ကျိုးဧကရာဇ်
Vol. 7 Ch. 90
"ဟားဟား၊ စိတ်ကျေနပ်စရာပဲ!" လီဝူကျယ်သည် ကျယ်လောင်စွာ ရယ်မောရင်း ကျန်ဝိညာဉ်တပ်မှူးများကို ဓားရှည်ဖြင့် ဆက်လက် ခုတ်ထစ်လို့နေသည်။
"ဒီကောင်ကို သတ်ကြ!" ဦးဆောင်လာသော ခရမ်းရောင်ဆံပင်ဖြင့် ဝိညာဉ်တပ်မှူးသည် အော်ဟစ်ကြွေးကြော်ကာ ယင်စွမ်းအင် လေပြင်းတစ်ချက်၏ အကူအညီနှင့်အတူ သုံးခွခက်ရင်းကိုဝင့်ကိုင်ကာ ပြင်းထန်စွာ ထိုးစိုက်ချလိုက်သည်။
ကျန်ဝိညာဉ်တပ်မှူးများသည်လည်း ၎င်းတို့၏ အရက်စက်ဆုံးသောတိုက်ကွက်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ပြလာကြကာ မြင့်တက်လာသော မကောင်းဆိုးဝါးစွမ်းအင်မှာ ကောင်းကင်နှင့်မြေကြီးကိုပင် ဖုံးလွှမ်းတော့မတတ် ပြည့်ဖြိုးလျက်ရှိသောကြောင့် လူကိုကြောက်ဒူးတုန်စေတော့၏။
ဆူညံသံများကား စစ်မြေပြင်တစ်လွှား ပွက်လောရိုက်လျက်!
မကောင်းဆိုးဝါး အငွေ့အသက်များ ပြည့်နှက်နေသော တိုက်ကွက်ကိုးခုဖြင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံရပြီးနောက် လီဝူကျယ် မျက်နှာပျက်သွားရကာ သူတဖြည်းဖြည်း ချောင်ပိတ်မိလာကြောင်း သိလိုက်ရသည်။
"ငါ ရူးသွပ်ကြမ်းတမ်းသော သွေးမျိုးဆက်ကို စမ်းသုံးကြည့်သင့်လား?" လီဝူကျယ်သည် အံကိုကြိတ်ကာ မျက်လုံးများနီရဲလာသည်အထိတောင့်ခံရင်း စဥ်းစားမိလိုက်၏။
ဝှစ်!
ထိုအချိန်တွင် ပူပြင်းတောက်လောာင်သော အပူရှိန်သည် အရပ်မျက်နှာအနှံ့ ပြည့်နှက်သွားပြီး မြင့်မြတ်ဆန်းကြယ်သောသော အငွေ့အသက်များဖြင့် မိုးပြာရောင်မီးလျှံများ မရေမတွက်နိုင်သည်အထိ ပေါ်ထွက်လာသည်။
"မိုးပြာရောင် ကျောက်စိမ်းမီး!"
ဟုန်ချန်ယဲ့သည် လက်တစ်ဖက်ကို ပြင်းထန်စွာခါယမ်းလိုက်သော် မရေမတွက်နိုင်သော မိုးပြာရောင်မီးလျှံများ တဟုန်ထိုး လောင်ကျွမ်းလာကာ ဝိညာဉ်တပ်မှူးများ၏ တိုက်ကွက်များအား အတင်းအကျပ် ဖြတ်တောက်တုံ့ဆိုင်းစေလိုက်သည်။
"အား..." အထွဋ်အထိပ်သို့တက်ရောက်ခြင်း အလယ်အလတ်အဆင့် ဝိညာဉ်တပ်မှူး ခြောက်ဦးမှာ ပူလောင်စွာအော်ဟစ်လိုက်ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များသည် မိုးပြာရောင်မီးတောက်များကြားပိတ်မိသွားရင်း မကြာမီပင် ပြာမှုန့်များအဖြင့် လွင့်ပျယ်ပျောက်ကွယ်သွားကြတော့၏။
