အပိုင်း (၁၂၇၃)
Vol. 86 Ch. 1273
ကျွင်းချောင်ရှောင်းသည် သံမဏိအရိုးဆိုသည့် ဆိုင်းဘုတ်ကြီးကို ရှိနေသည့် အဓိကဟောခန်း၏ ထိုင်ခုံ ပေါ်တွင် ထိုင်လျက် ရှိနေ၏။ သူသည် သွားဖုံးမှ သွေးများယိုသည်အထိ ဒေါသထွက်လျက် ရှိနေတော့၏။ သူက အော်ဟစ်လိုက်တော့၏။ “ယွမ်ဖန်”
“ဟုတ်ကဲ့” ယွမ်သခင်လေးသည် ကြောက်လန့်တကြားဖြင့် မတ်တပ်ရပ်လျက်ရှိနေသည်။
ဂိုဏ်းချုပ်သည် ရုတ်တရက် အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေရသနည်း။ ဖြစ်နိုင်သည်မှာ သူသည် လူများကို ခေါ်ဆောင်ပြီး တောင်ပိုင်းပင်လယ် တုနယ်မြေဆီသို့ သွားခဲ့သည့် အကြောင်းအရာကြောင့်လား။ သို့ပေမဲ့ ဤအရာသည် အကြီးအကဲဝေ၏ အကြံပြုချက်ကြောင့်ဖြစ်သည်။ သူ့တစ်ယောက်တည်းအား အပြစ်တင်နေ၍ မဖြစ်ချေ။ ဤပြဿနာများအားလုံးကို သူတစ်ယောက်တည်း ခေါင်းခံရမည်လား။
ထားလိုက်တော့ … ထားလိုက်တော့။ ခေါင်းခံဆိုလည်း ခံရမှာပဲ။ ဘာပဲပြောပြော နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း တုန်းကလည်း အကြိမ်ပေါင်းများစွာ ခေါင်းခံခဲ့ရတာပဲ။
“ခင်ဗျား …. ခင်ဗျား” ကျွင်းချောင်ရှောင်းသည် ယွမ်ဖန်အား လက်ညိုးဖြင့် ငေါက်ငေါက်ထိုးလိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ နှလုံးသားထဲမှာရှိနေသည့် ဒေါသတရားများကို ဖိနှိပ်ကာ အော်လိုက်၏။ “ခင်ဗျားပေးခဲ့တဲ့ အမိန့်က အရမ်းကို ကောင်းတယ်။ ကျုပ် အရမ်းကို ကျေနပ်တယ်”
“...........”
ဂိုဏ်းထဲတွင် ရှိနေသော အကြီးအကဲများ အားလုံးသည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့တော့၏။ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းလှသော လေသံနှင့် တစ်စုံတစ်ယောက်ကို ချီးကျူးခြင်းဆိုသည်မှာ သူတို့၏ ဂိုဏ်းချုပ်တစ်ယောက်သာ ပြုလုပ်သည့်အရာမျိုး ဖြစ်ပေလိမ့်မည်။
ယွမ်သခင်လေးသည်လည်း ကြောင်အသွားမိ၏။ ဂိုဏ်းချုပ်သည် သူ့အား ချီးကျုးနေသည်လား သို့မဟုတ် အပြစ် တင်နေသည်လားပင်မသဲကွဲတော့ပေ။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် သူ့အား ချီးကျူးနေခြင်းပင် ဖြစ်၏။ ခံစားချက်အပြည့်နှင့် အော်ဟစ် နေသည်မှာ ယင်ယန်ဂိုဏ်းသည် သူမရောက်ခင်ကတည်းက ပျက်စီးပြိုလဲသွားပြီဖြစ်ကြောင်း သိရှိခဲ့ခြင်း ကြောင့်သာ ဖြစ်သည်။ ကျန့်ရာ၏ အစ်မသည် သူ၏အစ်မပင် ဖြစ်တော့၏။ သိစိတ်တစ်ခုလုံး လွတ်ကင်းပြီး အရူး တစ်ယောက်ကဲ့သို့ အနိုင်ကျင့်ခံရသည်ကို သိရှိပြီးသည့်နောက်မှာတော့ သူသည် မည်သို့မှ မခံစားနိုင်ခဲ့တော့ချေ။ သူ့အနေနှင့် ကျိန်းသေပေါက် ဖြေရှင်းပေးရမည် ဖြစ်တော့၏။ သူမရှိတုန်း ဂိုဏ်းသည် သူ့အစား ဖြေရှင်းပေးခဲ့သည် ဖြစ်သောကြောင့် အလွန်တရာ စိတ်ကျေနပ်လျက် ရှိနေမိသည်။
