← Chapters

မရဏချောက်နက်မှ သတ္တဝါများ

Vol. 7 Ch. 85

မရဏချောက်နက်မှ သတ္တဝါများ

Vol. 7 Ch. 85

အမှန်တရားကို သိရှိသွားရပြီးနောက် လီဝူကျယ်မှာ ဟုန်ချန်ယဲ့ဟာ ယောက်ျားလေးဖြစ်သည် ဆိုသည့်အချက်ကို လက်ခံဖို့သာ တတ်နိုင်တော့ပေ၏။

ထို့နောက် သူတို့ဦးတည်နေသော လမ်းကြောင်းကိုကြည့်ကာ လီဝူကျယ်က အနည်းငယ် သံသယဝင်လျက် ထုတ်မေးလိုက်သည်။ "ဆရာတူအစ်မ ရှောင်ရှီး၊ ဒါက ဟွမ်ကျိုးပြည်နယ်ကို သွားတဲ့ လမ်းကြောင်း မဟုတ်ဘူးမလား?"

ပုရှောင်ရှီးက သူ့ဘက်စောင်းငဲ့ကြည့်ပြီး ခဏတာမျှစဥ်းစားလျက် စကားစီနေပုံရကာ ပြန်ဖြေလာသည်။ "ဆရာသခင်က မပြန်ခင် လျှောက်သွားချင်သေးတယ်၊ ကမ္ဘာကို လှည့်ပတ်ပြီး လူ့ဘဝရဲ့ အနိမ့်အမြင့် အတက်အကျတွေကို ခံစားချင်တယ်လို့ ပြောတယ်"

လီဝူကျယ်သည် အံ့အားသင့်သွားပြီးမှ သက်ပြင်းချကာ စကားဆိုလိုက်သည်။ "ဆရာသခင်ကတော့ တကယ်ကို ကျွန်တော်တို့နဲ့ ကွဲပြားခြားနားတာပဲ၊ ဒီလို လွတ်လပ်ပြီး အကန့်အသတ်ကင်းတဲ့ စိတ်နေသဘောထားဟာ ကျွန်တော်တို့အတွက်တော့ တကယ်ကို စံနမူနာယူစရာပါပဲ!"

"ဟားဟား၊ ဟုတ်တယ် ဟုတ်တယ်..." ပုရှောင်ရှီးက ခေါင်းကို ကုတ်လိုက်ပြီး အနည်းငယ် မလုံမလဲဖြစ်သွားသည်။

အဘယ့်ကြောင့်ဆိုသော် အကြောင်းရင်းကို လူကြားလို့ကောင်းအောင် သူမချဲ့ကားပြင်ဆင် ပြောပြထားလို့ပင်။ မူရင်းစကားတွေကတော့: "ဒါပဲလေ၊ ငါ့စီးတော်ယာဥ်ကြီးက အမိုက်စားပါလားကွာ၊ လူတွေမြင်အောင် ကြွားလိုက်ကြသေးတာပေါ့၊ အားခွင်း ပြေးဟေ့!!"

အားခွင်းသည် လပေါင်းများစွာ လှည့်လည်ခရီးသွားခဲ့ရပြီး ထိုအချိန်တွင် ရွှယ်မိသားစုပွဲတော်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များသည် တစ်ဆင့်ပြန်လည်ပျံ့နှံ့သွားခဲ့ပြီဖြစ်ကာ အရှေ့ပိုင်းစီရင်စုမှ ကျင့်ကြံသူများစွာကို အံ့အားသင့်လို့မဆုံးနိုင်အောင် ဖြစ်စေခဲ့ပေသည်။

ယဲ့ကျွင်းလင်သည် ထိပ်သီးကျင့်ကြံသူအရှင်မဟုတ်ပါဘဲ မသေမျိုးအရိပ် အရှင်တစ်ပါးဖြစ်သည်တဲ့!

