တပည့်ကျော်တွေက လူသတ်ဖို့ဆိုရင်တော့ ရှေ့ဆုံးကပဲ
Vol. 7 Ch. 89
"ထူးဆန်းလိုက်တာ၊ ဝိညာဥ်မျိုးနွယ်စုတွေ လာတိုက်နေကြတာများလား?" စစ်သူကြီးတစ်ဦးက စိုးရိမ်တကြီးဖြင့်ပြောလာသည်။
သူ့စကား မဆုံးသေးခင်ပင်...
ဒုတိယအဆင့် စစ်သူကြီးတစ်ဦးသည် စစ်တပ်ယာယီတဲထဲသို့ အလောတကြီး ပြေးဝင်လာကာ ကျယ်ကျယ်လောင်လာင် လျှောက်တင်လိုက်သည်။ "အိမ်ရှေ့မင်းသားကို လျှောက်တင်ပါတယ်၊ အပြင်မှာ မကြုံစဖူးအခြေအနေတစ်ခု ကြုံတွေ့နေရပါတယ်! ကိုယ်တိုင်ကိုယ်ကျ သွားကြည့်လိုက်မှ ဖြစ်ပါမယ်!!"
"ဝိညာဥ်မျိုးနွယ်စုတွေ လှည့်ကွက်တွေ ထပ်လုပ်နေတာများလား?"
အိမ်ရှေ့မင်းသားသည် စစ်သူကြီးအချို့ကို ဦးဆောင်ကာ စစ်တပ်ယာယီတဲမှ ထွက်လာစဉ် နှလုံးသားတစ်ခုလုံး အနည်းငယ်မွန်းကျပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ကောင်းကင်ထက်တွင် ကိုယ်ထည်အရွယ်အစားကြီးမားပြီး ထူးဆန်းလှသော သတ္တဝါတစ်ကောင်သည် ဧရာမလေစီးကြောင်းကြီးနှင့်အတူ အောက်ဘက်သို့ တဟုန်ထိုး ဆင်းသက်လာသည်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး၏ မျက်နှာအမူအရာများသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး မြင်နေရသောမျက်လုံးများကိုပင် မယုံကြည်နိုင်တော့သကဲ့သို့။
"ဒါ ဒါကြီးက ဘယ်လိုတောင် ထူးဆန်းတဲ့ သားရဲကြီးလဲ?" စစ်သူကြီးတစ်ဦးသည် စိုးရိမ်တကြီး ပြောဆိုရင်း ခေါင်းနားပန်းကြီးလာရတော့သည်။ "ဘာကြောင့် ဒီလိုအရာမျိုးက ငါတို့ မဟာကျိုးပြည်ထောင်မှာ ပေါ်လာရတာလဲ? စစ်သားအားလုံးကို တိုက်ပွဲအတွက် အသင့်ပြင်ထားပြီး သားရဲကိုတားဆီးဖို့ အမြန်အမိန့်ပေးကြ!"
"နေဦး၊ အလောတကြီးမလုပ်လိုက်နဲ့၊ အဲဒါ နတ်သားရဲ ခွင်းဖန်းပဲ!" အိမ်ရှေ့မင်းသားက အရွယ်အစားကြီးမားလှသော သတ္တဝါကြီးကို အံ့ဩတုန်လှုပ်စွာစိုက်ကြည့်ရင်း စစ်သူကြီးအား ခပ်ဆတ်ဆတ် ဆူငေါက်လိုက်သည်။
သို့သော် သူ့ကို အံ့အားသင့်စေဆုံးအရာမှာ ဝမ်သယ်ဖား၏ ပုံရိပ်ကို မြင်လိုက်ရခြင်းပင်ဖြစ်သည်၊ "ဟိုအထက်မှာ ငါတို့ မဟာကျိုးပြည်ထောင်ရဲ့ အလံကို မြှောက်ကိုင်ထားတဲ့ တစ်ယောက်ယောက် ရှိနေတယ်!"
"ဟင်? ကျွန်တော် သူ့ကို မှတ်မိတယ်၊ အဲဒါ ကျားသစ်မြင်းစီးတပ်ရဲ့ တပ်မှူးဝမ်ပဲ!" စစ်သူကြီးတစ်ဦးသည် သူ အမြင်မှားနေသည်ဟု ထင်လုနီးပါးဖြစ်သွားသော်လည်း သေချာစွာ အတည်ပြုပြီးနောက် အံ့သြတကြီး အော်ဟစ်ကြေညာလိုက်သည်။
"ဘာ?!"
