အခန်း (၉၁)
Vol. 7 Ch. 91
သူတို့နှစ်ဦးသည် ခွင်းဖန်းပေါ်သို့ ဆင်းသက်လိုက်ကြပြီး ခေါင်းကို ငုံ့ကာ အရိုအသေပြုလျက်တင်ပြလိုက်ကြသည်။ "ဆရာသခင်၊ အမိန့်အရ တပည့်တို့ အရာအားလုံး ဖြေရှင်းပြီးပါပြီ"
သို့သော် တစ်ဖက်လူက တုံ့ပြန်မှုရှိမလာ။
လီဝူကျယ်သည် စိတ်ထဲတွင် စိုးရိမ်တကြီး တွေးလိုက်မိသည်။ "ချီး ဆရာသခင်က ဘာများမကျေနပ်လို့လဲဟ?"
ဒီကောင် ဘာလုပ်နေပြန်တာလဲ?
ဟုန်ချန်ယဲ့သည် စိတ်မရှည်စွာ ခေါင်းကိုမော့ကြည့်လိုက်ရာ ဒေါသကြောင့် နှာခေါင်းထဲမှအခိုးထွက်နီးပါးပင်ဖြစ်သွား၏။
သူတို့နှစ်ဦး ဒူးထောက်ထားသောအရှေ့တွင် ညောင်စောင်းခုံပေါ်လှဲလျောင်းနေသည့် ဆရာသခင်ကား မျက်နှာချောချောထက် ကောင်းကင်ပြာရောင် မျက်လုံးအကာကို တပ်ထားကာ ပါးစပ်ထောင့်မှ တံတွေးများ စီးကျနေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။
အနှောင့်အယှက်ကင်းရှင်းစွာ၊ ပြင်ပကမ္ဘာမှအဖြစ်အပျက်များသည် သူနှင့်လုံးဝမသက်ဆိုင်သကဲ့သို့။
"ဆရာသခင်၊ ထပါတော့" ပုရှောင်ရှီးက သူ့နားသို့ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
ယဲ့ကျွင်းလင်သည် မျက်လုံးအကာကို အသာချွတ်ကာ ဖြည်းဖြည်းချင်း နိုးထလာပြီး "ပြီးပြီလား?" ဟု မေးလိုက်သည်။
"ဟုတ်ကဲ့၊ ရန်သူ့တပ်ကို ကျွန်တော်တို့ အကုန်အစင် ချေမှုန်းပြီးပါပြီ!" ဟုန်ချန်ယဲ့သည် ပြေးထိုးချင်စိတ်ကို အံကြိတ်ထိန်းချုပ်ရင်း ပြန်ဖြေလိုက်သည်။
ယဲ့ကျွင်းလင်သည် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး သူတို့နှစ်ဦးကြားသို့ လျှောက်လာကာ ပုခုံးများအား တစ်ချက်စီပုတ်၍ ခေါင်းဆောင်တစ်ဦးမှ စိတ်ကျေနပ်စွာချီးကျူးလာသောလေသံဖြင့် ပြောလိုက်သည်။ "ကောင်းတယ်၊ ဆက်ကြိုးစားကြ"
ထို့နောက် သူသည် ကျောကို မတ်မတ်ထားကာ လက်များကို အနောက်သို့ပစ်လျက် လေညင်းလေးတိုက်ခတ်သကဲ့သို့ ညင်ညင်သာသာ လျှောက်လှမ်းသွားတော့သည်။
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာသခင်!" လီဝူကျယ်ကတော့ အလွန်စိတ်လှုပ်ရှားနေသည်ပင်။
ဟုန်ချန်ယဲ့သည် မျက်ဆံကိုလှန်ကာ တိတ်တဆိတ် ကဲ့ရဲ့ရှုတ်ချသည်။ "သူကိုယ်တိုင် လုပ်မယ်လို့ ပြောပြီး နောက်ဆုံးတော့ ငါတို့ကိုပဲ အကုန်လုပ်ခိုင်းနေတာ"
အောက်ဘက်တွင် အိမ်ရှေ့မင်းသားနှင့် စစ်သူကြီးအပေါင်းတို့မှာ ရင်တမမဖြင့် စောင့်ဆိုင်းနေကြလျက်။
ထိုအချိန်တွင် ၎င်းတို့သည် လက်ကိုအနောက်ပစ်လျက် အေးအေးသက်သာ လျှောက်လှမ်းလာသော အနက်ရောင်ဝတ်ရုံဝတ် လူငယ်တစ်ဦးကို မြင်လိုက်ရသည်။ ငွေရောင်တောက်ပြောင်သော ပုခုံးအထိ ရှည်လျားပါသည့် ဆံနွယ်ဖြူများမှာ ဆံပင်တစ်မျှင်စီသည် ကြည်လင်တောက်ပနေကာ မျက်နှာအသွင်အပြင်သည် ချောမော၍ သိမ်မွေ့လှပြီး နတ်သက်ကြွေကျလာသော နတ်သားတစ်ပါးကဲ့သို့ သီးသန့်ဆန်ကာ အထက်တန်းကျသည့် အငွေ့အသက်များဝန်းရံနေလျက်။
"ထိပ်သီးကျင့်ကြံသူအရှင်ယဲ့ကို နှုတ်ခွန်းဆက်ပါတယ်!"