ယွီဟွားဂိုဏ်းမှ ထိပ်သီးကျင့်ကြံသူ အရှင်ကျွီယန်းသည် ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကို တက်ရောက်ချိုးဖျက်ပြီး ယဲ့ကျွင်းလင်ကို စာရင်းရှင်းရန် အထူးတလည်ရှာဖွေခဲ့သော်လည်း ထိပ်တိုက်ရင်ဆိုင်ရာတွင် သူက အသတ်ခံလိုက်ရသည်တဲ့?!

"ဒါက အရှင်ကျွီယန်းပေါ်လာအောင် သက်သက်ငါးစာချတာဘဲ! နောက်ဆို အဲ့မြေနိုးကို ဘယ်သူမှ စိန်ခေါ်ရဲတော့မှာမဟုတ်ဘူး၊ ငါဆိုရင် ကျင့်ကြံရေးလောကမှာ နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့ပေမယ့် ဒီလောက် အောက်တန်းကျပြီး ကောက်ကျစ်တဲ့ ပရိယာယ်မျိုးကို တစ်ခါမှ မမြင်ဖူး မကြားဖူးဘူး!"

"ရောင်းရင်းကျင့်ကြံသူ အရှင်ကျွီယန်းအတွက် စိတ်မကောင်းဖြစ်မိတယ်ကွာ၊ ယဲ့ကျွင်းလင်က အရမ်းမျက်နှာပြောင်လွန်းနေတာပဲ! သူ့ရဲ့ ကျင့်ကြံဆင့်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖုံးကွယ်ထားတာ!"

"ချီးတဲ့မှ ဒီအိုနာကျနေတဲ့ လူယုတ်မာကောင် ဘယ်တော့မှ အေးအေးနေမှာလဲ? ကျင့်ကြံသူအချင်းချင်းကြားမှာ စိတ်ရင်းစေတနာလေး နည်းနည်းတောင် မရှိနိုင်ဘူးလား?"

...

သေရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် ရွှယ်အိမ်တော်တိုက်ပွဲအကြောင်း ဆွေးနွေးမှုများဖြင့် ပြည့်နှက်နေသည်။ ကျင့်ကြံသူများစွာက ယဲ့ကျွင်းလင်သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် အသက်ရှင်ကျင့်ကြံခဲ့သော နတ်ဆိုးအိုကြီးတစ်ပါးဖြစ်ပြီး လူ့လောကကို ပြသနာရှာရန် အလည်ရောက်လာခြင်းဖြစ်မည်ဟု ထင်ကြေးပေးနေကြ၏။

သူ၏ လက်ရှိ ဘေးဒုက္ခကျော်လွှားခြင်း အဆင့်ကိုပင် အချို့လူများက ၎င်းသည်လည်း ယခင်နည်းတူ အပေါ်ယံအသွင်အပြင်တစ်ခုသာ ဖြစ်နိုင်သည်ဟု ရဲရဲတင်းတင်း ခန့်မှန်းပြောဆိုနေကြလေပြီ။

အတိုချုပ်ဆိုရလျှင် ထိုသူ့ကို မြင်ရသည့်အတိုင်းယုံလိုက်လို့ မရနိုင်ပေ!

စန်းကျိုးပြည်နယ်။

ဝိညာဉ်စွမ်းအင် ကြွယ်ဝပြီး အရင်းအမြစ်ရတနာများ ပေါများသည်။

မဟာကျိုးမင်းဆက်။

ဖန်းရှစ်မြို့တော်သည် လက်ရှိအချိန်တွင် မကြုံစဖူး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

စစ်ဗုံသံများ ပွက်လောရိုက်နေပြီး လူသတ်ရန် အော်ဟစ်ကြုံးဝါးသံတွေ ငိုကြွေးပူဆွေးသံတွေက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်ယိမ်းခါစေသည်။

သံချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် သိန်းနှင့်ချီသော စစ်သားများသည် ကျား၊ ကျားသစ်များနှင့် အလားသဏ္ဍာန်တူသော ထူးထူးဆန်းဆန်း သားရဲကြီးများကို စီးနင်းကာ ဓားများကို ဝင့်ကိုင်လျက် ကြယ်မိုးစိပ်စိပ် သွန်းဖြိုးသကဲ့သို့ နေရာအလပ်မကျန် သိပ်သည်းစွာ တဟုန်ထိုး ချီတက်လာကြသည်။

ချက်ချင်းဆိုသလိုပင် အေးစိမ့်သော အငွေ့အသက်တစ်ခု တိုက်ခတ်လာသည်!

