အပိုင်း (၁၂၇၉)
Vol. 86 Ch. 1279
ကြယ်ကောင်းကင်ခံတပ် …..။
ခေါင်းဆောင်ကျိနှင့် တခြားသောကင်းသမားများသည် ခေါင်းကို ငုံ့ကာဖြင့် ရပ်တန့်လျက်ရှိ၏။ အဘယ်ကြောင့် ဆိုသော် ခံတပ်၏သခင်သည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်ခွာလာခဲ့သောကြောင့်ပင်။
“အမှိုက်၊ အမှိုက်ကောင်တွေ”
၎င်းသည် နေ့ဝက်လုံးလုံး ဒေါသထွက်လွန်းသဖြင့် တစ်ချိန်လုံး အော်ဟစ်ဆဲဆိုနေလေသည်။ မျက်နှာဘယ်သူမှန်း သေသေချာချာ မပြသသော ဤဆရာကြီးသည် ဘာမှန်းမသိသည့် စွမ်းအင်တစ်ခု ရောက်ရှိလာသည်ကို တားဆီးပြီး တန်ပြန်မှုကို ခံစားရကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့၏။ ထို့ကြောင့် တံခါးပိတ်ကျင့်ကြံကာ ပြန်လည်ကောင်းမွန်အောင် ကြိုးစားနေခဲ့သည်။ အပြင်သို့ ထွက်လာခဲ့သည် အချိန်မှာတော့ ငရဲကြီးကိုးထပ်တွင် ဖမ်းချုပ်ထားခဲ့သည့် အဓိကပြဿနာကောင် ကိုးယောက်လုံးမှာ လွတ်မြောက်သွားခဲ့ပြီဖြစ်၏။
“သခင်ကြီး”
ကင်းသမားကျိသည် ပြောလိုက်၏။ “ဒီတာဝန်တွေ အကုန်လုံးကို ကျုပ်ယူပါမယ်”
ငရဲကြီးကိုးထပ်၏ စောင့်ကြည့်ရေးခေါင်းဆောင်တစ်ယောက် ဖြစ်သည်မို့ သူသည် အပြစ်တင်မှုမှ မလွတ်မြောက်နိုင်ချေ။
ခံတပ်၏သခင်သည် အေးစက်စက် ပြောလိုက်သည်။ “အဓိကပြဿနာကောင်တွေအကုန်လုံးကို ပြန်ပြီးတော့ ဖမ်းရမယ်”
“လူတွေ လွှတ်ပြီး စုံစမ်းထားပြီးပါပြီ”
ခေါင်းဆောင်ကျိသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “မကြာခင်မှာ သတင်းရပါလိမ့်မယ်”
အဓိကပြဿနာကောင်များ လွတ်မြောက်သွားခြင်းသည် တကယ်ပင် ကိစ္စကြီးဖြစ်၏။ ထို့ကြောင့် သူသည် ကြယ်ကောင်းကင်ခံတပ်ကြီးတွင် ရှိနေသော အထူးလက်ရွေးစင် လူများကို လွှတ်ကာဖြင့် စကြဝဠာတစ်ခုလုံး အနှံ့ ရှာဖွေရန် ခိုင်းစေထားသည်။ အဓိကပြဿနာကောင်များအနေဖြင့် အထက်နယ်မြေဆီသို့ မတက်လှမ်းနိုင်ပါက မကြာခင်တွင် သူ၏ လက်သို့ ပြန်လည်ရောက်ရှိလာမှာ သေချာသည်။
“ပြီးတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးလည်း ရှိသေးတယ်”
ခံတပ်သခင်က ပြောလိုက်၏။ “ငါတို့ အခွင့်အရေးကို အရယူပြီး ဒါကိုလည်း စုံစမ်းရမယ်”
သူ့အနေနှင့် ဒဏ်ရာ ရရှိခဲ့သည်ဖြစ်သောကြောင့် ဤကိစ္စအား ခဏတာ လက်လွှတ်ထားခဲ့ရ၏။ လက်ရှိ အခြေအနေမှာတော့ တရားရေးရာတပ်မှူးကို မည်သူ သတ်ဖြတ်ခဲ့သည် ဆိုသည့်အကြောင်းအရာနှင့်ပတ်သက်၍ သေသေချာချာ စုံစမ်းချင်နေမိသည်။
“ကောင်းပါပြီ” ခေါင်းဆောင်ကျိက ပြောဆိုလိုက်၏။
ခံတပ်သခင်သည် ပြန်လည်ထွက်ခွာသွားခဲ့၏။ ထွက်ခွာသွားပြီးပြီးချင်းမှာပဲ ကင်းသမားများ၏ ရင်ထဲမှာ ရှိနေသော ကြီးမားသည့် ဝန်ထုတ်ဝန်ပိုးကြီးသည် ကျဆင်းသွားခဲ့ရသည်။
“အားလုံးပဲ”