မထင်မှတ်ထားသော အသွင်အပြင်ကြောင့် အိမ်ရှေ့မင်းသားသည် အံ့အားသင့်သွားပြီး အလျင်အမြန် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။
လူတိုင်း တညီတညွတ်တည်း အရိုအသေပြုကာ "ထိပ်သီးကျင့်ကြံသူအရှင်ယဲ့ကို နှုတ်ဆက်ပါတယ်!!" ဟု ဆိုလိုက်ကြသည်။
"အခု ဘေးအန္တရာယ်ကို ဖြေရှင်းပြီးပြီဆိုတော့ အရှင်မင်းသားတို့ မဟာကျိုးပြည်ထောင်က ကျွန်တော်တို့ကို ကောင်းကောင်းဆက်ဆံပေးသင့်ပြီဟုတ်?" ယဲ့ကျွင်းလင်က ပြုံးပြီး ပြောလိုက်သည်။
အိမ်ရှေ့မင်းသားက ရိုရိုသေသေဖြင့် ပြန်လည်ဖြေကြားသည်။ "အရှင်ယဲ့၊ အသင်ဟာ ကျွန်တော်တို့ရဲ့ အထူးချစ်ခင်လေးစားရတဲ့ ကျေးဇူးရှင်ဧည့်သည်တော်ပါ၊ မဟာကျိုးက အသင့်ကို နွေးထွေးစွာ လက်ကမ်းကြိုဆိုမှာ သေချာပါတယ်!"
ယဲ့ကျွင်းလင် ခေါင်းတညိတ်ညိတ်ဖြင့် ကျေနပ်နေသည်။
သူသည်လည်း ဤကဲ့သို့ မင်းဆက်ဒေသတစ်လွှား၏ အငွေ့အသက်ကို ခံစားရန် အထူးဆင်းသက်လာခြင်းဖြစ်သည် မဟုတ်လော။
သူတို့အဖွဲ့သည် တိမ်နှင့် မြူခိုးများကို စီးနင်းကာ စည်ကားသော မင်းနေပြည်တော်အတွင်းသို့ ရောက်ရှိလာပြီး ဝိညာဉ်မျိုးနွယ်စုတပ်ကို ချေမှုန်းခဲ့သည်ဆိုပါသော သတင်းသည်ကား မင်းနေပြည်တော်တွင် ကြိုတင်၍ ပျံ့နှံ့ကျော်ကြားလျက်ရှိလေပြီ။
မြို့တော်သူမြို့တော်သားများသည် ဝမ်းသာအားရ အော်ဟစ်ခုန်ပေါက်လျက်ရှိကြပြီး နေပြည်တော်တစ်ခွင်လုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
"ကြည့်စမ်း၊ အဲဒါ ထိပ်သီးကျင့်ကြံသူအရှင်ယဲ့ပဲ! သူကိုယ်တိုင် အရေးယူဆောင်ရွက်ပြီး ဝိညာဉ်မျိုးနွယ်စုတပ်ကို ဖျက်ဆီးလိုက်တယ်လို့ ပြောကြတယ်!" သေရည်ဆိုင်ပိုင်ရှင်တစ်ဦးက အော်ဟစ်ပြောဆိုလိုက်သည်။
"အရှင်ယဲ့ အထက်မှာ ရှိနေတယ်၊ ဒီငယ်သားတို့ရဲ့ ဦးညွှတ်မှုကို လက်ခံပေးပါ!" လူများစွာသည် အုံနှင့်ကျင်းနှင့် ပြေးလာကာ စိတ်လှုပ်ရှားစွာ ဦးညွှတ်ကြိုဆိုကြသည်။
မရေမတွက်နိုင်သော ချီးမွမ်းသံများသည် တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာပြီး ယဲ့ကျွင်းလင်အကြောင်းများသာ ဖြစ်ကာ အတိုချုပ်ပြောရလျှင် သူ့ကို ကောင်းကင်ဘုံသို့ထိုးပင့်ပေးတော့မတတ် ချိုမြိန်သာယာကြလျက်။
ယဲ့ကျွင်းလင်သည် သက်ပြင်းချကာ ရေရွတ်လိုက်သည်။ "အိုး၊ ဒါတွေက ငါ့တပည့်တွေစွမ်းဆောင်ခဲ့တဲ့ ဂုဏ်သိက္ခာပဲလေ၊ ဒီဆရာသခင်က ဘယ်လိုလုပ် ခံယူဝံ့မှာလဲ?"
"အဟွတ် အဟွတ်..." အိမ်ရှေ့မင်းသား ချောင်းတဟွတ်ဟွတ်ဖြင့် ထိုသူ့အစား မျက်နှာနီသွားရသည်။ တစ်လမ်းလုံးနီးပါး ချီးမွမ်းခံလာပြီးမှ ဒီအကြောင်းကို ထပြောလာတာလား?
