အပိုင်း (၁၂၇၂)
Vol. 86 Ch. 1272
သိုင်းအင်ပါယာကိုးယောက်တို့ ပြန်ရောက်လာသည့် အခြေအနေသည် တစ်လောကလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်း ရောက်ရှိလာပြီး ဘာမှန်းမသိသော ဟိတ်ကြီးဟန်ကြီး စကားများကို ပြောဆိုလိုက်သည့်အချိန်မှာတော့ အခြေအနေတစ်ခုလုံးသည် ရုတ်တရက် ပျက်စီးသွား၏။ တစ်လောကလုံး သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ကြယ်ကြွေကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများသည် သိုင်းအင်ပါယာကိုးယောက်တို့အား မြင်လေ့မြင်ထ မရှိကြချေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်ကိုတော့ သူတို့သည် အလုံးစုံမှတ်မိနေကြ၏။ နဂါးကျား ပြိုင်ပွဲမှစ၍ လက်ရှိအခြေအနေထိ ပုံရိပ်ယောင်မြင်ကွင်းထဲတွင် ခဏခဏ ပေါ်ပေါက်လာသည့် ထိုလူအား ၎င်းတို့ မမြင်ချင်ဘဲ မြင်နေရသည်။ ထိုသူသည် တကယ့် နတ်ဆိုးတစ်ကောင်ပင် ဖြစ်သည်။ ထို့အပြင် အရှက်မဲ့လှသည့်လူလည်း ဖြစ်၏။
ထိုသူ ဘာပြောလိုက်သနည်း။ ၎င်းသည် သိုင်းအင်ပါယာများကို ပြန်လည် ခေါ်ဆောင်လာခဲ့သည်ဟု ပြောဆိုနေသည်လား။
ထွီ
ခဏလောက် တိတ်ဆိတ်ပြီးသည့်နောက် ကုန်းမြေတိုက်ကြီးရှိ သိုင်းကျင့်ကြံသူများသည် အထင်အမြင်သေးစွာဖြင့် ကြည့်ရှုလိုက်ကြသည်။
ကျွင်းချောင်ရှောင်းသည် အလွန်ဝေးကွာလှသည့် တည်နေရာတွင် ရပ်နေသည်သာ မဟုတ်ပါက ၎င်းတို့သည် ကြက်ဥပုပ်များ၊ ဂေါ်ဖီထုပ်များကိုယူ၍ ကောက်ပေါက်မိမှာ သေချာ၏။
“ဒီကောင် သောက်ရူးပဲ။ သိုင်းအင်ပါယာတွေရဲ့ အထက်အမြင့်မှာတောင် မတ်တပ်ရပ်နေရဲသေးတယ်။ သူ့ကိုယ်သူ ဘာထင်နေတာလဲ”
သိုင်းအင်ပါယာကိုးယောက်တို့၏ ပရိသတ်များသည် ဒေါသတကြီးဖြင့် လှမ်း၍ ကြည့်ရှုလိုက်ကြ၏။ ထို့အပြင် ၎င်းတို့၏ နှလုံးသားထဲ၌ သိုင်းအင်ပါယာဆိုသည်မှာ တကယ့်ထိပ်တန်းပုဂ္ဂိုလ်များဖြစ်ပြီး လေးစားရသည့်လူများလည်း ဖြစ်ကြသည်။
“စိတ်ကိုအေးအေးထား။ စိတ်ကို အေးအေးထား”
“အောက်ကို ဆင်းခဲ့စမ်း” အားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏ အသံများသည် ကောင်းကင်ယံ ဆီသို့ ပျံ့နှံ့သွားခဲ့သည်။
............