ခေါင်းဆောင်ကျိသည် လေးလေး နက်နက် ပြောလိုက်၏။ “သခင်က အရမ်းကို စိတ်ဆိုးနေတယ်လေ။ ငါတို့ ဖြစ်နိုင်သမျှ အမြန်ဆုံး အဓိကပြဿနာ ကောင်တွေကို ပြန်ပြီး ဖမ်းရမယ်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး အတွက်ကတော့ လောလောဆယ် ခဏထား လိုက်ရအောင်”
အရေးကြီးသည့်အရာကို အရင်ဆုံး ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။ သူ၏အထင်အရဆိုလျှင် တရားရေးရာ တပ်မှူး သတ်ဖြတ်ခံရသည့်ကိစ္စကို ရှာဖွေသည်ထက် အဓိကပြဿနာကောင်များကို ဖမ်းဆီးခြင်းက ပိုမို၍ အရေးကြီးလှ၏။
ဆွစ် ဆွစ်
ကြယ်ကောင်းကင်ခံတပ်မှ ရွက်သင်္ဘောများသည် တစ်ခုပြီးတစ်ခု ပျံသန်းထွက်ခွာသွားခဲ့ကြ၏။ မြို့ထဲတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် အံ့အားသင့်လျက် ရှိနေတော့သည်။ ဤကဲ့သို့ လူအင်အားကောင်းကောင်းနှင့် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်ကို သူတို့ ဘယ်သောအခါကမှ မမြင်ခဲ့ဖူးချေ။
.............
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ မြောက်ပိုင်းပင်လယ်
ရှေးရွက်သင်္ဘောကြီးသည် ကောင်းကင်တွင် လွင့်မျောလျက်ရှိနေ၏။ အောက်တွင်ရှိနေသော ပင်လယ်မှာတော့ များပြားလှသော ကျွန်းများဖြင့် အစိတ်အပိုင်း အသီးသီး ဖြစ်တည်လျက် ရှိနေသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ကောင်းကင်ပေါ်တွင်ရှိနေသော ကြယ်စုလေးများကဲ့သို့ပင် အစုအဖွဲ့၊ အစုအဖွဲ့နှင့် ဖြစ်တည်နေသည်။
“ဒီနေရာပဲ”
ပဲ့ပိုင်းတွင် မတ်တပ်ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ထိုက်ရွမ်အအေးကျမ်းစာ၏ အထဲတွင် ရှိနေသော မြေပုံကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက် ပြောလိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ တိကျသေချာသည့် အရာများနှင့် ပြည့်နှက်နေတော့သည်။
“ဒီတော့”
စနစ်က ဇဝေဇဝါဖြင့်မေးခွန်းထုတ်လိုက်သည်။ “ဒါနဲ့ မင်း ဘာလို့ ပထမပိုင်းကို ပြန်မပေးသေးတာလဲ”
ဆွစ် ဆွစ် ဆွစ် …..။
ရှေးရွက်သင်္ဘောကြီးသည် ဖြည်းညှင်းစွာ ဆင်းသက်လာပြီးသည့်နောက်မှာတော့ သေးငယ်လှသည့် ကျွန်းတစ်ခု၏ ကမ်းခြေဆီသို့ ဆင်းသက်လိုက်၏။ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ကျွန်းတစ်ခုလုံးဆီသို့ ဖြန့်ကျက်ကာ ကြည့်ရှုလိုက်တော့၏။ “ဒီနေရာကို ဘယ်သူမှ မရောက်တာ အချိန်အတော်ကြာပြီပဲ”
လုချင်းချင်းသည် သတိအပြည့်ဖြင့် ပြောလိုက်သည်။ “ဒီနေရာမှာ အရမ်းကို အားကောင်းတဲ့ စိတ်ဝိညာဉ်သားရဲတွေ ရှိနေတယ်”
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို ပွတ်သပ်ကာဖြင့် ပြောလိုက်၏။ သူ၏ မျက်နှာတစ်ခုလုံးသည် တောက်ပလျက်ရှိနေသည်။ “ဒါတွေ အကုန်လုံးက သိုင်းကျင့်ကြံခြင်းရဲ့ အရင်းအမြစ်တွေပဲလေ”
.........