ဤသည်မှာ သာမန်လူသားစစ်တပ်မဟုတ်ဘဲ မဟာကျိုးမင်းဆက်၏ ကမ္ဘာကျော် ကျားသစ်မြင်းတပ် ဖြစ်ပေ၏။

ထိုကျားသစ်တပ်မှ စစ်သားတစ်ဦးချင်းစီသည် ရွှေအမြုတေကျင့်ကြံခြင်းအဆင့်ရှိပြီး လူတော်များထဲမှ ထပ်ဆင့်ရွေးထုတ်ထားသည့် ပါရမီရှင်များပေ။

ဝှစ် ဝှစ် ဝှစ်~

ထိုစစ်သားတို့သည် လျှပ်စီးကဲ့သို့ အရှိန်နှုန်းဖြင့် ကျားသစ်မြင်းများကို စီးနင်းကြသည်။ စစ်ရေးပုံစံကို ဖြန့်ကျက်သောအခါ တစ်ဦးနှင့်တစ်ဦး မှော်စွမ်းအင်ဖြင့် ဆက်သွယ်၍ စီစဥ်ခင်းကျင်းကြသည်။ လွှဲခုတ်လိုက်သော ကြောက်မက်ဖွယ်ကောင်းသော ဓားချက်များတွင် မှော်စွမ်းအင်ကို အဆပေါင်းများစွာ ထပ်ဆင့်ချဲ့ထွင်နိုင်သည့် စွမ်းရည်ရှိ၏။

ထိုကဲ့သို့ လေ့ကျင့်မွေးမြူထားသော သိန်းနှင့်ချီသည့် ကျားသစ်မြင်းတပ်ကို ဝိညာဥ်သန္ဓေကျင့်ကြံသူများပင် တတ်နိုင်သမျှရှောင်ဖယ်တတ်ကြသည်။ ကျားသစ်မြင်းတပ်၏ စစ်ဗျူဟာများကြား ပိတ်မိသွားလျှင် ဘယ်တော့မှ ထွက်မလာနိုင်မည်ကို သူတို့လည်း ကြောက်ရွံ့မိကြပေသည်။

ယခု ကျားသစ်မြင်းတပ်ကို တိုက်ခိုက်နေသည်မှာ အခြားမင်းဆက်များ၏ စစ်တပ်များမဟုတ်ပါဘဲ မှောင်မိုက်ပြီး ထူးဆန်းသော ပုံသဏ္ဌာန်ရှိ ရုပ်ဆိုးဆိုးသတ္တဝါအုပ်စုပင်ဖြစ်သည်။

ဤသည်ကား ဝိညာဥ်မျိုးနွယ်စုဖြစ်ပေ၏!

"သတ်! ဒီလူသားတွေကို အကုန်သတ်ကြ!" အရေပြားအရောင်အမျိုးမျိုးရှိသော ပုံမကျပန်းမကျ ဝိညာဥ်မျိုးနွယ် သတ္တဝါအုပ်စုကြီးသည် ကျားသစ်မြင်းတပ်ထံသို့ ရန်လိုစွာ တဟုန်ထိုး ပြေးဝင်လာကြသည်။

ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု စတင်ခဲ့လေပြီ။

သိန်းနှင့်ချီသော ကျားသစ်မြင်းတပ်သည် မကြာမီအချိန်အတွင်း အင်အားတစ်ဝက်ကျော် ဆုံးရှုံးသွားခဲ့ရလေပြီ။

တစ်ဖက်တွင်မူ ဝိညာဥ်မျိုးနွယ် သတ္တဝါများသည် ပြင်းထန်စွာ ဒဏ်ရာရခဲ့လျှင်ပင် အနောက်မှ ပျံ့နှံ့လာသော အနက်ရောင်မြူခိုးများ၏ အကူအညီဖြင့် ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်သက်သာလာနိုင်စွမ်း ရှိကြလေ၏။