“မဖြစ်ဘူး။ မဖြစ်ဘူး။ ငါ တောင်ပိုင်းပင်လယ် တုနယ်မြေဘက်ကို သွားကို သွားရမယ်” ကျွင်းချောင်ရှောင်းသည် ဆုံးဖြတ်ချက် ချလိုက်၏။
ဟုတ်ပေသည်။ ထိုနေရာသို့ သွားခြင်းဆိုသည်မှာ ထပ်မံကာ ငွေညှစ်ချင်သောကြောင့် မဟုတ်ပေ။ သူ၏ အထူးတာဝန်ကို ပြည့်စုံစေရန် လိုအပ်သေး၏။ မည်သည့်တာဝန်ဖြစ်သနည်း။
သုံးနှစ်အတွင်း ပြိုင်စံရှားဂိုဏ်းအား ပထမအဆင့် ဂိုဏ်းတစ်ခုအဖြစ် အသိအမှတ်ပြုပြီးသည့်နောက်မှာတော့ ရှိရှိသမျှသော ထိပ်တန်းဂိုဏ်းများအားလုံး၏ အသိအမှတ်ပြုခြင်းကို ရရှိစေရန်ပင် ဖြစ်တော့၏။ ပထမအဆင့် ဂိုဏ်းတစ်ခုအဖြစ် အဆင့်တိုးမြှင့်စေရန်ဆိုသည်မှာ ခက်ခဲလှသည့်အရာတစ်ခု မဟုတ်ပေ။ အဓိကမှာ ကုန်းမြေတိုက်ထဲတွင်ရှိနေသော ဂိုဏ်းနှင့် စွမ်းအားမြင့် ကျင့်ကြံသူများ၏ အသိအမှတ်ပြုမှုကို ရရှိရန်ပင် ဖြစ်သည်။
ဤပင်လယ်သည် အဓိကကုန်းမြေတိုက်ကြီးနှင့် ဆက်စပ်နေသည့် တည်နေရာဖြစ်သော်လည်း နှစ်ပေါင်းထောင်ချီ ကွဲပြားလျက်ရှိခဲ့၏။ သို့ပေမဲ့ ကုန်းမြေတိုက်ကြီးတစ်ခုဟု ထည့်တွက်နိုင်၏။ ကျွင်းချောင်ရှောင်းအနေနှင့် ထိုသူများ သဘောမတူသောကြောင့် အထူးတာဝန် မပြည့်စုံရမည့် အဖြစ်မျိုးကို မဖြစ်ချင်ပေ။
စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့ လက်ရှိ စိတ်အခြေအနေအရဆိုရင် အဲကို ရောက်သွားပြီဆိုတာနဲ့ ငွေညှစ် အုံးမှာပါပဲ”
“ငါက အဲလိုပုံစံ ပေါက်နေလို့လား”
“ပေါက်တာပေါ့”
............
နဂါးကျောရိုးတောင်ထွတ် …။
လှပလှသည့် ခြံဝန်းတစ်ခုထဲတွင် သီချင်းဆိုသံ သဲ့သဲ့ကို ကြားနေရ၏။ သီချင်းသီဆိုနေသူမှာ ကျန့်ရာ၏ အစ်မပင် ဖြစ်တော့၏။ သူမ၏ အသံသည် ငြင်သာလွန်းလှပြီး နားထောင်လို့လည်း ကောင်းလွန်းလှသည်။
ကျွင်းချောင်ရှောင်း၏အသံနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် မိုးနှင့်မြေလိုပဲ ကွာခြားလွန်းသည်။ ခန်းမဆောင်ထဲတွင် ထိုင်လျက်ရှိနေသော ကျန့်ရာမှာတော့ မျက်ရည်အဝိုင်းသားနှင့် ဖြစ်လို့နေခဲ့သည်။ သူ၏ အစ်မကြီး သီဆိုသော သီချင်းအား သူသည် အလွန်အမင်း ကြိုက်နှစ်သက်ခဲ့၏။
ငယ်ရွယ်စဉ်အခါကဆိုလျှင် ညအိပ်သည့်အချိန်တိုင်း သူ့အစ်မကြီး၏ သီဆိုသည့်အသံကို နားထောင်ရင်း အိပ်ခဲ့ရသူတစ်ယောက်ဖြစ်၏။ သူမ၏ အသံသည် ယခင်ကကဲ့သို့ပင် နားထောင်လို့ ကောင်းလွန်းလှ၏။ သို့ပေမဲ့ သူ၏ အစ်မကြီးသည် သူ့အား မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။ သူသည် သူ့အစ်မကြီး၏ ပေါင်ပေါ်တွင်လှဲကာဖြင့် ငယ်စဉ်ကလိုမျိုး သီချင်း နားထောင်ကာဖြင့် အိပ်စက်ခြင်းကို ပြုလုပ်ချင်နေမိသည်။
