အပိုင်း (၁၂၇၅)
Vol. 86 Ch. 1275
ဘုန်း ဘုန်း
သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၏ အတွင်းဘက်မှာတော့ အလွန်အားကောင်းလွန်းလှသော စိတ်ဝိညာဉ်သားရဲ တစ်ကောင်သည် တည်နေရာကြီးတစ်ခုလုံးကို တုန်ခါစေသည်အထိ တိုက်ခိုက်လျက် ရှိနေ၏။ ပြီးသည့်နောက်မှာတော့ ထိုစိတ်ဝိညာဉ်သားရဲသည် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
ရီရှင်းချန်သည် မတ်မတ်ရပ်ပြီးသည့်နောက် ၎င်း၏နဖူးပေါ်တွင်ရှိနေသော ချွေးစီးများကို အသာသုတ်လိုက် သည်။ သူသည် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်သို့ ချိုးဖြတ်ရောက်ရှိနေခဲ့သည်မှာ အချိန်အတော်ကြာမြင့် နေပြီဖြစ်သည်။ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲတွင် လေ့ကျင့်ခြင်းဆိုသည်မှာ သူ့အတွက် အကျိုး သက်ရောက်မှု မရှိလုနီးပါးပင်။ သို့ပေမဲ့ အနည်းငယ် တိုးတက်ရာ တိုးတက်စေကြောင်းအလို့ငှာ သူသည် ဤအထဲသို့ ဒုက္ခခံ၍ လာရောက်လေ့ကျင့်နေခြင်းဖြစ်၏။
ပြန်လည် မွေးဖွားခဲ့ပြီးကတည်းက ရီရှင်းချန်သည် သူ၏လေ့ကျင့်မှုများကို တင်းတင်းကျပ်ကျပ် ပြုလုပ်လျက် ရှိနေသည်။ သူ၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် ဓာတ်သဘာဝများသည် အကောင်းမွန်ဆုံး အခြေအနေဖြင့် ဖြစ်တည်လျက် ရှိနေ၏။ ယခင်ဘဝက ကျင့်ကြံခြင်းအဆင့်သို့ ပြန်လည် မရောက်ရှိသေးဘူးဆိုသော်လည်း သူ၏ လက်ရှိ အားအင်အဆင့်သည် ယခင်ဘဝကရှိခဲ့သည့် အခြေအနေနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ပိုမိုကာ အားကောင်းလျက် ရှိနေသည်။
အားညိုသည် အောင်မြင်မှုဆိုသည်မှာ သန္ဓေပါရမီဖြင့် ဖြစ်တည်လာသည်သာမက အလုပ်ကြိုးစားမှုကြောင့် ဖြစ်ကြောင်း ကောင်းကောင်း နားလည်နေမိ၏။
သို့ပေမဲ့ ကုန်းရှန့်မှာတော့ ဤကဲ့သို့ မဟုတ်ချေ။ အောင်မြင်မှု ဆိုသည်မှာ ဂိမ်းဆာဗာခိုးယူခြင်းသာ ဖြစ်တော့သည်။
ဟူး ……။
ခဏလောက် အနားယူပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲမှ လှမ်းလျှောက်ထွက်လာ၏။ ပြီးသည့်နောက်မှာတော့ ဘုံကိုးပါးလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရန် ပြင်လိုက်သည့်အချိန်မှာပဲ ကျွင်းချောင်ရှောင်း၏ အသံသည် သူ၏နားထဲသို့ တိုးဝင်လာ၏။
“အားညို... အဓိကဟောခန်းထဲကို လာခဲ့အုံး”
“...........”