သပြေပန်းများ မရသည့်အပြင် လက်ခုပ်တီးသံများကိုလည်း မကြားရချေ။ သို့ပေမဲ့ အားလုံးသောသူများ၏ ဝိုင်းဆဲခြင်းကို ခံနေရတော့သည်။ ဤအရာသည် ကျွင်းချောင်ရှောင်းအား စိတ်ဓာတ်ကျစေခဲ့၏။
“သူတို့ကို မင်းအပြစ်တင်လို့ မဖြစ်ဘူး”
စနစ်က ပြောလိုက်သည်။ “အဓိကအားဖြင့် လက်ခံသူက သောက်ကြီးသောက်ကျယ်တွေ လုပ်နေတာကိုး။ သူတို့ မပြောနဲ့ ငါတောင် ထွက်ပြီး ရိုက်ချင်တယ်”
“.......”
ကျွင်းချောင်ရှောင်း၏ စိတ်အခြေအနေသည် ပိုမိုကာ ဆိုးရွားသွားခဲ့သည်။
“ဂိုဏ်းချုပ်ကျွင်း”
ထိုအချိန်မှာတော့ ဝိညာဉ်အင်ပါယာသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ကျုပ်တို့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ ကိုးယောက်က အလင်းကို ထပ်ပြီးမြင်ခဲ့ရတယ်။ ဒီကြီးမားလှတဲ့ ကြင်နာမှုကို အမြဲတမ်း အမှတ်ရနေမှာပါ”
သူ၏ လေသံသည် အင်ပါယာတစ်ယောက်၏ စွမ်းအင်များပါဝင် နေသောကြောင့် ကောင်းကင်ယံတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
မူလအားဖြင့် ကျွင်းချောင်ရှောင်းအား ဆဲဆိုလျက်ရှိနေသော လူများအားလုံးသည် မယုံကြည်နိုင်သလို ဖြစ်သွားကြသည်။ ၎င်းတို့ လေးစားအားကိုးရသည့် ဝိညာဉ်အင်ပါယာသည် အမှန်ပင် တစ်ဖက်လူအား ယဉ်ကျေးပျူငှာသည့်လေသံဖြင့် ပြောဆိုလျက်ရှိနေ၏။ ထိုကဲ့သို့ ယဉ်ကျေးသည့်လေသံနှင့်သာမဟုတ် မျက်နှာပေါ်တွင်လည်း အလွန်လေးစားလှသည့် အမူအရာများ ဖြစ်ပေါ်လျက် ရှိနေ၏။
“ဂိုဏ်းချုပ်ကျွင်း”
တခြားသော သိုင်းအင်ပါယာရှစ်ယောက်တို့သည်လည်း လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ်”
သိုင်းအင်ပါယာတစ်ယောက်တည်း ကျေးဇူးတင်ခြင်းသာ မဟုတ်ပေ။ သိုင်းအင်ပါယာ ကိုးယောက်လုံးသည် ယဉ်ကျေး ပျူငှာစွာဖြင့် လေးလေးစားစား ကျေးဇူးတင်လျက် ရှိနေ၏။ ဤမြင်ကွင်းသည် အားလုံးသောသူများအား ထိတ်လန့်တုန်လှုပ်စေခဲ့၏။
ဖြောက်
ချလပ်
ပြိုင်စံရှားဂိုဏ်းထဲမှာတော့ လီထျန်းထျန်းသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ကင်မရာကြီးကို မြှောက်ကာဖြင့် သိုင်းအင်ပါယာကိုးယောက်တို့ ဂိုဏ်းချုပ်အား ဂါရဝပြုနေသည့်ပုံအား သေသေချာချာ ရယူလျက် ရှိနေသည်။ ထိုပုံသည် ပြိုင်စံရှားဂိုဏ်း၏ အဓိကဟောခန်းထဲတွင် သေသေချာချာ ချိတ်ဆွဲထားရမည့်အရာမျိုး ဖြစ်ပေသည်။
..............
