← Chapters

အခန်း (၈၈)

Vol. 7 Ch. 88

အခန်း (၈၈)

Vol. 7 Ch. 88

ကံကြမ္မာက ရုတ်တရတ်ကြီး သူတို့ကျိုးပြည်ထောင်ကို မျက်နှာသာပေးလာခဲ့လသိုပင်။ ဤအဆင့်မြင့်ကောင်းကင်သားရဲကြီးပင် စီးတော်မြင်းအဖြစ် အသုံးပြုခံနေရလျှင် သူ၏ပိုင်ရှင်သည်ကား မည်မျှအထိ အစွမ်းထက်လိမ့်မည်နည်း။

ထိုသူ၏ နှုတ်ထွက်ကတိစကားတစ်ခွန်းဖြင့်ပင် ကမ္ဘာသူကမ္ဘာသားတို့သည် သေချာပေါက် လုံခြုံအေးချမ်းရပေလိမ့်မည်!

လီဝူကျယ်ကလည်း ဝင်ရောက် ချီးမွမ်းသည်။ "ဆရာသခင်က အတွေးအခေါ်ပညာရှိလှပါပေတယ်!"

သူသည်လည်း ဒီနေရာတွင်စတည်းချကာ မဟာကျိုးပြည်ထောင်ကို ဆက်လက်ကူညီပေးချင်ခဲ့တာဖြစ်သည်။ အကြောင်းမှာ သူသည်လည်း အရှေ့ပိုင်းစီရင်စု၏ ဒေသခံကျင့်ကြံသူဖြစ်ခဲ့သောကြောင့် မရဏချောက်နက်မှ သတ္တဝါများ၏ ကျူးကျော်မှုကို အသေအလဲ ခုခံတိုက်ခိုက်ခဲ့ရသောကြောင့်ပင်။

ဟုန်ချန်ယဲ့ကတော့ နှုတ်ခမ်းထော်လျက် စူပွစူပွလုပ်နေလိုက်သည်။ "ရှုပ်ရှုပ်ယှက်ယှက်နဲ့ ဘာတွေလုပ်မှန်းမသိဘူး"

"ဒါနဲ့ အကြီးအကဲကို ဘယ်လိုအမည်တပ်ရမလဲ မေးခွင့်ပြုပါဦး? နောက်ပြီး ဘယ်က လာပါသလဲခင်ဗျာ?" ဝမ်သယ်ဖားက သတိကြီးစွာ မေးလိုက်သည်။

"ရွှယ်ထျန်းဂိုဏ်း၊ ယဲ့ကျွင်းလင်" ယဲ့ကျွင်းလင်က နို့လက်ဖက်ရည်ကို တရှူးရှူး စုပ်သောက်နေရင်း ဖြေလိုက်သည်။

ဘုန်း!

ဝမ်သယ်ဖားသည် ဦးခေါင်းကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်ခနဲတောင့်ခဲသွားရသည်။

သူကြားဖူးသော ကောလာဟလများနှင့် တစ်ဖက်လူ၏ ပုံပန်းသွင်ပြင်ကို ပေါင်းစပ်တွေးခေါ်လိုက်သောအခါ သူ့ရှေ့တွင်ရှိသောသူသည် မကြာသေးမီက အလွန်လူပြောများပြီး နာမည်ကြီးလှသော ဆံဖြူလူသတ်နတ်ဘုရားဖြစ်ကြောင်း သဘောပေါက်သွားရ၏။

အရှေ့ပိုင်းစီရင်စုရှိ နံပါတ်တစ် မသေမျိုးဂိုဏ်း၏ မျက်နှာကို ထပ်ခါထပ်ခါ နင်းချေခဲ့သော ရက်စက်ကြမ်းကြုတ်လှပါသည့် ထိုကျင့်ကြံသူ!