ရီရှင်းချန်သည် အနည်းငယ် မျက်မှောင်ကုတ်မိလိုက်၏။ သူ၏ နှလုံးသားထဲတွင်တော့ မကောင်းသည့် ခံစားချက် များ ခံစားလျက် ရှိနေ၏။
သို့ပေမဲ့ဂိုဏ်းချုပ်ခေါ်နေသည်ဆိုမှတော့ တပည့်တစ်ယောက်အနေဖြင့် သူသည် မဖြစ်မနေ သွားရမှာဖြစ်၏။ ထို့ကြောင့် အနည်းငယ် နှောင့်နှေးပြီးသည့်နောက်မှာတော့ အဓိကဟောခန်းဆီသို့ လှမ်းလျှောက် သွားခဲ့သည်။
အထဲသို့ လှမ်းဝင်ဝင်ခြင်းများပဲ မျက်လုံးပေါင်း မြောက်များစွာတို့သည် သူ့အား လှမ်းကြည့်နေသည်ကို မြင်ရ၏။ ထိုသူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အလွန်အားကောင်းလှသည့် အော်ရာများသည် ထိတ်လန့် တုန်လှုပ်စရာ ကောင်းလွန်းလှ၏။
“ကျွမ်းကျင်သူ... ဒါတွေအားလုံးက ကျွမ်းကျင်သူတွေပဲ”
ရီရှင်းချန်သည် ထိတ်လန့်တုန်လှုပ်နေမှုများကို ဖိနှိပ်ကာဖြင့် လှမ်းကြည့်လိုက်၏။ အလွန်အားကောင်းလှသော စွမ်းအားမြင့် ကျင့်ကြံသူ သုံးယောက်တို့သည် သူ၏ အရှေ့ ထိုင်ခုံ၌ ထိုင်လျက်ရှိ၏။ တစ်ယောက်၏ ဘေးတစ်ဖက်ရှိ စားပွဲပေါ်တွင် ဓားကိုးလက်ကို တင်ထားပြီးသည့်နောက် တစ်ယောက်မှာတော့ အရက်ဗူးကို ခါး၌ဆွဲထား၏။ တခြားတစ်ယောက်မှာတော့ စုတ်တံတစ်ခုကို ကိုင်ဆောင်ထားသည်။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါက ရီရှင်းချန်ပဲ။ ကျုပ်တန်ဖိုးအထားရဆုံး တပည့်ပေါ့”
လီချင်းယန်၊ ရှောင်ကျီနှင့် တောဝက်ရိုင်းလေးတို့သာဆိုပါက တန်ဖိုးအထားရဆုံးတပည့်ဆိုသည်ကို ကြားပါက ကျိန်းသေပေါက် ပျော်ရွှင်နေပေလိမ့်မည်။ သို့ပေမဲ့ ညအင်ပါယာမှာတော့ စိတ်ထဲတွင် ရှိနေသည့် မကောင်းသော ခံစားချက်များမှာတော့ ပိုမိုကာ အားကောင်းလာခဲ့သည်။
ရီဖေးရွှယ်၊ အရက်ဂျိုးနှင့် နိဘူလတို့သည် ပြိုင်စံရှားဂိုဏ်း၏ တပည့်အား သေသေချာချာ ကြည့်ရှုလိုက်၏။ သူတို့ သေချာကြည့်လေ တစ်ဖက်လူမှာ အားကောင်းလှသည်မဟုတ်မှန်း ပိုမိုခံစားမိလေ ဖြစ်တော့၏။ ထိပ်တန်း ကျွမ်းကျင်သူဆိုသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်သည့်သူ ဟုတ်ရဲ့လား။
“ရှင်းချန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီသုံးယောက်က မင်းနဲ့ တိုင်ပင်ဆွေးနွေးစရာ ရှိတယ်”
“ကောင်းပြီ”
ရီရှင်းချန်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်မိ၏။ သူ့အနေနှင့် ရင်ဘတ်ထဲတွင် မကောင်းသည့် ခံစားချက်များ ရရှိနေသည်ဆိုသော်လည်း တစ်ဖက်လူသုံးယောက်သည် ရိုးရှင်းလှသည် မဟုတ်မှန်း သူသိရှိပြီး ဖြစ်၏။ ညအင်ပါယာ၏ ဂုဏ်သိက္ခာနှင့် ဝံ့ကြွားသည့်စိတ်ဓာတ်များသည် ပြန်လည်ကာ ရောက်ရှိလာခဲ့သည်။ သူသည် မည်သည့်အရာကိုမှ ကြောက်ရွံ့နေလိမ့်မည် မဟုတ်ချေ။
.................