ဒီစကားကို ကြားတော့ လီဝူကျယ်က မဆိုင်းမတွပင် ဝင်ပြောလိုက်သည်။ "တပည့်အနေနဲ့တော့ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာဟာ ဆရာသခင်ရဲ့ ဂုဏ်သိက္ခာပါပဲ!"
ဟုန်ချန်ယဲ့ကတော့ မကျေမနပ်ဖြင့် တဟွန့်ဟွန့် တဟမ့်ဟမ့်မြည်လျက်။
"ရှောင်ဟုန်၊ မင်းရော ဘယ်လိုထင်လဲ?" ယဲ့ကျွင်းလင်က သူ့ဘက်သို့လှည့်ကာ အတည်ပေါက်ဖြင့်မေးသည်။
ဟုန်ချန်ယဲ့သည် ချက်ချင်းဆိုသလို လေးလေးနက်နက်မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။ "ကျွန်တော်မျိုးလည်း ဆရာတူညီလေးလီ ပြောတာ လုံးဝမှန်ကန်တယ်လို့ ထင်မိပါတယ်!"
"အလားအလာရှိလိုက်တဲ့ ကလေး၊ ဆရာသခင် မင်းကိုအမြတ်တနိုးစောင့်ရှောက်ခဲ့တာ အချည်းနှီးမဖြစ်ဘူးပဲ" ယဲ့ကျွင်းလင်က ကျေနပ်စွာ ပြောလိုက်သည်။
နန်းတော်အတွင်း။
တရားရုံးရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအားလုံး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။
"ထိပ်သီးကျင့်ကြံသူအရှင်ယဲ့ကို ကြိုဆိုပါတယ်!"
၎င်းတို့သည် အိမ်ရှေ့မင်းသားနှင့်အတူ လိုက်ပါလာသော ဆံဖြူလူငယ်ကို မြင်သောအခါ ချက်ချင်းမှတ်မိနားလည်သွားကြပြီး လေးစားမှုဖြင့် ဦးညွှတ်ကြိုဆိုလိုက်ကြသည်။
ဤသည်မှာ ယွီဟွားဂိုဏ်း၏ အထွဋ်အထိပ်ကျင့်ကြံသူဆယ့်ရှစ်ဦးနှင့် တပ်သားတစ်သန်းရှိသော ကျင့်ကြံသူတပ်ကို တစ်ဦးတည်း ချေမှုန်းခဲ့သော ဆံဖြူလူသတ်နတ်ဘုရားဖြစ်ပြီး ဤကျိုးပြည်ထောင် တစ်နိုင်ငံလုံးတွင် ကျိုးဧကရာဇ်မှလွဲ၍ အခြားပြိုင်ဘက်မရှိနိုင်ပေ။
အိမ်ရှေ့မင်းသားက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ "အရှင်ယဲ့၊ ခမည်းတော်က အထဲမှာ အသင့်ကို ကြိုဆိုနေပါတယ်"
"အိုး"
ယဲ့ကျွင်းလင်သည် မျက်ခုံးပင့်လိုက်ပြီး ဒီအဖိုးကြီးက သူ့အလာကိုထိုင်စောင့်နေတယ်ဆိုတော့ အတော်လေးအခြေကြီးသားဟု တွေးလိုက်မိ၏။
ထိုအချိန်တွင် နူးညံ့သော အသံတစ်ခုသည် တောင်းပန်စကားနှင့်အတူ ထွက်ပေါ်လာသည်။ "ထိပ်သီးကျင့်ကြံသူအရှင်ယဲ့၊ လာရောက်ကြိုဆိုနိုင်ခြင်း မရှိတဲ့အတွက် ခွင့်လွှတ်ပါ၊ ကျွန်တော့် ခန္ဓာကိုယ်က သိပ်အခြေအနေမကောင်းလို့ပါခင်ဗျာ"
ခန်းမထဲသို့ လျှောက်ဝင်သွားပြီးနောင် ယဲ့ကျွင်းလင်၏ မျက်နှာသည် တောင့်တင်းသွားသည်။
အရှေ့တွင် နဂါးဝတ်ရုံကိုဆင်မြန်းပြီး ဦးခေါင်းထက် ခပ်ပြားပြား ဦးသျှောင်သရဖူကို ဆောင်းထားသော သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် နဂါးပလ္လင်ထက်တွင် ခန့်ညားဝင့်ထည်စွာ ထိုင်နေကာ တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခုဖြင့် ရစ်ဝဲလို့နေသေး၏။ ထိုသူ၏ ပတ်ဝန်းကျင်တွင် မမြင်နိုင်သော အင်အားတစ်မျိုး ဖုံးလွှမ်းထားကာ သူ၏ ဒဏ်ရာများကို ကုသပေးနေခြင်းပေလား၊ လေထုကို လိုက်လျောညီထွေဖြစ်အောင် ဖန်တီးထားခြင်းပေလား မပြောတတ်ပေ။
ထိုသူမှာ လက်ရှိထီးနန်းစိုးစံနေပါသော ကျိုးပြည်ထောင်၏ ကျိုးဧကရာဇ်ပင်တည်း!