"ယဲ့၊ ထိပ်သီးကျင့်ကြံသူအရှင်ယဲ့၊ ကျွန်တော်မျိုးက အရှင့်ကို အကြားနဲ့တင် အရမ်းလေးစားချစ်ခင်ခဲ့တာပါ!" ဝမ်သယ်ဖား၏ နဖူးတွင် ချွေးများစို့လာပြီး မျက်နှာကို အတင်းအကျပ်ပြုံးရွှင်စေကာ အံ့သြတုန်လှုပ်မှုကို ဖုံးကွယ်လျက် ပြောလိုက်သည်။

ခမ်းနားထည်ဝါပြီး သပ်ရပ်အချိုးကျသော ရွှေချည်ထိုး အနက်ရောင်ဝတ်ရုံနှင့် ထင်ရှားသော ငွေရောင်ဆံပင်ဖြူတို့ကြောင့် ဤအသွင်အပြင်သည် မြင်လိုက်ကတည်းက အကြောင်းမဲ့ ရင်းနှီးနေသလိုပင်ဟု သူခံစားနေရသည်မှာ အံ့သြစရာမရှိတော့ပေ။

ဝမ်သယ်ဖားသည် လူတိုင်းကြောက်ရွံ့တုန်လှုပ်နေကြသော ကောလဟလများကို ကြားခဲ့ရစဥ်အချိန်တွင် ယဲ့ကျွင်းလင်ဆိုသည်မှာ ဆံဖြူများတစ်ခေါင်းလုံးအပြည့်ဖြင့် အိုမင်းရွတ်တွနေသော နတ်ဆိုးကြီးတစ်ကောင်သာဖြစ်ပေမည်ဟု ကြိုတင်ပုံဖော်ခဲ့မိလေသည်။

ထိုသူ၏ ရုပ်ရည်သွင်ပြင်ကား ဤမျှ ငယ်ရွယ်ခန့်ညားလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ပေ!

"ထိပ်သီးကျင့်ကြံသူအရှင်?" ယဲ့ကျွင်းလင် အနည်းငယ်ထူးဆန်းသွားရသည်။ ဤနေရာရှိ သတင်းများသည် အတော်လေး နောက်ကျနေပုံရပြီး ပွဲတော်တွင် ဖြစ်ပျက်ခဲ့သမျှကို ထိုသူသိဟန်မတူသေး။

ဒါပေမယ့် ဒါက အရေးမကြီးပါဘူး၊ နာမည်ရာထူးတစ်ခုပါပဲလေ။

"သွားကြစို့၊ မင်းတို့ရဲ့ ခေါင်းဆောင်ဆီ ငါ့ကို ခေါ်သွား‌ပေး"

"ဟုတ်ကဲ့!"

ခွင်းဖန်းသည် ဖန်းရှစ်မြို့အပေါ်မှ ပျံသန်းသွားပြီး အောက်မှ လူများက ဒူးထောက်ဦးညွှတ်ကာ နတ်သားရဲ၏ ကာကွယ်မှုကို ကျေးဇူးတင်ကြောင်းပြသလျက်။

ဝမ်သယ်ဖားသည် အလွန်စိတ်လှုပ်ရှားနေပြီး "မဟာကျိုးပြည်ထောင်" ဟု ရေးသားထားသော အလံကို ကိုင်ဆောင်ကာ ရှေ့တွင် ဦးဆောင်လမ်းပြပေးနေသည်။

ဖန်းရှစ်မြို့ရှိ အကျပ်အတည်းကို ဖြေရှင်းနေစဉ်တွင် နေရာအနှံ့အပြားရှိ အခြားမြို့များကို ဝိညာဥ်မျိုးနွယ်စုတပ်များက ဆက်တိုက် တိုက်ခိုက်နေခဲ့ပြီး စစ်မီးလျှံသည်ကား တစ်နေရာမှတစ်နေရာကို ကူးစက်လျက် မယုံနိုင်လောက်သော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ လောင်ကျွမ်းနေခဲ့ပေသည်။

ဖန်းရှစ်မြို့တော်မှ မိုင်ထောင်ပေါင်းများစွာ အကွာအဝေးတွင်...

စစ်ထုတ်ရွေးချယ်ထားသော မဟာကျိုးပြည်ထောင်တပ်သား ခြောက်သိန်း တပ်စွဲထားသည်!

