အပိုင်း (၁၂၇၈)
Vol. 86 Ch. 1278
ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ယှက်ကာဖြင့် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ သူသည် လုချင်းချင်း အဘယ်ကြောင့် ထွက်သွားနေချင်ခြင်းဖြစ်ကြောင်း သိချင်နေမိသည်။
လုချင်းချင်းသည် ထိုက်ရွမ်အအေးကျမ်းစာ၏ ဒုတိယပိုင်းကို ရှာဖွေမည့်အကြောင်းကို ပြောဆိုခဲ့တော့၏။ ဤသတင်းသည် ကုန်းရှန့်အား အမှန်ပင် ထိတ်လန့်တုန်လှုပ်စေခဲ့၏။
အဘယ်ကြောင့်ဆိုသော် ကြယ်ကောင်းကင်ခံတပ်ထဲမှာတုန်းက သိုင်းအင်ပါယာကိုးယောက်တို့သည် ထိုဒုတိယ ကျမ်းစာထဲတွင် အစီအရင်ကြီးတစ်ခု တည်ရှိနေသည်ဖြစ်ကြောင်းကို ပြောဆိုခဲ့ဖူး၏။ ထိုအစီအရင်ကြီးသည် ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်း အစီအရင်ကြီးပင် ဖြစ်၏။ ကျင့်ကြံခြင်းနှင့် တခြားသောအရာများ အားလုံးကို လျစ်လျှူရှုပြီးသည့်နောက်မှာတော့ အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်သည့် အစီအရင်ပင် ဖြစ်သည်။
ထိုက်ရွမ်အဘိုးအို ချန်ထားခဲ့သည့် ဤအစီအရင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သူ့အနေနှင့် လောလောဆယ်တွင် အထက်နယ်မြေဆီသို့ တက်လှမ်းရန် ရည်ရွယ်ချက် မရှိဘူး ဆိုလျှင်တောင်မှ ထိုအရာကို ရှာဖွေထားချင်မိ၏။ အနာဂတ် တစ်ချိန်ချိန်တွင် အသုံးဝင်လာနိုင်သည့်အရာပင် ဖြစ်နေသည် မဟုတ်ပါလား။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်း ပထမပိုင်းကို ကျင့်ကြံခဲ့ပြီးပြီလား”
“ကျင့်ကြံပြီးပါပြီ” လုချင်းချင်းက ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် နားလည်စွာဖြင့် ပြောလိုက်မိသည်။ “ရှရွှေယွင်ရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ အေးစက်မှုက မင်းနဲ့ မတူဘူးဆိုတာ အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ။ မင်းသွားလို့ရတယ်”
သူသည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်၏။ “ဒါပေမဲ့ ငါလိုက်ခဲ့မယ်”
လုချင်းချင်းက ပြောလိုက်သည်။ “ပထမပိုင်းရဲ့ မှတ်တမ်းတွေ အရဆိုရင် ဒုတိယပိုင်းက ထိုက်ရွမ်အဘိုးအို တံခါးပိတ် ကျင့်ကြံတဲ့ လှိုဏ်ခေါင်းတစ်ခုထဲမှာ ဖွက်ထားတယ်လို့ ဆိုကြတယ်လေ။ အဲနေရာက အရမ်းကို အန္တရာယ်များတယ်။ တကယ်လို့ ကျွန်မတို့သာ ဝင်သွားမယ်ဆိုရင် …”
“ငါ ဘာမှ ထပ်မပြောချင်တော့ဘူး။ မင်းအနေနဲ့ တစ်ယောက်တည်း စွန့်စားပြီးတော့ သွားချင်နေတာလား” ကျွင်းချောင်ရှောင်းက ဖြတ်ပြောလိုက်သည်။
“.........”