ဝေါင်း
ကျွန်း၏သစ်တောထဲမှာတော့ ကျွင်းချောင်ရှောင်းသည် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူသည် ယခုမှ ခူးယူထားသော သစ်သီးတစ်လုံးအား စမ်းသပ်ကာ စားသုံးနေ၏။
အအေးအလင်းတန်းများ ဖြတ်သန်းသွားပြီးသည့် နောက်မှာတော့ သားရဲများ၏ခေါင်းသည် လွင့်စင်သွားခဲ့၏။ လုချင်းချင်းသည် သူမ၏ ဓားကိုပြန်လည် ရုတ်သိမ်းပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်၏ ရှေ့ဆီသို့ ပြန်လည်ရောက်ရှိလာသည်။
သိုင်းနယ်မြေကျင့်ကြံခြင်းအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိပြီးသည့်နောက်မှာတော့ သူမ၏ အားအင်အဆင့်သည် ပိုမိုကာ တိုးတက်လာခဲ့တော့၏။ ယခု များပြားလှသည့် စိတ်ဝိညာဉ်သားရဲများနှင့်ရင်ဆိုင်ရသည့်အချိန်တွင် လွယ်လွယ်ကူကူဖြင့် သတ်ဖြတ်ခြင်းကို ပြုလုပ်နိုင်နေပြီ ဖြစ်၏။
..............
လုချင်းချင်းသည် သားရဲအလောင်းများဆီသို့ လျှောက်သွားပြီးသည့်နောက်မှာတော့ သလင်းအမြူတေများကို ကျွမ်းကျင်စွာဖြင့် ထုတ်ယူလိုက်တော့၏။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းကို ပေးကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ကြည့်ရတာ ဒီနေရာမှာ လှိုဏ်းခေါင်းတစ်ခုခု ရှိပုံ မပေါ်ဘူး”
“မရှိရင်လည်း ရှာရမှာပေါ့”
ဤပင်လယ်ထဲက ကျွန်းများသည် ရှေးယခင်ကတည်းက ရှိခဲ့သည့်အရာများ ဖြစ်ကြ၏။ ကျွန်းစုများကလည်း တစ်ရာနီးပါးခန့် ရှိနေတော့သည်။ ထို့ကြောင့် ထိုက်ရွှမ်အဘိုးအို တံခါးပိတ်ကျင့်ကြံခဲ့သည့် လှိုဏ်ဂူအား အချိန်ယူကာ ရှာဖွေမှ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ရက်အနည်းငယ်အတွင်းမှာပဲ ၎င်းတို့နှစ်ယောက်သည် တည်နေရာအတော်များများကို ရှာဖွေခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ မည်သည့်သဲလွန်စကိုမှ ရှာဖွေ၍ မတွေ့ရှိခဲ့ပေ။
ကျွင်းချောင်ရှောင်းမှာတော့ ကျောက်တုံးပေါ်တွင် ထိုင်ပြီးသည့်နောက်မှာတော့ နောက်ဆုံးစာမျက်နှာအား အသာ လှန်ကာ ကြည့်ရှုနေ၏။ သူသည် မေးစေ့ကို အသာပွတ်သပ်ကာ ပြောလိုက်မိ၏။ “ဒီနေရာမှာ သီးခြားဖြစ်တည်ခြင်း အစီအရင် တစ်ခုခုများ ရှိနေတာလား”
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ လုချင်းချင်းသည် ပင်လယ်တည်နေရာတစ်ခုဆီသို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ဟိုကိုကြည့်အုံး”
“အမ်”
