← Chapters

အပိုင်း (၁၂၇၄)

Vol. 86 Ch. 1274

အပိုင်း (၁၂၇၄)

Vol. 86 Ch. 1274

ကျန့်လင်းသည် ယင်ယန်ဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံရပြီးသည့်နောက်မှာတော့ တောင်ပိုင်း ပင်လယ်ဆီသို့ ခေါ်ဆောင်ခြင်းကို ခံခဲ့ရ၏။ လွန်ခဲ့သည် နှစ်အနည်းငယ်က သူမသည် အဓိကကုန်းမြေထဲတွင် နေထိုင်ခဲ့ပြီး ကျွင်းချောင်ရှောင်း၏ ကြော်ငြာမှုကို ပုံရိပ်ယောင်မြင်ကွင်းထဲမှတဆင့် မြင်ခဲ့ရ၏။

ထိုအချိန်က သူမသည် နိုင်ငံတစ်ခု၏ မိသားစုကြီးတစ်ခုဆီမှ သာမန်အိမ်စေတစ်ယောက်သာ ဖြစ်ေ၏။ သူမသည်အသွင်အပြင်ကို ပြောင်းလဲပြီး နာမည်ကိုပါ ပြောင်းလဲထားသောကြောင့် မိုးဆွေဟောခန်းသည် သူမအား ရှာဖွေ၍ မတွေ့ရှိနိုင်ခဲ့ကြချေ။

နောက်ပိုင်းတွင် အကြီးအကဲကျန့်သည် ယွမ်စိတ်ဝိညာဉ်အား နားလည်ပြီးသည့်နောက်မှာတော့ သူ၏ အစ်မကြီး အား စတင်ကာ ရှာဖွေလာခဲ့သည်။

အစ်မကြီး ကျန့်လင်းမှာတော့ အပြင်ဘက်သို့ ထွက်ကာ ကုန်ပစ္စည်းများကို ဝယ်ယူစဉ် ယင်ယန်ဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ပြီးသည့်နောက် နှစ်ပေါင်းများစွာကြာအောင် တောင်ပိုင်းပင်လယ်ဒေသဆီသို့ ခရီးနှင်ခဲ့ရ၏။ ပြောရမည်ဆိုလျှင် ကျန့်ရာတစ်ယောက် သူ၏ အစ်မကြီးကို ရှာဖွေနေသည့် အတောအတွင်းတွင် သူ၏ အစ်မကြီးသည် ပင်လယ် ဒေသဆီသို့ ခရီးနှင်နေခြင်းပင် ဖြစ်တော့၏။

ယင်ယန်ဂိုဏ်းသည် မိစ္ဆာဂိုဏ်းတစ်ခု မဟုတ်ဘဲ ရိုးရာဂိုဏ်းတစ်ခုသာ ဖြစ်တော့၏။ သူတို့၏ ကျင့်ကြံခြင်း နည်းလမ်းသည် ယင်နှင့်ယန်ဓာတ်ပေါ်တွင် အခြေပြုထားခဲ့တော့၏။ ထို့ကြောင့် နှစ်ဖက်လုံးသည် အကျိုးကျေးဇူး များကို ရရှိသည်။ သို့ပေမဲ့ တစ်ဖက်မိန်းကလေးသည် သစ္စာဖောက်ခြင်း သို့မဟုတ် လျှို့ဝှက်ချက်များကို ပေါက်ကြားခြင်းမျိုး မဖြစ်ရစေရန် ဖမ်းဆီးခံရသော မိန်းကလေးများ အားလုံးကို ဝိညာဉ်ပျက်စီးစေနိုင်သည့် ဆေးများကို တိုက်ကျွေးခဲ့သည်။ ထို့ကြောင့် ဖမ်းဆီးခံရသော မိန်းကလေးများသည် မိမိကိုယ်ကို မေ့လျော့ပြီး အရင်တုန်းက ဘာဖြစ်ခဲ့သည်ဆိုသည့် မှတ်ဉာဏ်များလည်း ပျောက်ကွယ်သွားခဲ့ရသည်။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူမသည် ထိန်းချုပ်ခံလိုက်ရပြီးသည့်နောက်မှာတော့ အရုပ်လေးတစ်ရုပ်ကဲ့သို့ ပြောင်းလဲခဲ့ခြင်းပင် ဖြစ်သည်။ ဤအရာသည် ယင်ယန်ဂိုဏ်းမှ ချမှတ်ခဲ့သော စည်းမျဉ်းတစ်ခုပင် ဖြစ်သည်။ သို့ပေမဲ့ ကျန့်လင်းသည် ဖမ်းဆီးခံလိုက်ရပြီးသည့်နောက်မှာတော့ အကြမ်းတမ်းဆုံးသော နည်းလမ်းများဖြင့် ငြင်းဆန်မှုကို ပြုလုပ်ခဲ့သောကြောင့် အကြိမ်ပေါင်းများစွာ ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။

