← Chapters

အခန်း (၈၆)

Vol. 7 Ch. 86

အခန်း (၈၆)

Vol. 7 Ch. 86

"ဒီတပည့်ပြောတာက သိပ်မဝေးတဲ့နေရာက မြို့တစ်မြို့ကို ဝိညာဥ်မျိုးနွယ်စုတွေ တိုက်ခိုက်နေတာကို တွေ့ရှိခဲ့ပါတယ်! အခြေအနေက စိုးရိမ်စရာကောင်းနေပါတယ်!"

"ဝိညာဥ်မျိုးနွယ်စု?"

ယဲ့ကျွင်းလင်သည် သူ့ဦး‌နှောက်ထဲမှ မှတ်ဉာဏ်များကို အလောတကြီးရှာဖွေလိုက်သော် ချက်ချင်းပင် သက်ဆိုင်ရာ အချက်အလက်များ ရရှိခဲ့သည်။

ဝိညာဥ်မျိုးနွယ်စုဆိုသည်မှာ အမှောင်ဘက်ခြမ်းမျိုးနွယ်စုများ၏ အဓိကမျိုးနွယ်စုများထဲ တစ်ခုအပါအဝင်ဖြစ်ပြီး အရှေ့ပိုင်းစီရင်စုရှိ ရှေးဟောင်းတားမြစ်နယ်မြေတစ်ခုဖြစ်သလို အမှောင်မျိုးနွယ်စုများစွာ၏ စတည်းချနေထိုင်ရာဖြစ်သည့် မရဏချောက်နက်မှ ဆင်းသက်လာခြင်းဖြစ်သည်။

ကောလာဟလများအရ ရှေးတစ်ချိန်တုန်းက မရဏချောက်နက်မှ အမှောင်သတ္တဝါများသည် ပြင်ပလောကကို ကျူးကျော်ရန် ကြိုးစားခဲ့သည်။ ထိုအချိန်တွင် လူသားကျင့်ကြံသူများ စည်းလုံးညီညွတ်စွာ အင်အားစုပေါင်းကြလျက် ၎င်းတို့နှင့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ကြလေ၏။ နောက်ပိုင်းတွင် မရဏချောက်နက်မှ အမှောင်သတ္တဝါများ အရှုံးပေးကာ ပြန်ဆုတ်ခွာသွားပြီး ထိုအချိန်မှစ၍ တစ်ဖက်နှင့်တစ်ဖက် အနှောင့်အယှက်မပြုဘဲ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသည်။

ယခုတော့ မမျှော်လင့်ဘဲ လူသားမြို့များကို ဝိညာဥ်မျိုးနွယ်တပ်များက လာရောက်တိုက်ခိုက်နေပြန်သည်တဲ့။ နှစ်ထောင်ပေါင်းများစွာကြာအောင် ထိန်းသိမ်းထားခဲ့ပါသော ငြိမ်းချမ်းရေးစနစ် ပျက်ပြားသွားလေပြီဟု ဆိုလိုသည်မဟုတ်လော။

"ဒီလိုဆိုတော့လည်း သွားကြည့်ကြတာပေါ့" ယဲ့ကျွင်းလင်က ညွှန်ကြားလိုက်သည်။ "အားခွင်း၊ သွားပြီး ကူညီလိုက်ကြစို့!"

ခွင်းဖန်းသည် ဝေလငါးကဲ့သို့ အော်သံတစ်ခုပြုကာ ဝမ်းသာအားရဖြင့် တောင်ပံများကို ခတ်၍ တဟုန်ထိုး ပြေးဆင်းတော့သည်။

အောက်ဘက်တွင် မီးခိုးများ တလူလူလွင့်ပျံနေပြီး မာန်ဖီသတ်ဖြတ်သံများက အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်နေသည်။ စစ်မြေပြင်ကား အပျက်အဆီးတို့ဖြင့် ဖုံးလွှမ်းလျက်။

"ဟားဟားဟားဟား အချည်းနှီး ခုခံနေတာကို ရပ်လိုက်ပါတော့၊ ဒီမြို့ကို သိမ်းပိုက်တာက အစပဲရှိသေးတယ်၊ တခြားမြို့ခံတပ်တွေကိုလည်း ငါတို့ဝိညာဥ်မျိုးနွယ်တွေ သွားပြီးတိုက်ခိုက်ကြဦးမှာ၊ မကြာခင် မင်းတို့မင်းဆက်တစ်ခုလုံး ပျက်သုဥ်းသွားလိမ့်မယ်!"