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ဝမ်သယ်ဖားသည် လက်ထဲတွင် အလံတစ်ခုကို မြှောက်ကိုင်လို့ထားပြီး အလံသည် လေထဲတွင် တလူလူလွင့်ပျံကာ စခန်းတစ်ခုလုံး၏အာရုံမှာ သူ့ထံ၌သာစူးစိုက်လျက်ရှိကြသောကြောင့် ပျော်ရွှင်မြူးထူးလျက်ရှိပေ၏။
ခွင်းဖန်းကြီး စစ်တပ်ယာယီတဲအထက်သို့ ရောက်သောအခါ ဝမ်သယ်ဖားသည် ချက်ချင်းဆိုသလို မြေပြင်ပေါ်သို့ ခုန်ဆင်းကာ ဒူးတစ်ဖက်ထောက်ချပြီး ရိုရိုသေသေ လျှောက်တင်လိုက်သည်။ "ကျားသစ်မြင်းစီးတပ်မှူး၊ အရှင်အိမ်ရှေ့မင်းသားကို နှုတ်ခွန်းဆက်သပါတယ်!"
အိမ်ရှေ့မင်းသားက အလျင်အမြန် မေးလိုက်သည်။ "တပ်မှူးဝမ်၊ ဘာတွေဖြစ်နေတာလဲ? ဒီနတ်သားရဲက ငါတို့ မဟာကျိုးပြည်ထောင်နဲ့ ဆက်စပ်မှုတစ်ခုခု ရှိနေတာလား?"
ဝမ်သယ်ဖားက လေးနက်သော လေသံဖြင့် ရှင်းပြလာသည်။ "အရှင်အိမ်ရှေ့မင်းသား၊ ဒီနတ်သားရဲမှာ ပိုင်ရှင်ရှိပြီး အဲဒီလူက ကျွန်တော်တို့ မဟာကျိုးပြည်ထောင်ကို ကူညီဖို့ သဘောတူထားပြီးသားပါ!"
"ဟေ!"
လူတိုင်း အာမေဋိတ်ပြုလိုက်မိကြသည်။
ခွင်းဖန်းကို စီးတော်မြင်းအဖြစ်အသုံးပြုရလောက်အောင် မြင့်မြတ်ကာ အထက်တန်းကျသော ကျင့်ကြံသူဟူ၍ အရှေ့ပိုင်းစီရင်စုတွင် ရှိမှရှိပါလေရဲ့လား?
အိမ်ရှေ့မင်းသားသည်လည်း ဝမ်သယ်ဖား၏လျှောက်တင်ချက်ကြောင့် အလွန်အံ့အားသင့်သွားရသော်လည်း သူ့ကို စိတ်အလှုပ်ရှားစေဆုံးအရာကတော့ ထိုလျှောက်တင်ချက်၏ ဒုတိယပိုင်းတွင်ပါဝင်သော အကြောင်းအရာများပင်။
"တပ်မှူးဝမ်၊ ဒါ အမှန်ပဲလား? အဲဒီ အကြီးအကဲက ငါတို့ မဟာကျိုးပြည်ထောင်ကို ဒီခက်ခဲတဲ့ အခြေအနေကို ကျော်လွှားဖို့ တကယ် ကူညီပေးချင်တယ်တဲ့လား?"
"လုံးဝ အမှန်ပါခင်ဗျာ!"
အိမ်ရှေ့မင်းသားမှာ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရသည်ပင်။ ထိုကဲ့သို့ အစွမ်းထက်လှသော အကူအညီဖြင့် မဟာကျိုးပြည်ထောင်တွင် မျှော်လင့်ချက်လေးတော့ ရှိလာလေပြီဟု သူရုတ်တရက် ခံစားလိုက်ရသည်။
"အဲဒီ အကြီးအကဲရဲ့ နာမည်က ဘာတဲ့လဲ? ကိစ္စတွေအားလုံးပြီးရင် ငါတို့ မဟာကျိုးပြည်ထောင်က သူ့ကို သေချာပေါက် ကျေးဇူးဆပ်ရမယ်လေ!"