နောက်ဆုံး ကျန့်ရာ ရောက်ရှိလာသည့် အချိန်မှာတော့ သူမသည် စကားမနာခံမှုကြောင့် ရိုက်နှက်ခံရပြီး ခွေခွေလေး ဖြစ်နေသည့် အချိန်ပင် ဖြစ်တော့၏။ ထို့အတူ ဤကဲ့သို့သော အခြေအနေတွင် မူးယစ်ဆေးများ၏ ဆိုးကျိုးကြောင့် သူမ၏ အသိစိတ်တစ်ခုလုံး ပျောက်ကွယ်ပြီး ရူးသွပ်သူတစ်ယောက်လိုပင် ဖြစ်ခဲ့ရ၏။

တခြားသောသူများအတွက် ဤကဲ့သို့ ဝိညာဉ်ထိခိုက်မှုသည် ကုသ၍ မရနိုင်သည့်အရာ ဖြစ်သည်ဆိုသော်လည်း ကျွင်းချောင်ရှောင်း၏ ရှေ့တွင်တော့ ဘာမှ မဟုတ်ချေ။ ထို့ကြောင့်ပင်လျှင် ကျန့်လင်း၏ အသိစိတ်များသည် ပြန်လည်ကာ ကောင်းမွန်ခဲ့လေသည်။

............

အဓိကဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်း၏ ဦးခေါင်းတစ်ခုလုံးသည် ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ အကြီးအကဲကျန့်၏ အစ်မကြီးသည် ပြန်လည်ကောင်းမွန်ခဲ့သည်ဆိုသော်လည်း သူသွားသည့် လမ်းများတွင် အရှေ့၌ ပိတ်ရပ်ကာဖြင့် စူးစူးဝါးဝါး အော်ဟစ်လျက် ရှိနေ၏။

“ကျွင်းကျွင်းလေး... ကျွင်းကျွင်းလေး၊ ထာဝရ ပရိသတ် ကျွင်းကျွင်းလေး”

ပထမတုန်းက ကုန်းရှန့်သည် ပျော်ရွှင်သလိုဖြစ်ခဲ့၏။ သူ့အနေနှင့် ရှားရှားပါးပါး အမျိုးသမီး ပရိသတ်တစ်ယောက်ကို ရရှိခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလား။ သို့ပေမဲ့ အချိန်ကြာလာသည့်အခါမှာတော့ သူသည် ဆက်လက်ကာ သည်းမခံနိုင်ခဲ့တော့ချေ။ ဤအမျိုးသမီး၏ အားပေးမှုသည် ကြမ်းတမ်းလွန်းလှ၏။