ကျွင်းချောင်ရှောင်းသည် လှမ်းကြည့်လိုက်သည့်အချိန်မှာတော့ အဝေးတစ်နေရာရှိ ပင်လယ်တည်နေရာ တစ်ခုတွင် ရေလှိုင်းများ လျော့ကျသွားပြီးသည့်နောက်မှာတော့ ကုန်းမြေကြီးတစ်ခု ဖြစ်တည်လာသည်ကို မြင်လိုက်ရ၏။
ဆွစ် ဆွစ် ဆွစ်
ထိုရေလှိုင်းများအားလုံးသည် လေးဘက်လေးလံ တည်နေရာဆီသို့ ဆင်းသက်သွားခဲ့သည်။
“သွားကြည့်ရအောင်”
ကျွင်းချောင်ရှောင်းနှင့် လုချင်းချင်းတို့သည် ပျံသန်းကာ ထွက်ခွာသွားခဲ့ကြ၏။ ၎င်းတို့ နှစ်ယောက်သည် ထိုနေရာဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ ရေတိုင်ကြီးကိုးခုနှင့် ထောက်ပံ့ထားသည့် အဆောက်အဦကြီးတစ်ခုကို မြင်လိုက်ရ၏။
“ဝင်ကြရအောင်”
ဆွစ် ဆွစ်
၎င်းတို့နှစ်ယောက်သည် အထဲသို့ဖြတ်ကာ ဝင်လိုက်ကြ၏။ သို့ပေမဲ့ ကျွန်းနားဆီသို့ ဝင်ရန်ပြင်လိုက်သည့်အချိန်မှာပဲ ကောင်းကင်နှင့် မြေကြီးရှိ ဓာတ်သဘာဝများသည် စုစည်းလာပြီး ကြီးမားသည့် လက်ဝါး ရိုက်ချက်ကြီးနှစ်ခုအဖြစ် သူတို့အား ရိုက်ချလာသည်။
ဘုန်း ဘုန်း …….။
ကျွင်းချောင်ရှောင်းသည် တစ်ချိန်တည်းမှာပဲ သူ၏ ဘယ်ညာလက်များကို လှုပ်ရှားရန် ပြင်ဆင်လိုက်သည်။သို့ပေမဲ့စွမ်းအင်များသည်ဖျက်ဆီးခံရပြီးဖြစ်သည်။
သူသည် သူ၏ဘေးတွင်ရှိနေသော အေးစက်သည့်အမျိုးသမီးကို ကြည့်ကာ ဆွံ့အသလို ပြောလိုက်မိ၏။ “ငါက တပည့်တစ်ယောက်ရဲ့ ကာကွယ်မှုကို ခံရလောက်အောင် အားနည်းနေလို့လား”
လက်ဝါးရိုက်ချက်ကြီး ပေါ်ပေါက်လာသည်မှာ အလွန်မြန်ဆန်လွန်းလှ၏။ သူမသည် စဉ်းစားချိန်မရဘဲ ဂိုဏ်းချုပ်၏ အရှေ့ဆီသို့ ဝင်ရောက်ကာဖြင့် ထိုလက်ဝါး ရိုက်ချက်ကြီးနှစ်ခုကို တားဆီးခဲ့ခြင်းပင်ဖြစ်သည်။
“သွားကြရအောင်” ကျွင်းချောင်ရှောင်းသည် အရင်ဆုံး ပျံသန်းသွားခဲ့၏။
ဘန်း ……..။
ပြီးသည့်နောက်မှာတော့ သူသည် အရှေ့တွင်ရှိနေသည့် မမြင်ရသည့်အတားအဆီးကြီးတစ်ခုကို မျက်နှာနှင့်သွားကာ ရိုက်မိ၏။ “ချီးတဲ့မှ… ဒီနေရာမှာ တကယ့်ကို အစီအရင်တစ်ခု ရှိနေတာပဲ”
ကုန်းရှန့်သည် တစ်ချိန်လုံး စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ထားခဲ့၏။ သို့ပေမဲ့ အစီအရင်ရှိသည့် အော်ရာမျိုးကို သူမရရှိခဲ့ချေ။
ဝှစ် ဝှစ် …….။
ထိုအချိန်မှာပဲ ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများသည် ပိုမိုကာ ကြမ်းတမ်းလာပြီးသည့်နောက် လက်ဝါးရိုက်ချက်ကြီးများအဖြစ် ဖြစ်တည်ကာ တည်နေရာအနှံ့ဆီမှ သူ့အား ရိုက်ချပြန်သည်။
...........
