အပိုင်း (၁၂၇၆)
Vol. 86 Ch. 1276
"ငါ့ … ငါ့ခေါင်းတွေ နာလိုက်တာ"
ရီရှင်းချန်သည် သူ၏ ခေါင်းကို ဆုပ်ကိုင်ပြီးနောက် ထိုစကားကို ရွတ်ဆိုကာ သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
"ငါ ထပ်ပြီးတော့ မူးခဲ့ပြီပဲ"
ညအင်ပါယာသည် မနေ့က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ကြိုးစားကာ စဉ်းစားကြည့်လိုက်၏။ သို့ပေမဲ့ ၎င်း၏ မှတ်ညဏ်များသည် ရေချိုးဇလုံလောက်ရှိသည့် ခွက်ကြီးကို မော့၍ သောက်ခဲ့ကြောင်း မှတ်မိလျက် ရှိ၏။ အရက်ဒဏ်ခံနိုင်မှုကို လပေါင်းများစွာ လေ့ကျင့်ပြီးနောက် သူသည် အကြိမ်ပေါင်းများစွာ သတိမေ့သည်အထိ သောက်ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူ၏ စိတ်ခံစားချက်များသည် ယခင်ကထက် ပို၍ အားကောင်းလာခဲ့၏။
တိတိကျကျ ပြောရမည်ဆိုလျှင် သူသည် ဂုဏ်သိက္ခာတရားကို အစောကြီးကတည်းက လက်လွတ် ဖယ်ရှားလိုက်ပြီးပြီ ဖြစ်၏။ ကောင်းကင်ရှိ ဓာတ်သဘာဝများကို ပိုမိုကာ အာရုံခံနိုင်သည့် အချက်ကို သတိပြုမိသည့် အခါမှာတော့ အားညိုသည် ပြုံးလိုက်မိသည်။
အားညို ….။ သူသည် တစ်ကယ် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
ထိုပြောင်းလဲမှုသည် ရီရှင်းချန်အတွက် သိပ်ပြီး အရေးမကြီးလှချေ။ အရေးကြီးသည်မှာ ပိုမို အားကောင်းလာပြီး အထက်နယ်မြေသို့ တက်လှမ်းရန်ပင် ဖြစ်၏။ ထိုမှသာလျှင် သူသည် ထိုမိန်းမအား ပြန်လည်ကာ ကလဲ့စား ချေနိုင်မည် ဖြစ်သည်။
ကျွီ …။
မျက်နှာသစ်၊ ရေချိုးပြီးသည့်နောက် အားညိုသည် ရှေ့သို့ ထွက်လာခဲ့၏။
"ဂျူနီယာညီလေးရီ။ မနေ့ကတုန်းက မင်းအရမ်းအားကောင်းတာပဲ။အရက်သောက်နိုင်ရုံတင် မကဘူး ၊ ဓားနဲ့ လက်ရေးလှပညာ ပြိုင်ပွဲမှာလည်း အနိုင်ယူခဲ့တာပဲ"
စုရှောင်မိုသည် အဝေးမှ လမ်းလျှောက်လာပြီးသည့်နောက် လက်မထောင်ပြကာပြောလိုက်၏။
သူသည် ကြောင်အသွားမိ၏။ သူသည် မနေ့တုန်းက တစ်ဖက်လူနှင့် အရက်သောက်ခြင်းကိုသာ ပြိုင်ဆိုင်ခဲ့သည် မဟုတ်ပါလား။ အဘယ့်ကြောင့် ဓားရေးနှင့် လက်ရေးလှပညာတွင်ပါ အနိုင်ယူနိုင်ခဲ့သနည်း။
အဓိကဟောခန်း အတွင်းမှာတော့ ရီဖေးရွှယ်သည် လက်သီးကို ဆုပ်ကာပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း။ ခင်ဗျားတပည့်ရဲ့ ဓားရေးအပေါ် နားလည်မှုက အံ့အားသင့်စရာပဲ။ ကျုပ် လူပေါင်းများစွာနဲ့ လက်ရေးလှ ပြိုင်ဖူးတယ်။ ဒါပေမဲ့ ဒီလို အရက်မူးနေတုန်း ဓားနဲ့ လက်ရေးလှပညာကို ထုတ်သုံးသွားတာကတော့ ပထမဆုံး မြင်ဖူးတာပဲ"