စိတ်ဓာတ်အကျဆုံးသော လူမှာမူ ကျန့်ရာပင် ဖြစ်တော့၏။ သူ၏ ပျောက်ဆုံးနေသည့် အစ်မကြီးအား ရှာဖွေတွေ့ရှိဖို့ ဆိုသည်မှာ လွယ်ကူခဲ့သည့် ကိစ္စတော့ မဟုတ်ချေ။ ထို့ကြောင့် ပျော်ပျော်ရွှင်ရွှင်နှင့် စကားပြောပြီး တစ်ယောက်နှင့်တစ်ယောက် ပိုမိုကာ ရင်းနှီးသည့် မောင်နှမဆက်ဆံရေးကို ရရှိအောင် ပြုလုပ်ရမှာ ဖြစ်၏။ သို့ပေမဲ့ စကားပြောရန် ကြိုးစားသည့်အချိန်မှာတော့ အစ်မကြီး ပြောဆိုသည့် စကားလုံးသည် ဂိုဏ်းချုပ် အား ချီးကျူးသည့် စကားများပင် ဖြစ်လို့နေခဲ့သည်။

“ရှောင်ရှစ်... ဂိုဏ်းချုပ်ကျွင်းဆီမှာ ရည်းစားရှိလား”

..............

“ရှောင်ရှစ်... ဂိုဏ်းချုပ်ကျွင်းက ဘာဝါသနာပါလဲ”

..............

“ရှောင်ရှစ်... ဂိုဏ်းချုပ်ကျွင်းက....”

“အစ်မကြီး”

ကျန့်ရာသည် သူ၏ ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် စိတ်ဓာတ်တကျ ပြောလိုက်၏။ “ဂိုဏ်းချုပ်က ရည်းစားရှိရုံတင်မကဘူး။ မိန်းမပါရှိတယ်။ ပြီးတော့ အစ်မကြီးက အသက်ငါးဆယ်၊ ခြောက်ဆယ် နီးပါးတောင် ရှိပြီ။ မိန်းကလေးငယ်လေး တစ်ယောက်လို ကလေးဆန်နေလို့ မဖြစ်ဘူးမို့လား”

တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် ထိုနေရာမှ ဖြတ်လျှောက်သွားခဲ့သည်။ ထို့ကြောင့် ကျန့်ရာ ပြောသည့်စကားလုံးများကို ကြားသည့်အချိန်မှာတော့ မြေပေါ်သို့ လဲကျလုမတတ်ပင်ဖြစ်နေတော့၏။

သက်တမ်းအနှစ် နှစ်ရာလောက်ရှိသည့် လောကကြီးတွင် နေထိုင်ကြသည့်အချိန်တွင် အသက် ငါးဆယ်မှ ခြောက်ဆယ်နီးပါး ဆိုသည်မှာ အလွန်တရာ ငယ်ရွယ်လွန်းလှ၏။ သို့ပေမဲ့ ကုန်းရှန့်သည် အဓိကကမ္ဘာမြေဆီမှ ရောက်ရှိလာသူ ဖြစ်သောကြောင့် အသက်ငါးဆယ်၊ ခြောက်ဆယ်ဆိုသည်မှာ သူ၏ စိတ်ထဲ၌ ပြည်သူ့ရင်ပြင်ဆီသို့ သွားရောက်၍ ကျန်းမာရေးလေ့ကျင့်ခန်းများကို လုပ်နေသည့် အဒေါ်ကြီးတစ်ယောက်၏ အရွယ်မျိုးပင် မဟုတ်ပါလား။ ထို့ကြောင့် သူသည် ခံရခက်သလို ခံစားနေမိသည်။

“ဟား ဟား ဟား”

စနစ်သည် ဝင်ကာ ပြောလိုက်မိ၏။ “လက်ခံသူဆီမှ ပရိသတ်တစ်ယောက်ရှိတယ်ဆိုရင်တောင်မှ အမေအရွယ်ကြီး ဖြစ်နေပြီ။ ရီရှင်းချန်လို ငယ်ရွယ်တဲ့ မိန်းကလေးတွေရဲ့ သဘောကျ နှစ်ခြိုက်ခြင်းကို ခံရတာ မဟုတ်ဘူး။ အင်း... ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဒီလို အရှက်မဲ့တဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ် မိန်းကလေးငယ်တွေက ကြိုက်မှာလဲ”

ဤစကားလုံးများသည် မှန်ကန်လွန်းလှသလို ရက်စက်လွန်းလှ၏။ ထိုစူးရှသည့် စကားလုံးများသည် ဓားမြှောင် တစ်ချောင်းကဲ့သို့ပင် ကျွင်းချောင်ရှောင်း၏ နှလုံးသားကို တစွပ်စွပ်နှင့် ထိုးနှက်လျက် ရှိနေ၏။

...........