လုချင်းချင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိတော့၏။ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းအနေနဲ့ ပြိုင်စံရှားဂိုဏ်းရဲ့ တပည့် တစ်ယောက်အဖြစ် မခံယူထားဘူးလား။ မင်းအနေနဲ့ ဒီနေရာကို မင်းရဲ့အိမ်အဖြစ် ခံယူ ထားဖို့သင့်တယ်”
“ကျွန်မ ဂိုဏ်းချုပ်ကို ဒုက္ခမရောက်စေချင်လို့ပါ” လုချင်းချင်းက ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် သူမကိ အသာကြည့်ကာ ပြောလိုက်၏။ “ထိုက်ရွှမ်အဘိုးအို တံခါးပိတ် ကျင့်ကြံတဲ့ တည်နေရာက ဓားပင်လယ်တွေ၊ မီးပင်လယ်တွေ ဖြတ်သန်းသွားလာဖို့ လိုလို့လား။ ငါ့ရဲ့ အားအင်အဆင့်အရ မဖြေရှင်းနိုင်ဘူးလို့ မင်းက ထင်နေတာလား”
သိုင်းအင်ပါယာကိုးယောက်တို့ကို ကယ်တင်ပြီးသည့်နောက်မှာတော့ ကုန်းရှန့်သည် အနည်းငယ် မောက်မာမှုကို ခံစားနေမိ၏။ သူ၏ အထင်အမြင်အရဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ သူသည် လုပ်ချင်ရာကို လုပ်နိုင်စွမ်း ရှိနေ၏။ ပြောရမည်ဆိုလျှင် ထိုအရာမှာလည်း အမှန်ပင် ဖြစ်လေသည်။
လုချင်းချင်းက ပြောလိုက်၏။ “ဂိုဏ်းချုပ် အရမ်းအားကောင်းတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ထိုက်ရွှမ် အဘိုးအိုက …”
“ဒါပေမဲ့ဆိုတာ မရှိဘူး”
ကျွင်းချောင်ရှောင်းက ထပ်မံကာ ဖြတ်ပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ကန့်သတ် တည်နေရာတွေ အကုန်လုံးကို ငါ့အနေနဲ့ လာချင်သလိုလာ၊ သွားချင်သလိုသွား၊ လွတ်လွတ်လပ်လပ် လုပ်ချင်တာ လုပ်နိုင်တယ်။ ဘာအန္တရာယ်မှ မရှိဘူး”
သူသည် အမှန်ပင် မောက်မာနေပြီဖြစ်သည်။
စနစ်က စောဒက တက်လိုက်၏။ “ခံတပ်ထဲမှာ ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ အခြေအနေနဲ့ တခြားစီပါလား”
“ကောင်းပြီ”
လုချင်းချင်းက ပြောလိုက်သည်။ “ဂိုဏ်းချုပ်က လိုက်ချင်တယ်ဆိုမှတော့ တပည့်က မတားဆီးတော့ပါဘူး”
“ငါ ဂိုဏ်းရဲ့အတွင်းစည်းကိစ္စရပ်တွေကို အခြေကျအောင်လုပ်ဖို့ ခဏစောင့်အုံး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပြီးရင် ထိုက်ရွှမ်အဘိုးအိုရဲ့ လှိုဏ်ဂူဆီ သွားကြတာပေါ့”
လုချင်းချင်းက ပြောလိုက်၏။ “ဒါဆိုရင် တပည့် အခုထွက်သွားပါအုံးမယ်”
“ကောင်းပြီ” ကျွင်းချောင်ရှောင်း၏ အမူအကျင့်အရဆိုလျှင် သူသည် သူ့တပည့်၏ လျှို့ဝှက်ချက်များအားလုံးကို စတင်ကာ မေးမြန်းလိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ သူသည် ယနေ့မှာတော့ မေးမြန်းခဲ့မိ၏။ လုချင်းချင်း၏ အမူအကျင့်အရ ဆိုလျှင် သူမသည်လည်း ရင်ထဲမှာရှိသည့်လျှို့ဝှက်ချက်များကို ဘယ်သောအခါကမှ ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ယနေ့မှာတော့ သူမသည် ထုတ်ဖော်ပြောဆိုခဲ့သည်။
စနစ်သည် မနေနိုင်ဘဲ ထပြောလိုက်မိ၏။ “မင်းတို့တွေ ဒီနေ့ ဆေးမှားသောက်မိတာလား”
ဘယ်တုန်းကမှ မမေးခဲ့ဘူးသည့် တစ်စုံတစ်ယောက်သည် ရုတ်တရက် ထ၍ မေးခဲ့ပြီး ဘယ်တုန်းကမှမဖြေခဲ့ဖူးသည့်တစ်စုံတစ်ယောက်သည် ပြန်၍ဖြေဆိုခဲ့၏။ ဤအရာသည် တစ်စုံတစ်ခု မှားယွင်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။
..................