ရီရှင်းချန်သည် အခန်းထဲတွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေ၏။ သူ့အနေနှင့် များပြားလှသည့် လက်ဝါးရိုက်ချက်များ အား နာရီအတော်ကြာ ခုခံခဲ့ရသည့် အခြေအနေတစ်ခုကို ပြန်လည်ကာ စဉ်းစားနေမိ၏။
“ဘယ်လောက် ဆိုးရွားလိုက်တာလဲ”
ညအင်ပါယာသည် နာနာကျင်ကျင်ဖြင့် ခေါင်းကို ခါယမ်းလိုက်မိသည်။ သိုင်းအင်ပါယာဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်ခဲ့သည် ဆိုသော်လည်း သူသည် အားအင်အဆင့်များ ကုန်ခမ်း လုမတတ် ထိုအတားအဆီးရိုက်နှက်မှုများကို ခံယူခဲ့ရ၏။
“အင်း … ငါ့တုန်းက ကံကောင်းခဲ့တာပဲ”
ရီရှင်းချန်သည် သူ့ကိုယ်သူ နှစ်သိမ့်လိုက်မိ၏။ “ငါ့နေရာမှာ တခြားသူတွေသာဆိုရင် ကျိန်းသေပေါက် ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး”
ဘုန်း ….။
ကျွင်းချောင်ရှောင်းမှာတော့ ချက်ချင်းဆိုသလိုပဲ ဤအတားအဆီး အစီအရင်ကြီးအား ချက်ချင်း ချိုးဖြတ်လိုက်၏။ သူသည် ဤအတားအဆီးအစီအရင်ကြီးကို ချိုးဖြတ်ရန် ယူခဲ့ရသည့်အချိန်သည် တစ်မိနစ်သာရှိ၏။ များပြားလှ သည့် လက်ဝါးရိုက်ချက်ကြီးများသည် ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့တော့၏။ သူ့အား ကာကွယ်ရန် တာဝန်ယူထားရသည့် လုချင်းချင်းမှာတော့ အံ့အားသင့်လျက် ရှိနေလေသည်။
ရီရှင်းချန်သည် အတိတ်ကို တွေးတောလျက် ရှိနေ၏။ အတားအဆီးကို ချိုးဖြတ်ပြီးသည့်နောက်မှာတော့ သူသည် သဲနှင့် ပြုလုပ်ထားသည့် ကြီးမားလှသည့် သတ္တဝါကြီး ရာကျော်ခန့် တိုက်ခိုက်မှုကို ခံခဲ့ရသေး၏။ သူ့အနေနှင့် အလူးအလဲ ပြန်လည်ကာ ခုခံတိုက်ခိုက်ခဲ့ရ၏။
“ဒီဓာတ်သဘာဝတွေက အရမ်းကို အားကောင်းလွန်းတယ်။ ငါ့အနေနဲ့ စွမ်းအင်တွေ တော်တော်ကုန်ခမ်းပြီးတော့မှပဲ သူတို့ကို သတ်ဖြတ်ပစ်နိုင်ခဲ့တာပဲ။ တကယ်လို့ ဒီနေရာမှာ စိတ်ဝိညာဉ်အင်ပါယာနဲ့ တခြားသူတွေသာဆိုရင် သေခဲ့တာကြာပေါ့”