“အကြီးအကဲကျန့်”

စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ခင်ဗျားရဲ့ အစ်မကြီးက သံမဏိအရိုးမြို့မှာ နေမယ်ဆိုတာ တကယ်လား။ ပြိုင်စံရှားဂိုဏ်းထဲကို မဝင်ဘူးလား”

ကျန့်ရာက ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ကျုပ်အစ်မကြီးရဲ့ ပင်ကိုယ်စွမ်းရည်က သာမန်ပဲ”

“ဒါက ပြဿနာမဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကိုယှက်ကာဖြင့် ပြောလိုက်၏။ “ကျုပ်က သူမကို နတ်ဘုရားအဆင့်ပင်ကိုယ်စွမ်းရည်ဖြစ်အောင် ချက်ချင်းလုပ်ပေးနိုင်တယ်”

ထို့အပြင် ကျန့်ရာသည် ပထမဦးဆုံး ရောက်ရှိလာသည့် သူ၏ အကြီးအကဲပင် ဖြစ်တော့၏။ ထိုသူ၏ အစ်မသည် သူ၏အစ်မပင် ဖြစ်တော့သည်။ ဂိုဏ်းထဲသို့ဝင်ရောက်ချင်သည်ဆိုပါက မည်သည့်ပင်ကိုယ်စွမ်းရည်မှ မရှိဘူးဆိုလျှင်တောင်မှ တစ်ခါတည်း နတ်ဘုရားအဆင့် ပင်ကိုယ်စွမ်းရည်မျိုး ရရှိအောင် သူပြုလုပ်ပေးနိုင်စွမ်း ရှိ၏။

“ဒါက …”

ကျန့်ရာသည် ခဏလောက် တွေးတောပြီးနောက် ပြောလိုက်သည်။ “အစ်မကြီးကို မေးလိုက်ပါ့မယ်”

အခြေအနေကို သိရှိပြီးသည့်နောက်မှာတော့ ကျန့်လင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ရှောင်ရှစ်... ငါက သိုင်းပညာလမ်းစဉ်နဲ့ ဘာမှမဆိုင်ဘူးလေ။ ဒီတော့ တောင်ခြေမှာရှိတဲ့ သံမဏိအရိုးမြို့လေးမှာပဲ အခြေချတာ ပိုကောင်းမယ်”

ကျွင်းချောင်ရှောင်းတွင် မိန်းမရှိသည်ကို သိရှိပြီးသည့်နောက်မှာတော့ သူမ၏ အားတက်သရော အမူအရာသည် ရုတ်တရက် ကျဆင်းသွားခဲ့၏။ သူမ၏ အနာဂတ်ဘဝအတွက်သာ စတင်ကာ တွေးတောတော့သည်။ ကျန့်လင်း သည် ချောင်အာ ကဲ့သို့ပင်ဖြစ်သည်။ သူမသည် သာမန်အကျဆုံး လူတစ်ယောက် ဖြစ်သည်မို့ သာမန်ဘဝတွင်သာ နေထိုင်ချင်စိတ် ရှိ၏။

“အစ်မကြီး”

ကျန့်ရာက ပြောလိုက်သည်။ “ကျုပ်နားလည်ပါပြီ”

...........