“အစ်မကြီး”
ကျန့်ရာသည် ဝမ်းနည်းတကြီးဖြင့် ပြောလိုက်မိ၏။ “ကျုပ် … ကျုပ်တကယ်ညံ့ခဲ့တယ်။ အချိန်ကိုက် မရှာဖွေနိုင်ခဲ့ဘူး”
တစ်ဦးတည်းသော မိသားစုဝင်ကို ပြန်လည်ရှာတွေ့ပြီးသည့်နောက်မှာတော့ မှတ်ဉာဏ်များ ပျောက်ဆုံးနေပြီဖြစ်ကြောင်းကို သိရှိရသည့်အချိန်မှာတော့ ကျန့်ရာသည် တနင့်တပိုး ခံစားလျက် ရှိနေသည်။
“ကောင်းကင်ဘုံ”
ကျန့်ရာသည် မတ်တပ်ထရပ်ကာ အော်ဟစ်လိုက်၏။ “ကျုပ်က ဘဝတလျှောက်လုံး ကျင့်ကြံခြင်းကို ပြုလုပ်ခဲ့တယ်။ အဲအရာတွေ အားလုံးနဲ့ ကျုပ်အစ်မရဲ့ အသိစိတ်တွေ ပြန်ရဖို့အတွက် လဲလှယ်ချင်တယ်”
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
အနောက်ဘက်ဆီမှ လက်ခုပ်တီးသံသည် ရုတ်တရက်ပေါ်ထွက်လာခဲ့၏။
လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်း သည် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်လျက်ရှိနေ၏။ သူသည် လက်ခုပ်တီးကာ ပြောလိုက်သည်။ “မောင်နှမ ကြားမှာရှိတဲ့ ချစ်ခင်ခြင်းမေတ္တာက တကယ့်ကို ရင်ထဲ ထိခိုက်စေတာပဲ”
“ဂိုဏ်းချုပ်”
ကျန့်ရာသည် အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ဘယ်တုန်းက ပြန်ရောက်လာတာလဲ”
“.........” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။
သိုင်းအင်ပါယာကိုးယောက်တို့ ပြန်ရောက်ပြီးနောက် သူ့အား လူသိ ရှင်ကြားဂါရဝပြုခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ လက်ရှိအချိန်၌ တစ်လောကလုံး သတင်းကြီးအဖြစ် ဖြစ်တည်နေခဲ့သည်။ ဤကဲ့သို့ ကြီးမားလှသည့် အဖြစ်အပျက်ကြီးအား ကျန့်ရာသည် မသိရှိခဲ့ပေ။ သူ၏ အစ်မကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများသည်သာ ခေါင်းထဲရောက်ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။
“အကြီးအကဲကျန့်”
ကျွင်းချောင်ရှောင်းသည် ကျောက်တုံးပေါ်မှ ခုန်ချပြီးသည့်နောက်မှာတော့ ကျန့်ရာ၏ ပခုံးကို အသာပုတ်ကာ ပြောလိုက်သည်။ “တကယ့်အစစ်အမှန် ယောကျ်ားတွေဆိုတာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေသင့်ဘူး။ အဲအစား မလှပတဲ့ ကံတရားကို ဘယ်လိုပြောင်းလဲရမလဲဆိုတဲ့ နည်းလမ်းကိုပဲ စဉ်းစားရမယ်။ ကျုပ်ကို ကွန်ဖြူးရှပ်က သင်ပေးခဲ့တာပဲ”
ကွန်ဖြူးရှပ် “ငါ ဘယ်တုန်းက မင်းကို သင်ပေးခဲ့လို့လဲ”
“ဂိုဏ်းချုပ် ….”