ဂိုဏ်း၏ အတွင်းစည်းကိစ္စရပ်များသည် ကြီးကြီးကျယ်ကျယ် စီမံစရာ တစ်ခုမှ မရှိချေ။ ထို့အပြင် အရာအားလုံး သည် ကျွင်းချောင်ရှောင်း ရှိရှိ၊ မရှိရှိ ပုံမှန်အတိုင်း လည်ပတ်နေသည့်အရာများ ဖြစ်နေသည် မဟုတ်ပါလား။
“လက်ခံသူ”
စနစ်က ပြောလိုက်သည်။ “အမှုမဲ့၊ အမှတ်မဲ့ မနေတာ ပိုကောင်းမယ်နဲ့ တူတယ်။ ပြီးတော့ ထိုက်ရွှမ် အဘိုးအိုဆိုတာ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ဒဏ္ဍာရီလာ ကျင့်ကြံသူတစ်ယောက်ပဲလေ။ သူထားခဲ့တဲ့ အင်မော်တယ်ဂူထဲမှာ များပြားလှတဲ့ ထောင်ချောက်တွေ၊ ခန့်မှန်းလို့မရနိုင်တဲ့ အစီအရင်တွေ ရှိနေနိုင်တယ်”
“မင်းက တကယ့်ကို ချီးပါးစပ်နဲ့ကောင်ပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုပြောပြီဆိုမှတော့ ငါသွားမှဖြစ်မယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
“ငါတကယ်ပြောနေတာနော်”
“ငါကော တကယ်ပြောနေတာ မဟုတ်ဘူး ထင်လို့လား”
“..........”
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ငါ့အနေနဲ့ ထိုက်ရွှမ်အဘိုးအိုရဲ့ လှိုဏ်ဂူထဲမှာ အခြားရတနာတွေ ရှိနေသေးလားဆိုတာကိုလည်း ငါ သိချင်သေးတယ်”
“ငါသိပြီ”
စနစ်သည် ဉာဏ်အလင်းပေါက်သွား၏။ တစ်ဖက်လူသည် ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်း အစီအရင်ကို မျက်စိကျနေသည်သာ မဟုတ်၊ တခြားသော ရတနာများ အားလုံးကိုလည်း သဘောကျလျက် ရှိနေ၏။ ဤအရာမှာ ကုန်းရှန့် အစစ်အမှန်ပင် ဖြစ်တော့သည်။
တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် ထိုက်ရွှမ်အဘိုးအိုနှင့်ပတ်သက်၍ အမှန်ပင် လေးစားသမှု ရှိတော့၏။ ထို့အပြင် နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းလမ်းနှစ်ခုကို ဖန်တီးနိုင်သည်ဆိုခြင်းမှာ သေမျိုးလောကထဲတွင် ထိပ်တန်းကျွမ်းကျင်သူအဖြစ် သတ်မှတ်နိုင်သည့် လူတစ်ယောက် ဖြစ်နေသည်။ ထိုသူ၏ အင်မော်တယ် လှိုဏ်ဂူအား တွေ့ရှိသည်ဆိုပါက ထိုက်ရွှမ်အအေးနှလုံးသားကျင့်စဉ်အပြင် အခြားသောရတနာများ ရှိနေမည်ဟု ထင်မှတ်နေမိ၏။ ထို့ကြောင့် ဤနေရာသို့ သွား၍ ဂါရဝပြုသင့်သည်ဟု ဆုံးဖြတ်လိုက်မိသည်။
“ဟင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်မိ၏။ “ငါ ဘယ်အချိန်မှများ ကြယ်ကြွေကုန်းမြေ တိုက်ကြီးရဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာလဲ။ ငါ ဖင်သုတ်ခဲ့တဲ့ စက္ကူစာရွက်ကို နောင်လာနောင်သားတွေက ရတနာလို့ သတ်မှတ်ပြီးတော့ အားရပါးရ တိုက်ခိုက်တဲ့နေ့မျိုး က ဘယ်အချိန်မှ ရောက်လာမှာလဲ”
“အဲဒီနောင်လာနောင်သားတွေက မင်းနဲ့များ ရန်ငြိုးများ ရှိနေလို့လားကွာ။ ဘာကိစ္စမင်းဖင်သုတ်တဲ့စက္ကူကို လုခိုင်းနေရတာလဲ” စနစ်က စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်မိသည်။
...........