နောက်တစ်ရက်မှာတော့ ကျန့်ရာသည် သူ၏အစ်မ ကျန့်လင်းနှင့်အတူ ပြိုင်စံရှားဂိုဏ်းဆီမှ ထွက်ခွာသွားပြီးသည့် နောက်မှာတော့ သံမဏိအရိုးတောင်သို့ သွားရောက်ကာ အခြေချတော့၏။ သူမသည် အဒေါ်ဝမ်၏ ဆိုင်တွင် သွားရောက်ကာ အလုပ် လုပ်ကိုင်၏။

ထန်သခင်လေးသည် ဤနေရာတွင် များပြားလှသည့် ဆေးပစ္စည်းဆိုင်များကို ဖွင့်လှစ်ထားသည်ဖြစ်သောကြောင့် စည်းကားသည့်နေရာတစ်ခုအဖြစ် ပြောင်းလဲနေပြီဖြစ်၏။ ထို့ကြောင့်ပင်လျှင် အဒေါ်ဝမ်၏ ဆိုင်သည် လူစည်ကားသော စားသောက်ဆိုင်တစ်ခုအဖြစ် ပြောင်းလဲခဲ့ရသည်။

“အဒေါ်ဝမ်”

ကျွင်းချောင်ရှောင်းက ဟာသလုပ်လိုက်သည်။ “နောက်ဆိုရင် တကယ့်ကို စားသောက်ဆိုင်တွေ အများကြီးပိုင်တဲ့လူတစ်ယောက် ဖြစ်လာတော့မှာပဲ”

အဒေါ်ဝမ်သည် မီးဖိုချောင်ထဲမှ ထွက်လာခဲ့ပြီးသည့်နောက်မှာတော့ ကုန်းရှန့်၏ ရှေ့သို့ ခေါက်ဆွဲတစ်ပွဲ ချပေး လိုက်သည်။ ပြီးနောက် ပြောလိုက်၏။ “မင်းကကော ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ် ဖြစ်နေပြီ။ ဘယ်လိုဖြစ်ပြီး ငါ့ဆီလာ စားသောက်နေရတာတုန်း”

“အရသာ ရှိလို့ပေါ့”

ကျွင်းချောင်ရှောင်းသည် တူကို ကောက်ယူကာဖြင့် ပြုံးလိုက်မိ၏။ “အဒေါ်ဝမ်.... ဟင်းနည်းနည်းလောက် ထပ်ပေးပါအုံး”

ကုန်းရှန့်အနေဖြင့် ဤလောကကြီးတွင် သွေးသားအရင်းအချာဟူ၍ မရှိဘူးဆိုသော်လည်း ချင်းယန်ရွာထဲတွင် ရှိသော ရွာသားများအားလုံးကို သူ၏ မိသားစုအဖြစ် သတ်မှတ်ထားခဲ့၏။ ထို့ကြောင့် သံမဏိအရိုးရွာဆီသို့ လာသည့်အချိန်တိုင်း သူသည် နွေးထွေးမှုကို ခံစားနေမိ၏။

............

ဘုတ်

ကျွင်းချောင်ရှောင်း၏ စာကြည့်ခန်းထဲတွင်တော့ ကျန့်ရာသည် ဒူးထောက်ထားမိ၏။ ပြီးနောက်ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”

ဘန်း … ဘန်း …။

နောက်တစ်စက္ကန့်အတွင်းမှာပဲ စာကြည့်ခန်း၏ ပြတင်းပေါက်သည် ကွဲထွက်သွားပြီး ကျန့်ရာသည် အပြင်ဘက်သို့ လွင့်စင်သွားခဲ့၏။ ပြီးသည့်နောက်မှာတော့ မြေပြင်အတိုင်း လျှောထွက်သွားပြီး ပေအနည်းငယ် ရောက်မှ ရပ်တန့်သွားခဲ့၏။