“ခင်ဗျား အစ်မကြီးရဲ့ အခြေအနေ အရပ်ရပ်ကို ကျုပ်ကြားခဲ့တယ်”
ကျွင်းချောင်ရှောင်းသည် လက်ကို အသာဖြန့်ကာဖြင့် လက်ဝါးထဲတွင်ရှိနေသော ဆေးလုံးတစ်လုံးကို အသာကမ်းပေးလိုက်သည်။ “ဒီဆေးလုံးက သိစိတ်တွေကို ပြန်ပြီးရစေနိုင်တယ်။”
ကျန့်ရာသည် အံဩလျက် ရှိနေသည်။
ကျွင်းချောင်ရှောင်း သည် ချက်ချင်းပဲ စိတ်ဝိညာဉ်သန့်စင်ခြင်း အသွင်ပြောင်းဆေးလုံးအား ပေးအပ်လိုက် တော့၏။ ဤအရာသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းတိတိ ကုန်ကျသည့်အရာပင် ဖြစ်၏။
မြန်မြန် …. မြန်မြန် …။
သူသည် မျက်လုံးကို စုံမှိတ်ကာဖြင့် အသာခေါင်းကို လှည့်လိုက်သည်။ ဒီဆေးလုံးကို ငါ မမြင်ချင် တော့ဘူး။ ငါမုန်းသွားပြီ။
ဝှစ်
ကျန့်ရာသည် ဆေးလုံးအား အလျင်အမြန် ယူပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်အား ကျေးဇူးတင်စကားပင် မပြောတော့ချေ။ ချက်ချင်း သူ့အစ်မကြီး၏ ဘေးဆီသို့ လျှောက်သွားပြီးသည့်နောက်မှာတော့ သူအစ်မကြီး၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်တော့သည်။
ဆန်းကြယ်လှသည့်ကိစ္စသည် အမှန်ပင် ဖြစ်လာခဲ့၏။ မူလအားဖြင့် အသိစိတ်ပျောက်လျက်ရှိနေသော သူ့အစ်မကြီး၏ မျက်လုံးသည် ရုတ်တရက် ကြည်လင် ရှင်းလင်းသွား၏။ ပြီးသည့်နောက် အရူးတစ်ယောက်ကဲ့သို့ အသွင်အပြင် အမူအရာများသည် ပျောက်ကွယ်သွားခဲ့၏။
ကျန့်ရာမှာမူ ပျော်ရွှင်သွားမိသည်။
“ရှောင်ရှစ်... မင်း ရှောင်ရှစ် မဟုတ်လား”
သူ၏ ဘေးနားတွင် ထိုင်နေသော လူတစ်ယောက်အား ကြည့်ရှုပြီးသည့် နောက်မှာတော့ အစ်မကြီးသည် တုန်ယင်နေသည့်လေသံဖြင့် လှမ်းကာမေးလိုက်မိသည်။
ကျန့်ရာသည် သူ၏ ခံစားချက်များကို မည်သို့မှ မထိန်းချုပ်နိုင်ခဲ့တော့ချေ။ မျက်နှာပေါ်သို့ ကြီးမားလှသည့် မျက်ရည်များ ကျဆင်းလာခဲ့၏။ အဆုံးသတ်မှာတော့ သူသည် အနားတွင်ရှိနေသော အစ်မကြီးကို အသာဖက်ကာဖြင့် ငိုချနေမိတော့သည်။ “အစ်မကြီး ကျုပ် ကျုပ်ပါ။ ကျုပ် ရှောင်ရှစ်ပါ”
ဤကဲ့သို့ ပျော်ရွှင်စရာ မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အနည်းငယ် အံ့အားသင့်လျက် ရှိနေတော့၏။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲကျန့်၏ ငယ်နာမည်သည် ရှောင်ရှစ်ဖြစ်လို့ နေခဲ့သည်။ သူ၏ မိစ္ဆာစိတ်ဝိညာဉ်နာမည်သည်လည်း ရှောင်ရှစ် ဖြစ်၏။
“လက်ခံသူ... အဲဒီမိစ္ဆာစိတ်ဝိညာဉ်ကို ရှောင်ရှစ်အစား ဝိုရှစ်လို့ ပြောင်းလိုက်ပါလား” စနစ်က အကြံပြုလိုက်သည်။
ဆေးလုံးကို သောက်သုံးပြီးသည့်နောက် ကျန့်ရာ၏ အစ်မကြီး ကျန့်လင်းသည် သိစိတ်များ ပြန်လည်ရရှိခဲ့ပြီး ဖြစ်တော့၏။ ထို့ကြောင့် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့သည့် ၎င်းတို့နှစ်ယောက်သည် ပြန်လည်ဆုံစည်းနိုင်ခဲ့ပြီ ဖြစ်သည်။
သူ့တပည့်၏ မိသားစုနှင့် ပြန်လည်ဆုံစည်းရသည့်အတွက် သူသည် ဂိုဏ်းစုဆောင်းမှတ်တစ်သောင်းအား အသုံးပြုခဲ့ရသည်။ သို့ပေမဲ့ ထိုအရာကို နှမျောနေ၍ မဖြစ်တော့ချေ။