စားသောက်ခန်းထဲမှာတော့ မူလအားဖြင့် မောက်မာဝံ့ကြွားလျက်ရှိသော ရီရှင်းချန်၏ မျက်နှာပေါ်တွင်တော့ နဝေတိမ်တောင် အမူအရာများနှင့် ဖြစ်လို့နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် သူ့အား အရက်သောက်ပြိုင်ရန် ပြောဆိုနေခဲ့သည် မဟုတ်ပါလား။ တခြားသောနည်းလမ်းလည်း မရှိချေ။
အားညိုသည် ချက်ချင်းပဲ ကြောက်လန့်သွားမိ၏။ သူသည် အသံပို့လွှတ်လိုက်၏။ “ဂိုဏ်းချုပ်... ကျွန်တော်”
“မင်းက ဝိုင်လမ်းစဉ်ကို ပေါက်မြောက်တဲ့ လူတစ်ယောက်ဖြစ်မှန်း ငါပြောထားတယ်။ ဒီတော့ မင်းအနေနဲ့ ငါပြောတဲ့စကားကို တည်အောင်လို့ သေချာလုပ်ပေးဖို့ လိုတယ်” ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်နှင့် ပြန်လည်ကာ အသံပို့လွှတ်လိုက်သည်။
“ဟမ်”
ရီရှင်းချန်၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ခါသွားခဲ့၏။ ကျုပ် ဘယ်လောက် အရက်ဒဏ်ကို မခံနိုင်လဲဆိုတာ သိတယ် မဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ ဝိုင်လမ်းစဉ်ရဲ့ ထိပ်တန်းပုဂ္ဂိုလ်လို့ ပြောဆိုရဲရတာလဲ။ ဒါက တမင်ကလာ ကြွားပြောခဲ့တာလား။ ရည်ရွယ်ချက်ရှိရှိနဲ့ ဒုက္ခပေးချင်ခဲ့တာလား။
“ရောင်းရင်း”
အရက်ဂျိုးသည် ထိုင်ခုံပေါ်တွင် ခြေတစ်ဖက်တင်ကာဖြင့် ရဲရင့်စွာ ပြောလိုက်သည်။ “ကျုပ်တို့ ဂျားလိုက်သောက်ကြမလား။ ခွက်လိုက်သောက်မလား”
ရီရှင်းချန်သည် ရွေးချယ်စရာ မရှိတော့ချေ။ ထို့ကြောင့် မိမိကိုယ်ကို အားတင်းထားလိုက်မိတော့၏။ သို့ပေမဲ့ သူ၏ စွမ်းဆောင်ရည်ကို သူကောင်းကောင်းသိသည်။ ထို့ကြောင့်ပင်လျှင် အနည်းငယ် နှောင့်နှေးပြီးနောက် ပြောလိုက်၏။ “ခွက်နဲ့ သောက်ကြတာပေါ့”
“အိုက်ယား”
ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ အမိန့်ပေးလိုက်၏။ “ခွက်တွေ သွားယူလိုက်”
“ကောင်းပါပြီ” အားဟိုင်နှင့် ရိဟိုင်တို့သည် အနားလာပြီးသည့်နောက်မှာတော့ စားပွဲပေါ်သို့ ခွက်နှစ်ခွက်အား တင်လိုက်ကြသည်။။
ရီရှင်းချန်သည် ချက်ချင်းပဲ မျက်လုံးပြုးသွားမိ၏။ အဘယ်ကြောင့်ဆိုသော် ထိုခွက်များ၏ အရွယ်အစားသည် ရေချိုးဇလုံ နီးပါးခန့်ပင် ရှိနေ၏။
“ဂိုဏ်းချုပ်”
သူသည် မချင့်မရဲ ပြောလိုက်မိသည်။ “ဒီလောက်ကြီးတဲ့ ခွက်တွေဘယ်တုန်းက ရောက်လာတာလဲ။ ရေဝင်ချိုးလို့တောင်ရနေပြီ။ ဒါတွေကို မမြင်ဖူးပါဘူး။”
“ငါ အရက်သောက်ပြိုင်ပွဲ မလုပ်ခင်ကတည်းက တစ်စုံတစ်ယောက်ကို တောင်အောက်ဆင်းပြီး သွားဝယ်ခိုင်းထားတာလေ” ကျွင်းချောင်ရှောင်းက မှင်သေသေဖြင့် ပြောလိုက်၏။
“..........”