"အရှင်အိမ်ရှေ့မင်းသားကို လျှောက်တင်ပါတယ်၊ အကြီးအကဲရဲ့နာမည်က ယဲ့ကျွင်းလင်ပါတဲ့ခင်ဗျာ"
ထိုစကားကိုကြားလိုက်ရသော် အိမ်ရှေ့မင်းသားသည် ပထမတွင် အံ့အားသင့်သွားပြီး နှလုံးခုန်သံများ တဒုန်းဒုန်းနှင့်မြန်ဆန်လာကာ မရေမရာဖြင့်ထပ်မေးလိုက်ရသည်။ "ယဲ့.. ယဲ့ကျွင်းလင်? အဲဒါ ရွှယ်ထျန်းဂိုဏ်းက ဆံဖြူလူသတ်နတ်ဘုရားလား?"
ဝမ်သယ်ဖားသည် ထိုစကားကြောင့် ကြောက်လန့်သွားဟန်ဖြင့် လေသံကို သိသိသာသာလျှော့ချလိုက်သည်။ "အရှင်အိမ်ရှေ့မင်းသား၊ စကားကို သတိထားပြီး ပြောပါ၊ ထိပ်သီးကျင့်ကြံသူအရှင်ယဲ့ဟာ တကယ်တမ်းတော့ ပေါ့ပေါ့ပါးပါး နေတတ်တဲ့ လူတစ်ယောက်ပါပဲ၊ ကောလာဟလတွေမှာ ပြောထားသလောက် မရက်စက်ပါဘူး!"
စခန်းတစ်ခုလုံး ဂလုခနဲ တံတွေးမျိုချလိုက်ကြသည်။
'ပေါ့ပေါ့ပါးပါး' ဆိုတဲ့ စကားလုံးက သူ့နဲ့ သိပ်တော့ မကိုက်ညီဘူးထင်တယ်နော်..
ယွီဟွားဂိုဏ်းဟာ ထိုယဲ့ကျွင်းလင်ကြောင့် အထွဋ်အထိပ်သို့တက်ရောက်ခြင်းကျင့်ကြံဆင့်မှ အဓိကအကြီးအကဲ ဆယ့်ရှစ်ဦးအပါအဝင် ကျင့်ကြံသူတပ်သား တစ်သန်းကိုတောင် ဆုံးရှုံးခဲ့ရလေတယ်!
နောက်ပြီး ဒါတွေကကောလဟလသတင်းမှ မဟုတ်တာကွ!
အိမ်ရှေ့မင်းသားသည် အသက်ရှူသံမှန်အောင် ခဏမျှဝင်လေထွက်လေမှတ်ပြီးမှ အရှေ့သို့တိုးလျှောက်၍ လက်သီးဆုပ်အရိုအသေပြုကာ နှုတ်ခွန်းဆက်သလိုက်သည်။
"မဟာကျိုးပြည်ထောင်ရဲ့ အိမ်ရှေ့မင်းသားက ထိပ်သီးကျင့်ကြံသူအရှင်ယဲ့ကို နှုတ်ခွန်းဆက်သပါတယ်!"
သူသည် အနည်းငယ်မျှပင် ပေါ့ဆလိုက်ဖို့မရဲပါ။ အကယ်၍ တစ်ဖက်လူ မပျော်ရွှင်ပါက လက်တစ်ချက်အလှုပ်ဖြင့် မင်းနေပြည်တော်တစ်ခုလုံးကို ဖြိုချလိုက်နိုင်သည်လေ။
သူ့ရဲ့ လက်ရွေးစင်တပ်သား ခြောက်သိန်းဟာ ဆံဖြူလူသတ်နတ်ဘုရားအတွက်တော့ သွေးပူလေ့ကျင့်ခန်းလုပ်ဖို့တောင် မလုံလောက်နိုင်ပါ!
ထိုစဥ် တဝုန်းဝုန်း တဒုန်းဒုန်း ဆူညံသံများ ပျံလွင့်လာသည်။
ရုတ်တရက် အဝေးတစ်နေရာမှ ကောင်းကင်ယံထက်တွင် အနက်ရောင်မြူခိုးများ လှိုင်းလုံးကြီးသဖွယ် ပျံ့နှံ့လာတော့၏။
ယင်စွမ်းအင်များ ပြည့်နှက်နေသော သတ္တဝါ ရှစ်သိန်းသည် အစက်အပြောက်များပါသော စစ်ဝတ်တန်ဆာများကို ဝတ်ဆင်ကာ လက်နက်အမျိုးမျိုး ကိုင်ဆောင်လျက် ချီတက်လာကြသည်။ ၎င်းတို့၏ ပုံမကျပန်းမကျ မျက်နှာများသည်ကား ကြောက်မက်ဖွယ်ရက်စက်ကြမ်းကြုတ်လှကာ သွေးနီရောင်မျက်လုံးများက လူသားအပေါင်းကို ဆာလောင်စွာစိုက်ကြည့်လျက်ရှိကြ၏။
"ဟဲဟဲဟဲ၊ မင်းတို့ လူသားတွေ၊ အသိဉာဏ်ရှိသေးရင် နာနာခံခံနဲ့ လက်နက်ချပြီး ငါတို့ ဝိညာဥ်မျိုးနွယ်စုအတွက် လည်လာစင်းပေးလိုက်ကြတော့ဟေ့!"