"လူသားမိန်းမ၊ မင်းလုပ်ခဲ့တဲ့အပြစ်တွေအတွက် မင်းအသက်နဲ့ ပြန်ပေးဆပ်စေရမယ်!!!" ခရမ်းရောင်ဆံပင် ဝိညာဉ်တပ်မှူးသည် ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးကာ သုံးခွခက်ရင်းကြီးကို ဦးခေါင်းထက် မြှောက်ကိုင်၍ ဧရာမ စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ခက်ရင်းပေါ်ရှိ အာဏာရှင်ဆန်သော မကောင်းဆိုးဝါးစွမ်းအင်လှိုင်းကို ကောင်းကင်သို့ တည့်တည့် ပစ်လွှတ်ကာ ကောင်းကင်တစ်ပြင်လုံးအား မှောင်အတိကျသွားစေပြီး ကြောက်မက်ဖွယ် သဘာဝဘေးအန္တရာယ်တစ်ခု ဆင်းသက်လာတော့မည့်အလား ခံစားရစေသည်။
အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ခရမ်းရောင်ဆံပင် ဝိညာဉ်တပ်မှူးသာ သူ၏ အင်အားအပြည့်အဝကို ထုတ်လွှတ်ပါက မဟာကျိုးပြည်ထောင်တစ်ခုလုံးတွင် သူ့ကို ခံတိုက်နိုင်သူဟူ၍ အနည်းငယ်သာ ကျန်ရှိပေလိမ့်မည်။
လီဝူကျယ်၏နဖူးမှ ချွေးစေးများ စီးကျလာပြီး အဝေးသို့ အလျင်အမြန် ဆုတ်ခွာသွားကာ ခရမ်းရောင်ဆံပင် ဝိညာဉ်တပ်မှူးအား သနားကရုဏာသက်သော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။
"ဟားဟား၊ ခုမှ ကြောက်နေလည်း နောက်ကျသွားပြီ! မင်းနဲ့ ဒီပုပ်စော်နံတဲ့မိန်းမ သေကိုသေရမယ်!" ဤစကားကို ကြားလိုက်ရသော် အထွဋ်အထိပ်သို့တက်ရောက်ခြင်း နှောင်းပိုင်းအဆင့် ဝိညာဉ်တပ်မှူး နှစ်ဦး၏ မျက်နှာများတွင် ရက်စက်ယုတ်မာသော အောင်နိုင်သူအပြုံးများ ပေါ်ထွက်လာပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်တော့မည်ဟု ယုံကြည်ချက်ရှိလာကြပုံပင်။
"အံမယ်လေး!" ထိုစကားများကို ကြားသောအခါ လီဝူကျယ်သည် ပို၍ပင် အသက်ရှူမှားသွားပြီး နောက်ထပ် မီတာရာပေါင်းများစွာအကွာသို့ ဆုတ်ခွာသွားသည်။
ထို့နောက် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်လာပြီး သက်ရှိအပေါင်း၏ နှလုံးသားများကို မခံနိုင်လောက်အောင် တုန်လှုပ်စေသည်။
ဟုန်ချန်ယဲ့၏ ဆံပင်များသည် ကြမ်းတမ်းစွာ လွင့်ခါသွားပြီး မျက်နှာသည် နှင်းခဲကဲ့သို့ အေးစက်ကာ ဖီးနစ်မျက်လုံးများသည် စိုက်ကြည့်လိုက်ပါလျှင် ရေခဲခန်းထဲကျရောက်သွားသလို လူကိုကျောစိမ့်စေပြီး လူသတ်လိုသောဆန္ဒများက အပြည့်ရစ်သီလို့နေသည်။
အေးစက်သွေးဆာသော အသံတစ်သံသည် ကျယ်ပြောလှသော ကောင်းကင်နှင့်မြေကြီးသို့ ပဲ့တင်ထပ်လျက်ထွက်ပေါ်လာပြီး သတ္တဝါအပေါင်းအတွက် ငြင်းဆန်မရနိုင်သည့် သေမိန့်တစ်ခု ချမှတ်လိုက်သကဲ့သို့။
"မင်းတို့အားလုံး သေလိုက်ကြ!!"