ရီရှင်းချန်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက်ရှိသည်။ “လှည့်စားတာပဲ။ ဒါ ကျိန်းသေပေါက် ကျုပ်ကို လှည့်စားတာပဲ ဖြစ်ရမယ်”
ဆွစ် …..။
အားဟိုင်နှင့် ရိဟိုင်တို့သည် ဝိုင်များကို ဝိုင်ခွက်ထဲသို့ ဖြည့်လိုက်၏။ အရက်ဂျိုးသည် မွှေးကြိုင်လွန်းလှသော အရက်နံ့ကို ရသည့်အချိန်မှာတော့ တံတွေးများပင် မျိုချလိုက်မိ၏။ သူသည် ခွက်ကြီးကို ကောက်မြှောက်ကာဖြင့် ပြောလိုက်သည်။ “ကျုပ် အရင်ဆုံး သောက်လိုက်မယ်”
ဂလု ဂလု ဂလု
ပြောပြီးသည့်နောက်မှာတော့ သူသည် ခေါင်းကိုမော့ကာဖြင့် လွတ်လွတ်လပ်လပ်ဖြင့် ရှိရှိသမျှသော ဝိုင်များ အားလုံးကို တစ်ခါတည်း ကောက်မော့လိုက်၏။
“ချီးတဲ့မှ”
စုရှောင်မိုနှင့် တခြားသူများ အားလုံးသည် မယုံကြည်နိုင်စွာဖြင့် ရှိလို့ နေခဲ့သည်။ “ကြမ်းတမ်းလိုက်တာ”
“..........”
ရီရှင်းချန်၏ မျက်နှာ အမူအရာများအားလုံးသည်လည်း ပျက်ယွင်းလျက် ရှိနေ၏။
ဘုတ်
ပန်းကန်လွတ်ကြီးကို စားပွဲပေါ်သို့ ပစ်တင်ပြီးသည့်နောက် အရက်ဂျိုးသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက် သည်။
“ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါအုံး”
သူသည် ပြောပြောပြီးချင်းမှာပဲ အနောက်သို့ လှန်ကျသွားပြီး သတိလစ် မေ့မျောသွားခဲ့တော့၏။
ခွီ ..။
ဟား ဟား ဟား ဟား …။
“ဒီလူက အရမ်းအားကောင်းတယ်လို့ ထင်ထားတာလေ။ တစ်ခွက်သောက်ရုံနဲ့ တစ်ခါတည်း မှောက်သွားတာလား” စုရှောင်မိုနှင့် တခြားသောသူများ အားလုံးသည်လည်း ထ၍ ရယ်မိလိုက်ကြသည်။
ကျွင်းချောင်ရှောင်းသည်လည်း ဇဝေဇဝါ ဖြစ်လို့နေခဲ့သည်။ အကျဉ်းထောင်ထဲတွင် ၎င်းတို့သည် အရက်သောက် ပြိုင်ရသည့်အချိန်၌ အရက်ဂျိူးသည် အစစ်အမှန် အရက်သောက်ကြမ်းသည့် လူတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ခွက်လေးတစ်ခွက်သာ သောက်ရသေးသည်။ အဘယ်ကြောင့် မှောက်သွားရ သနည်း။
“ဂိုဏ်းချုပ်”
လန်ကောင်းက ပြောလိုက်၏။ “အခု သောက်နေတဲ့ အရက်မူး အိမ်မက်ဝိုင်က အဆင့်မြှင့်တင်ထားတဲ့ ဝိုင်တစ်မျိုးပဲ။ စိတ်ဝိညာဉ်စွမ်းအင်တွေ စုပ်ယူနိုင်မှုပိုပြီး အားကောင်းရုံသာမက အရက်ဓာတ်ကလည်း ပိုပြီး အားကောင်းလာတယ်”
ကျွင်းချောင်ရှောင်းက နားလည်သွားမိ၏။ “ကျုပ် သိပြီ။”
“ခင်ဗျားတို့နှစ်ယောက်”
သူသည် ဒိုင်အဖြစ် တာဝန်ယူ ထားသည့် ရီဖေးရွှယ်နှင့် နိဘူလတို့အား လှမ်းကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်၏။ “ဒါက ပြိုင်စံရှားဂိုဏ်းရဲ့ အထူးဖော်စပ်ထားတဲ့ ဝိုင်လေ။ တပည့်တွေကတော့ ရေလိုပဲ သောက်လေ့သောက်ထရှိတယ်။ အရက်ဂျိုးကတော့ တစ်ခါတည်း သောက်ပြီး မှောက်သွားတယ်။ ဒီတော့ အနိုင်ရရှိသူက ဘယ်သူလဲဆိုတာ ဆုံးဖြတ်ပေးပြီးပြီ။ ဟုတ်တယ် မဟုတ်လား”
“ဟုတ်ပါတယ်။ ဟုတ်ပါတယ်” ရီဖေးရွှယ်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ခင်ဗျားရဲ့ တပည့်က နိုင်ပါတယ်”
“..........”