ရယ်မောသံများ၊ ရက်ရက်စက်စက် အော်ဟစ်ကြိမ်းဝါးသံများ ကောင်းကင်တွင် ပဲ့တင်ထပ်နေသည်။
အိမ်ရှေ့မင်းသားသည် ဒေါသတကြီးဖြင့် တုန်ယင်လို့နေကာ သူ တစ်ခုခုပြောရန် ပြင်နေစဉ်တွင် ခွင်းဖန်းထက်မှ မကျေမနပ်ဖြစ်နေသော အသံတစ်ခု ထွက်ပေါ်လာသည်၊ "ချီးတဲ့မှ နားညည်းလိုက်တာ! မင်းတို့ နှစ်ယောက်၊ သွားပြီး သူတို့အားလုံးကို ရှင်းလိုက်စမ်း!"
"ဟုတ်ကဲ့ ဆရာသခင်!"
ဝှစ်!
ချက်ချင်းဆိုသလို ဟုန်ချန်ယဲ့နှင့် လီဝူကျယ်သည် သက်တံရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ အင်အားကြီးမားသော ဝိညာဥ်မျိုးနွယ်စုတပ်ကို ရင်ဆိုင်ရန် အလျင်အမြန် ထွက်ခွာသွားကြလေပြီ။
ဝိညာဥ်မျိုးနွယ်စု၏ အနောက်ဘက်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထုတ်လွှတ်နေသည့် ဝိညာဥ်တပ်မှူး ဆယ်ဦးသည် အနက်ရောင်မြူခိုးများအတွင်း ပုန်းကွယ်လို့နေကာ အခြေအနေကိုတိတ်တဆိတ်စောင့်ကြည့်လျက် တစ်ဦးနှင့်တစ်ဦး အသံတိတ်ဆက်သွယ်နေကြခြင်းဖြစ်သည်။
"မဟာကျိုးပြည်ထောင်လို့ခေါ်တဲ့ ဒီလူသားနိုင်ငံလေးကို သိမ်းပိုက်ဖို့ ဒီလောက် အင်အားအများကြီး သုံးနေရတာ ရယ်စရာကောင်းလိုက်တာ"
"အားလုံး သတိထားကြ၊ ဒီလို မင်းဆက်မျိုးဟာ သာမန်ဂိုဏ်းတွေနဲ့ မတူဘူးလို့ ပြောကြတယ်၊ သူတို့မှာ အများအားဖြင့် တိုင်းပြည်ရဲ့ ကံကောင်းခြင်းတွေ ကောင်းချီးတွေ ရှိနေတတ်တယ်၊ ဝိညာဥ်ဘုရင်လည်း သတိကြီးကြီးထားပြီး အဲဒီ ကျိုးဧကရာဇ်တစ်ယောက် ဘယ်အထိတောင့်ခံနိုင်မလဲဆိုတာ စမ်းသပ်ကြည့်ချင်နေတာ"
"ဘယ်လိုပဲဖြစ်ဖြစ် ရှစ်သိန်းနဲ့ ခြောက်သိန်းဆိုတော့ ငါတို့ဘက်က အသာစီးပါပဲ!"
"အရေးအကြီးဆုံးကတော့ ဒီတစ်ခါ မရဏချောက်နက်ရဲ့ မျိုးနွယ်စုတစ်ရာ တပြိုင်နက် ပေါ်ထွက်လာတာပဲ၊ ငါတို့ ဝိညာဥ်မျိုးနွယ်စုက အခွင့်အရေးကို ရတုန်းဆုပ်ကိုင်ထားရမယ်၊ ဒါဟာ မျိုးနွယ်စုတစ်ခုလုံးရဲ့ တိုးတက်မှုနဲ့ ကျရှုံးမှုကို သက်ရောက်နိုင်တဲ့ အရေးကြီးစစ်ဆင်ရေးပဲ!"
