ဘယ်သူကပုရွက်ဆိတ်လဲ
Vol. 14 Ch. 194
အခန်း (၁၉၄) ဘယ်သူကပုရွက်ဆိတ်လဲ
ရန်ကျောက်ကဲ၏ဓားဝိညာဉ်က ကျောက်ဟို၏ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်သွားသည်။ ကျောက်ဟိုသည် ဓားချက်ကို မရှောင်တိမ်းနိုင်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး တိမ်ဆိုင်များပမာ အစိတ်စိတ်အမွှာမွှာလွင့်ပျံကွဲကြေသွားသည်။
ထိုအချိန် ပုံရိပ်ယောင်လူရိပ်တစ်ခုသည် ရန်ကျောက်ကဲရှေ့သို့ ပျံသန်းစီးဆင်းလာသယောင် ထင်မှတ်ရသည်။
ထိုလူရိပ်အသွင်အပြင်က ကျောက်ဟိုနှင့် ဆင်တူသော်လည်း အနည်းငယ်ကွဲပြားသည်။
အရင်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ပျံ့နှံ့ခဲ့ဖူးသည့် ဆေးမီးတောက်ဓားနတ်ဘုရားကော်ဇီ၏ ပန်းချီကားကို ရန်ကျောက်ကဲ တွေ့မြင်ဖူးသည်။ ထိုသူက ကျောက်ဟိုနှင့်ဆင်တူသော်လည်း ယခု သူ့ရှေ့မှ မထင်မရှားလူရိပ်နှင့် ပိုမိုဆင်တူသည်။
အတိအကျဆိုရသော ထိုလူရိပ်သည် ကော်ဇီ၏ ဝိညာဉ် ဖြစ်၏။
လက်ရှိတွင် ထိုဝိညာဉ်သည်လည်း ကြေမွနေပြီး ပျက်စီးလုနီးပါး ဖြစ်နေပေပြီ။
ကျောက်ဟိုတစ်ဖြစ်လဲ ကော်ဇီက ရန်ကျောက်ကဲကို စူးစူးစိုက်စိုက်ကြည့်ရင်း ရန်ကျောက်ကဲတစ်ယောက်သာ ကြားနိုင်သည့် အသံလှိုင်းတစ်ခုဖြင့် ကြုံးဝါးသံတစ်ချက်ပြုလုပ်လိုက်သည်။ ပဲ့တင်ထပ်နေသည့် စကားသံတစ်သံက ရန်ကျောက်ကဲနားထဲသို့ ဝင်ရောက်လာသည်။
“ဒီနေ့ ငါ မသေခဲ့ဘူးဆိုရင် လူပြန်ဖြစ်လာတဲ့တစ်နေ့ မင်းကို လက်စားချေမယ်”
“ရန်ကျောက်ကဲ... မင်းရော မင်းနောက်ကဝါဒတောင်ရော မရှင်းပစ်ရမချင်း ငါ အနားရနိုင်မှာမဟုတ်ဘူး ၊ အဆုံးထိ ငါ တိုက်ခိုက်မယ်”
ရန်ကျောက်ကဲက ထိုဝိညာဉ်ကို အေးဆေးစွာပင်ကြည့်ရင်း သိမ်မွေ့စွာပင် ပြန်ပြောလိုက်သည်။
“အခု မင်းသေပြီး ငါ အသက်ရှင်နေတာ မဟုတ်ဘူးလား ၊ ဒါက အကောင်းဆုံးဖြေရှင်းချက်ပဲလေ”
ကျောက်ဟိုသည် သူ့ကံကြမ္မာကို မခံချိမခံသာဖြစ်ကာ ကောင်းကင်ထက်သို့ကြည့်ရင်း ကြုံးဝါးသံတစ်ချက်ပြုသည်။
ထိုအချိန် မြေပြင်ထက်သို့ကျနေသည့် အနက်ရောင်အမွှေးတိုင်အိုးလေးက တစ်စစီဖြစ်နေသော ကျောက်ဟို၏ ဝိညာဉ်အပိုင်းအစများကို စုပ်ယူရန် စွမ်းအားတစ်ခု ထုတ်လွှတ်လိုက်သည်။
“လာပြန်ပြီလား ဒီအမွှေးတိုင်အိုး...”
ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားသည်။
ထို့နောက် ရန်ကျောက်ကဲက လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျောက်ဟို၏ဝိညာဉ် အမွှေးတိုင်အိုးထဲ ဝင်ရောက်မသွားစေရန် သိုင်းစွမ်းထုတ်လွှတ်ကာ တားဆီးလိုက်သည်။
ရန်ကျောက်ကဲက ကျောက်ဟိုကို ကြည့်ရင်း ညင်သာစွာ ပြုံးလိုက်၏။
“နဂါးချုပ်လှောင်ချောက်နက်မှာ ရီကျင်း ဒီလိုပညာအသုံးပြုပြီး လူပြန်ဝင်စားလို့ရသွားတာက အဲဒီတုန်းက ငါကိုယ်တိုင် သူ့ကို သတ်မပစ်ချင်သေးလို့ပဲ ၊ ဒါပေမဲ့ သေသင့်တဲ့ကောင်တွေကိုတော့ ငါက အရှင်ထားမှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက သူ၏လက်ဝါးအတွင်းသို့ စွမ်းအားများ ပိုမိုထည့်သွင်းလိုက်ပြီး ကျောက်ဟို၏ ကွဲအက်နေသော ဝိညာဉ်အပိုင်းအစများကို ပုံပျက်သွားအောင် ချေမွှလိုက်သည်။
ကျောက်ဟိုက ဒေါသတကြီးဖြင့်...
“မင်းက သောက်ရေးမပါတဲ့ ပုရွက်ဆိတ်လိုကောင်...”
ရန်ကျောက်ကဲက...
“မင်း အခုလို ရှင်းရှင်းလင်းလင်း နားလည်သွားတာ အကောင်းဆုံးပဲ ၊ တကယ်တော့ အဲဒီပုရွက်ဆိတ်က မင်းပဲလေ ၊ ဘယ်လောက်တောင် အားနည်းတဲ့ကောင်လဲကွာ...”
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်းဆိုသည်။
“မင်းလိုအားနည်းတဲ့ကောင်တစ်ကောင်က ငါ့ကို ဘာလို့ မုန်းတီးနေလဲဆိုတာ သောက်ဂရုမစိုက်ဘူး ၊ ပြီးတော့ မင်းက ငါတို့ဝါဒတောင်ကို ဘာလို့ရန်ငြိုးထားတာလဲဆိုတာကိုလည်း မသိချင်ဘူး”
“တကယ်တော့ မင်းသာ ငါ့ကို မနှောက်ယှက်ဘူးဆိုရင် ငါကလည်း မင်းကို နှောင်ယှက်မှာမဟုတ်ဘူး ၊ ဒါပေမဲ့ မင်းက ငါ့အသားကို ဆူးနဲ့လာထိုးမှတော့ ရှင်းပစ်ရတော့မှာပေါ့”
ရန်ကျောက်ကဲက ကျောက်ဟိုကို တည်ငြိမ်စွာကြည့်ရင်း...
“ဒါက ငါ့ဘက်က မင်းအပေါ်ထားတဲ့ ရိုးရှင်းတဲ့သဘောထားနဲ့ ခန့်မှန်းချက်ပဲ ၊ မင်းကိုရှင်းပစ်ရတဲ့ ရိုးရှင်းတဲ့အကြောင်းရင်းပါပဲ”
ကျောက်ဟို၏မျက်နှာက နီရဲနေသော်လည်း မည်သည့်စကားမှ မဆိုနိုင်တော့ပေ။
ရန်ကျောက်ကဲ၏လက်ဝါးချက်အောက်တွင် သူ့ဝိညာဉ်က လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။
စိတ်ဝိညာဉ်က လွင့်မျောနေပြီး ဝိညာဉ်က အစိတ်စိတ်အမွှာမွှာကွဲကြေသွားကာ အပြည့်အဝ ၊ ထာဝရ သုတ်သင်ခံလိုက်ရပြီ ဖြစ်သည်။
ရန်ကျောက်ကဲက မျက်တောင်တစ်ချက်မခတ် ၊ တစ်ချက်လေးပင် လှုပ်ရှားခြင်း မရှိပေ။
ရဲ့ကျုန်းကျိုး ၊ ရှောင်ယွိနှင့် ကျန်းယောင်တို့သည့် သူတို့ရှေ့မှမြင်ကွင်းကို မှင်တက်စွာ ငေးကြည့်နေကြသည်။ အံ့သြလွန်းသဖြင့် သတိလက်လွတ်ပင် ဖြစ်နေကြသည်။