ရီရှင်းချန်သည် လဲပြိုလုမတတ်ပင် ဖြစ်နေတော့၏။ သူသည် ဝိုင်ကို တစ်စက်ကလေးမှပင် မထိတွေ့ရသေးခင် နိုင်သွားခဲ့၏။ မည်သို့သော ယှဉ်ပြိုင်ပွဲကို သူရောက်ရှိနေသနည်း။ အနည်းဆုံးတော့ သူ့အား လေးစားမှုတော့ ပေးသင့်သည် မဟုတ်ပါလား။ ညအင်ပါယာ၏ ဒေါသတရားများသည် ရင်ဘတ်ထဲတွင် လှိုက်တက်လာ၏။ သူသည် ရေချိုးဇလုံလောက်နီးပါးရှိသော ခွက်ကြီးကို ကောက်မော့ကာဖြင့် တစ်ခါတည်း မော့သောက်လိုက်သည်။ သူ၏ မျက်နှာ တစ်ခုလုံးသည် ရဲရဲနီလျက် ရှိနေသည်။
“ကျုပ် … ကျုပ် သောက်နိုင်တယ်”
ကျွင်းချောင်ရှောင်းသည် ပါးစပ်အဟောင်းသား ဖြစ်လို့ နေခဲ့၏။ ဤမျှ များပြားသော ဝိုင်များကို သောက်ပြီးသည့် နောက်မှာတော့ ရီရှင်းချန်သည် လဲပြိုမသွားဘဲ မတ်မတ်ရပ်နိုင်သေး၏။ ရီရှင်းချန်၏ အရက်သောက်နိုင်အား သည် တဖြည်းဖြည်းနှင့် တိုးတက်လာခဲ့၏။
ဘုတ်
ပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် မြေပေါ်သို့ ပြုတ်ကျပြီး သတိလစ်မေ့မျောသွားခဲ့၏။ သို့ပေမဲ့ သူသည် တောင်စဉ်ရေမရ စကားများကို ပြောဆိုလျက် ရှိနေသေးသည်။ “ကျုပ် မွေးမြူရေးခြံကို မသွားဘူး။ ကျုပ် စိတ်ဝိညာဉ် သားရဲဟောခန်းဆီ မသွားဘူး။ ကျုပ် အိပ်ရာဆီပဲ ပြန်ချင်တယ်”
“အင်း”
စုရှောင်မိုနှင့် တခြားသူများ အားလုံးသည် ဦးခေါင်းကို ခါယမ်းလိုက်မိ၏။ ဤကဲ့သို့သော အခြေအနေမျိုးသည် ဂိုဏ်းချုပ် ထွက်ခွာသွားပြီးသည့်နောက် သူတို့ အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့သည့်အရာပင် ဖြစ်၏။
ရီရှင်းချန်သည် အရက်ဒဏ်ကို မည်သို့မှ မခံစားနိုင်ချေ။ သို့ပေမဲ့ အဆင့်မြှင့်တင်ထားသည့် လန်ကောင်၏ အရက်ကို သောက်သည့်အချိန်မှာတော့ သူသည် တဖြည်းဖြည်းနှင့် ပိုမိုကာ အသားကျလာခဲ့တော့၏။ သူသည် ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီးသည့်နောက် အရက်ကိုသောက်ကာ နေ့စဉ်နေ့တိုင်း လေ့ကျင့်သည့် အလေ့အကျင့်တစ်ခုကို ရရှိခဲ့တော့၏။ မနက်၊ နေ့လယ်နှင့် ညပိုင်းတွင် သူသည် အရက်ကို နည်းနည်းစီ သောက်တက်သေး၏။ ဤကဲ့သို့သော ကိစ္စရပ်သည် လအနည်းငယ်ကြာပြီးသည့်နောက် အရက်သောက်နိုင်မှု နှုန်းထားသည် ပိုမိုကာ တိုးတက်ခဲ့သည်။