နိဘူလသည် ချီးကျူးသလို ပြောလိုက်မိသည်။
"ခင်ဗျားတို့က မြောက်ပေးနေပြန်ပြီ။ တကယ်ကို မြောက်ပေးနေတာပဲ"
ကျွင်းချောင်ရှောင်းသည် ထိုသို့ ပြောလိုက်ပြီး စိတ်ထဲမှာတော့ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ အားညိုက အရက်မူးနေတဲ့အချိန်မှာ ဒီလောက် အားကောင်းလိမ့်မယ်လို့ ငါမထင်မိဘူး။
မနေ့တုန်းက ရီရှင်းချန်သည် ယိုင်တိုင်ယိုင်တိုင်နှင့် စိတ်ဝိညာဉ်သားရဲ တောင်ထွတ်ဆီသို့ လမ်းလျှောက်လာခဲ့၏။ သူ့အနေဖြင့် အိပ်စရာနေရာကို ရှာဖွေရန် လာခဲ့ခြင်း ဖြစ်၏။
သို့ပေမဲ့ သားရဲခန်းမမှ အဖွဲ့ဝင်များ၏ တားဆီးခြင်းကို ခံရပြီးနောက်မှာတော့ တိုက်ပွဲသည် စတင်ခဲ့၏။ ယခု အားညိုသည် ယခင်ကထက်ပိုကာ အားကောင်းလာခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ဓားကိုထုတ်ကာ တိုက်ခိုက်သည့် အချိန်မှာတော့ အလွန်တရာ အားပါပြီး ကြည့်ကောင်းသော ဓားကွက်များကိုပင် ထုတ်ဖော်နိုင်စွမ်း ရှိလို့နေသည်။
ထိုမြင်ကွင်းကို အဝေးမှ ကြည့်ရှုလျက် ရှိနေသော ရီဖေးရွှယ်သည် အံ့အားတသင့် ဖြစ်မိနေ၏။
ထိုအပြင် ဓားရေးတွင် လက်ရေးလှ၏ တာအို ပါဝင်နေသည်ကိုလည်း နိဘူလက မြင်ခဲ့သေး၏။ ထို့ကြောင့် ၎င်းတို့နှစ်ယောက်သည် အမှန်ပင် စိတ်လှုပ်ရှားလျက်ရှိခဲ့ကြသည်။
………..
စိတ်ဝိညာဉ်သားရဲတောင်ထွတ် ပေါ်မှာတော့ ရီရှင်းချန်သည် တိုက်ပွဲဖြစ်ပွားခဲ့သော တည်နေရာကြီးအား ကြည့်ရှုကာ တွေတွေကြီး မတ်တပ်ရပ်လျက် ရှိနေ၏။ ဤ တည်နေရာတစ်ခုလုံးသည် ဓားချက်များနှင့် ပြည့်နှက်နေခဲ့၏။
သူသည် နဝေတိမ်တောင်နှင့် ပြောလိုက်မိသည်။ "ဒါတွေက တကယ်ပဲ ကျုပ်လုပ်ခဲ့တာလား"
"ဂျူနီယာညီလေး"
စုရှောင်မိုသည် မြေပြင်ပေါ်ရှိ ဓားရာများကို လက်ညိုးထိုးပြကာ ပြောလိုက်၏။ "မနေ့တုန်းက ဟိုကျွမ်းကျင်သူ နှစ်ယောက်က ဒီနေရာမှာ နှစ်နာရီတိတိ ရပ်ကြည့်နေခဲ့တယ်။ အဆုံးသတ်မှာတော့ သူတို့က ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချခဲ့သေးတယ်။ ဒါက အစစ်အမှန် လက်ရေးလှပညာနဲ့ အစစ်အမှန် ဓားလမ်းစဉ်လို့တောင် ပြောခဲ့သေးတယ်"
"…...."