“ဒင်... လက်ခံသူသည် ဖုံးကွယ်ထားသည့်တာဝန်အား ပြည့်စုံစေခဲ့တော့သည်။ တစ်လောကလုံးကို လှုပ်ခါစေခြင်း - ဆုလာဘ်သည် ဂိုဏ်းစုဆောင်းမှတ် ငါးသောင်း ဖြစ်သည်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၉၀၀၀၀ / ၁၀၀၀၀၀”
“ဒင်... လက်ခံသူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံး ထိတ်လန့်တုန်လှုပ်စေခဲ့သည့် ဖြစ်စဉ်အတွက် ဖုံးကွယ်ထားသည့်တာဝန်ကို ပြည့်စုံစေခဲ့သည်။ ထို့ကြောင့် အထူးဆုလာဘ်အဖြစ် ဂိုဏ်း၏ အဆောက်အအုံ အဆင့် မြှင့်တင်နိုင်မှုတစ်ခု၊ စကားအတည် စွမ်းဆောင်ရည်တစ်ခု ရရှိသည်။ ထိုအရာအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”
သိုင်းအင်ပါယာကိုးယောက်တို့သည် ၎င်းတို့၏ ကျေးဇူးတင်မှုကို ထုတ်ဖော်ပြသပြီးသည့်နောက်မှာတော့ အားလုံးသောကျင့်ကြံသူတို့သည် ထိတ်လန့်တုန်လှုပ်နေခဲ့၏။
ထို့အတူ စနစ်၏ သတိပေးသံသည်လည်း ကျွင်းချောင်ရှောင်း၏ နားထဲတွင် ပေါ်ပေါက်လာခဲ့တော့သည်။
ဂိုဏ်း၏ အဆောက်အအုံကို အဆင့်မြှင့်နိုင်မှုဆိုသည့် အကြောင်းအရာနှင့်ပတ်သက်၍ သူနားလည်ပြီးသား ဖြစ်တော့သည်။ သို့ပေမဲ့ နောက်တစ်ခုက ဘာကိုဆိုလိုသနည်း။ သူ၏ သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက်ပြီးသည့် နောက်မှာတော့ ဤအရာသည် ခရုခွေလေးတစ်ခုကဲ့သို့ ပုံပန်းသွင်ပြင်မျိုး ရှိနေသည့် အရာတစ်ခုပင်ဖြစ်ကြောင်းကို နားလည်လိုက်မိ၏။
“သောက်ကျိုးနည်း”
ကျွင်းချောင်ရှောင်းသည် လက်နှင့် အသာမြှောက်ကာဖြင့် ကြည့်ရှုလိုက်၏။ သို့ပေမဲ့ ထိုအရာကို ထိသည့်အချိန်မှာပဲ မရင်းနှီးလှသော မှတ်ဉာဏ်များသည် သူ၏စိတ်ထဲသို့ တိုးဝင်လာ၏။ ထို့ကြောင့် သူသည် မနေနိုင်ဘဲ ထကာ အော်လိုက်မိသည်။
ဤရတနာဆီမှ မှတ်ဉာဏ်များသည် သူ၏ခေါင်းထဲသို့ ရောက်ရှိလာပြီးသည့်နောက်မှာတော့ မည်ကဲ့သို့ အသုံးပြုရမည်ဆိုသည်ကို တကယ်ပင် နားလည်လိုက်မိ၏။ ထိုအရာကို ကောက်ကိုင်ပြီးသည့်နောက် သူသည် ပါးစပ် နားတွင်ကပ်ကာ နာမည်နှင့် အကြောင်းအရာကို ပြောဆိုလိုက်သည်ဆိုသည်နှင့် တစ်ဖက်လူသည် အဆင့်ကြီး တစ်ခု တိုးတက်သွားပေလိမ့်မည်။ နောက်ဆုံး အကန့်အသတ်အဆင့်သည် သိုင်းနယ်မြေ ကျင့်ကြံခြင်း ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် မည်သို့မှ မထိန်းချုပ်နိုင်ဘဲ ပြောလိုက်မိသည်။ “ကြမ်းလှချည်လား”