“ဟုတ်တယ်”
ရီရှင်းချန်သည် မူးလျက်ပင် ရှိနေသေး၏။ သို့ပေမဲ့ ဝိုင်တစ်ခွက်ကို သောက်တာချင်းတူတူ၊ ၎င်းသည် အရက်ဂျိုးထက် ပိုမိုကာ အချိန်ကြာအောင် နေနိုင်စွမ်းရှိသည်။ ထို့အပြင် စကားများကိုလည်း ဆက်လက်ကာ ပြောဆိုနိုင်သေး၏။ ထို့ကြောင့် အနိုင်ရရှိခဲ့ခြင်းပင်ဖြစ်သည်။ သူ၏ အောင်မြင်မှုများသည် လီချင်းယန်၏ ထမ်းပိုးပြီး အိပ်ရာပေါ် ပြန်ပို့ခဲ့ရသည့် နေ့ရက်များဆီမှ အခြေခံကာ ဖြစ်တည်ခဲ့ခြင်းပင် ဖြစ်၏။
ညအင်ပါယာ ဆိုသည့်လူမှာ သိက္ခာကျခံရသည့် လူတစ်ယောက် မဟုတ်ချေ။ အရာအားလုံးကို ရင်ဆိုင်တိုက်ခိုက်တတ်သည့် လူမျိုးပင် ဖြစ်သည်။
လီချင်းယန်တို့ ထမ်းပိုးကာ ထွက်ခွာသွားခဲ့သည့် အားညိုကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်လျက်ရှိ၏။ ပြီးနောက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်မိ၏။ “ဒီတပည့်က ကျုပ်တန်ဖိုးအထားရဆုံး တပည့်ပဲလေ။ ပြီးတော့ ပြိုင်စံရှားဂိုဏ်းရဲ့ ဖျက်ဆီးလို့ မရအောင် မာကျောလှတဲ့ သံမဏိစိတ်ဓာတ်ကို ပိုင်ဆိုင်တဲ့လူတစ်ယောက်ပေါ့”
.........
ညသို့ ရောက်ရှိလာခဲ့တော့၏။ မွေးမြူရေးခြံထဲတွင် များပြားလှသည့် အစီအရင်များ ဖြစ်ပေါ်လာပြီးသည့်နောက် မှာတော့ တပည့်တစ်ရာကျော်တို့သည် စောင့်ကြပ်လျက် ရှိနေကြ၏။
စိတ်ဝိညာဉ်သားရဲတောင်ထွတ်၏ စိတ်ဝိညာဉ်သားရဲဟောခန်းထဲမှာတော့ အခန်းတိုင်းသည် တံခါးသော့ချထားခဲ့ ၏။ အကြီးအကဲညိုနှင့် တခြားသော သားရဲများသည် အလွန်ခန့်မှန်းရခက်သည့် ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်ရတော့မလိုပင် စောင့်ကြပ်လျက် ရှိနေကြသည်။
“သူလာပြီ။ သူရောက်လာပြီဟ” တောက်ပလှသည့် လရောင်အောက်မှာတော့ လူရိပ်တစ်ခုသည် ယိုင်ထိုးယိုင်တိုင် နှင့် လှမ်းလျှောက်လာလျက် ရှိနေ၏။