မြေပြင်ထက်လဲကျနေပြီး မလှုပ်နိုင်တော့သည့် လျိုရှန်းဖုန်းမှာလည်း အတော်လေး တုန်လှုပ်နေ၏။ ကျောက်ဟို၏ အဖြစ်အပျက်ကို တွေ့မြင်ပြီးနောက် သူက အရင်ကထက်ပိုပြီး ရန်ကျောက်ကဲကို ကြောက်ရွံ့သွားသည်။
ဤနေရာသို့ ရန်ကျောက်ကဲရောက်ရှိလာသည့် အချိန်တစ်ခဏအတွင်းမှာပင် အဖြစ်အပျက်များစွာ မွှေနှောက်ဖြစ်ပျက်သွားခဲ့သည်။
ရဲ့ကျုန်းကျိုးတို့အုပ်စုအားကယ်တင်ခြင်း ၊ ကြီးမားသည့်အစီအရင်အားဖျက်ဆီးခြင်း ၊ ရန်သူကို တစ်ဆက်တည်းသတ်ဖြတ်ခြင်း။
အချိန်ခဏအတွင်း ရန်ကျောက်ကဲက ထိုအလုပ်များအားလုံးကို ပြီးမြောက်အောက် လုပ်ဆေင်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း အခြေအနေအားလုံးက လုံးဝ ပြောင်းပြန် ဖြစ်သွားသည်။
တစ်ခဏအတွင်းပင် ငရဲကိုးထပ်ဝင်ရောက်လာမည်ကို တားဆီးလိုက်ပြီး ချက်ချင်းပင် ကျောက်ဟိုကို ဓားဖြင့် ခုတ်ပိုင်းသတ်ဖြစ်ခံလိုက်ရသည်။ မိစ္ဆာချီအစီအရင်ကြီးမှာလည်း တစ်စစီကွဲကြေသွားခဲ့သည်။
မြင့်မားစွာမတ်တတ်ရပ်နေသည့် ရန်ကျောက်ကဲကိုကြည့်ရင်း ရဲ့ကျုန်းကျိုး ၊ ကျန်းယောင်နှင့် အခြားသူများစိတ်ထဲတွင် ဗလာကျင်းလျှက်ရှိသည်။
ရန်ကျောက်ကဲကတော့ တဖြည်းဖြည်း လွင့်ပျံပျောက်ကွယ်သွားသည့် မိစ္ဆာချီများကို ကြည့်နေ၏။
မြေပြင်ထက်မှ အနီရောင်အလင်းတံခါး လုံးဝပျောက်ကွယ်သွားပြီဖြစ်သောကြောင့် ငရဲကိုးထပ်မှ ကြောက်မက်ဖွယ်ရာရောင်ဝါသည်လည်း တဖြည်းဖြည်း လျော့နည်းသွားပြီ ဖြစ်သည်။
လမ်းကြောင်းပိတ်သွားသည်နှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ မထွက်ခွာရသေးသော မိစ္ဆာဝိညာဉ်များသည် အဆုံးမဲ့ အချိန်နှင့်နေရာကို ဖြတ်သန်းသွားလေရာ ရန်ကျောက်ကဲနားထဲတွင် ဆူညံသည့်ကြုံးဝါးသံများကို ကြားနေရသည်။
ရန်ကျောက်ကဲ မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိပေ။ သူက ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်ပြီး အဝေးဆီမှ ကောင်းကင်ထက်တွင် ကြိုးစများပမာ အမျှင်တန်းလျှက် ဖြည်းဖြည်းချင်း လွင့်ပြယ်သွားသည့် မိစ္ဆာချီများကို စူးစိုက်ကြည့်နေသည်။
အစီအရင်၏ ပြောင်းပြန်လှည့်ပတ်မှုကြောင့် အကြီးအကဲ’မော့’နှင့် အမှောင်ဘက်ခြမ်းမှ ကျင့်ကြံသူများအားလုံး ခန္ဓာကိုယ်ထဲတွင် မိစ္ဆာချီပြောင်းပြန်စီးဆင်းကာ တဟုန်ထိုးရိုက်ခတ်ခြင်းဒဏ်ကို ခံစားခဲ့ကြရသည်။
ကျင့်ကြံခြင်းအဆင့်မြင့်မားလေ တုံ့ပြန်မှုက ပြင်းထန်လေ ဖြစ်သည်။
မိစ္ဆာချီများက စွမ်းအားဖြည့်တင်းပေးနိုင်ခြင်းမရှိတော့ဘဲ အန္တရယ်ပင်ပြုလာသည့်အခါ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ ထိပ်တန်းသိုင်းသမားများအားလုံး လဲပြိုကုန်ကြပြီး အရှုံးနှင့်ရင်ဆိုင်ကြရတော့သည်။