ရီရှင်းချန်သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ သူအရက်မူးတုန်း လျှောက်၍ ထုတ်ဖော်ခဲ့သော ဓားကွက်များသည် အဘယ့်ကြောင့် လက်ရေးလှတာအို နှင့် ဓားတာအိုကို ထုတ်ဖော်နိုင်ခဲ့ရသနည်း။ တစ်ဖက်လူများသည် ရူးများနေသည်လား...။
"ခင်ဗျားတို့သုံးယောက်"
အဓိကဟောခန်း အတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်ပင် ပြောလိုက်၏။ "ခင်ဗျားတို့လည်း ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေစွမ်းရည်ကို မြင်ပြီးပြီပဲ။ ဒီမှာနေဖို့ စဉ်းစားမလား။ သူတို့နဲ့ နေ့တိုင်း လက်ရည်စမ်းလို့ ရတယ်လေ။”
ဤလူများသည် အမှန်ပင် အားကောင်းလှသော လူများဖြစ်၏။ ကျွင်းချောင်ရှောင်းအနေဖြင့် ရီရှင်းချန်ကို ပမာဏပြု၍ ထိုလူများအားလုံးကို လည့်စားနိုင်လိမ့်မည်ဟု မရည်ရွယ်ခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ ယှဉ်ပြိုင်ပြီးပြီ ဆိုမှတော့ ရှုံးရှုံးနိုင်နိုင် ကောင်းမွန်သည့် ရလာဒ်တစ်ခုကိုတော့ ရရှိလိမ့်မည်ဟု သူမျှော်လင့်မိနေသည်။
"ဂိုဏ်းချုပ်ကျွင်း"
အရက်ဂျိုးက ပြောလိုက်၏။ "ကျုပ် ဒီမှာနေချင်ပါတယ်"
သူ့အနေဖြင့် ဝိုင်ကို စွဲလမ်းနေသောကြောင့် လန်ကောင်း ဖော်စပ်သည့် ဝိုင်များသည် သူ့အတွက် ဤနေရာတွင် နေစေချင်လာသည့် အကြောင်းပြချက်ပင် ဖြစ်လာခဲ့သည်။
"ခင်ဗျားတို့ကကော" ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ရီဖေးရွှယ်သည် ခနလောက် တိတ်ဆိတ်ငြိမ်သက်နေ၏။ ပြီးနောက် ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းရဲ့ ဂိုဏ်းက စိတ်ဝိညာဉ်စွမ်းအင်တွေ အရမ်းကို များတယ်လေ။ ပြီးတော့ အရမ်းကို လှပတဲ့ ရှုခင်းတွေလည်း ရှိတယ်လေ။ ဒီတော့ ဒီမှာနေရင် ဓားတာအိုကို ပိုပြီး နားလည်နိုင်မှာပဲ"
"ဒါကတော့ အမှန်ပဲ"
နိဘူလက ပြောလိုက်သည်။ "လက်ရေးလှလမ်းစဉ်ကိူ နားလည်ဖို့ဆိုရင် ဒီလိုလှပတဲ့ ရှုခင်းတွေကို ပိုင်ဆိုင်နေဖို့လည်း လိုအပ်တယ်"
သူ့အနေဖြင့် ယဉ်ကျေးမနေတော့ချေ။ အချက်အလက်အားဖြင့် ပြိုင်စံရှားဂိုဏ်း၏ စိတ်ဝိညာဉ်စွမ်းအင် ပေါကြွယ်ဝမှုသည် သူ့အတွက် အလွန်အသုံးတည့်သည့် အရာပင် ဖြစ်လာလိမ့်မည်ဟု ခံစားနေမိ၏။
ဤကျွမ်းကျင်သူ သုံးယောက်တို့သည် ဤနေရာတွင် နေထိုင်ရန် သဘောတူလိုက်ကြသည်။
ဟုတ်ပေသည်၊ ဤအရာမှာ ရီရှင်းချန်၏ အလုံးစုံသော ဓားတာအိုများကို ထုတ်ဖော် ပြသခဲ့သောကြောင့် မဟုတ်ပေ။ အဓိကအားဖြင့် သူတို့အား ကျွင်းချောင်ရှောင်း ကယ်တင်ခဲ့သောကြောင့်ပင် ဖြစ်၏။ သူတို့အနေဖြင့် ကြီးမားသည့် မျက်နှာသာကို ပြန်၍ ပေးရမှာ သေချာ၏။