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် မတ်တပ်ထရပ်ပြီး လှမ်းကာ အော်လိုက်၏။ “ယောက်ျားတစ်ယောက်ရဲ့ ဒူးခေါင်းအောက်က ရွှေလိုပဲ တန်ဖိုးရှိတယ်။ နောက်တစ်ကြိမ် ဘာမပြော၊ ညာမပြောနဲ့ ကျုပ်ရှေ့မှာ ဒူးထောက်မယ်ဆိုရင် ခင်ဗျားက အကြီးအကဲပဲဖြစ်ဖြစ်၊ တပည့်ပဲဖြစ်ဖြစ် စည်းကမ်းထိန်းသိမ်းရေး ဟောခန်းဆီကို ပို့ပြီးတော့ အပြစ်ပေးခံရလိမ့်မယ်”

“နား... နားလည်ပါပြီ”

ကျန့်ရာသည် ခက်ခက်ခဲခဲနှင့် ပြောလိုက်မိ၏။ ဂိုဏ်းချုပ် ပြန်လာပြီးသည့်နောက်မှာတော့ ဂိုဏ်းသည် ပျော်ရွှင်စရာအဖြစ် ပြောင်းလဲသွားခဲ့၏။ ဂိုဏ်းတစ်ခုလုံးသည် ပျော်ရွှင်တက်ကြွသည့်အသွင်မျိုးဖြင့် လေ့ကျင့်လျက် ရှိနေတော့၏။

သို့ပေမဲ့ မပျော်ရွှင်ရဆုံးသောလူမှာတော့ ရှမ့်ယုဟန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လက်ရှိ အခြေအနေ၌ ဂိုးပေါက်၏ ရှေ့တည့်တည်တွင် တုန်ယင်စွာဖြင့် မတ်တပ်ရပ်နေရသောကြောင့်ပင်။ သူ၏ ရှေ့တွင် တော့ စုရှောင်မို၊ လီဖေးနှင့် ထျန်းချီစသည့် တခြားသောလူများ တည်ရှိနေသည်။

“ဂျူနီယာညီလေး”

စုရှောင်မိုသည် ပြုံးလိုက်မိ၏။ “ဒီဂိုးဖမ်းတယ်ဆိုတဲ့ကိစ္စက တပည့်တွေအားလုံး မဖြစ်မနေ ပြုလုပ်ရမယ့် သင်ခန်းစာတစ်ခုပဲ။ ပြိုင်စံရှားဂိုဏ်းရဲ့ အလေ့အကျင့်တစ်ခုပေါ့။ ဒီတော့ စိတ်ကို အေးအေးထား။ မကြောက်နဲ့”

“...........”

ရှမ့်ယုဟန်သည် ငိုချင်စိတ်ပင် ပေါက်မိနေတော့၏။ ဤအတောအတွင်း သူသည် စီနီယာအစ်ကိုများ၏ ဘောလုံး ကစားခြင်းကို မြင်ခဲ့ရ၏။ ဤအရာသည် အရမ်းပင် ရက်စက်ပြီး ကြမ်းတမ်းလွန်းလှသည်။

ဘန်း

ရှမ့်ယုဟန် တွေးနေတုန်းမှာပဲ ဘောလုံးသည် သူ၏မျက်နှာတည့်တည်ကို လာရောက်ကာ ထိမှန်လေတော့သည်။ မကြာခင်မှာပဲ ဆေးဟောခန်းမဆောင်တွင် လူနာသစ်တစ်ယောက် ပေါ်ပေါက်လာခဲ့၏။

.............

“ဂိုဏ်းချုပ်ကျွင်း”

အဓိကဟောခန်းထဲမှာတော့ ရီဖေးရွှယ်၊ နိဘူလနှင့် တခြားသောသူများသည် ထိုင်လျက် ရှိနေ၏။ နောက်ဆုံးမှာတော့ သူတို့သည် မည်သို့မှ မနေနိုင်ဘဲ မေးလိုက်ကြတော့၏။ “ခင်ဗျားအရင်တုန်းက ပြောခဲ့တဲ့ ရီရှင်းချန်ဆိုတာ ဘယ်မှာလဲ”

All Chapters