မြေပြင်တွင် ကြေးဝါရောင် ဧရာမဆင်ကြီးများဖြင့် ပြည့်နှက်နေပြီး ငွေရောင်တောက်သော သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော စစ်သားများသည် ၎င်းတို့ပေါ်တွင် ထိုင်ကာ သတ္တုရောင်တောက်သော လှံတံများကို ကိုင်စွဲထားကြသည်။

စစ်သင်္ဘောပျံများသည် ကောင်းကင်နှင့် နေမင်းကို ဖုံးလွှမ်းလို့ထားပြီး ဖိနှိပ်နိုင်စွမ်းအပြည့်ဖြင့် တည်ရှိကာ မရေမတွက်နိုင်သော လေးသမားများသည် လေးကိုင်းကို အသင့်ဆွဲလျက် မြှားထိပ်များတွင် မုန်တိုင်းကဲ့သို့ စွမ်းအင်အဟုန်များ စုစည်းလျက်ရှိ၏။

ဤကဲ့သို့ စည်းစနစ်ကျနသော တပ်ဖွဲ့ကြီးအရှေ့တွင် ဝိညာဥ်အဆင့်တက်ခြင်းကျင့်ကြံသူပင်လျှက် ကျရှုံးသေဆုံးရမည်ဖြစ်ပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများပင် ရင်ဆိုင်ဖို့ နှစ်ခါပြန်စဥ်းစားရမည့် အနေအထားမျိုးဖြစ်သည်။

ထိုအချိန်တွင် ဤမဟာကျိုးပြည်ထောင်တပ်သည် ရောက်ရှိလာတော့မည့် ဝိညာဥ်မျိုးနွယ်စုတပ်ကို ခုခံရန် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေပြီဖြစ်သည်။

စစ်မြေပြင် ယာယီတဲအတွင်းတွင်..

မြေပုံပေါ်တွင် မှတ်သားထားသော အနီရောင်အစက်များကို ကြည့်ရှုစစ်ဆေးကာ သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော မဟာကျိုးစစ်သူကြီးများစွာ ပတ်လည်ဝိုင်းလျက် စစ်ပွဲအကြောင်း ဆွေးနွေးနေကြ၏။

"ခုနက ဝိညာဥ်မျိုးနွယ်စုတပ်တွေဟာ ငါတို့ဘက်က တလျှောက်လုံး ချထားတဲ့ ကာကွယ်ရေးလမ်းကြောင်းတွေကို ဖောက်ထွက်ပြီး မင်းနေပြည်တော်ဆီ အနီးဆုံးလမ်းကို အရောက်သွားနေကြတယ်လို့ သတင်းရတယ်၊ ငါတို့ မဟာကျိုးနေပြည်တော်ကို တိုက်ရိုက် သိမ်းပိုက်ဖို့ ရည်ရွယ်ထားပုံရတယ်!"

"သူတို့ စစ်နိုင်ဖို့ အရမ်းလောနေတာ မြင်သာတယ်!"

"နိုင်ငံအနှံ့က တိုက်ပွဲသတင်းတွေအရ ခန္ဓာပေါင်းစည်းခြင်းအဆင့်ဖြစ်နိုင်တဲ့ ဝိညာဥ်စစ်သူကြီးတွေ အများအပြားရှိနေပြီး အထွဋ်အထိပ်သို့တက်ရောက်ခြင်းနယ်ပယ်က ဝိညာဥ်တပ်မှူးတစ်ယောက်က အမိန့်ပေးစီစဥ်နေတယ်လို့လည်း သံသယရှိနေတယ်!"

ထိုအကြောင်းကို ပြောသောအခါ စစ်သူကြီးတို့၏မျက်နှာထားမှာ ပို၍အ‌လေးအနက်ဖြစ်သွားလျက်။

ထိုအချိန်တွင် စစ်သူကြီးတစ်ဦးသည် ခဏကြာတွန့်ဆုတ်နေပြီးမှ ဖွင့်ဟပြောဆိုလာသည်။ "ဒီတစ်ခါ ဝိညာဥ်မျိုးနွယ်စုက ရုတ်တရတ်ကြီး အလုံးအရင်း စတင်တိုက်ခိုက်ခဲ့ပြီး မဟာကျိုးနန်းတော်အထိ သိမ်းပိုက်ဖို့ ဆုံးဖြတ်ထားကြတာပဲ၊ မဟာကျိုးပြည်ထောင်မှာ သူတို့ရဲ့ လောဘကို ဆွဲဆောင်နိုင်တဲ့ ရတနာတစ်ခုခု ရှိနေနိုင်မလား?"