သိုင်းဆရာ ဆေးလုံး၊ သိုင်းဘုရင်ဆေးလုံးတို့ဆိုသည်မှာ အနည်းငယ်ဆန်းကြယ်လှသည်ဆိုသော်လည်း ဆေးလုံး၏ နည်းဥပဒေသများနှင့် ဖန်တီးပြုလုပ်ရသည့်အရာမျိုးပင် ဖြစ်၏။ သို့ပေမဲ့ တစ်စုံတစ်ယောက်၏ အဆင့်ကို စကားတစ်ခွန်းတည်းနှင့် တိုးတက်အောင် ပြုလုပ်နိုင်မှုဆိုသည်မှာတော့ လောကကြီး၏ သဘောသဘာဝနှင့် ခြားနားမှု ရှိနေသည် မဟုတ်ပါလား။
“ဒါက ဘာမှ မထူးဆန်းဘူး”
စနစ်သည် ထူးမခြားနားသလို ပြောလိုက်၏။ “အားအကောင်းဆုံးသော ပြိုင်စံရှား စနစ်က မင်းခေါင်းထဲမှာ ရှိနေပြီဆိုမှတော့ လောကကြီးနဲ့ ခြားနားချက်က ရှိပြီးသားပဲလေ။ ဒီတော့ လက်ခံသူ အနေနဲ့ ပိုပြီး အားကောင်းလာတာနဲ့အမျှ စနစ်ကလည်း ပိုပြီး အားကောင်းလာလိမ့်မယ်။ ရရှိနိုင်တဲ့ ဆုလာဘ်တွေ၊ ကုန်ပစ္စည်းတွေကလည်း ပိုပြီး များလာလိမ့်မယ်။ ပိုပြီး ကောင်းမွန်လာလိမ့်မယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် ငါ အကြွင်းအကျန်ကျမ်းကို ဝယ်ယူတုန်းက မကျရှုံးသင့်ဘူး။ အခုတော့ ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းကုန်တာပဲ အဖတ်တင်ခဲ့တယ် မဟုတ်လား”
“အစ်ကိုကြီး”
စနစ်က ထအော်လိုက်မိသည်။ “အတိတ်က ဖြစ်ခဲ့တဲ့ အကြောင်းတွေကို မပြောလို့မရဘူးလား”
“ငါ မင်းဒီလို ဘဝင်လေဟပ်နေတဲ့ပုံစံကို ဘယ်လိုမှ ကြည့်လို့မရတော့လို့လေ”
“လာခဲ့စမ်း။ ငါမင်းကို ရိုက်ချင်တယ်။ တစ်ယောက်နှင့်တစ်ယောက် နာကျင်အောင် လုပ်ကြတာပေါ့”
“ချီးတဲ့မှ... ငါမလုပ်ရဲဘူး ထင်လို့လား”
နောက်ဆုံးမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏လည်ပင်းကို ညှစ်လျက်ရှိနေတော့၏။ မျက်နှာနှင့် နားရွက်များ သည်ပင် နီရဲလျက်ရှိပြီး အသက်ရှုပင် ရပ်မလိုဖြစ်လာ၏။
သိုင်းအင်ပါယာကိုးယောက် “...”
ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများ “...”
မိမိကိုယ်ကို လည်ပင်းညှစ်ကာ ရန်ဖြစ်လျက်ရှိနေသည့် မြင်ကွင်းသည် ၎င်းတို့၏ အမြင်တွင်တော့ အလွန်တရာ ထူးခြားလို့ နေလေသည်။
............
