← Chapters

အတင်းအဖျင်းတွေကြားထဲက ဆံဖြူပြဿနာကောင်

Vol. 7 Ch. 87

အတင်းအဖျင်းတွေကြားထဲက ဆံဖြူပြဿနာကောင်

Vol. 7 Ch. 87

ခွင်းဖန်းသည် လေစီးကြောင်းတစ်လျှောက် စီးနင်းပျံသန်းကာ အသံတဝူးဝူးဖြင့် ရောက်ရှိလာသော် စစ်မြေပြင်မှ စစ်သားများသည် လက်နက်များကို မြေပြင်ထက်ချကာ ဦးညွှတ်အရိုသေပြုလိုက်ကြသည်။

"နတ်သားရဲကြီး၊ မဟာကျိုးပြည်ထောင်ရဲ့ ပြည်သူတွေကို ကာကွယ်ပေးလို့ ကျေးဇူးတင်ပါတယ်!"

ပြိုင်တူဟိန်းထွက်လာသော ကျေးဇူးတင်သံသည် နှင်းတောင်ကြီးပြိုကျသကဲ့သို့ထင်ရ၏။

"အခုလို ဝိညာဥ်မျိုးနွယ်စုတွေ လာရောက်တိုက်ခိုက်နေချိန်မှာ ရောက်ရှိလာတာဆိုတော့ ငါတို့ မဟာကျိုးပြည်ထောင်ရဲ့ ကောင်းချီးပေးသားရဲကြီးများလား?"

ဝမ်သယ်ဖားသည် ခွင်းဖန်း၏ မူလဇစ်မြစ်ကို ခန့်မှန်းကြည့်နေစဉ်တွင် အထက်မှ ကြည်လင်ပြတ်သားသောအသံတစ်ခု ဟိန်းထွက်လာသည်။ "အခြေအနေကို ရှင်းပြဖို့ ဒီပေါ်ကို တစ်ယောက်လွှတ်လိုက်ပါ။"

ချက်ချင်းဆိုသလို ဆူညံနေသော အားပေးသံများ တိတ်ဆိတ်သွားသည်။

ကျိုးပြည်ထောင်စစ်သားများသည် အချင်းချင်း လှည့်ကြည့်လိုက်ကြပြီး မျက်လုံးများတွင်တော့ အံ့အားသင့်မှုများ ပြည့်နှက်နေသည်။

ဒါဆို ဒီနတ်သားရဲမှာ ပိုင်ရှင်ရှိတာကိုး!

ဝမ်သယ်ဖားလည်း အံ့သြမင်သက်သွားပြီးမှ အင်အားကြီး လူသားကျင့်ကြံသူတစ်ဦး မတော်တဆ ဖြတ်သွားပြီး ဝင်ရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားရသည်။

ဝမ်သယ်ဖားသည် သူ၏ စိတ်လှုပ်ရှားမှုကို ပြန်လည်ထိန်းချုပ်ကာ မဆိုင်းမတွပင် ခွင်းဖန်းပေါ်သို့ ခုန်တက်သွားလိုက်တော့၏။

ဝှစ်!

ဝမ်သယ်ဖားသည် ခွင်းဖန်း၏ ကျယ်ပြန့်သော ကျောပြင်ပေါ်သို့ ဆင်းသက်သွားပြီးနောက် ခမ်းနားသော နန်းဆောင်တစ်ခုနှင့် လူလေးဦးကို တွေ့လိုက်ရသည်။

သူသည် ပေါ့ဆဖို့မရဲပါဘဲ ခေါင်းကိုငုံ့ကာ လက်သီးဆုပ်အရိုအသေပြုပြီး ပြောလိုက်သည်: "ကျွန်တော်မျိုးက ကျားသစ်မြင်းစီးတပ်မှူး ဝမ်သယ်ဖားပါ၊ အကြီးအကဲများကို နှုတ်ခွန်းဆက်သပါတယ်!"