"ဟုတ်တယ်လေ၊ ဘယ်လိုပဲဖြစ်ဖြစ် လူသားကမ္ဘာရဲ့ ကျရှုံးမှုဆိုတာ တစ်ချိန်ချိန်မှာ ဖြစ်ကိုဖြစ်လာမယ့်ကိစ္စပဲ၊ အရှေ့ပိုင်းစီရင်စုရဲ့ အုပ်ချုပ်သူပြောင်းသွားတဲ့အခါ ငါတို့ရယူပေးခဲ့တဲ့ အောင်မြင်မှုတွေကြောင့် နေရာတစ်ခုတော့ ရလာလိမ့်မယ်!"
...
တစ်ချိန်တည်းမှာပင်။
ဟုန်ချန်ယဲ့နှင့် လီဝူကျယ်တို့သည် ဝိညာဥ်မျိုးနွယ်စုတပ်နှင့် မနီးမဝေးတွင် ဆင်းသက်ကာ အင်အားအပြည့်ဖြင့် တဟုန်ထိုး ချီတက်လာသော ဝိညာဥ်မျိုးနွယ်စုသတ္တဝါများကို ကြည့်နေကြသည်။
"ဆရာတူအစ်ကိုကြီးဟုန်၊ ဒီညီငယ်ရဲ့ ဓားရေးက ညံ့ဖျင်းလှပါတယ်၊ ဒါကြောင့် ကျွန်တော်အရင်ဆုံးရှေ့တက်ပြီး တစ်ချက်လောက် လေ့ကျင့်ကြည့်လိုက်ပါဦးမယ်"
လီဝူကျယ်သည် အရှေ့တူရူသို့ စူးစိုက်ကြည့်နေပြီး နှုတ်ခမ်းထောင့်တစ်ဖက်က အရူးတစ်ယောက်ကဲ့သို့ မြင့်တက်လာကာ သူ၏ နှလုံးသားထဲတွင် ကြာမြင့်စွာ ကိန်းအောင်းထားခဲ့ရသော သတ်ဖြတ်လိုခြင်းဆန္ဒကို ထပ်မံထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ညာဘက်လက်သည် ဓားရိုးကို တင်းတင်းဆုပ်ကိုင်၍ အနက်ရောင်ဓားရှည်အား ရွှမ်းခနဲဆွဲထုတ်လိုက်တော့၏။
ဝှစ်
ထိုအချိန်တွင် လီဝူကျယ်၏ ခန္ဓာကိုယ်မှ အငွေ့အသက်သည် ရုတ်တရက် ပြောင်းလဲသွားပြီး လွတ်လပ်ပေါ့ပါးသော ကျန်းဟူဓားသမားတစ်ဦးကဲ့သို့ အသွင်ပြင်မှ သက်ရှိသတ္တဝါအားလုံးကို မျက်စိမှိတ်သတ်ဖြတ်တော့မည့် နတ်ဆိုးဘီလူးတစ်ကောင်အသွင်သို့ ကူးပြောင်းသွားတော့သည်။
(ကျန်းဟူဓားသမားဆိုတာ အချုပ်အနှောင်မရှိ လောကတစ်ခွင် လှည့်လည်သွားလာနေတဲ့ ဓားသမားတွေကို ဆိုလိုတာပါ)
"ခုတ်!!"
အေးစိမ့်သော အမိန့်သံသည် အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်သွားသည်။
ချီလာဟု အမည်ရှိသော မင်နက်ရောင်ဓားသွားတစ်ခု လှစ်ခနဲ ပေါ်ထွက်လာကာ ဝိညာဉ်မျိုးနွယ်စု သတ္တဝါအမြောက်အမြားကို မျိုချစားသုံးမည့် ဧရာမပါးစပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။
"အား အား အား..."
သတ္တဝါတို့၏ နှလုံးနာကျင်ဖွယ် အော်ဟစ်သံများ နေရာအနှံ့မှ ထွက်ပေါ်လာကြသည်။
ဝိညာဉ်မျိုးနွယ်စု သတ္တဝါများစွာသည် အသိစိတ်မကပ်နိုင်လောက်အောင်ပင် ကြောက်လန့်တုန်လှုပ်သွားကြရသည်။ မည်ကဲ့သို့ လူသားဓားဘုရင်မျိုးက ဤမျှရက်စက်သောကျင့်စဥ်တစ်ခုကို ဖန်တီးပြုလုပ်ခဲ့ပါသနည်း။
ဓားတစ်ချက်တည်းဖြင့် ရန်သူတစ်သိန်း တက်တက်ပြောင်စင်သွားစေသည်!