နောက်တစ်ရက်ခန့်ကြာပြီးသည့်နောက် ရှေးရွက်သင်္ဘောကြီးသည် အဓိက တောင်ထွတ်ပေါ်မှ ပျံသန်းကာ ထွက်ခွာသွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် ပဲ့ပိုင်းတွင် မတ်မတ်ရပ်လျက်ရှိပြီး လုချင်းချင်းသည် နောက်ဘက် တွင် မတ်တပ်ရပ်လျက် ရှိ၏။
“ဂိုဏ်းချုပ်”
လေ့ကျင့်ရေးကွင်းထဲတွင် မတ်တပ်ရပ်လျက် ရှိနေသော လီဖေးသည် ခေါင်းကိုမော့ကာ အော်လိုက်၏။ “တပည့်ကလည်း လိုက်ချင်...”
သူပြော၍ မပြီးခင်မှာဘဲ စုရှောင်မိုသည် အနားသို့ ရောက်ရှိလာပြီး ပါးစပ်ကို အတင်းပိတ်လိုက်သည်။
“ဒီတစ်ကြိမ် ငါတို့ပဲ သွားတော့မယ်။ မင်းတို့အားလုံး ဇွဲကောင်းကောင်းနဲ့ လေ့ကျင့်ကြ”
“ကောင်းပါပြီ”
ဆွစ်
ရှေးရွက်သင်္ဘောကြီးသည် အလင်းကဲ့သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့၏။
လီဖေးသည် ဇဝေဇဝါ ဖြစ်မိနေသည်။ “စီနီယာအစ်ကို... ဘာလုပ်တာလဲ”
စုရှောင်မိုသည် ၎င်းအား မျက်လုံးများ ချာချာလည်အောင် ကြည့်ရှု၍ ပြောလိုက်၏။ “ဂိုဏ်းချုပ်နဲ့ စီနီယာအစ်မကြီး က ရှားရှားပါးပါး နှစ်ယောက်တည်း သွားကြတာလေ။ မင်းက ဘာလိုက်လုပ်မှာလဲ”
အကြီးအကဲဝေ၏ သင်ကြားပြသခြင်းကို ခံယူရသည့် လူတစ်ယောက်ပီသစွာဖြင့် သူ၏ အမြင်အာရုံသည် အမှန်ပင် ထက်ရှလွန်းလှသည်။
“ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်”
လီဖေးသည် သူ၏နဖူးကို အသာရိုက်ကာဖြင့် ပြောလိုက်၏။ “ဒီကိစ္စကို ဘာလို့ မစဉ်းစားမိတာပါလိမ့်။ ကံကောင်းလို့ စီနီယာအစ်ကို တားလိုက်လို့ပဲ။ အမှားလုပ်မိတော့မလို့”
..............