ဟောင်ရန် နတ်ဆိုးနှင့် အခြားသော ပြဿနာကောင်များ အားလုံးမှာတော့ ၎င်း၏ ပိဋိညာဉ်သားရဲ သို့မဟုတ် စိတ်ဝိညာဉ်ထိန်းချုပ်ခြင်း ခံထားရသည် ဖြစ်သောကြောင့် ထူးထူးခြားခြား ပြောနေစရာပင် မလိုအပ်ချေ။ ၎င်းတို့ အားလုံးသည် ပြိုင်စံရှားဂိုဏ်းထဲသို့ မဖြစ်မနေနှင့် ဝင်ရောက်ခဲ့ရသည်။
ကံဆိုးလှသည့် နဝမမြောက်အထပ်မှ မျက်လုံးကြီးမှာတော့ နဝမမြောက် အကျဉ်းထောင်တွင် ချုပ်နှောင်ခြင်း ခံထားရပြီး တခြားသော သူများမှာတော့ လွတ်လွတ်လပ်လပ်နှင့် ရွေ့လျားသွားလာနိုင်စွမ်း ရှိနေကြ၏။
"စီနီယာရှမ့်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ခင်ဗျား ထျန်းယွမ် ကုန်းမြေတိုက်ကြီးကို ပြန်မှာလား ၊ ဒီမှာပဲ နေမှာလား။"
ရှမ့်ဘိုးဘေးသည် သူ၏ ဦးခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ "ကျုပ် လောကကြီးအနှံ့ကို လျှောက်သွားပြီး အရာအားလုံးကို မြင်ဖူးခဲ့ပြီးပြီလေ။ ကျုပ်ရဲ့ ဘဝတစ်သက်တာမှာ တည်နေရာချိုးဖျက်ခြင်း အဆင့်ကို ချိုးဖျက်နိုင်ဖို့ပဲ ရည်ရွယ်ချက်ရှိခဲ့တာ။ တစ်ကယ်လို ဂိုဏ်းချုပ်ကျွင်းသာ စိတ်မရှိဘူး ဆိုရင် ကျုပ်ရဲ့ ဘဝသက်တမ်း တစ်လျှောက်လုံး ဒီမှာပဲနေဖို့ စဉ်းစားထားတယ်"
ဟုတ်ပေသည်။ ဤနေရာတွင် နေထိုင်ရမည့် အခြားသော အကြောင်းပြချက်သည် ရှမ့်ဟန်ပင် ဖြစ်ပေ၏။
ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်များကို ထုတ်ယူပြီးသည့် အချိန်မှာတော့ နာမည်နှင့် ကိုယ်ရေးအချက်အလက်များကို ဖြည့်သွင်းလိုက်သည်။
ဘုတ် ဘုတ်
ဂိုဏ်းချုပ်၏ မေးမြန်းမှုကို ခံရပြီးနောက် လေဟာနယ် ချိုးဖျက်အဆင့်ကို ဝင်ရောက်လျက် ရှိသော ကျွမ်းကျင်သူ တစ်ယောက်သည် ဂိုဏ်းအတွင်းသို့ ဝင်ရောက်လာခဲ့၏။ ရှမ့်ယုဟန်၏ ဘိုးဘေးဖြစ်သည့် အတွက် ကျွင်းချောင်ရှောင်းသည် ဝင်ကြေးကိုတော့ မတောင်းတော့ချေ။
ရီဖေးရွှယ်၊ နိဘူလ၊ အရက်ဂျိုး၊ သံမဏိလူ၊ ချင်လင်းရန်နှင့် ဟောင်ရန်နတ်ဆိုးတို့ အားလုံးသည်လည်း ဝင်ခွင့်ဖောင်များကို ဖြည့်သွင်းပြီးနောက် ပြိုင်စံရှားဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်လာခဲ့ကြ၏။ တိုးနယား သည် ပဋိညာဉ်သားရဲဖြစ်သည်မို့ ဂိုဏ်းအတွင်းသို့ တကူးတက ဝင်ရောက်နေရန် မလိုအပ်တော့ချေ။
ဤနေရာတွင် ပြောရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် တည်နေရာချိုးဖျက်ခြင်း အနိမ့်ဆုံးအဆင့် ကျင့်ကြံသူ ရှစ်ယောက်ခန့် ရှိပြီး တစ်ယောက်မှာတော့ တည်နေရာချိုးဖျက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လို့နေ၏။ ၎င်းတို့၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