လီဝူကျယ် သက်ပြင်းအသာချလိုက်ပြီး ခုနက သူသုံးလိုက်သော လှုပ်ရှားမှုကို ပြန်လည်စစ်ဆေးလေ့လာကာ အရင်လိုပင် အနည်းငယ် မပြည့်စုံသေးဟု ခံစားနေရသည်။
ဘုန်း!
ထိုအချိန်တွင် မီးတောင်ပေါက်ကွဲသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက သူ့နံဘေးမှ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင် အပူချိန်သည် ချက်ချင်းဆိုသလို ရူးသွပ်စွာ မြင့်တက်လာပြီး လူများ၏ အာခေါင်ပါးစပ်များ ခြောက်သွေ့ပူလောင်ကာ လျှာများပင် ကွဲအက်သွားတော့မတတ်။
ဟုန်ချန်ယဲ့သည် သူ၏ ခန္ဓာကိုယ်အတွင်း မြင့်တက်လာသော မှော်စွမ်းအင်ကို တစ်ချက်မွှေနှောက်လှုက်ခတ်လိုက်သော် ဆံပင်ရှည်များ ကြမ်းတမ်းစွာလွင့်ခါထွက်သွားကာ အရှိန်အဝါက ကြောက်ခမန်းလိလိ မြင့်တက်လာတော့၏၊
သူသည် လက်တစ်ဖက်ဖြင့် သင်္ကေတတစ်ခုကို ပြုလုပ်လိုက်ကာ အဝေးသို့ လက်ညှိုးနှစ်ချောင်းဖြင့် ညွှန်ပြလိုက်သည်!
တဝှီးဝှီးမြည်သော တောက်လောက်သံများဖြင့် ကြက်သွေးရောင်နှင့် ရွှေရောင်အနှော မီးလျှံများသည် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းလို့သွားပြီး လေဟာနယ်ကိုပင် တွန့်လိမ်လှုပ်ခတ်သော လှိုင်းဂယက်များထလာစေသည်။
"အား..."
ကြက်သွေးနှင့် ရွှေရောင်မီးလျှံများ ဖုံးလွှမ်းထားသည့် နေရာတိုင်းတွင် ပူပြင်းနာကျင်ဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ဝိညာဉ်မျိုးနွယ်စု သတ္တဝါများမှာ မျက်စိတစ်မှိတ်အတွင်း ပြာပုံအဖြစ် ပြောင်းလဲသွားကြရတော့၏။
"မကောင်းတော့ဘူး၊ မြန်မြန် တားဆီးကြဟေ့!!" ပေါင်းစည်းခြင်းနယ်ပယ်မှ ဝိညာဉ်စစ်သူကြီး ဒါဇင်ပေါင်းများစွာသည် အလွန်အံ့အားသင့်သွားရပြီး ၎င်းတို့၏ ခန္ဓာကိုယ်မှ မြင့်တက်လာသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ကာ ဆိုးရွားလှသောအခြေအနေကို တတ်နိုင်သမျှ တားဆီးထိန်းသိမ်းရန်အလို့ငှာ စုပေါင်းအင်အားကို အသုံးပြုခဲ့ကြသည်။
သို့သော် ထိုကြိုးစားအားထုတ်မှုတို့မှာ အချည်းနှီးသာဖြစ်သွားရလျက်။
မကြာမီပင် တစ်ဦးပြီးတစ်ဦး မီးလျှံများဖြင့် ရစ်ပတ်လောင်ကျွမ်းခံရကာ နေရာတွင်ပင် သေဆုံးသွားကြလေသည်။
ကျန်ရှိသော ဝိညာဉ်မျိုးနွယ်စုတပ်သား ခုနစ်သိန်းသည် မျက်စိတစ်မှိတ်အတွင်း လေးသောင်း ပြာချခံရလိုက်၏!
ကြောက်စရာကောင်းလိုက်တဲ့ တပည့်ကျော်တွေပါလား!
လီဝူကျယ်က အော်ဟစ်ချီးမွမ်းလိုက်သည်။ "ဆရာတူအစ်ကိုကြီးဟုန်ရဲ့ နည်းလမ်းတွေက အရမ်းအစွမ်းထက်တာပဲ၊ ဒီညီငယ်လေး လေးစားသင်ယူမိပါတယ်"
"ဟဲဟဲ"