ညအင်ပါယာ၏ မျက်လုံးထဲတွင် ဂုဏ်ယူမှု များနှင့် ပြည့်နှက်လျက် ရှိနေသည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ကျွန်းပေါ်သို့ ဆင်းသက်ခြင်းခြင်းမှာပဲ လုချင်းချင်းအား အထဲသို့ ခေါ်ဆောင်သွားခဲ့၏။ သဲများဖြင့် ဖန်တီးပြုလုပ်ထားသည့် ကြီးမားလှသည့် သတ္တဝါကြီး တစ်ရာကျော်တို့အားလုံး သည် သဲများအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ထိုသူတို့အားလုံးကို ဖြေရှင်းခဲ့သည့် အချိန်ကာလသည် တစ်မိနစ်သာလျှင် ကြာမြင့်၏။
“အဲ့တံခါး …”
ရီရှင်းချန်၏ အမူအရာသည် ရုတ်တရက် လေးနက်သွားခဲ့၏။ အတွင်းနေရာထဲသို့ ဝင်လိုက်သည့် အချိန်၌ သူသည် ဗဟိုတည်နေရာကြီးတစ်ခုထဲတွင် တံခါးကြီးတစ်ချပ် တည်ရှိနေသည်ကို မြင်လိုက်ရ၏။ ထိုတံခါးကြီးသည် ရှေးကျသည့် ကျောက်တံခါးကြီးတစ်ချပ် ဖြစ်ပြီးသည့်နောက် အလွန်အားကောင်းလှသည့် ထူးဆန်းသည့်စာလုံးများ ရေးထိုးထားသည်။
ပထမအန္တရာယ်ကြီးနှစ်ခုကို ရင်ဆိုင်ပြီးသည့်နောက်မှာတော့ ညအင်ပါယာသည် ဤတံခါးကြီးကို မည်ကဲ့သို့ ဖွင့်ရ မည်ဆိုသည်ကို အပြင်းအထန် ကြိုးစားခဲ့ရ၏။ နေ့ပေါင်းများစွာ ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက် ပြုလုပ်ပြီးသည့်နောက်မှာတော့ တံခါးကြီးသည် ရုတ်တရက် သူ့အလိုလို ပွင့်လာခဲ့၏။
ညအင်ပါယာက တွေးလိုက် မိသည်။ “ငါ ကံကောင်းလို့ အထဲကို ရောက်နိုင်ခဲ့တာလေ။ မဟုတ်ရင် လုံးဝလွယ်မှာ မဟုတ်ဘူး”
ဘုန်း
ထိုအချိန်မှာတော့ ကျောက်တံခါး၏ အရှေ့တွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် ထိုက်ရွှမ်အအေးကျမ်းစာအား ထုတ်ယူကာဖြင့် ကျောက်တံခါး၏အရှေ့တွင် တင်လိုက်တော့၏။ ပြီးသည့်နောက်မှာတော့ တံခါးကြီးသည် ချက်ချင်း ပွင့်သွားတော့သည်။
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိ၏။ “အဲလောက်လွယ်တာလား”
“ဟမ်”
အတိတ်မှ အကြောင်းအရာများကို ပြန်လည် စဉ်းစားလျက် ရှိနေသော ရီရှင်းချန်သည် ရုတ်တရက် သူ၏ ပါးကို ပွတ်သပ်လိုက်မိ၏။ ပြီးသည့်နောက်မှာတော့ ဇဝေဇဝါဖြင့် ပြောလိုက်မိသည်။ “ငါ ဘာလို့ ပါးနာနေသလို ခံစားနေရပါလိမ့်”