“မဟုတ်သေးဘူး” နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက်ရှိနေသော ရီရှင်းချန်သည် ရုတ်တရက် အိမ်မက်မက်ရာမှ နိုးထလာခဲ့၏။ သူ၏ နဖူးတွင်တော့ ချွေးစီးများ ပြန်လျက် ရှိသည်။ သူ၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းလျက် ရှိနေတော့၏။ သူသည်မက်နေကျအိမ်မက်ကို ထပ်မံကာ အိမ်မက် မက်နေခြင်းပင်ဖြစ်သည်။
မည်သည့်အရာကို အိမ်မက်မက်နေသနည်း ဆိုသော် ထိုက်ရွှမ်ကျမ်းစာကို သွားရောက်ယူခဲ့စဉ်က ကြုံတွေ့ခဲ့သည်များကို ထပ်မံ ကြုံတွေ့နေရသလို အိမ်မက်မက်နေခြင်း ပင်ဖြစ်သည်။
အားညိုသည် ယခင်ဘဝက ဤကျမ်းစာကို ရရှိရန်အတွက် ကြိုးစားခဲ့ရသည့် အကြောင်းအရာများကို ဘယ်တော့မှ မေ့မှမဟုတ်ပေ။ ထို့အတူ ခက်ခဲလွန်းလှသောကြောင့် အိမ်မက်ဆိုးတစ်ခုကဲ့သို့ပင် ခံစားနေမိခဲ့၏။
ဝှစ်
ရီရှင်းချန်သည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက် မြောက်ဘက်အရပ်ဆီသို့ လှမ်းမျှော်ကြည့်လိုက်၏။ ပြီးနောက် တွေးလိုက်မိသည်။ “ထိုက်ရွှမ်အဘိုးအို... ခင်ဗျားချန်ထားခဲ့တဲ့ နောင်လာနောင်သားတွေအတွက် ကြီးမားတဲ့အခွင့်အရေးကြီးက ဘာလို့ များပြားလှတဲ့ ထောင်ချောက်တွေနဲ့ ပြည့်နေရတာလဲ”
သူသည် ရှေးရွက်သင်္ဘောကြီး ထွက်ခွာသွားရာနေရာဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်၏။ ထိုတည်နေရာသည် အရှေ့မြောက်ဒေသ တည်နေရာကြီးဖြစ်ပြီ အဆုံးအစမဲ့သော ပင်လယ်များဖြင့် ပြည့်နှက်နေ၏။ ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၌ အရှေ့ပင်လယ်၊ အနောက်ပင်လယ်၊ တောင်ပင်လယ် နှင့်မြောက်ပင်လယ်ဟူ၍ တည်ရှိနေသည်။
ကျွင်းချောင်ရှောင်းနှင့် လုချင်းချင်းတို့သည် မြောက်ပိုင်းပင်လယ်ဆီသို့ ဦးတည်ကာ သွားလျက် ရှိနေ၏။ တခြားသော ပင်လယ်သုံးခုနှင့် မတူစွာဘဲ မြောက်ပိုင်းပင်လယ်ကြီးသည် ပြည့်စုံသည် ကုန်းမြေတိုက်ကြီးအဖြစ် မရှိခဲ့ချေ။ သိုင်းအင်ပါယာများ၏ စစ်ပွဲအပြီးတွင် ဤတည်နေရာသည် ကျွန်းစုငယ်လေးများအဖြစ်သို့ ပြောင်းလဲ သွားခဲ့ရ၏။
“ထိုက်ရွှမ်အဘိုးအိုရဲ့လှိုဏ်ဂူက မြောက်ပိုင်းပင်လယ်မှာ တည်ရှိတယ်ဆိုတာ သေချာလို့လား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
လုချင်းချင်းသည် အဝါရောင်ကျမ်းစာတစ်ခုကို ထုတ်ယူလိုက်၏။ ထိုကျမ်းစာ၏ အပေါ်မှာတော့ ထိုက်ရွှမ်အအေး နှလုံးသားဟူ၍ ရေးထိုးထားခဲ့သည်။ သူမသည် ထိုအရာအား စားပွဲပေါ်သို့ တင်ကာ ပြောလိုက်၏။ “နောက်ဆုံး စာမျက်နှာမှာ အသေးစိတ်ရေးသားထားတယ်”