ကောင်းကင်ထက်တွင် အနီရောင်ဝိညာဉ်တောင်ကြီးက ရပ်တန့်နေသည်။ ရှန်းရှီဝမ် သူ့ကိုကြည့်နေကြာင်း ရန်ကျောက်ကဲ ခံစားမိသည်။
“သူက ငါတို့ အဆုံးမဲ့တောင်တန်းက တပည့်မဟုတ်တာ နှမျောစရာပဲ”
ရှန်းရှီဝမ်က စိတ်မကောင်းခြင်းနှင့်အတူ ချီးကျူးစကားရေရွတ်ရင်း သက်ပြင်းချလိုက်သည်။ ထို့နောက် ကျွင်းကျန်နေသည့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ ထိပ်တန်းသိုင်းသမားများကို လိုက်လံဖမ်းဆီးရန် အလျှင်အမြန် ထွက်ခွာသွားတော့၏။
အနီရောင်တောင်မြင့်ကြီးပျောက်ကွယ်သွားပြီး ရှန်းရှီဝမ် ထွက်ခွာသွားသည်အထိ စောင့်နေပြီးမှ ရန်ကျောက်ကဲက ကျောက်ဟိုအလောင်းဘေးနားရှိ အနက်ရောင်အမွှေးတိုင်အိုးလေးကို ချီစွမ်းအားအသုံးပြုကာ ကောက်ယူလိုက်သည်။
ကျောက်ဟိုထက်ဆာလျှင် ဤအမွှေးတိုင်အိုးလေးကို သူ ပိုမိုစိတ်ဝင်စားသည်။
အစောပိုင်းက ကျောက်ဟို၏ ကြယ်စင်မီးတောက်ကောင်းကင်ဓားသိုင်းကို အနိုင်ယူခဲ့သည့်ဓားကွက်နှင့် နောက်ပိုင်း ကျောက်ဟိုကို သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သော ဓားကွက် (၂)ခုလုံးမှာ ရန်ကျောက်ကဲကိုယ်တိုင် တီထွင်ထားသည့် ဓားကွက်များဖြစ်သည်။
ကျင့်ကြံခြင်းအဆင့် အဆက်မပြတ်မြင့်တက်နေသော ရန်ကျောက်ကဲအတွက်တော့ သိုင်းပညာအဆက်မပြတ်တိုးတက်လာစေရန် အချိန်တိုင်း တီထွင်ကြံဆနေခဲ့သည်။ သူက ကိုယ်ပိုင်စနစ်တစ်ခု တည်ဆောက်ပြီး သိုင်းပညာတီထွင်ရန် နည်းလမ်းတစ်ခုကိုလည်း ရှာတွေ့ထားပြီး ဖြစ်သည်။
မိုးကြိုးတုန်လှုပ်သိုင်းပညာဆိုသည်မှာ အစပိုင်းမျှသာ ဖြစ်သည်။
သူတီထွင်ထားသည့် သိုင်းပညာအခြေခံက ပိုမိုနက်နဲကျယ်ပြန့်သည်။
မိုးကြိုးတုန်လှုပ်သိုင်းပညာသည်လည်း ယခုမှ သန္ဓေတည်သည့်အဆင့် ဖြစ်သည့်တိုင် သူ့အစွမ်းကိုလျှော့တွက်၍ မရေပ။
သို့သော် ရန်ကျောက်ကဲက သူ၏ဓားကွက်ကို ကျောက်စိးမ်နဂါးဓားဖြင့် ပေါင်းစပ်ထုတ်ဖော်လိုက်သည့်တိုင်အနက်ရောင်အမွှေးတိုင်အိုးလေးတွင် ဓားရာတစ်ချက် ထင်ကျန်ခြင်း မရှိပေ။
ဤသည်ကိုကြည့်ခြင်းအားဖြင့် အမွှေးတိုင်အိုးလေးသည် ထူးခြားသည့်ဇာစ်မြစ်ရှိကြောင်း သိသာနိုင်သည်။
ရန်ကျောက်ကဲက ဤအမွှေးတိုင်အိုးလေး၏လျှို့ဝှက်ချက်ကို အလွန်စိတ်ဝင်စားသော်လည်း အထူးသတိထားကိုင်တွယ်သည်။
အနည်းငယ်ပင်ပန်းနေသည့်အတွက် အမောပြေရန် မြေပြင်ထက် ထိုင်ချလိုက်ရင်း အမွှေးတိုင်အိုးလေးကိုလည်း အဆက်မပြတ် စစ်ဆေးကြည့်နေ၏။