ထိုသူသည် လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လေဟာနယ်ထက်တွင် အဆုံးမရှိသော အနက်ရောင်မီးတောက်များ လောင်ကျွမ်းလာကာ အရာအားလုံးကို မျိုချထိုးသိပ်နိုင်မည့်အင်အားဖြင့် ဝိညာဉ်စွမ်းအင်များအပြည့်ရစ်ဝဲနေသော ထိုပုံရိပ်များထံသို့ တဟုန်ထိုး ချီတက်လာတော့သည်။
"မဖြစ်ဘူး..." အထွဋ်အထိပ်သို့တက်ရောက်ခြင်း နှောင်းပိုင်းအဆင့် ဝိညာဉ်တပ်မှူး နှစ်ဦး၏ မျက်လုံးများသည် ကြောက်စိတ်ဖြင့် ပြူးကျယ်လို့လာကာ မတုံ့ပြန်နိုင်ခင်မှာပင် အနားသို့ရောက်လာသော အနက်ရောင်မီးတောက်များထဲသို့ ဆွဲချစားသုံးခံလိုက်ရတော့၏။
"ဒါက ဘာကြီးလဲ?!"
ခရမ်းရောင်ဆံပင် ဝိညာဉ်တပ်မှူးသည်လည်း ကြောက်စိတ်တို့ဖုံးလွှမ်းကာ ကူကယ်ရာမဲ့စွာဖြင့် ခက်ရင်းခွကို ဝှေ့ယမ်းလျက် မီးတောက်များကြား ထိုးဖောက်ဖို့ရန် ကြိုးစားကြည့်သည်။
သုံးခွခက်ရင်းသည် အနက်ရောင်နှင့် ခရမ်းရောင်နှော လျှပ်စီးကြောင်းများစွာကို ထုတ်လွှတ်လိုက်ပြီး တစ်ခုချင်းစီတွင် အလွန်အားကောင်းသော အဖျက်အဆီးစွမ်းအားများ ပါဝင်လေသည်။
သို့သော် ထင်မှတ်မထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားခဲ့ရ၏။
မရေမတွက်နိုင်သော အနက်ရောင်နှင့် ခရမ်းရောင်နှော လျှပ်စီးကြောင်းများသည် တိုးဝင်လာသာ အနက်ရောင် မီးလျှံများကို အားကုန်သုံးကာတိုက်ခိုက်ခဲ့သော်ငြား မဆိုင်းမတွဖြင့် မျိုချစားသုံးခြင်းကိုသာ ခံလိုက်ရလေသည်။
"ဒါ မဖြစ်နိုင်ဘူး!" ခရမ်းရောင်ဆံပင်နှင့် ဝိညာဉ်တပ်မှူးသည် ဤမြင်ကွင်းကို မြင်ပြီးနောက် ကြောက်လန့်တုန်လှုပ်သွားကာ တိုက်ခိုက်လိုစိတ် လုံးဝ ပျောက်ဆုံးသွားပြီး ထိုနေရာမှ ထွက်ပြေးရန် လှည့်လိုက်သည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာမှာ အလွန်နောက်ကျသွားလေပြီ။
အနက်ရောင် မီးလျှံများသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ရုတ်ချည်း ကျရောက်လာပြီး ခရမ်းရောင်ဆံပင် ဝိညာဉ်တပ်မှူးမှာ သူ၏ အသွေးအသားနှင့် ဝိညာဉ်အပါအဝင် တစ်ကိုယ်လုံး အစအနပင်မကျန် ရူးသွပ်စွာ စုပ်ယူဝါးမျိုခံနေရသည်ကို ခံစားလိုက်ရပြီး ပြောမပြနိုင်လောက်သော ကြီးမားသည့် နာကျင်မှုတစ်မျိုးအား မသေခင် ခံစားလိုက်ရလေ၏။
"အား အား အား အား..."