“ဒါက မူရင်းလား”
“အမှန်ပါပဲ”
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွား၏။ ထိုက်ရွှမ်အအေးဂိုဏ်း၏ အဆုံးမဲ့ရတနာတစ်ခုလည်း ဖြစ်နိုင်၏။ “ထိုက်ရွှမ်အအေးဂိုဏ်းရဲ့ တကယ့်ရတနာတစ်ခုက ဘယ်လိုဖြစ်ပြီး မင်းရဲ့လက်ထဲကို ရောက်နေတာလဲ”
“ဘိုးဘေးအကြီးအကဲကြီးက ပေးထားလို့ပါ”
လုချင်းချင်းက ပြောလိုက်သည်။ “ကျွန်မ တစ်ယောက်ပဲ ဒီသိုင်းနည်းစနစ်ကို ပြည့်စုံအောင် နားလည်နိုင်လိမ့်မယ်လို့ သူမက ပြောခဲ့တယ်လေ”
ကျွင်းချောင်ရှောင်းသည် လက်ပိုက်ကာ ပြောလိုက်မိ၏။ “ငါအခု အရမ်းကို စိတ်ဝင်စားနေတယ်။ မင်း ဂိုဏ်းကနေ ထုတ်ပယ်ခံရတာ ဖန်းလင်းယုကြောင့်လည်း ဖြစ်နိုင်သလို တခြား မသိနိုင်တဲ့ အကြောင်းအရာကြောင့်လည်း ဖြစ်နိုင်မယ်လို့ ထင်တယ်။ မင်းဆီမှာ တခြား ဖုံးကွယ်ထားတဲ့ အရာတွေ ရှိသေးလား”
“မရှိပါဘူး”
“တကယ်လား”
“တကယ်ပါ”
ကျွင်းချောင်ရှောင်းသည် လျှို့ဝှက်ကျမ်းစာအား အသာလှမ်းယူပြီးသည့်နောက်မှာတော့ နောက်ဆုံးစာမျက်နှာကို လှန်ကာ ကြည့်ရှုလိုက်၏။ သူသည် ထိုအထဲတွင် ရှိနေသော မန္တာန်များကို လုံးဝမကြည့်ချေ။ “မင်းကို ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တစ်ယောက်လို့ စိတ်ထဲမှာ ခံစားမှု မရှိဘူးလို့ ငါအပြစ်ဆိုခဲ့လို့ အခု လျှို့ဝှက်ကျမ်းစာကို ထုတ်ပေးနေတာလား”
“.........” လုချင်းချင်းသည် တိတ်ဆိတ်ငြိမ်သက်နေ၏။
ထိုစာမျက်နှာတွင် ရှိသော အသေးစိတ်အချက်အလက်များ ကို ဖတ်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်မိ၏။ “မင်းက ဒီကျင့်ကြံခြင်း နည်းစနစ်ကို တကယ်ပဲ ကျင့်ကြံခဲ့တယ်။ ပြီးတော့ မင်းရဲ့ ဦးနှောက်တစ်ခုလုံးကို ရေခဲတုံးတစ်ခု ဖြစ်အောင် ပြောင်းလဲခဲ့တယ်။ တချို့အရာတွေက တခြားသူတွေ လွယ်လွယ်ကူကူနဲ့ အထင်မှားစရာ ကိစ္စမျိုးတွေ ဖြစ်နိုင်တယ် မဟုတ်လား”
“တခြားလူတွေ အထင်လွဲမှာကို ကျွန်မ ဂရုမစိုက်ပါဘူး” လုချင်းချင်းက ပြောလိုက်သည်။
“.........”
ကျွင်းချောင်ရှောင်း ဘာဆက်ကာ ပြောရတော့မည်နည်း။
စနစ်က စောဒက တက်လိုက်တော့သည်။ “ဂိုဏ်းထဲမှာ ပထမဦးဆုံး တပည့်ကြီးက သူ့အယူအဆ နဲ့သူ နေထိုင်နေတယ်လေ။ ဘာပဲပြောပြော သူမက လက်ခံသူရဲ့ လမ်းညွှန်မှုကို လိုက်နာနေတာပဲ မဟုတ်လား။ ဒါဆိုရင် ပြီးပြီပေါ့”