ပထမတော့ ရန်ကျောက်ကဲ မည်သည့်အရာကိုမှ ခံစားရခြင်း မရှိပေ။ သို့သော် အမွှေးတိုင်အိုးလေးကို အပြည့်အဝ စိတ်အာရုံစူးစိုက်လိုက်သည့်အခါ သူ့စိတ်များ ရုတ်တရက်လှိုင်းထလှုပ်ခါသွားသည်။ သူ့ဝိညာဉ်က ခန္ဓာကိုယ်မှထွက်ခွာပြီး အမွှေးတိုင်အိုးထဲဝင်ချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာသည်။
ရန်ကျောက်ကဲ သူ့စိတ်ကို သတိထားပြီး ထိန်းလိုက်သည်။
သူက ဖြည်းညင်းစွာပင် လက်တစ်ဖက်ဆန့်ထုတ်လိုက်သည်။ သူ၏ကြယ်တာရာချီစွမ်းအားများ ထွက်ပေါ်လာပြီး အမွှေးတိုင်အိုးလေးအတွင်းသို့ ဝင်ရောက်သွားသည်။
အမွှေးတိုင်အိုးထဲသို့ ပို့လွှတ်လိုက်သော သူ၏ကြယ်တာရာချီစွမ်းအားသည် တုံ့ပြန်မှုလုံးဝမရှိဘဲ အစအနမရှိ လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။ ကြယ်တာရာချီစွမ်းအား၏ ပိုင်ရှင်ဖြစ်သော ရန်ကျောက်ကဲသည်ပင် သူ၏ ကြယ်တာရာချီစွမ်းအားနှင့် ဆက်သွယ်မှု လုံးဝပြတ်တောက်သွား၏။
သူက ကြယ်တာရာချီစွမ်းအားများကို အမွှေးတိုင်အိုးလေးအတွင်းသို့ အဆက်မပြတ် ထည့်သွင်းနေရင်း အပြည့်အဝ စိတ်အာရုံစူးစိုက်လိုက်သည့်အခါ သူ့စိတ်က နောက်တစ်ကြိမ် ထပ်မံ ယိမ်းယိုင်သွားပြန်သည်။
ယခုတစ်ကြိမ်တော့ သူက ကြိုတင်ပြင်ဆင်မှုများပြုလုပ်ပြီး စိတ်ကိုသေသေချာချာ စောင့်ကြည့်သတိထားရင်း စိတ်အာရုံကို အမွှေးတိုင်အိုးထဲ ပို့လွှတ်လိုက်သည်။
သူ၏ သိစိတ်အာရုံက နက်မှောင်တိတ်ဆိတ်နေသော အဆုံးမရှိ အမှောင်ထုကြီးတည်ရှိရာ ကမ္ဘာတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။
“ဟင်...”
ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
ရုတ်ချည်းပင် သူ့စိတ်ကို ထူးခြားသည့်စွမ်းအားတစ်ခုက သက်ရောက်လာကြောင်း ခံစားရသည်။ ထိုစွမ်းအားက သူ့ကို ဤအမှောင်ကမ္ဘာမှ ထွက်ခွာမသွားစေရန် တားဆီးနေပြီး ပိုမိုနက်ရှိုင်းသည့်နေရာသို့ နစ်ဝင်သွားစေရန် သွေးဆောင်နေ၏။
ဤကမ္ဘာက အလင်းဆို၍ တစ်စက်လေးမှမရှိဘဲ ပကတိ မှောင်မိုက်နေသည်။ ပြင်ပလောကမှ ဝင်ရောက်လာသည့်အလင်းများကိုလည်း စုပ်ယူဖယ်ရှားပစ်ကာ အနက်ရှိုင်းဆုံးအမှောင်ထုကိုသာလျှင် ချန်ထားခဲ့သည်။
အဆုံးမဲ့အမှောင်ထုထဲမှ အကန့်အသတ်မရှိသောသွေးဆောင်မှုက ရန်ကျောက်ကဲ၏ သိစိတ်အာရုံကို နက်ရှိုင်းသည့်အတွင်းထဲသို့ အပြည့်အဝ ဆွဲခေါ်နေသည်။
ဤအမှောင်ကမ္ဘာက ရန်လိုသည့်အရိပ်အယောင်မရှိကြောင်း ခံစားရသည့်တိုင် စိတ်ကိုမထိန်းချုပ်နိုင်ဘဲ အမှောင်ထုထဲ နစ်မြုပ်သွားပါက သူ့ဝိညာဉ်သည် အမှောင်ကမ္ဘာထဲတွင် ထာဝရအကျဉ်းစံရမည်မှာ ရာနှုန်းပြည့်သေချာသည်။ ပြင်ပလောကမှ သူ၏အသွေးအသားခန္ဓာသည် အခွံအဖြစ်သာ ကျန်ရစ်ခဲ့ပေလိမ့်မည်။