စစ်မြေပြင်တစ်လျှောက် သွေးချောင်းစီးကာ လူသေအလောင်းများ ပြည့်နှက်နေလေပြီ။

"ဖန်းရှစ်မြို့ကို အသက်နဲ့လဲပြီး ကာကွယ်ကြ!" ဒဏ်ရာအနာတရများအပြည့်ဖြင့် စစ်သားတစ်ဦးသည် ဓားရှည်ကို ဝင့်ကိုင်ကာ ဝိညာဥ်မျိုးနွယ် သတ္တဝါတစ်ကောင်ကို ခုတ်ထစ်သတ်ဖြတ်လိုက်ရင်း အော်ဟစ်ကြုံးဝါးလိုက်သည်။

"သတ်!" ရောင်းရင်းရဲဘော်များ၏ မျက်လုံးများသည်လည်း သွေးရောင်များဖြင့် နီရဲတောက်လောက်နေပြီး သေခြင်းတရားကို တစိုးတစိမှ ကြောက်ရွံ့စိတ်မရှိဘဲ တဟုန်ထိုးသာ တိုး၍ တိုက်ခိုက်နေကြသည်။ စစ်သားတို့၏ စိတ်ထဲရှိ တစ်ခုတည်းသောအတွေးမှာ အနောက်ဘက်တွင်တည်ရှိနေသော မြို့ကြီးကို မရမက တောင့်ခံကာကွယ်ဖို့သာပင်။

‌ဖန်းရှစ်မြို့တွင်းတွင်လည်း ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ အမျိုးသမီးများသည် ကလေးငယ်များကို ရင်ဝယ်ပိုက်ကာ ငိုကြွေးနေကြပြီး ငယ်ရွယ်ဖျတ်လတ်ကာ သန်မာသော ယောက်ျားသားများသည် ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသများဖြင့် ကြိတ်မနိုင်ခဲမရဖြစ်လို့သာနေကြသည်။

ကောင်းကင်အထက် မီတာထောင်ပေါင်းများစွာ အကွာအဝေးတွင် အားခွင်းသည် ထိုစစ်မြေပြင်ကို လမ်းကြုံဖြတ်သွားမိခဲ့သည်။

"ဆရာသခင်၊ အောက်ကမြို့ကို နတ်ဆိုးမျိုးနွယ်တွေ တိုက်ခိုက်နေတယ်!" လီဝူကျယ် လျှပ်တစ်ပြက် ရောက်ရှိလာပြီး အရိုအသေပြုကာ သတင်းပို့သည်။

"မင်းကို ဝါးစားပစ်မယ်!!"

ထိုအချိန်တွင်အရှိန်အဝါအပြည့်ရှိသော အော်ဟစ်ဟိန်းဟောက်သံကြီးတစ်ခု ကြားလိုက်ရလေသည်။

ယဲ့ကျွင်းလင်သည် လက်ကို ဆန့်တန်းကာ သူ၏ အမြောက်စစ်တုရင်ကို တည်ငြိမ်စွာကောက်ယူလိုက်ပြီး ရန်သူ၏ ဘုရင်စစ်တုရင်ပေါ်တွင် တိုက်ရိုက် တင်လိုက်သည်။

သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဟုန်ချန်ယဲ့ကား ဒေါသထွက်လွန်း၍ တုန်ယင်နေလေပြီ။

သူ၏ တစ်သက်တာတွင် ဤမျှထိ မျက်နှာပြောင်နိုင်သော လူမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ!

အမြောက်စစ်တုရင်က ရှေ့မှာရှိတဲ့ အမျိုးမျိုးသောစစ်တုရင်တွေရဲ့ အတားအဆီးကို လျစ်လျူရှု၊ စစ်တုရင်နယ်မြေကြီး တိုက်ရိုက်ကြီးကျောက်ဖြတ်ပြီး ပထမဆုံး ခြေလှမ်းမှာတင် ဘုရင်စစ်တုရင်ကို သိမ်းပိုက်လိုက်သတဲ့။ ဒီလိုအကွက်မျိုး ကြားဖူးကြပါရဲ့လား?