ဤပြောဆိုချက် ထွက်ပေါ်လာသည်နှင့် အခြားလုပ်ဖော်ကိုင်ဖက်များစွာ၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။

၎င်းတို့သည် ရွှေရောင်သံချပ်ကာ၊ အနီရောင်ဝတ်ရုံကိုဆင်မြန်းလျက် အရှိန်အဝါကြီးမားသောအသွင်အပြင်ဖြင့် ဘေးတွင်ရပ်နေသော ယောက်ျားသားကို တိတ်တဆိတ် လှမ်းကြည့်လိုက်မိကြသည်။

ထိုသူမှာ မဟာကျိုးပြည်ထောင်၏ အိမ်ရှေ့မင်းသား၊ ကျိုးဧကရာဇ်၏ အမွေခံနန်းတက်မင်းသားဖြစ်၏။

အိမ်ရှေ့မင်းသားက စဉ်းစားရင်းပြောလာသည်။ "မင်းတို့ပြောချင်တဲ့သဘောကို ဒီမင်းသားနားလည်ပါတယ်၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ငါလိုအိမ်ရှေ့မင်းသားတောင် ရန်သူဘာကိုလိုချင်နေမှန်း ရှင်းရှင်းလင်းလင်း မသိထားပါဘူး"

"အရှင်မင်းသား၊ ဒီစစ်သူကြီး ခုနက ရိုင်းပျခဲ့မိပါတယ်" ပြောသော စစ်သူကြီးသည် ရှက်ရွံ့ဟန်ဖြင့် လက်သီးဆုပ်အရိုအသေပြုကာ သူ၏ အမှားကို ဝန်ခံလာသည်။

အိမ်ရှေ့မင်းသားက လက်ကို ဝှေ့ယမ်းလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ "အရေးမကြီးပါဘူး၊ ဒီတစ်ခါ ဝိညာဥ်မျိုးနွယ်စုရဲ့ ကျူးကျော်မှုအတိုင်းအတာက ပေါ့သေးသေးတော့မဟုတ်ဘူး၊ ငါတို့ဘက်က တတ်နိုင်သလောက် ခုခံဖို့ပဲရှိတယ်၊ တကယ်လို့ မခုခံနိုင်တော့ဘူးဆိုရင် သာမန်ပြည်သူတွေကို ရနိုင်သလောက်ကာကွယ်ပြီး တိုင်းပြည်ကနေ ရွှေ့ပြောင်းကြပါ၊ ကျိုးပြည်သူတွေ ရှိနေသရွေ့ ကျိုးပြည်ထောင်အတွက် မျှော်လင့်ချက် ရှိနေသေးတယ်!"

"အိမ်ရှေ့မင်းသားက သာမန်ပြည်သူတွေကို ဒီလောက်ထိအရေးတယူ ဂရုစိုက်ပေးတာ ကျွန်တော်မျိုးတို့တိုင်းပြည်အတွက်တော့ ကောင်းချီးတစ်ရပ်ပါပဲ!" စစ်သူကြီးများ သက်ပြင်းချလျက် ဆိုလိုက်ကြသည်။

အိမ်ရှေ့မင်းသားလည်း သက်ပြင်းတစ်ချက်ချကာ ပြန်ပြောလိုက်သည်။ "ဒါက အဆိုးဆုံးအခြေအနေကိုကြိုတွက်ထားတဲ့ အစီအစဥ်ပါပဲ၊ စန်းကျိုးပြည်နယ်က တခြားအင်အားစုတွေ လူသားချင်းစာနာထောက်ထားပြီး ဝိညာဥ်မျိုးနွယ်စုကို ခုခံတိုက်ခိုက်ဖို့အတွက် မဟာကျိုးပြည်ထောင်ဆီ ကူညီလက်ကမ်းပေးကြမယ်လို့ မျှော်လင့်မိတယ်"

ထိုအချိန်တွင် ယာယီတဲအပြင်ဘက်၌ ရုတ်တရက် ဆူညံသံများထွက်လာလေသည်။

All Chapters