မျက်လုံးကြီးနှင့် တိုးနယားတို့ကို ထည့်မတွက်ဘဲ အဘယ့်ကြောင့် ခြောက်ယောက်ရှိရမည့် နေရာတွင် ရှစ်ယောက် ရှိနေရသနည်း။ ထိုနှစ်ယောက်မှာတော့ ကွမ်ကျုး နှင့် ဟယ်ချီတို့ပင် ဖြစ်သည်။
ဤလူနှစ်ယောက်သည် ကျွင်းချောင်ရှောင်း၏ ဝိညာဉ် ထိန်းချုပ်မှုကို ခံထားခဲ့ရသူများ ဖြစ်ပြီး ငရဲကြီးကိုးထပ်တွင်လည်း ဟောင်ရန်နတ်ဆိုး၏ ရိုက်နှက်ခြင်းကို ခံထားရ၏။ နောက်ဆုံးမှာတော့ ဤ ညီအစ်ကိုနှစ်ယောက်တို့သည် ကောင်းမွန်လှသည့် အချိန်များကို ဖြတ်သန်းနေရသည်ဖြစ်ကြောင်း သံဃယရှိစရာပင်မလိုပေ။
ပြိုင်စံရှားဂိုဏ်း၏ အလုံးစုံသော အားအင်အဆင့်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ မည်သူမျှ ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်တော့ပေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီး မဆိုနှင့် အခြားသော အားကောင်းလှသည့် ဂြိုလ်များကိုပင် သွားရောက်ကာ တိုက်ခိုက်နိုင်သည့် အခြေအနေမျိုးကို ပိုင်ဆိုင်နေပြီဖြစ်၏။
"မရသေးဘူး။ ငါ့အနေနဲ့ ပထမအဆင့်ဂိုဏ်းတစ်ခု ဖြစ်အောင်လို့ အဆင့် တိုးမြင့်ဖို့ လိုသေးတယ်"
သူ့အနေဖြင့် အားအင်အဆင့်ရှိ၏။ သို့ပေမဲ့ သူ၏ တပည့်များမှာတော့ အရေအတွက်မပြည့်သေးချေ။ ထို့ကြောင့် အထူးတာဝန်သည် မပြည့်စုံသေးဘူး ဆိုရမည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် နင်ညီအစ်ကိုတို့ကို လှမ်းခေါ်ကာ ဂိုဏ်းသားအသစ်ခေါ်ယူရန်နှင့် ဖြစ်နိုင်သမျှ အမြန်ဆုံး ဂိုဏ်းသားတစ်သိန်းပြည့်အောင် ခေါ်ဆောင်ရန် မှာကြားခဲ့တော့၏။
စာကြည့်ခန်းအတွင်းမှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသော အတွင်းစည်းတပည့်များ အားလုံးသည် စီစီရီရီနှင့် ရပ်လျက်ရှိ၏။ ၎င်းတို့၏ လက်ထဲတွင်တော့ ဂိုဏ်းချုပ်ပေးထားသည့် ဆေးလုံးတစ်လုံးကို ကိုင်ဆောင်ထားသည်။
"ဒါက သိုင်းနယ်မြေတစ်ပိုင်းဆေးလုံးပဲ"
ကျွင်းချောင်ရှောငိးသည် စားပွဲပေါ်သို့ ခြေတင်ကာ အမှုမဲ့အမှတ်မဲ့ဖြင့် ပြောလိုက်၏။ "ဒါကိုသောက်ပြီးသွားရင် သိုင်းနယ်မြေတစ်ပိုင်းအဆင့်ကို ချိုးဖျက်သွားနိုင်လိမ့်မယ်"
ဂိုဏ်းချုပ်သည် ၎င်းတို့အား ဆေးလုံးနှင့် အခြားသော ပစ္စည်းများကို ပေးလေ့ပေးထရှိ၏။ သို့ပေမဲ့ လီချင်းယန်နှင့် အခြားသော သူများသည် သိုင်းနယ်မြေတစ်ပိုင်းဆေးလုံးဆိုသည့်အသံကို ကြားလိုက်ရသည့် အချိန်မှာတော့ တည်နေရာကြီးထဲတွင် ကြက်သေသေလျက် ရှိနေကြသည်။
အားလုံးတွေဝေနေသည့် အချိန်မှာပဲ ရီရှင်းချန်သည် ဆေးလုံးကို တစ်ခါတည်း မြိုချပြီးသား ဖြစ်၏။
ဝူး …..။