ဤကာလအတွင်း ကျင့်ကြံခြင်းအပြင် ဟုန်ချန်ယဲ့သည် ယဲ့ကျွင်းလင်ကို လုပ်ကျွေးပြုစုရန်နှင့် သူ၏ ပေါက်တတ်ကရဂိမ်းအမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်ရန် အချိန်ပေးရသည်။

ဥပမာအားဖြင့် ယခုတစ်ကြိမ် တရုတ်စစ်တုရင် ကစားသောအခါ တစ်ဖက်လူက ကျွမ်းကျင်သော စစ်တုရင်စွမ်းရည်ဖြင့် သူ့ကို စိတ်ကြိုက် အနိုင်ယူလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူ့ဆရာဆိုသောအကောင်သည် စည်းမျဉ်းများကို ထပ်ခါထပ်ခါ လျစ်လျူရှုကာ တစ်ချက်တည်းနှင့် သူ့ဘုရင်ကိုတိုက်ရိုက်စား၍သာ ပွဲသိမ်းပစ်တတ်လေသည်။

အရမ်းခွေးကျင့်ခွေးကြံနိုင်တဲ့ကောင်ပဲ! ငါက ဘယ်လို ကစားရတော့မှာလဲ!

"ရှောင်ဟုန်၊ မင်းက အရမ်းအားနည်းတာပဲကွာ၊ ဆရာသခင်က စွမ်းအား ၁၀% တောင် မသုံးရသေးဘူး၊ မင်း ဂိမ်းတစ်ခုလုံးကို ရှုံးပြီးနေပြီ!" ယဲ့ကျွင်းလင်သည် စစ်တုရင်တုံးကိုပစ်ချကာ လက်ပိုက်ပြီး သက်ပြင်းချလျက်ဆိုလေသည်။

ဟုန်ချန်ယဲ့သည် ထဆဲချင်သောစိတ်ဆန္ဒကို အတင်းအကျပ် ခုခံထိန်းချုပ်ကာ ဇွတ်အတင်းပြုံးရင်း ပြန်ပြောလိုက်သည်။ "ဆရာသခင်၊ အမြောက်ကို‌ရွှေ့ဖို့ဆိုရင် ကြားထဲမှာတုံးတစ်ခုခံဖို့လိုပါတယ်၊ ရွေ့လျားနိုင်တဲ့ အကွာအဝေးကလည်း အကန့်အသတ်ရှိတယ်၊ သုံးနှစ်အရွယ် ကလေးတောင် ဒီစည်းမျဥ်းကို သိပါတယ်..."

ယဲ့ကျွင်းလင်က သူ့ကိုပြန်စိုက်ကြည့်ကာ အရှက်မဲ့သည့် ရိုးသားဖြောင့်မတ်စွာ ပြောလိုက်သည်: "ဆရာသခင်ရဲ့အမြောက်တုံးမှာ မော်တာတပ်ထားတာလေ မရဘူးလား?"

မင်းဖင်မှာပဲ မော်တာတပ်ပြီး ငရဲကို သွားလိုက်တော့!

ခဏလေး၊ မော်တာဆိုတာ ဘာကြီးလဲ?

ဟုန်ချန်ယဲ့သည် ဒေါသထွက်လွန်းသဖြင့် သတိလစ်တော့မတတ်ဖြစ်ပြီး တစ်ဖက်လူက သူ့ကိုလှည့်စားရန်တီထွင်ထားသော စကားလုံးအသစ်တစ်ခုဖြစ်မည်ဟုသာ မှတ်ယူလိုက်သည်။

"မင်းကြည့်ရတာ အရမ်းမကျေနပ်ပုံပဲ! မင်းက ဆရာသခင်ရဲ့ စစ်တုရင်ကျွမ်းကျင်မှုကို မေးခွန်းထုတ်နေတာလား?" ယဲ့ကျွင်းလင်သည် မျက်ခုံးပင့်ကာ သူ့လေသံတွင် သတိပေးချက်တစ်ခု ပါဝင်နေသည်။

"ဒီတပည့် မဝံ့ရဲပါဘူး!"