သိုင်းအင်ပါယာကိုးယောက်တို့ ပြန်လာခဲ့သည်ဖြစ်သော်လည်း ထင်ရှားဆုံးသောလူမှာ ကျွင်းချောင်ရှောင်းပင် ဖြစ်လာခဲ့သည်။ အားလုံးတို့၏ ကိုးကွယ်မှုကို ခံရသည့် သိုင်းအင်ပါယာများသည် သူ့အား လူသိထင်ရှား ကျေးဇူးတင်စကား ပြောကြားခဲ့သည် မဟုတ်ပါလား။
ပြီးသည့်နောက်မှာတော့ ဤအကြောင်းအရာသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် လူပြောအများဆုံး ကိစ္စရပ် ဖြစ်လို့လာခဲ့တော့၏။ တော်တော်များများသည် ဇဝေဇဝါ ဖြစ်လို့နေခဲ့သည်။
သိုင်းအင်ပါယာကိုးယောက်တို့သည် မည်သို့သော ပြဿနာများကို ကြုံတွေ့ခဲ့ရသောကြောင့် ဂိုဏ်းချုပ်ကျွင်း၏ ကယ်တင်ခြင်းကို ခံရသနည်း။
ဤကိစ္စသည် ဆန်းကြယ်လှသည့် ကိစ္စကြီးအဖြစ် မဖြေရှင်းနိုင်ပဲ တည်ရှိနေခဲ့၏။
ကြယ်ကောင်းကင်ခံတပ်ကြီးထဲတွင် ချုပ်နှောင်ခံထားရသည့်အကြောင်းကို ထုတ်ဖော်ပြောကြားရန် ရှက်ရွံ့ လွန်းသောကြောင့် သိုင်းအင်ပါယာများသည် ၎င်းတို့ သေဆုံးသည်အထိ ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ချေ။ ကျွင်းချောင်ရှောင်းမှာလည်း အားအားယားယား လိုက်လံပြောဆိုနေမည့်လူ မဟုတ်သောကြောင့် ဤကိစ္စသည် မည်သူမှ မသိရှိဘဲ ပြီးဆုံးသွားမည့် ကိစ္စမျိုးသာ ဖြစ်ပေလိမ့်မည်။
ပြိုင်စံရှားဂိုဏ်း၏ သိုင်းလေ့ကျင့်ရေးကွင်းပြင် …။
ဘုတ်
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များ တည်ရှိနေရာဆီသို့ ဆင်းသက်လာခဲ့တော့၏။ အချိန်အကြာကြီး စောင့်မျှော်လျက်ရှိနေသော လျှိုဝမ်ရှစ်သည် သူမ၏ ခံစားချက်များကို မည်သို့မှ မထိန်းချုပ်နိုင်တော့ဘဲ ရှေ့သို့ လှမ်းတက်ကာဖြင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
“ဂိုဏ်းချုပ်... နောက်ဆုံးတော့ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ပြီပဲ”
“........”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့၏။ ပြီးသည့်နောက် သူသည် ချက်ချင်း ဘေးတစ်ဖက်ဆီသို့ ရှောင်ရှားလိုက်သည်။
ဆွစ် ….။
ဘုတ် …..။
“အိုက်ယား ယား ယား”
ဂိုဏ်းချုပ်သည် မြန်မြန်ဆန်ဆန် ရှောင်ရှားလိုက်သောကြောင့် လျှိုဝမ်ရှစ်သည် ရုတ်တရက် ဟန်ချက်ပျက်ကာဖြင့် မျက်နှာနှင့် မြေကြီး ရိုက်မိတော့၏။ ယခင်တုန်းကသာဆိုလျှင် ကျွင်းချောင်ရှောင်းသည် တစ်ခါတည်း လှမ်း၍ ဖမ်းဆီးမှာ သေချာသည်။ ထိုစဉ်က သူမသည် အသက်ဆယ့်တစ်နှစ် ၊ ဆယ့်နှစ်နှစ်အရွယ် ကလေးမလေး တစ်ယောက်သာ ဖြစ်၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အရွယ်ရောက်ပြီးသား မိန်းကလေးအဖြစ်သို့ ပြောင်းလဲနေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ခပ်ဝေးဝေးနေမှ ဖြစ်ပေတော့မည်။