“မဖြစ်ဘူး။ မဖြစ်ဘူး” ကျွင်းချောင်ရှောင်းသည် သူ၏ ရင်ဘတ်ကို အသာဖိကိုင်ကာဖြင့် ပြောလိုက်၏။ “ရင်တော့ နာတာပဲ”
ဘာပဲပြောပြော မောင်နှမနှစ်ယောက်ကြားတွင် ပြောစရာအများအပြား တည်ရှိနေသည်ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် ထိုသူတို့အား မနှောင့်ယှက်တော့ချေ။ အသာလှည့်ကာဖြင့် ခြံဝန်းထဲမှ လှည့်ကာ ထွက်သွားခဲ့သည်။
“နေအုံး” ကျန့်လင်းသည် အလောတကြီးဖြင့် ထကာ အော်လိုက်၏။
ကျွင်းချောင်ရှောင်းက ရပ်တန့်လိုက်သည်။ “ဘာကိစ္စ ရှိလို့လဲ အစ်မကြီးလင်း”
“ရှင် … ရှင်က ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်လား” ကျန့်လင်းသည် အားပျော့လှသည့် လေသံဖြင့် မေးလိုက်၏။
ကျန့်ရာသည် ဆွံ့အသွားမိ၏။ သူ၏ အစ်မကြီးသည် ဂိုဏ်းချုပ်အား သိရှိနေသည်။
“ဟုတ်ပါတယ်”
ကျွင်းချောင်ရှောင်းသည် လွတ်လွတ်လပ်လပ် ပုံစံမျိုးဖြင့် ပြန်ဖြေလိုက်၏။ “ကျုပ်က ပြိုင်စံရှား ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါပဲ”
အား... အား
ကျန့်လင်းသည် သူ၏မောင်လေးအား အသာတွန်းထုတ်ပြီးနောက် ရှေ့သို့ လှမ်းတက်လာခဲ့တော့၏။ ပြီးသည့် နောက်မှာတော့ လက်ကို ယမ်းခါကာ ပြောလိုက်တော့၏။ “တကယ့်ကို ဆရာကျွင်းပဲ။ နောက်ဆုံးတော့ လူကိုယ်တိုင် တွေ့ဖူးပြီပဲ။ ရှင်က ပုံရိပ်ယောင်မြင်ကွင်းထဲမှာ မြင်ရတာထက် ပိုပြီး ချောတယ်”
ကျွင်းချောင်ရှောင်း၏ အမူအရာသည် နဝေတိမ်တောင် ဖြစ်လျက် ရှိနေသည်။ ကျန့်ရာ၏ အစ်မကြီးသည် သူ၏ ပရိသတ် ဖြစ်နေလေသည်လား။
ဤကိစ္စကို အစပြုရမည်ဆိုလျှင် ဂိုဏ်းချုပ်ကျွင်းသည် နဂါးကျားပြိုင်ပွဲတွင် တပည့် ခေါ်ယူသည့် ကိစ္စက စပေလိမ့်မည်။ ထိုအချိန်က သူသည် မြို့အသီးသီးတွင် ရှိနေသော ပုံရိပ်ယောင် မြင်ကွင်းများမှတဆင့် တပည့်များကို ခေါ်ယူလျက်ရှိနေသည်။ ထို့ကြောင့်ပင်လျှင် တချို့သောသူများသည် အထင် အမြင်သေးခဲ့ကြသည် ဆိုသော်လည်း များပြားလှသည့် ပရိသတ်များကိုလည်း ရရှိခဲ့သည်။
ကျန့်လင်းသည် ပရိသတ်များထဲမှ တစ်ယောက်ပင် ဖြစ်တော့၏။ သူမသည် နံပါတ်တစ် အမျိုးသမီး ပရိသတ်လည်း ဖြစ်၏။ မြို့ထဲတွင် ရှိနေသော ပရိသတ်အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်သည်။ သူမ၏ ဆောင်ပုဒ်သည် “ကျွင်းကျွင်းလေးသာ နံပါတ်တစ်၊ အားလုံးရဲ့ အချစ်” ဟူ၍ ပင် ဖြစ်၏။
အား...
သူမသည် ဆက်တိုက် အော်ဟစ်လျက် ရှိနေတော့၏။ စိတ်လှုပ်ရှားလွန်းသောကြောင့် အချိန်မရွေး မေ့လဲသွားမည့် ပုံပန်းသွင်ပြင်မျိုးပင် ဖြစ်လို့နေခဲ့သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ ဦးခေါင်းကို အသာကုတ်ကာဖြင့် တွေတွေကြီး ရပ်လျက် ရှိနေ၏။ “ဂိုဏ်းချုပ်ကျွင်း... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ ခေါင်းတုံး တုံးထားရတာလဲ”