ဦးဆောင်လာသော ဝိညာဥ်မျိုးနွယ်စစ်သူကြီးက ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခုဖြင့် ခြိမ်းခြောက်လိုက်သည်။

ထိုစစ်သူကြီးသည် အစိမ်းရောင် ဝိညာဥ်မီးလျှံများ တောက်လောင်နေသော မြင်းအရိုးစုကြီးကို စီးနင်းကာ လက်ထဲတွင် နတ်ဘုရားရောင်ခြည်များ ရစ်ပတ်နေသော ရှေးဟောင်းလှံတံကြီးကို ကိုင်ဆောင်ထားသည်။ ထိုလက်နက်မှာ ထူးခြားပြီး ဖိနှိပ်မှုတစ်မျိုးကိုလည်း ခံစားရစေသည်။

"တိတ်စမ်း၊ မင်းတို့ အောင်မြင်လိမ့်မယ်လို့ တွေးတောင်မတွေးလိုက်နဲ့!" သတ်လတ်ပိုင်းအရွယ်ခန့် တပ်မှူးလေးက ထူးဆန်းသော သားရဲတစ်ကောင်ကို စီးနင်းဖိနှိပ်ကာ ဓားဖြင့် ခုတ်ချလိုက်ရင်း အော်ဟစ်ကြွေးကြော်လိုက်သည်။

သူ၏ ဝိညာဉ်သန္ဓေ ကျင့်ကြံခြင်းအဆင့်နှင့် စစ်ရေးအစီအရင်၏ အားဖြည့်မှုတို့ကြောင့် သူထုတ်လွှတ်သော စွမ်းအားပမာဏသည် လက်ရှိကျင့်ကြံဆင့်ထက်ပင် ပို၍မြင့်မားပြီး ဂိုဏ်းတစ်ခုခု၏ ပါရမီရှင်အဆင့်ဟု သတ်မှတ်နိုင်ပေသည်။

ချွမ် ချွမ် ချွမ်~!

သတ္တုချင်းထိခတ်သံများ ညံထွက်လာပြီး လေလှိုင်းများပင် ရိုက်ခတ်မှုကြောင့် တုန်ခါသွားရ၏။

ဝိညာဥ်မျိုးနွယ်စစ်သူကြီးသည် လှံတံကို စွဲကိုင်ကာ သတ်လတ်ပိုင်းအရွယ် တပ်မှူးနှင့် အပြန်အလှန် တိုက်ခိုက်တော့သည်။ သို့သော် အနက်ရောင်မြူများထံမှ စုပ်ယူခံရသည်နှင့်အမျှ စစ်သူကြီး၏ အခြေအနေသည် ယုတ်လျော့သွားခြင်းမရှိဘဲ တဖြည်းဖြည်း ပို၍သာကောင်းမွန်လာသည်။

ကျားသစ်မြင်းတပ်ဘက်တွင် လူအင်အား နည်းပါးလာခြင်းကြောင့် စစ်ရေးအစီအရင်၏ သက်ရောက်မှုသည်လည်း လျော့နည်းသွားကာ သတ်လတ်ပိုင်းအရွယ် တပ်မှူးသည်လည်း တဖြည်းဖြည်း အင်အားယုတ်လျော့လာရှာတော့သည်။

ဇွစ်!