ဟုန်ချန်ယဲ့ ရုတ်တရတ် ကြောက်လန့်စိုးထိတ်သွားပြီး ခေါင်းကို အလျင်အမြန်ငုံ့ကာ ပြန်ဖြေလိုက်သည်။

ဤကာလအတွင်း အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်ကို သူ ကျော်ဖြတ်နိုင်ခဲ့ပြီး ထိုအဆင့်တွင် သူ့အတွက် ပြိုင်ဘက်မရှိနိုင်ဟု ခံစားနေရသော်လည်း ဤလူရှေ့တွင် သူအလွန်အားနည်းနေသေးကြောင်း သိပါ၏။

"ရှောင်ရှီး၊ ဆရာသခင်ရဲ့ စစ်တုရင်ကျွမ်းကျင်မှုကို မင်းဘယ်လိုထင်လဲ?" ယဲ့ကျွင်းလင် ခေါင်းကို လှည့်ကာ အနောက်မှ ချစ်စရာကောင်းသော ကြွက်မျက်နှာနှင့် မိန်းကလေးကို လှမ်းမေးလိုက်သည်။

ပုရှောင်ရှီးသည် ယဲ့ကျွင်းလင်၏ ပခုံးများကို အလေးအနက်ထားကာ နှိပ်နယ်ပေးနေသည်။ သူမပါဆွဲထည့်၍ မေးခွန်းထုတ်ခံလိုက်ရသော်လည်း ဘာမှစဥ်းစားမနေတော့ဘဲ ခေါင်းတွင်တွင်ညိတ်ကာ ပြန်ဖြေလိုက်သည်။ "ရှုရှုထင်တာကတော့ ဆရာသခင်က ဘယ်နေရာမှာမဆို အင်အားအကြီးဆုံးပဲ"

ဟုန်ချန်ယဲ့ စိတ်ထဲမှ မနာလိုစွာကြိတ်ဆဲလိုက်သည်။ "ဒီကြွက်သေပုပ်က မျက်နှာလုပ်တဲ့နေရာမှာတော့ ထိပ်တန်းပဲ"

"ဟေး၊ ရှောင်ရှီးကမှ ငါ့အဆင့်ကို သေချာသိတာပဲ" ယဲ့ကျွင်းလင်သည် ကျေနပ်ပီတိဂွမ်းဆီထိပြီးနောက် ‌ဘေးတွင်ရပ်နေသော မုတ်ဆိတ်နှင့် သတ်လတ်ပိုင်းလူကို အာရုံပြန်စိုက်ပေးလိုက်သည်။ "ရှောင်လီ ခုနကဘာပြောလိုက်တာလဲ"

လီဝူကျယ်သည် ဆရာတပည့်သုံးဦး၏ အဖြစ်အပျက်ကို ‌‌ဘေးမှကြည့်ရင်း ရယ်ချင်စိတ်ကို အတင်းအကျပ် ထိန်းချုပ်ထားရသည်ပင်။

ဤကာလအတွင်း သူသည် ပြင်ပလောကကောလာဟလများကဲ့သို့ မောက်မာထောင်လွှားပြီး ဟိတ်ဟန်မရှိသော၊ ထူးဆန်းသော နေထိုင်မှုပုံစံနှင့် ရိုးရာဓလေ့ထုံးစံနှင့်မညီသော အတွေးအခေါ်များ ထွက်ထွက်လာတတ်သော သူ့ဆရာ၏ ပုံစံအစစ်အမှန်ကို မြင်တွေ့ခဲ့ပြီးဖြစ်၏။

သနားစရာ ဆရာတူအစ်ကိုကြီးဟုန်သည်ကား ဆရာသခင်အနိုင်ကျင့်သမျှ လှည့်စားသမျှကို အခံရဆုံးပင်။

All Chapters