စနစ်က ပြောလိုက်၏။ “ဒီကမ္ဘာကြီးမှာ ကုန်းရှန့်ကို အသားယူနိုင်တဲ့လူဆိုလို့ နှင်းဆီဧကရီ တစ်ယောက်ပဲ ရှိတယ်”
“ဂိုဏ်းချုပ်”
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးသည် တောက်ပသည့်အပြုံးနှင့် အနားသို့ ရောက်ရှိလာခဲ့ကြသည်။
“မဆိုးဘူး၊ မဆိုးဘူး”
ကျွင်းချောင်ရှောင်းသည် ထိုသူတို့ကို လှည့်ကြည့်ပြီးသည့်နောက်မှာတော့ ခေါင်းကို တဆတ်ဆတ်နှင့် ညိတ်နေမိ၏။ “မင်းတို့က ငါမရှိတော့ တကယ့်ကို ကြိုးကြိုးစားစားနဲ့ လေ့ကျင့်နေခဲ့ကြတာပဲ။ မင်းတို့ရဲ့ အော်ရာတွေက အရင်ကထက် ပိုပြီး အားကောင်းလာတယ်”
“ဂိုဏ်းချုပ်”
လီချင်းယန်က ပြောလိုက်သည်။ “အကြီးအကဲကျန့်က သူရဲ့အစ်မကို ရှာတွေ့ပြီ”
“အမ်”
ကျွင်းချောင်ရှောင်းသည် အနည်းငယ် အံ့အားသင့်သွား၏။ “ဒါ ပျော်စရာကိစ္စပဲ”
“ဒါပေမဲ့”
လီချင်းယန်သည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ “အကြီးအကဲကျန့်ရဲ့ အစ်မက ဆေးတွေ အတင်း တိုက်ကျွေးခံထားရတာကြောင့် အသိစိတ်တွေ ပျောက်ကွယ်နေတယ်။ အခု သူ့ရဲ့ပျောက်ဆုံးနေတဲ့ မောင်လေး တစ်ယောက် တည်ရှိနေတယ်ဆိုတာတောင် မေ့သွားခဲ့ပြီ”
ကျွင်းချောင်ရှောင်းသည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ မျက်နှာပေါ်တွင်ရှိသော အပြုံးများသည် ချက်ချင်း အေးစက်သွားခဲ့၏။ ပြီးသည့်နောက် သူသည် တီးတိုးမေးလိုက်မိ၏။ “ဘယ်သူလုပ်တာလဲ”
ကျန့်ရာသည် သူ၏အစ်မကို မည်မျှချစ်သနည်းဆိုသည်ကို သူကောင်းကောင်းသိ၏။ ထို့အပြင် ၎င်းတို့ နှစ်ယောက်သည် မိုးကြိုးပစ်ခံရသည်အထိ တည်နေရာကြီးထဲတွင် ထိုင်ကာ အရက်သောက်ဖူးသူများ ဖြစ်ကြ၏။ ယခု အကြီးအကဲကျန့်၏ အစ်မကို ရှာဖွေတွေ့ရှိခဲ့သည်ဆိုသော်လည်း သူမသည် မှတ်ဉာဏ်များ ပျောက်ဆုံးပြီး အရူး တစ်ယောက်လို့ ဖြစ်နေသည်ကို သိရသည့်အချိန်မှာတော့ မည်သို့မှ မနေနိုင်တော့ချေ။
စုရှောင်မိုက ပြောလိုက်၏။ “တောင်ပိုင်းပင်လယ် တုနယ်မြေက ယင်ယန်ဂိုဏ်းလေ”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မင်းတို့ လက်နက်တွေယူ၊ တောင်ပိုင်း ပင်လယ် တုနယ်မြေကို ငါနဲ့လိုက်ခဲ့ကြ။ အဲဒီ ယင်ယန်ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားအောင် ဖျက်ဆီးကြမယ်”