ဝိညာဥ်မျိုးနွယ်စစ်သူကြီးသည် လှံတံကိုကိုင်မြှောက်လျက် အနက်ရောင် မကောင်းဆိုးဝါးမြူခိုးများကိုစုပ်ယူလိုက်ကာ လေဟာနယ်ကိုပစ်ခွင်းမည့်အင်အားဖြင့် သတ်လတ်ပိုင်းအရွယ် တပ်မှူး၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးစိုက်လိုက်သည်။

"မကောင်းတော့ဘူး!" သတ်လတ်ပိုင်းအရွယ် တပ်မှူးသည် ဓားဖြင့်အလျင်အမြန်ကာ၍ နိုင်သလောက်ခုခံလိုက်သော်လည်း တစ်ဖက်အရှိန်အဝါသည် အလွန်အားကောင်းသဖြင့် သူ့ကို မြင်းပေါ်မှ လန်ကျစေကာ သွေးတပွက်ပွက် အန်ထွက်လာစေတော့၏။

"တပ်မှူးဝမ်!" ကျန်ရစ်သော လက်အောက်ငယ်သားများ၏ မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နှက်လာကြပြီး ဝမ်သယ်ဖားကို ကာကွယ်ရန် တဟုန်ထိုး ပြေးတက်လာကြသော်လည်း ဝိညာဥ်မျိုးနွယ်စုသတ္တဝါများက အပြုံးကြီးများဖြင့် လာရာလမ်းကို ပိတ်ဆို့ထားလိုက်ကြသည်။

ဝမ်သယ်ဖားသည် အနက်ရောင်နှင့်ရွှေရောင်နှော ဓားရှည်ကို ကိုင်ထောက်ကာ မြေပြင်မှ ရုန်းကန်ထရပ်သည်။ မြင်းအရိုးစုကြီးကို စီးနင်းလာသော ကြောက်မက်ဖွယ်ပုံရိပ်ကြီး တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်လိုက်ရပြီး နားထဲတွင် ညီအစ်ကိုများထံမှ စိုးရိမ်တကြီးအော်ဟစ်သံများကို ကြားလိုက်ရသောအခါ နှလုံးသားတစ်ခုလုံး တုန်ယင်ချိနဲ့သွားသလို ခံစားလိုက်ရသည်။

သည်အတိုင်းသာ ဆက်သွားလျှင် ညီအစ်ကိုများအားလုံး သေဆုံးရုံသာမက ဖန်းရှစ်မြို့တော်လည်း ကျဆုံးပေမည်။

ဝိညာဥ်မျိုးနွယ်စစ်သူကြီး ပြောခဲ့သလိုပင် ဤအဆင့်သည် အစပထမခြေလှမ်းသာဖြစ်သောကြောင့် မဟာကျိုးမင်းဆက်သည် ယခုတစ်ကြိမ်တွင်တော့ အန္တရာယ်ပတ်လည်ဝိုင်းတော့မည်မှာ ဧကန်ပင်။

"အောက်တန်းစားလူသား၊ ဒီစစ်သူကြီးကို ဒူးထောက်ခစားစမ်း!!" ဝိညာဥ်မျိုးနွယ်စစ်သူကြီးက မောက်မာစွာ အမိန့်ပေးလိုက်သည်။

ဝမ်သယ်ဖား၏ မျက်လုံးများသည် ချိနဲ့နေသောခန္ဓာကိုယ်နှင့်ဆန့်ကျင်စွာ မီးရှူးတိုင်များကဲ့သို့ ပူပြင်းတောက်လောင်နေပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ငါဟာ မဟာကျိုးဧကရာဇ်ကိုယ်တော်တိုင် ခန့်အပ်ထားတဲ့ ကျားသစ်မြင်းတပ်မှူးဖြစ်ပြီး မဟာကျိုးပြည်ထောင်ရဲ့ ကိုယ်စားပြုတစ်ဦးလည်းဖြစ်တယ်၊ မင်းလို သားရဲသတ္တဝါတစ်ကောင်ကို ဘယ်လိုနည်းနဲ့မှ ဒူးမထောက်နိုင်ဘူး၊ သတ်ချင်ရင် သတ်၊ ခုတ်ချင်ရင် ခုတ်၊ လာစမ်း!"