ခနလောက် ကြာပြီးသည့် အချိန်မှာတော့ အလွန်လေးလံပြီး အားကောင်းလွန်းလှသော အော်ရာများသည် စာကြည့်ခန်းအတွင်း ပေါက်ကွဲထွက်သွားပြီးသည့် အခါမှာတော့ ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ရီရှင်းချန် ….. သူသည် သိုင်းနယ်မြေတစ်ပိုင်းအဆင့်ကို ချိုးဖျက်နိုင်ခဲ့ပြီး ဖြစ်၏။
ဟူး …. ဟူး … ဟူး ….။
လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသော သူများမှာတော့ တည်ငြိမ်လျက် ရှိနေကြသည်။ ၎င်းတို့သည် အေးဆေးသက်သာစွာဖြင့် ဆေးလုံးများကို မြိုချလိုက်သည်။ ပြီးသည့်နောက်မှာတော့ တပည့်ဆယ်ယောက်တို့သည် စာကြည့်ခန်းထဲမှာပဲ သိုင်းနယ်မြေတစ်ပိုင်းအဆင့်ဆီသို့ ချိုးဖျက် ရောက်ရှိသွားခဲ့ကြသည်။
"ဒါဘာကြီးလဲ"
ချင်းယန်မြို့ထဲမှာတော့ အလုပ်များလျက် ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံးသည် ကောင်းကင်ပေါ်၌ ဖြစ်တည်လာသည့် တိမ်လိပ်များကို လှမ်းကာကြည့်ရှုပြီးငေးလျက်ရှိနေကြ၏။
……..
ဝူး …..
ဘုံကိုးပါးလျို့ဝှက်နယ်မြေ၏ ရေခဲအလွှာကောင်းကင်ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် နှင်းများကျလျက်ရှိသော တည်နေရာကြီးတွင် မတ်မတ်ရပ်လျက်ရှိ၏။ "ဒါက မင်းကို သိုင်းနယ်တစ်ပိုင်းအဆင့်ဆီ ချိုးဖျက်ရောက်ရှိနိုင်ဖို့ ကူညီပေးနိုင်တဲ့ဆေးလုံးပဲလေ"
တောင်၏ထိပ်တွင် ကျင့်ကြံလျက် ရှိနေသော လုချင်းချင်းသည် ရုတ်တရက် မျက်လုံးကိုဖွင့်ကာ မေးလိုက်သည်။ "ဂိုဏ်းချုပ် ဘယ်တုန်းက ပြန်ရောက်လာတာလဲ"
"ပြန်ရောက်လာတာ ရက်အနည်းငယ်တော့ရှိပြီ"
ကျွင်းချောင်ရှောင်းသည် ဆေးလုံးကို ပစ်ပေးပြီး အမိန့်ပေးသည့်လေသံဖြင့် ပြောလိုက်၏။ "မြန်မြန် သောက်လိုက်တော့"
"အင်း"
လုချင်းချင်းသည် သိုင်းနယ်မြေတစ်ပိုင်းဆေးလုံးအား တစ်ခါတည်း မြိုချပြီးနောက် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်မှ သိုင်းနယ်မြေတစ်ပိုင်းအဆင့်ဆီသို့ ချိုးဖျက်ရောက်ရှိသွား၏။ သူမသည် အင့်အားသင့်စွာဖြင့် လှမ်း၍ကြည့်ရှုလိုက်သည်။
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ခရုကဲ့သို့အရာတစ်ခုကိုထုတ်ယူပြီး ပါးစပ်နားကိုတေ့ကာ ပြောလိုက်သည်။
"လုချင်းချင်းကို အဆင့်မြင့်မယ်။”
“အကြောင်းအရင်း”
“ငါရဲ့ပထမဆုံးတပည့်မို့လို့"
"သူမသည် လိုအပ်ချက်နှင့်ကိုက်ညီသည်။"
ဝှစ်
ဆုလာဘ် အဖြစ် ရရှိထားသည့် ရတနာကို ထုတ်ဖော်အသုံးပြုပြီးသည့် အခါမှာတော့ အလွန်အားကောင်းလှသည့် အော်ရာများသည် လုချင်းချင်းဆီသို့ တိုးဝင်သွားခဲ့၏။ ထိုစွမ်းအင်သည် သူမ၏ ခန္ဓာကိုယ်နှင့် ထိတွေ့ပြီးနောက် သူမသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအဆင့်မှ သိုင်းနယ်မြေအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။