"ငါမေးတာဖြေ၊ ဒီနေရာက ဘယ်မင်းဆက်ပိုင်တာလဲ၊ ဘာကြောင့် ဒီဝိညာဥ်မျိုးနွယ်စုတပ်က မင်းတို့ကို တိုက်ခိုက်နေတာလဲ?" ယဲ့ကျွင်းလင်မှာ ပျင်းရိစွာ ညောင်စောင်းခုံထက် လျော့တိလျော့ရဲထိုင်နေကာ ပုရှောင်ရှီးကိုင်ပေးထားသော နို့လက်ဖက်ရည်ကို ပိုက်ဖြင့် တရှူးရှူး စုပ်သောက်နေသေးသည်။

ဝမ်သယ်ဖား၏ မျက်လုံးများ တောက်ပလာပြီး ထိုင်နေသောတစ်ယောက်ကား ထိုလေးဦးထဲတွင် အဆင့်မြင့်ဆုံးဖြစ်မည်ဟု ခန့်မှန်းသိရှိလိုက်သည်။

ဒီအငွေ့အသက်၊ ဒီဟန်ပန်နဲ့ တကယ်ကို သြဇာတိက္ကမပြည့်ဝတဲ့ ခေါင်းဆောင်တစ်ယောက်ပါပဲ!

"အကြီးအကဲကို လျှောက်တင်ပါတယ်၊ ဒီနေရာက မဟာကျိုးပြည်ထောင်ရဲ့ နယ်မြေပါ၊ ဘာကြောင့် သူတို့ မဟာကျိုးပြည်ထောင်ကို တိုက်ခိုက်နေတာလဲဆိုတာ ကျွန်တော်မျိုးလည်း မသိရပါဘူး၊ ဒါပေမယ့် သေဆုံးသွားတဲ့ ဝိညာဥ်မျိုးနွယ်စုစစ်သူကြီးရဲ့ ပြောကြားချက်အရ မကြာခင်မှာ မဟာကျိုးပြည်ထောင်ဟာ ဝိညာဥ်မျိုးနွယ်စုတွေရဲ့ အလုံးအရင်း ဝင်ရောက်တိုက်ခိုက်မှုကို ခံရလိမ့်မယ်လို့ သိရပါတယ်"

"အဲဒီအချိန်မှာ ပြင်းထန်တဲ့ တိုက်ပွဲကြီးတစ်ခု ဖြစ်လာမှာတော့ သေချာပါတယ်!"

ယဲ့ကျွင်းလင် နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

မရဏချောက်နက်မှ သတ္တဝါများသည် ကိုယ့်နေရာနှင့်ကိုယ် အေးအေးမနေကြပါဘဲ လူသားနိုင်ငံများကို ဤသို့ပွက်လောရိုက်အောင် တစ်ဖန်ကျူးကျော်လာကြပြန်သည့်အကြောင်းရင်းကား ဘာများဖြစ်ပါသနည်း? လူသားမျိုးနွယ်တို့၏ နောက်တစ်ကြိမ်ဖွဲ့စည်းလာမည့် စုပေါင်းအင်အားထုကို မကြောက်ရွံ့ကြတတ်ပေသလော။

မည်သို့ပင်ဆိုစေကာမူ ဝိညာဥ်မျိုးနွယ်စုသည် မရဏချောက်နက်ရှိ ကြီးမားသော မျိုးနွယ်စုတစ်ခုဖြစ်သည်။ ၎င်းပင် ဤမျှ မျက်နှာပြောင်ပြောင် ဝင်ရောက်တိုက်ခိုက်နေသည်ဆိုလျှင် အခြားအမှောင်မျိုးနွယ်များလည်း အလားတူရည်ရွယ်ချက်ရှိနေနိုင်သည်!

လီဝူကျယ်က စဉ်းစားသည်။ "ဝိညာဥ်မျိုးနွယ်စုက ယင်စွမ်းအင်နဲ့ စိုထိုင်းဆများတဲ့ ပတ်ဝန်းကျင်ကို ကြိုက်တယ်၊ မဟာကျိုးပြည်ထောင်ကို သိမ်းပိုက်လိုက်တော့ ဘာအကျိုးကျေးဇူးတွေများ ရနိုင်မှာမလို့လဲ?"