"ကောင်းပြီ၊ ဒီစစ်သူကြီးက မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်!" ဝိညာဥ်မျိုးနွယ်စစ်သူကြီးသည် ဒေါသတကြီး ရယ်မောကာ လှံတံကို မြှောက်ကိုင်ပြီး ကောင်းကင်ကိုထိုးဖောက်တော့မတတ် အားကောင်းလှသောအငွေ့အသက်ဖြင့် ဝမ်သယ်ဖားကို မြို့တံတိုင်းတွင်စိုက်ချရန်ပြင်လိုက်သည်။

ရုတ်တရက်ဆိုသလိုပင်...

ကောင်းကင်ထက်မှ ဆူညံသံကြီးတစ်သံ ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော ဘုရင်တစ်ပါး၏ အငွေ့အသက်သည် ချက်ချင်းဆိုသလို ပျံ့နှံ့သွားကာ စစ်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ တိုက်ခိုက်နေသော စစ်သားများနှင့် ဝိညာဥ်မျိုးနွယ်သတ္တဝါများအပါအဝင် တစ်ယောက်မကျန် ရွှံ့စေးရုပ်တုများကဲ့သို့ တောင့်ခဲသွားကာ လှုပ်ရှားရဲခြင်းမရှိပေ။

ကောင်းကင်၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် တိမ်များကို ထိုးဖောက်ရပ်တည်နေသော ပုံရိပ်ကြီးကို ကြည့်ရင်း စစ်မြေပြင်တစ်ခုလုံးမှာ ပုရွက်ဆိတ်လေးများကဲ့သို့ ကြောက်ရွံ့စွာ ပြူးကြောင်ကြည့်နေရုံသာ တတ်နိုင်တော့ပေ၏။

"အဲ့ အဲ့ဒါကြီးက ဘာကြီးလဲ?" ဝိညာဥ်မျိုးနွယ်စစ်သူကြီးမှာ အသံလေးပင်တိမ်ဝင်သွားရလျက်။

ထိုအချိန်တွင် ခွင်းဖန်း၏ ပါးစပ်မှ မယုံနိုင်လောက်အောင် အားပြင်းသော ဆွဲငင်အားတစ်ခု ပေါက်ကွဲထွက်လာသည်။ နေရာတွင်တည်ရှိနေသော ဝိညာဥ်မျိုးနွယ်စု သတ္တဝါများသည် မိမိကိုယ်ကို လုံးဝ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ကြောက်လန့်တုန်လှုပ်စွာဖြင့်သာ ချောက်နက်ကြီးနှင့်သဏ္ဍာန်တူသော ထိုဧရာမပါးစပ်ကြီးထံသို့ ပျံသန်းသွားကြရသည်။

"မဖြစ်ဘူး!!"

ဝိညာဥ်မျိုးနွယ်စစ်သူကြီးသည် ထွက်ပြေးလိုသော်ငြား နောက်ပြန် ဆွဲငင်ခံလိုက်ရသည်။

တုန်ယင်ဆွဲငင်သော ငိုကြွေးသံများ တစ်ခုပြီးတစ်ခု ဆူညံစွာထွက်ပေါ်လာတော့၏။

မကြာမီ ၎င်းတို့အားလုံးသည် ခွင်းဖန်း၏ အစာအဖြစ် သေသပ်ကျနစွာ တစ်ယောက်မကျန် စားသောက်ခံလိုက်ရသည်။ ခွင်းဖန်းသည် ပျော်ရွှင်စွာ ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်ပြီး ဂေ့ခနဲလေချဥ်တက်သံကား ကမ္ဘာကိုပင် တုန်လှုပ်စေတော့မတတ်။

ဖန်းရှစ်မြို့ခံ ကျားသစ်မြင်းတပ်ကြီးမှာတော့ မျက်စိများအမြင်မှားလေသလားဟူ‌သော သံသယများဖြင့် ပါးစပ်အဟောင်းသား ငေးစိုက်ကြည့်လျက်သာ။

"ဒါက မဟာကျိုးပြည်ထောင်ကိုကာကွယ်ဖို့ ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ နတ်သားရဲလား?" ဝမ်သယ်ဖားသည် ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုများကို လုံးဝ မေ့လျော့သွားကာ ရေရွတ်လိုက်မိသည်။

All Chapters