အော်ဟစ်သံများမှာ စိတ်နှလုံးနာကျင်ဖွယ်ပင်။
စက္ကန့်အနည်းငယ်အတွင်း ခရမ်းရောင်ဆံပင် ဝိညာဉ်တပ်မှူးသည်လည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။
ကျန်ဝိညာဉ်မျိုးနွယ်စု သတ္တဝါများသည်လည်း အနက်ရောင်မီးလျှံများဖြင့် တစ်ဦးပြီးတစ်ဦး ဝါးမျိုခံလိုက်ရသည်။ စစ်ဘေးဒဏ်ခံထားရသော စစ်မြေပြင်တွင် အေးစိမ့်သော လေတိုက်သံတဝှီးဝှီးကိုသာ ကြားနိုင်ပေသည်။
မဟာကျိုးစစ်သားများသည် မယုံကြည်နိုင်လှစွာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကြည့်နေကြပြီး အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော လွှမ်းမိုးနိုင်စွမ်းကြီးမားလှသည့် ပုံရိပ်အား အံ့သြထိတ်လန့်စိတ်များ နှလုံးသားထဲမှ လှိုက်တက်လာကြတော့၏။
"မသေမျိုးဟုန်ကတော့ တကယ်ကို နတ်သမီးဟုန်လို့ခေါ်ထိုက်ပါပေတယ်" အိမ်ရှေ့မင်းသားသည် ခဏကြာအောင် နှုတ်ခမ်းတလှုပ်လှုပ်ဖြစ်နေပြီးမှ ဤစကားကိုသာ ပြောထွက်လာနိုင်တော့သည်။
"ဒါကို နတ်ဆိုးဘုရင်မကြီးနဲ့ တူတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ..." စစ်သူကြီးတစ်ဦးက တီးတိုးပြောလိုက်သော်လည်း လုပ်ဖော်ကိုင်ဖက်တစ်ဦးက တံတောင်ဖြင့် တွတ်လိုက်ပြီး အမြန်ပါးစပ်မိတ်ခိုင်းလိုက်သည်။
ထိုအချိန်တွင်...
ဟုန်ချန်ယဲ့၏ မျက်နှာသည် တဖြည်းဖြည်း ပြန်လည်နူးညံ့သွားပြီး နှာခေါင်းရှုံ့ကာ နှိပ်ကွပ်လိုက်သည်။ "မိုက်မဲတဲ့ ပုရွက်ဆိတ်တွေ!"
ဟုန်ချန်ယဲ့သည် အနောက်သို့လှည့်ကာ အဝေးတွင် ပုန်းနေသော လီဝူကျယ်ကို လှမ်းကြည့်လိုက်ပြီး ဘာမှပြောမနေတော့ဘဲ ပြန်လည်သတင်းပို့ရန်သာ ပျံသန်းသွားတော့သည်။
လီဝူကျယ်သည် သက်ပြင်းချကာ ညည်းညူလိုက်သည်။ "ဆရာတူအစ်ကိုကြီးဟုန် ရူးလောက်အောင်ဒေါသထွက်သွားပြီဆိုရင် ကျင့်ကြံဆင့်တူတွေကြားမှာ လုံးဝကိုပြိုင်ဘက်ကင်းဖြစ်သွားတာပဲ၊ ဆရာသခင်က သူ့ကို ပထမဆုံး တပည့်အဖြစ် လက်ခံခဲ့တာ မအံ့သြတော့ပါဘူး!"
နောက်တစ်စက္ကန့်တွင် လီဝူကျယ်သည် တစ်စုံတစ်ခုကို တွေးမိကာ သူ၏ ညာဘက်လက်သည် ဓားရိုးကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး မျက်လုံးများ စိတ်လှုပ်ရှားစွာတောက်ပလာလျက် အရူးတစ်ယောက်လို ပြုံးလိုက်သည်။၊ "ဟဲဟဲ၊ ဒါလည်း ကောင်းတာပဲ၊ ငါတို့လေ့ကျင့်ပြီဆိုရင် သူ့ကိုခုတ်ချင်သလောက်ခုတ်လို့ရတာပေါ့..."
"ဟင်?"
ဟုန်ချန်ယဲ့သည် တစ်စုံတစ်ခုကို ခံစားမိလိုက်ပုံရပြီး ကျောရိုးတစ်လျှောက် အေးစိမ့်သွားကာ ရုတ်တရက် အနောက်သို့လှည့်ကြည့်လိုက်ရာ လီဝူကျယ်တစ်ယောက် အနောက်မှ တိတ်တဆိတ် လိုက်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူကို သံသယဖြင့်အကဲခတ်ရင်း ခေါင်းကို စောင်းကာ ရေရွတ်လိုက်သည်။ "တစ်မျိုးကြီးပဲ ဒီကောင်ဘာများကြံနေတာလဲ ငါ့ဘာငါအထင်မှားသွားတာလား"