင်း ဘာလုပ်ချင်တာလဲ။”
ဖြောင်း ဖြောင်း ဖြောင်း …..။
အား အား …..။
ချင်လင်းရန်သည် သူ၏ ဝိညာဉ်အရင်းအမြစ်ကို ကမ်းပေးခဲ့ပြီးပြီဖြစ်သောကြောင့် ကျွင်းချောင်ရှောင်း၏ ထိန်းချုပ်မှု အောက်တွင် ရောက်ရှိပြီးသားဖြစ်နေသည်။ ထိုသို့ဆိုလျှင်တောင်မှ အဘယ့်ကြောင့် နှိပ်စက်ရိုက်နှက်ခြင်းကို ခံနေရသနည်း။
အဘယ့်ကြောင့်ဆိုသော် မိန်းမလိုလို၊ ယောက်ျားလိုလို ဖြစ်နေသောကြောင့်ပင်။ တစ်ဖက်လူသည် အားရာ၏ လေ့ကျင့်မှုအောက်တွင် ယောကျ်ားတစ်ယောက်၏ စိတ်ဓာတ်မျိုး ပြန်လည်ရရှိစေနိုင်မည်ဟု ကုန်းရှန့်က မျှော်လင့်နေမိ၏။
ပြောနေစရာမလိုပေ။ အကျိုးသက်ရောက်မှုမှာ သိသာလွန်းလှသည်။
ကြာပွတ်နှင့် အချိန်အတော်ကြာရိုက်နှက်ပြီးသည့်နောက်မှာတော့ ချင်လင်းရန်၏ အော်ဟစ်သံများသည် မိန်းမအသံ မှသည် ယောကျ်ားအသံအဖြစ်သို့ ပြောင်းလဲလာခဲ့၏။
ဆက်တိုက်လေ့ကျင့်ပေးမှု၏ အောက်၌ အလုံးစုံပြောင်းလဲသွားမည်ဟု ကျွင်းချောင်ရှောင်းက ယုံကြည်နေမိတော့သည်။