ဟုန်ချန်ယဲ့က ဂရုမစိုက်ဟန်ဖြင့် ဝင်ပြောသည်။ "ဘာလို့ အများကြီး စဉ်းစားနေမှာလဲ? သူတို့လာရင် အကုန်ကြုံးသတ်ပစ်လိုက် အေးရောပေါ့"

ဒီစကားကို ကြားတော့ ဝမ်သယ်ဖားသည် အလွန်ဝမ်းသာသွားပြီး လှပသော အနီရောင်ပုံရိပ်လေးအား ကျေးဇူးတင်စွာ ငေးကြည့်လိုက်သည်။ ထို့နောက် လက်သီးဆုပ်အရိုအသေပြုကာ သွေးတိုးစမ်းသလိုမေးလိုက်မိ၏။ "နတ်သမီးက မဟာကျိုးပြည်ထောင်ကို ဒီအခက်အခဲကြီး ကျော်လွှားဖို့ ကူညီချင်တာပါလား? ဒီလိုဆိုရင်တော့ ကျွန်တော်မျိုးက မဟာကျိုးပြည်ထောင်ရဲ့ ပြည်သူတွေ ကိုယ်စား ကျေးဇူးအထူးတင်ရှိရမှာပါပဲ!"

ဟုန်ချန်ယဲ့က ဘာမှပြန်မဖြေဘဲ တဟဲဟဲနှင့်တစ်ဖက်လှည့်သွားကာ သူနှင့်မသက်ဆိုင်သလို၊ သူဘာမှဝင်မပြောမိသလို လုပ်နေလိုက်သည်။

ဝမ်သယ်ဖားသည် စကားပြန်မရသောကြောင့် ရှက်ရွံ့သွားသော်လည်း စဉ်းစားကြည့်ပြီးနောက် နားလည်ပေးနိုင်သည်ဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ယခုမှတွေ့ဖူးသော သူစိမ်းများသာပင်၊ အဘယ်ကြောင့် သူတို့ကိုကယ်ဖို့ ကိုယ်တိုင်အနစ်နာခံပေးရမည်နည်း?

ယဲ့ကျွင်းလင်သည် မေးစေ့ကို ပွတ်သပ်စဥ်းစားလိုက်ပြီး ဤအရာ၏ နောက်ကွယ်တွင် လျှို့ဝှက်နက်နဲမှုတစ်ခု ရှိနေသည်ဟု အနည်းငယ် ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူ၏ စိတ်ထဲတွင် ရင်းနှီးသော စနစ်သတိပေးချက်တစ်ခု ပေါ်လာသည်။

【တင်၊ ဂုဏ်ယူပါတယ် ပိုင်ရှင်ဟာ တာဝန်တစ်ခုကို စတင်လိုက်ပါပြီ၊ မဟာကျိုးပြည်ထောင်ကို ကျူးကျော်နေတဲ့ ဝိညာဥ်မျိုးနွယ်စုတပ်ကို တိုက်ထုတ်ပေးပါ၊ တာဝန်ပြီးစီးပါက ဆုလာဘ်ကောင်းတွေ ချီးမြှင့်ပေးပါမယ်】

"ကောင်းပြီ၊ အဲဒီလိုဆိုရင် ဒီနေရာကို ယာယီစတည်းချပြီး ဝိညာဥ်မျိုးနွယ်စုတွေဆီက ဘာသဲလွန်စတွေ ရနိုင်မလဲ ကြည့်ရအောင်"

ယဲ့ကျွင်းလင်သည် ဆုံးဖြတ်ချက်ချကာ ချောင်းဟန့်လိုက်ပြီး ကျောကို မတ်မတ်ထား၍ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"တခြားဂြိုလ်သားမျိုးနွယ်တွေဟာ ဘေးအန္တရာယ်ကို ယူဆောင်လာပြီး အပြစ်မဲ့သူတွေကို အကုန်အစင် လိုက်လံသတ်ဖြတ်နေတယ်၊ လူသားမျိုးနွယ်ရဲ့ အင်အားကြီးမားတဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီအခြေအနေကို ငါလက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး!"

"ငါကိုယ်တိုင် အရေးယူဆောင်ရွက်မယ်လို့ သတင်းပို့လိုက်!"

ဝမ်သယ်ဖားသည် ပထမတွင် မျှော်လင့်ချက်မရှိဟု ခံစားလိုက်ရသော်လည်း တစ်ဖက်လူ၏ လေးနက်သောစကားများက သူ့မျက်လုံးများကို တစ်ဖန်တောက်ပစေခဲ့သည်။ သူသည် ဝမ်းသာအားရဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ချကာ လက်သီးဆုပ်အရိုအသေပြုလျက် ကြွေးကြော်လိုက်သည်။ "မဟာကျိုးပြည်ထောင်တစ်ခုလုံးက အကြီးအကဲရဲ့ ကျေးဇူးတော်ကို အမြဲအမှတ်ရနေပါ့မယ်!!"

All Chapters